ရွေးကောက်ပွဲလွန်ကာလမှာ ဘာတွေလုပ်သင့်သလဲ
ထွန်းအောင်ကျော်
ရွေးကောက်ပွဲကတော့ ပြီးသွားပြီ၊ ထင်ထားတဲ့အတိုင်းပဲ ညစ်ပတ်မှုမျိုးစုံလုပ်ပြီး ကြံ့ဖွတ်က အရှက်ကင်းမဲ့စွာ နိုင်တယ်လို့ ကြေညာလိုက်ပါပြီ။ ဒီနေရာမှာ မေးရမှာက သူတို့ အရှက်မရှိ နိုင်တယ်လို့ ကြေညာတာကို အ တိုက်အခံတွေက လက်ခံမလား လက်မခံဘူးလား ဆိုတာပါပဲ။
ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲမှာ ပြောင်းယူမယ်ဆိုတဲ့ နိုင်ငံရေးသမားတွေရဲ့ ပြုပြင်ပြောင်းလဲရေး စိတ် ကူးယဉ်အိပ်မက်ဟာ နအဖရဲ့ မျက်လှည့်ပြကွက်အောက်မှာ အငွေ့ပျံ ပျောက်ကွယ်လို့ သွားခဲ့ပါပြီ။ ၂၀၁၀ ရွေး ကောက်ပွဲ အနိုင်အရှုံးကို ဆုံးဖြတ်သွားတဲ့ အဓိက အကြောင်းအရာကတော့ ကြိုတင်မဲဆိုတဲ့ ဗြောင်ကလိန်ကျ နည်းပဲဖြစ်ပါတယ်။ ဒီလိုဗြောင်လိမ်ဗြောင်စားလုပ်တာကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာ မကြာခင် တွေ့ရတော့မှာ ဖြစ်ပါတယ်။
ဒီမိုကရတစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ဒီလိုမတရားတဲ့ လုပ်ရပ်တွေကို တိုင်တန်းနေလို့လည်း အပို ပဲ။ ဒါကြောင့် ကမ္ဘာနဲ့ မြန်မာပြည်သူများ သိအောင် သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ဆိုခဲ့ပါတယ်။ အင်မတန် ကောင်းတဲ့ အကြံဉာဏ်ပါ။ ဒါပေမယ့် ဦးသုဝေတို့ တပါတီတည်း မပြုလုပ်ဘဲ ဒီလိုညစ်ပတ်ခံရတဲ့ ပါတီအားလုံး နဲ့ ပုဂ္ဂလိက ဝင်ရောက်ယှဉ်ပြိုင်သူများပါ စုပေါင်းပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့လိုပါတယ်။ အားလုံးစုပေါင်း ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြင့် ရွေးကောက်ပွဲ မသမာမှုကြီးကို အတိုက်ခံများက တသံတည်း ထုတ် ဖော်ဖွင့်ချခြင်းဟာ အလွန်ထိရောက်တဲ့၊ အမှန်တရားကို ဖော်ထုတ်တဲ့ တိုက်ကွက်ဖြစ်ပြီး နိုင်ငံတကာရှိ အစိုးရ နဲ့ ပြည်သူတွေအနေနဲ့လည်း ထိုမသမာမှုကို မျက်ဝါးထင်ထင် သိမြင်နိုင်ပြီး တတ်ရောက်လာမယ့် အစိုးရသစ် ကို အသိမှတ်ပြုဖို့ အလှမ်းဝေးသွားမှာဖြစ်ပါတယ်။သတင်းစာရှင်းလင်းပွဲ ပြုလုပ်တာနဲ့ တပြိုင်နက်တည်း မဲလိမ်မဲခိုးမှုကို စုံစမ်းစစ်ဆေးဖို့အတွက် လွတ်လပ်ပွင့် လင်းတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ကို အတိုက်အခံများက ဖွဲ့စည်းပြီး စစ်ဆေးဖို့ လိုပါတယ်။ ရွေး ကောက်ပွဲတွေ ကျင်းပတဲ့အခါ မဲလိမ်မဲခိုးမှုတွေ ရှိတတ်ပါတယ်။ အဲဒါကို တိုင်ကြားသူရှိရင် အစိုးရ အပါအဝင် မည်သည့်အဖွဲ့အစည်းမဆိုရဲ့ သြဇာလွမ်းမိုးမှုမှ ကင်းလွတ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ လိုပါတယ်။ ဒါမှ မဲလိမ်မဲ ခိုးတဲ့ မသမာလုပ်ရပ်များကို ပေါ်ပေါက်အောင် ဖော်ထုတ်ပြီး အမှန်ကို ရောက်အောင်လုပ်နိုင်မှာဖြစ်ပါတယ်။
အခုချိန်ဟာ အတိုက်အခံ ဒီမိုကရေစီအင်အားစုများအားလုံး သွေးစည်းညီညွတ်စွာ ဘုံရန်သူ နအဖကို ဥပဒေ ဘောင်ထဲကနေ တောင်းဆိုရမယ့်အချိန်ပါပဲ။ Collective Action ဆိုတဲ့ စုပေါင်းလုပ်ဆောင်မှုဟာ ဒီအချိန်မှာ အထူးလိုအပ်နေပါတယ်။
NLD ပါတီကလည်း ရွေးကောက်ပွဲဝင်ခဲ့သူတွေကို သူတို့လို သပိတ်မမှောက်ရကောင်းလားဆိုပြီး လျစ်လျူရှုမ နေဘဲ ပူးပေါင်းဖို့ လိုပါတယ်။ ဒီမိုကရေစီအင်အားစု အချင်းချင်း ချဉ်းကပ်ပုံသာကွာပြီး သွားတဲ့ ရည်ရွယ်ချက် တူသူတွေဖြစ်လို့ ပူးကိုပူးပေါင်းဖို့ လိုပါတယ်။
နိုင်နေရာက ကြိုတင်မဲပေးမှုကြောင့် နောက်တနေ့ မိုးလင်းတော့ ရှုံးသွားတယ်လို့သိရတဲ့ လွှတ်တော်ကိုယ်စား လှယ်ကြီးများအားလုံး ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးဖို့ တောင်းဆိုကြဖို့ လိုပါတယ်။ ဒီလိုတောင်းဆို မှုတွေ မရရှိခဲ့ရင် (ရမှာလည်း မဟုတ်ပါဘူး။) ရွေးကောက်ပွဲကို တရားမျှတမှု မရှိတဲ့အတွက် အသိအမှတ်မပြု နိုင်ဘူးဆိုပြီး ရဲရဲထုတ်ပြန်ကြေညာရဲဖို့ လိုပါတယ်။
အတိုက်အခံ နိုင်ငံရေးပါတီတွေအားလုံး စည်းလုံးစွာ လုပ်ဆောင်နိုင်မယ့် (Command Ground) တူညီတဲ့ လုပ်ကွက်တခုကို ရှာကြရပါမယ်။ အဲဒါကတော့ ရွေးကောက်ပွဲဟာ တရာမျှတမှုမရှိဘူး၊ ဒါကြောင့် တရားမျှတ မှုရှိတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးဖို့ လိုအပ်တဲ့ အချက်အလက်များနဲ့ တောင်းဆိုရပါမယ်။ နိုဝင်ဘာလ (၇) ရက် ရွေးကောက်ပွဲကို မိမိတို့နိုင်တဲ့ နေရာ (၄) (၅) နေရာ၊ (၁၀) နေရာလောက်ကို နှမြောမနေဘဲ ပြတ်ပြတ် သားသား ဆန့်ကျင်ကြောင်း လက်မခံနိုင်ကြောင်း၊ အသိအမှတ်မပြုကြောင်းကို ရွေးကောက်ပွဲဝင် ပါတီအား လုံး တစည အပါအဝင် ညှိနှိုင်းထုတ်ပြန်ဖို့ အထူးလိုအပ်ပါတယ်။
အဲဒီလိုမှမဟုတ်ဘဲ ရသလောက်လေး ယူမယ်ဆိုရင် လွှတ်တော်ထဲမှာ ကြံ့ဖွတ်အသံတွေချည်း ဟိန်းနေပြီး အ တိုက်အခံအနေနဲ့ အဆိုတင်ခွင့်မရ၊ ဥပဒေပြုခွင့်လည်း မသာ၊ ဘယ်ဟာ တင်တင် ကြံ့ဖွတ်အမတ်အများစုက သာ ထင်သလိုချယ်လှယ်နေတဲ့ လွှတ်တော်မှာ ငုတ်တုတ်ထိုင် ဖင်ပူရုံသာနေရမယ့်အဖြစ်ကို ရနိုင်ပါလိမ့်မယ်။ ဒီရွေးကောက်ပွဲကို အလျှော့ပေးလိုက်ရင် ဗိုလ်သန်းရွှေအတွက် ရွေးကောက်ပွဲနိုင်ရုံတင်မကဘူး ရွေးကောက်ပွဲ ဝင်သူနဲ့ ဆန့်ကျင်သူဆိုပြီး ဒီမိုကရေစီအင်အားစုတို့ထဲ (၂) ခြမ်းကွဲတဲ့ အမြတ်ပါ ပိုပြီးထွက်သွားတာကို နား လည်သဘောပေါက်ကြစေချင်ပါတယ်။
အချိန်မနှောင်းသေးပါ။ အတိုက်အခံများအားလုံး စည်းလုံးညီညွတ်မှုကို ဒီနေရာမှာ အကောင်းဆုံး လက်တွေ့ ပြသရန် အချိန်ရောက်ပါပြီ။ ဒါကြောင့် အားလုံး ညီညွတ်ကြပါ။ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးဆိုတာနဲ့ တုံ့ပြန်ဖို့ ညှိုနှိုင်းဆောင်ရွက်ကြပါလို့ အနူးအညွတ် မေတ္တာရပ်ခံလိုက်ပါတယ်။
ထွန်းအောင်ကျော်
၁၀၊ ၁၁၊ ၂၀၁၀
No comments:
Post a Comment