အပြုံးမပျက်ပါ
လရောင်သည် ထွန်းပခြင်း၊ ဖြန့်ကျက်ခြင်း၊ အေးမြခြင်းတို့နှင့် အပြစ်ကင်းစင်လှသည်။ ခွေးတို့သည် ဟောင်ခြင်း၊ အူခြင်း၊ ကိုက်ခြင်း၊ ဆွဲခြင်းနှင့် အပြစ်မကင်း ညစ်ညူးခြင်းရှိ၏။ ဝက်တို့သည်လည်း ရွံ့ညွန်တို့ ပျော်မွေ့၍ အပုပ်အသိုးတို့ကို နှစ်သက်မြတ်နိုးတတ်၏။ လူတို့်မှာလည်း ခန္တီတရား လက်ကိုင်၍ မေတ္တာရှေ့ထားကာ စာရိတ္တကောင်းသော လူတော်သူကောင်းများလည်းရှိ၏၊ ထို့အတူပင် ဆန့်ကျင်ဘက် စိတ်မနော ယုတ်လျှောကာ စာရိတ္တအရာ၌လည်း နိမ့်ကျ၍ အပြစ်တို့ကိုသာ ရှေးရှု၍ မကောင်းမှု၌ မွေ့လျှော်တတ်သူများလည်းရှိပါ၏။
ခွေးလေးဂျပိုးမျှလောက်ပင် မတင့်တယ်၊ သစ္စာမရှိ၊ သခင်မသိသော ထိုထိုလူပုဂ္ဂိုလ်တို့သည် ကောင်းခြင်း၊ မကောင်းခြင်းတို့၌ ခွဲခြားသိမြင်ရန် ကွဲပြားသော ဉာဏ်မရှိရကား သူတော်ကောင်းများကိုပင် ပြစ်မှားတတ်ကြ၏။ သို့သော် မေတ္တာကြီးမား သူတော်ကောင်းယောက်ျားတို့သည် အားချင်းယှဉ်ရာ အသာရှိပါလျှက်နှင့် ကရုဏာရှေးရှုကာ ခွင့်လွှတ်တတ်စမြဲဖြစ်၏။ ကောက်ကျစ်စဉ်းလဲသော အမှုတို့ဖြင့် မတုံပြန်ကြ။ ကိုယ့်ညီ ကိုယ့်သား၊ ကိုယ်မယားလိုပင် လမ်းမှန်သို့ရောက်အောင် ပို့ဆောင်တတ်ကြသည်သာ။
ဘလော့ဂ်ဂါလောကတွင် ဘလော့ဂ်ဂါတို့သည် အခြားခြား ဘလော့ဂ် ဝက်ဘ်ဆိုက်တို့မှ ကောင်းနိုးရာရာ ဆောင်းပါး၊ ကဗျာ၊ ဝတ္တု၊ စာအုပ်စာပေ၊ တရား၊ သီချင်း စသည်ဖြင့် တဆင့်ကူးယူသုံးပြုကြမြဲဖြစ်သည်။ ထိုသို့ ကူးယူဖော်ပြသည်ကို အပြစ်ဆိုဖွယ်မရှိပါ။ ကူးယူသော ယခင်ပိုင်ရှင်လူနာမည်၊ ဘလော့ဂ်နာမည်ကို ဖော်ပြခြင်းဖြင့် ကူးယူသုံးစွဲအပ်သည်သာ။ ထိုသို့ကူးယူဖော်ပြသည်ကို လူတချို့တို့သည် လော်လီသော့သွမ်းကာ အပြစ်အနာဆာသဖွယ် ထင်မှတ်၍ တပါးသူ ဂုဏ်သိက္ခာ ယုတ်လျှော့အောင် ပြုတတ်ကြသည်။ အကျွန်ုပ်သည် ဘလော့ဂ်လုပ်ရာတွင် ဝါသနာတခုတည်းဖြင့်မဟုတ်ပါ အလည်လာသည့် ဘလော့ဂ်ပရိသတ်တို့ကို ကောင်းနိုးရာရာ တင်ပြနိုင်ရန် အချိန်ကုန်ခံ၊ ခါးညောင်းခံ၊ မျက်လုံးညောင်းခံကာ စေတနာ ဗလဝဖြင့် ဘလော့ဂ်တည်ဆောက်ခြင်းဖြစ်သည်။
အကျွန်ုပ်ပို့စ်တင်ရာဝယ် အကျိုးရှိမည်ဆိုလျှင် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အထွေထွေ ဗဟုသုတစသည်ဖြင့် အထိန်မချန် တင်ပေးမည်သာဖြစ်သည်။ သူခိုးအကြီးစား စစ်အစိုးရအား ကြောက်သည့်အတွက် နိုင်ငံရေးပို့စ် မတင်ခြင်း မလုပ်တတ်ပါ။ မတရားသည်ကို မတရားဟူ၍ အမှန်တရားကို စောင်းပေးသော စာပေမျိုးကို ဦးစားပေးတင်မည်သာဖြစ်သည်။ အချို့ချို့သော ဘလော့ဂ်ဂါတို့ နိုင်ငံရေးစာပေ၊ ဓာတ်ပုံ၊ ဗွီဒီယိုများ မတင်ရဟု မှတ်ချက်များရေးသားထားကြသည် သွေးကြောင်လှပါတကား၊ တရားကို မမြတ်နိုးသူများပါတကား၊ အဓမ္မတို့ကို အားပေးနေသူများပါတကားဟု ကောက်ချက်ချမိတော့သည်။
အချို့အချို့သော ဘလော့ဂ်ဂါတို့သည် စာအရေးသား ညက်ညော ပြေပျစ်ကာ ဆရာ့ဆရာကြီးသဖွယ် ရေးသားနိုင်ကြသည်ကို တွေ့ရသည်။ သို့သော် ထိုဆရာ့ဆရာတို့သည် လောကနှင့် လူသားအကျိုးပြုစာပေ၊ နိုင်ငံနှင့် ပြည်သူ့အကျိုးပြုစာပေများကို မရေးပဲ ကလေးအကြိုက်၊ လူပြိန်းအကြိုက်၊ ကာလသားအကြိုက်၊ လွမ်းခန်း၊ ဆွေးခန်းစသည်ဖြင့် အကာသဘောမျိုးသာ ရေးသားကြသည်ကိုတွေ့ရသည်မှာ ရင်ထုမနာဖြစ်ရပါတော့သည်။ ကိုယ်တတ်သည့်ပညာတို့ကို လိုအပ်သည့်နေရာတို့၌ အသုံးအချပဲ တလွဲဆဲကောင်းနေကြတော့သည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို စင်တင်ပေးကာ တလအတွင်း စာအုပ်ပေါင်း (ငါး) အုပ်လောက်ထုတ်ပေးကြတော့သည်။ ထိုပုဂ္ဂိုလ်တို့သည် ဘလော့်ဂ်လောကတွင် လက်မထောင်ကာ နားထင်သွေးရောက်နေကြတော့။ သူတို့၏ အောင်မြင်မှုကို မုဒိပွား၍ သနားသောအကြည့်ဖြင့် ကြည့်ရုံသာ။
စီဗောက်၊ ကွန်မန့်ဗောက်တို့မှာ လူ့ဗာလ၊ လူအန္ဓတို့၏ ခြေရာလက်ရာတို့ကို တွေ့နေကြရသည်။ အပြစ်ဖို့သည်၊ ဆဲဆိုသည်၊ ကလိန်စေ့ငြမ်းဆင်သည်၊ ကုန်းချောသည်၊ အများတကာ နှလုံးမခံသာအောင်ပြောသည် ထိုထိုအပြုအမူမျိုးသည် လူတော် လူကောင်း လူမြင့်မြတ်တို့ မလုပ်ကြပါ။ လူဖျင်း၊ လူအ၊ လူဆိုး၊ လူညံ့၊ လူလိမ်၊ လူညာ သူခိုးသူဝှက်တို့သာ ပြုမူတတ်ကြသည်သာ။ ထိုလုပ်ရပ်သည် မစင်လူး၍ ခြင်္သေ့မင်းအား စိန်ခေါ်သည့် ဝက်မိုက်ဝက်ဖျင်းတို့၏ လုပ်ရပ်သာဖြစ်သည်။ ခြင်္သေ့သည် ထိုမစင်များဖြင့် ပေကျံနေသော ဝက်ကို မတိုက်ခိုက်၊ မစားသောက်၊ အဖက်မလုပ်သကဲ့ ထိုထို လူလိမ်၊ သူခိုး၊ သူဝှက်များကို မြင့်မြတ်သည့် ဘလော့ဂ်တို့သည်လည်း ပြန်၍ မတုန့်ပြန်လိုကြ။
ပတ္တမြားရွှေဂူ ပြစ်မရှိ ပြစ်ရှာ၊
လမင်းကို ခွေးဟောင်လို့၊
ရွှေလရောင် ပြောင်မပျက်တယ်၊
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ၊
ဝက်များက ငြူစူစွာ ညွန်လူးကာတိုက်နဲ။
ပွတ်လေလေ၊
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။
မန်လည်ဆရာတော်
အထက်ပါ မန်လည်ဆရာတော်ဘုရားကြီး၏ လေးဆစ်ကဗျာကဲ့သို့ မည်သို့ပင်တိုက်ခိုက်၊ ဆဲဆို၊ အပြစ်ဖို့စေကာမူ အနာဂါတ် နိုင်ငံသာကောင်းများပီပီ အကျွန်ုပ်တို့တို့ အိနြေ္ဒမပျက် ရှေ့ဆက် ရေးသား၊ ကူးယူ၊ ဖြန့်ချီနေဦးမည်သာ။ ကျနော်တင်သည့် ပို့စ်ကို မှတ်ခြင်းဖြင့်လည်း၊ ကျနော်၏ စေတနာထားမှုကို သတိထားမိမည်ဖြစ်သည်။ မတရားသည်ကို မတင်ပါ၊ မကောင်းသည်ကိုလည်း မတင်ပါ။ ရေနည်းငါးတို့သည်သာ လူးလွန့်ကာ မခံသာဖြစ်ကြသည်။ ကနော့်ဘလော့ဂ်ကို ရေးနည်းငါးများ မလာကြနှင့်၊ တုံးဖိခံ ဖားတို့မလာကြနှင့်၊ မြုံးမိခံ ငါးတို့မလာကြနှင့်။ မျက်စိရှိသော်လည်း မမြင်၊ နားရှိသော်လည်း မကြားနိုင်သည့် လူ့ဗာ၊ လူ့အန္ဓတို့ မလာကြနှင့်။ လောက်ကောက်များလည်း မလာကြနှင့်၊ ယင်ကောင်တို့လည်း မပျံဝဲနှင့်။ တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာရှိသူ၊ မြတ်နိုးသူ၊ ကြင်နာသူ၊ ချစ်ခင်သူ၊ စောင့်ရှောက်သူ၊ ကူညီသူ၊ စောင်မသူ သူတော်ကောင်းတရားလက်ကိုင်ထားသော နိုင်ငံ့သာကောင်းများအတွက်သာဖြစ်သည်။
ဝက်တို့သည် ပျော်မွေ့ရာ ရွံညွန်၊ မစင်၊ ညစ်ကြေးပုပ်တို့၌ လွန်းလွန့်၊ ပွတ်တိုက်ကြလေ။
ခွေးတို့သည်လည်း စိတ်ချမ်းသာသလို ဟောင်ကြလေ၊ အူကြလေ။
No comments:
Post a Comment