တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ အင်္ဂမော်ကျေးရွာ အပါအ၀င် နေရာအချို့၌ ပါတီတစ်ခုကိုသာထည့်ရမည်ဟု စေခိုင်းမှုများနှင့်အတူ ကြိုတင်မဲများကောက်ခံနေကြောင်း ဒေသခံများက နိုဝင်ဘာလ(၃)ရက်နေ့တွင် ပြောကြားချက်အရ သိရသည်။ မြိတ်မှ မိုင်(၂၀)ခန့်အကွာ အင်္ဂမော်ကျေးရွာအပိုင်တွင် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ "အင်္ဂမော်ကျေးရွာအပိုင်မှာ ရွာပေါင်း(၉)ရွာလောက်ရှိတယ်။ အဲဒီမှာ တစ်ရွာ (၁၀၀)နှုန်းလောက်နဲ့ စုစုပေါင်း (၁၀၀၀)လောက်ကို သူတို့လိုချင်တဲ့ပါတီကို မဲပေးဖို့ ပြောရင်း ကြိုတင်မဲတွေ လိုက်ကောက်နေတယ်လို့ သိရပါ တယ်။
ကျေးရွာဒေသခံတချို့က ဘယ်လိုလုပ်ရမှာလဲ၊ ကိုယ့်ဘာသာပဲ လုပ်လိုက်လေလို့ ပြန်ပြောကြတဲ့သူတွေလည်းရှိတယ်လို့သိရတယ်။ အဲဒီအခါမှာ ဘယ်ပါတီကိုပဲ မဲထည့်ပါလို့ပြောတဲ့သူတွေက သူတို့ကိုယ်တိုင် အဲဒီကျေးရွာသားတွေကိုယ်စား သူတို့ထည့်စေချင်တဲ့ ပါတီဘေးမှာ အမှန်ခြစ်တွေ ထည့် ကြတယ်"ဟု အင်္ဂမော်ကျေးရွာတွင် ဖြစ်ပျက်နေမှုများကို သိရှိထားသူဒေသခံတစ်ဦးက ပြန်ပြောပြပါသည်။ ထို့အပြင် မြိတ်မြို့နှင့် (၂၂) မိုင်ခန့်အကွာရှိ မင်းသန်းကျေးရွာတွင်လည်း အလားတူ လုပ်ဆောင်လျက်ရှိကြောင်း ကျေးရွာကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင် ညွှန်ကြားလုပ်ဆောင် စေခြင်းများရှိကြောင်း သိရသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်၍ မြိတ်မြို့နယ်ရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦး က "သူတို့တွေက သူတို့ပါတီကိုပဲ မဲထည့်ဖို့သက်ဆိုင်ရာ ကော်မရှင် တာဝန်ရှိသူအချို့နဲ့ ရွာတွေမှာ လုပ်ဆောင်နေတာကို ကျွန်တော်တို့ပါတီဝင်ဆီက တစ်ဆင့် သိရပါတယ်။ အဲဒီမှာ ကျွန်တော်တို့ပါတီဝင်ကတော့ သူလည်းမဲထည့်မယ်ဆိုပြီး မဲလက်မှတ်မှာ ကျွန်တော်တို့ပါတီက စပါးနှံတံဆိပ်တွေကိုပဲ သူတို့ရှေ့မှာ အမှန်ခြစ်ပြီး ပေးလိုက်တယ်။ သူတို့က အဲဒီလူကို ကြည့်ပြီး ဘာမှတော့မပြောဘူး။ ကြိုတင်ဆန္ဒမဲ လက်မှတ်ကိုတော့ သက်ဆိုင်တဲ့ စာအိတ်ထဲထည့်ယူသွားတယ်။ နောက်ရက်တွေမှာလည်း ကျန်တဲ့ကျေးရွာအုပ်စုတွေမှာ ဒီလိုပဲလုပ်လိမ့်မယ်"ဟု ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်မတိုင်မီ အစောပိုင်းရက်များကလည်း မြိတ်မြို့ ငါးလေလံဈေးတွင် ပင်လယ်ပြင်ထွက်ခွာမည့်ငါးဖမ်းလုပ်သားများထံမှ ကြိုတင်မဲ ကောက်ခံရာတွင်လည်း ဘယ်ပါတီကိုပဲမဲထည့်ပါဟု ဥပဒေနှင့်လျော်ညီခြင်းမရှိဘဲ စေခိုင်းမှုများရှိခဲ့ကြောင်း သိရသည်။ ထို့အတွက် ပြိုင်ဘက်ပါတီတစ်ခု ဖြစ်သော တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ သက်ဆိုင်ရာသို့ တင်ပြတိုင်ကြားခဲ့ကြောင်း သိရသည်။ ထို့အတွက် အောက်တိုဘာလ(၃၁)ရက်နှင့် နိုဝင်ဘာလ(၁)ရက်နေ့များက ကြိုတင်မဲပေးစေခြင်း ခေတ္တရပ်ဆိုင်းခဲ့သော်လည်း နိုဝင်ဘာလ(၂)ရက်နေ့တွင် ကြိုတင်မဲပေးစေခြင်းကို ပြန်လည် ပြုလုပ်စေခဲ့ကြောင်း သိရသည်။
"၂၈၊ ၂၉ မှာ ကြိုတင်မဲပေးခြင်းကို ဘယ်ပါတီကိုပဲထည့်ပါဆိုပြီး လုပ်ခိုင်းတာတွေရှိလို့ စာတင်အကြောင်းကြားခဲ့တယ်။ ၃၁ ရက်နေ့နဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ခဏရပ်သွားပြီး နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြန်လုပ်တယ်။ အဲဒီအခါမှာ ဘာတွေပါလာလဲဆိုတော့ ကော်မရှင်တာဝန်ရှိသူတွေပါ ပါလာပြီး ရှင်းရှင်းပြောရရင် ဒိုင်လူကြီးတွေပါ ၀င်ကန်သလိုဖြစ်နေတယ်ဗျာ"ဟု မြိတ်မြို့မှဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မှ ကိုယ်စားလှယ်လောင်း တစ်ဦးကပြောပါသည်။
အဆိုပါကိစ္စများနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဌာနချုပ်သို့ ဆက်သွယ်မေးမြန်းရာ ပါတီလုပ်ငန်း ကော်မတီဝင်တစ်ဦးက "ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မြိတ်မြို့မှာရှိတဲ့ ကျွန်တော်တို့ ပါတီအခွဲကတစ်ဆင့် မြို့နယ်၊ ခရိုင်၊ တိုင်း ကော်မရှင်ကို အဆင့်ဆင့် ဆက်လက် တင်ပြလုပ်ဆောင်ဖို့ ညွှန်ကြားထားပြီးပါပြီ။ အခြေအနေပေါ်မူတည်ပြီး ဌာနချုပ်ကနေ လိုအပ်သလို ဆက်လက်လုပ်ဆောင်သွားမှာပါ"ဟု နိုဝင်ဘာလ(၃)ရက်နေ့ မွန်းလွဲပိုင်းအချိန် မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ပါသည်။
တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြိတ်မြို့နယ်တွင် လာမည့် ရွေးကောက်ပွဲအတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီနှင့် ပြည်ခိုင်ဖြိုး ပါတီနှစ်ပါတီသာ အဓိကယှဉ်ပြိုင်ရမည် ဖြစ်သည်။
Eleven Media Group
No comments:
Post a Comment