ယခုတည်ရှိနေသော လူသားတို့သက်တမ်းသည် (၇၅)နှစ် သက်တမ်းဖြစ်ပေသည်။ ထိုမှတဆင့်ချင်း လူသားတို့ သက်တမ်းသည် တဖြည်းဖြည်းချင်း ဆုတ်ယုတ်သွားပေမည်။ မည်မျှထိ ဆုတ်ယုတ်သွားမည် ဆိုသော် (၁၀)နှစ် သက်တမ်းထိ ဆုတ်ယုတ်လာပေမည်။ ထိုသို့ လူတို့သက်တမ်းလည်း ဆုတ်ယုတ်လာ၍ (၁၀)နှစ်တမ်းတွင် ကောင်းမှုကုသိုလ်များလည်း ဆုတ်ယုတ်လာကြကာ တစ်ယောက်နဲ့တစ်ယောက် မျက်နှာ ချင်းဆိုင်တွေ့လျှင်ပင် သတ်ဖြတ်ခြင်းများ ပြုလုပ်လာကြလိမ့်မည်။။
ထိုသို့ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ခြင်းများပြုလုပ်၍ လူသားများအကုသိုလ်များနေချိန်တွင် လူသားတို့သည် ထိတ်လန့်ကြောက်ရွံ့ခြင်းများဖြစ်ပြီး မြို့ရွာများတွင် မနေရဲဘဲ တောထဲ တောင်ပေါ်များတွင် တက်ရောက်ပုန်ခိုးနေကြပေလိမ့်မည်။ ထိုသူများသည် တောတောင်များထဲတွင် သီလစောင့် တရားများ ကျင့်ကြံကြသည့်အတွက် ထို(၁၀)နှစ်သက်တမ်းမိဘများမှ မွေးဖွားသော သားသမီးများသည် အနှစ်(၂၀) အသက်ရှည်လာမည်။ အသက်(၂၀)မိဘများမှ မွေးဖွားသော သားသမီးများသည် အနှစ်(၄၀) အသက်ရှည် လာကြမည်။ ထိုကဲ့သို့ တစ်ဆင့်ချင်းတိုးပြီး အသက်ရှည်လာကြရာ လူသားတို့သက်တမ်း နှစ်(၈၀၀၀၀) သက်တမ်းတွင် အရိမေတ္တေယျဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်ပါလိမ့်မည်။ အရိမေတ္တေယျဘုရားရှင် လက်ထက်တွင် လူသားတို့သည် နတ်သားနတ်သမီးများကဲ့သို့ ချောမောလှပပြီး အနာရောဂါများ အကုန်ကင်းရှင်းကြလိမ့်မည်။ ဘုရားရှင်၏ ရောင်ခြည်တော်ကြောင့် နေ့ညခွဲ၍မရအောင် လင်းထိန်းနေပေ လိမ့်မည်။ ကြက်တွန်းသံကို အမှတ်အသားပြု၍ နေ့ညခွဲကြရပေမည်။
အရိမေတ္တေယျဘုရားရှင်လက်ထက်တွင် လူသားတို့သည် စားစရာ ၀တ်စရာ နေစရာများလည်း ပြည့်စုံနေ၍ ပင်းပန်းစွာ အလုပ်မလုပ်ရပေ။ ထိုအချိန်၌ လောဘကာမစိတ်ဖြစ်ခြင်း၊ အိုမင်ရင့်ရော်ခြင်း၊ ဆာလောင်ခြင်း ဟူသော အချက်သုံးချက်သည်သာ ရောဂါဟု သတ်မှတ်ကြရပေမည်။
ယခုတည်ရှိနေသော ဘဒ္ဒကမ္ဘာသည် နောက်ပွင့်လာမည့် အရိမေတ္တေယျဘုရားရှင်၏ သာသနာ ကွယ်ပြီး နောက် လူသားများ သက်တမ်းယုတ်လျှော့လာမည်။ ထို့ပြင် ကုသိုလ်ကောင်းမှုများပျောက်၍ အကုသိုလ်များ ထူပြောလာကာ တစ်ယောက်နှင့်တစ်ယောက်သတ်ဖြတ်ခြင်းများ ပြုလုပ်ကြပေလိမ့်မည်။ လူအချင်းချင်းတွေ့ လျှင်ပင် သတ်ဖြတ်ခြင်းများ ပြုလုပ်သည့်အထိ အကုသိုလ်များ ပေါများလာချိန်တွင် ကမ္ဘာ့စောင့်နတ်များမှ လူသားများကို ကမ္ဘာ့မြေကြီး ပျက်စီးတော့မည်။ သီလများ စောင့်ထိန်းကြပါ။ တရားဘာဝနာများ ပွားများ ကြပါဟု တိုက်တွန်းစကား ပြောကြပါလိမ့်မည်။
အသိဉာဏ်ရှိသော လူသားများသည် ကမ္ဘာစောင့်နတ်တို့၏ အသိပေးမှုအပေါ် သတိသံဝေဂရ၍ တောတောင်ထဲတွင် သီလစောင့်ပြီး တရားအားထုတ်ကြရာ လောကီဈာန်အဘိညာဉ်ရရှိကြသဖြင့် အထက်အရူပလေးဘုံ၌ ဗြဟ္မာကြီးများ ဖြစ်ကြပါလိမ့်မည်။ သီလမစောင့် တရားအားမထုတ်သော ပုဂ္ဂိုလ်များသည် အ၀စီငရဲသို့ ရောက်ရှိ၍ သွားကြပေလိမ့်မည်။
ထိုသို့ ကမ္ဘာစောင့်နတ်သားများ၏ သတိပေးပြီး များမကြာမီတွင် နေများ လေများ ရေများဒဏ်ကြောင့် ယခုတည်ရှိနေသော ဘဒ္ဒကမ္ဘာကြီးသည် အထက်နတ်ပြည်များ အောက်ကငရဲသေးလေးများပါမကျန် ပျက်စီးသွားပါသည်။ နိဗ္ဗာန်သို့ မရောက်ရှိသေးသော သတ္တ၀ါမှန်သမျှတွင် ကောင်းမှုရှိသူတို့က အထက်ဗြဟ္မာဘုံ၌ ဗြဟ္မာကြီးများဖြစ်၍ ကောင်းမှုမရှိသူတို့က အောက်အ၀ီစိတို့တွင် ငရဲသားများ ဖြစ်နေကြပါလိမ့်မည်။
ထို့နောက် ကာလအတော်ကြာသောအခါမှ နောက်ကမ္ဘာမြေကြီးတစ်ခုဖြစ်ဖို့ရန်အတွက် တဖြည်းဖြည်းချင်း ပြန်ဆက်စပ်တည်ရှိပြီး ရေမြေတောင်တောင်များဖြင့် ဓါတ်မြေသြဇာအဆီအနှစ်များနဲ့ ပြည့်စုံသော ကမ္ဘာမြေကြီးတစ်ခု ပြန်လည်၍ ဖြစ်ပေါ်လာပါမည်။ ကမ္ဘာမြေကြီးဖြစ်ပေါ်လာပြီးနောက် ဗြဟ္မာပြည်မှ သက်တမ်းကုန်သော ဗြဟ္မာများက လူပြည်၌ လူသားလာ၍ ဖြစ်ကြသည်။
ကမ္ဘာမြေကြီးဖြစ်ပေါ်လာပြီး လူသားတို့စတင်ဖြစ်ပေါ်လာပုံကို အရင်တင်ထားသော ``လူသားစတင် ဖြစ်ပေါ်လာပုံ´´ဆောင်းပါး၌ ဖတ်ရှု့ကြပါလေ။ ခုတော့ ဒီမျှနဲ့ပဲ နားပါရစေ။ (ဤဆောင်းပါးပါ အကြောင်းအရာများကို အကျယ်တ၀င်း ဖတ်ရှု့ချင်ပါက ပါထိက၀ဂ်ပါဠိတော်၊ စက္က၀တ္တိသုတ်တော်တွင် ကြည့်ရှု့နိုင်ပါကြောင်း။)
ဆန်နီနေမင်း
Futuer Dream မှ ကူးယူသည်။
No comments:
Post a Comment