ကျောခိုင်းရုံမှတပါး အခြားမရှိ

၂၀၁၀ ရွေးကောက်ပွဲ
၂၀၁၀ ရွေးကောက်ပွဲဟာ ၂၀၀၈ ခုနှစ်က အဓမ္မအတည်ပြုထားတဲ့ စစ်ကျွန်ဖွဲ့စည်းပုံ ကို အတည်ဖြစ်စေမဲ့ သိက္ခာမဲ့တဲ့ လုပ်ပွဲတခုသာဖြစ်ပါတယ်။ ဖွဲ့စည်းပုံဥပဒေဟာ ပြည်သူများ အတွက် မည်သည့်အကောင်းကျိုးမှ မဖြစ်ပေါ်စေနိုင်တဲ့အပြင် အဆိုးကျိုးကိုသာ တူလျှူပြု နေတဲ့အတွက် အင်မတန်မှပင် ချောက်ခြားစရာကောင်းတဲ့ အောက်လမ်းသမားတို့ရဲ့ လက်သုံး မိစ္ဆာကျမ်းစာအုပ်ပမာပါပဲ။ အဲဒီစာရွက်တွေအပေါ် ရေးခြစ်ထားတဲ့ အက္ခရာအားလုံးဟာ အကျိုးဖြစ်ထွန်းမှု တလုံးတပါဒမှ မပါတာကို တတိုင်းလုံးတပြည်လုံး သိပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ ဒီအနှစ်သာရမပါတဲ့၊ တမျိုးသားလုံးကို ကျွန်ပြုမယ့် စစ်ဖွဲ့စည်းပုံ သက်သက်ကို မာခိုင်အောင် အတည်ပြုမယ့် အမည်ခံရွေးကောက်ပွဲပါ။ ရှင်းရှင်းပြောရရင် အတုအယောင် ရွေးကောက်ပွဲပါ။

ရွေးကောက်ပွဲဝင်ပြိုင်မည့်သူများ
ရွေးကောက်ပွဲကို ဝင်ပြိုင်ကြမည့်သူများအားလုံးဟာ စစ်ကျွန်ဖွဲ့စည်းပုံကို သွယ်ဝိုက်တဲ့ နည်းနဲ့ ထောက်ခံသူများဟု အဓိပ္ပါယ်ဖွင့်ဆိုရပါမယ်။ ဘယ်သူတွေများပါလိမ့်။ အဓိကကျတဲ့--
၁။ နအဖလက်သုံး သံဃာသတ်သည့် ကြံ့ဖွတ်၊
၂။ ကျောင်းသား ပြည်သူများကိုသတ်တဲ့ နေဝင်းသြဇာခံ တစည။
၃။ ခမောက်ခိုးတဲ့ သစ္စာဖောက် NDF။
ဒီပါတီသုံးပါတီမှ ကိုယ်စားလှယ်လောင်းတွေ ဝင်ရွေးခံကြမှာပါတဲ့။ ဒီလူတွေ အားလုံးဟာ လူသတ်သမား၊ သူခိုးဓားပြ၊ အကျင့်ပျက်ဖောက်ပြန်ရေးသမားတွေချည်းပါပဲ။ ဒီလို မသမာသူတွေ ဝင်ရွေးခံကြမယ့် အနှစ်သာရမပါတဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးပါ။ မဲသွားပေးရမှာ ရှက်စရာမကောင်းဘူးလားဗျာ။ ဒီလူတွေဟာ ပြည်သူတွေရဲ့ ဘဝကို နားမ လည်တဲ့သူတွေဖြစ်ပါတယ်။ ဒီလူတွေဟာ ပြည်သူတွေကို မလေးစားတဲ့သူများဖြစ်ပါတယ်။ ဒီလူတွေဟာ ပြည်သူတွေကို ဘယ်တော့မှ ထောက်ထားမှု မရှိပါဘူး။ ဒီလူတွေဟာ ပြည်သူတွေရဲ့ ဘဝတွေကို ခြနင်းပြီး ကိုယ်ကျိုးရှာနေကြသည့် အတ္တသမားများဖြစ်ပါတယ်။ ဒါကြောင့် သူတို့ပြောနေကြ ပြည်သူတွေအပေါ်မှာ ထားတဲ့စေတနာဆိုတာဟာ ယုံစားစရာ တကွက်မမြင်သာပါဘူး။ အာဏာရှိတဲ့သူတွေထံ ကျွန်ခံပြီး ခြောက်စား၊ ဟောက်စား၊ မြောက်စားလုပ်နေကြတဲ့ ကိုယ်ကျိုးရှာ အတ္တသမားများသာဖြစ်ပါတယ်။

ကိုယ့်လည်ပင်းနှင့် ကိုယ့်ကြိုးကွင်း
ပြည်သူတွေကို အမျိုးမျိုး နှိပ်စက် ညှင်းပမ်း၊ ရိုက်နှက် သတ်ဖြတ်၊ ဘဝပျက်အောင် ထောင်ချလို့ အားမရသေးလို့ ပြည်သူတွေကို ကိုယ့်သေတွင်းကိုယ်တူး၊ ကိုယ့်လည်ပင်းကို ကိုယ်ကိုယ်တိုင်ကြိုးကွင်းစွပ် သေကြဖို့ လုပ်ကြံနေပြန်တယ်။ မစဉ်းစားမဆင်ခြင်ဘဲ သဲကြားက မဲတပြားထွက်သွားလို့တော့ ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်သလိုပါပဲ။ ကိုယ်သေတွင်း ကိုယ်တူးသလိုပါပဲ။

ဘယ်သူ့ကိုမှ ပေးစရာမလို
ဒီလိုလူယုတ်မာတွေကို သွားပြီးမဲပေးလိုက်ရင် လူမိုက်အားပေး ဖြစ်သွားပါလိမ့်မယ်။ မဲသွားထည့်လိုက်တာနဲ့တပြိုင်နက် အခြေခံဥပဒေကို ထောက်ခံရာရောက်တဲ့အတွက် မတရား တဲ့ဥပဒေကို ထောက်ခံတဲ့ တရားခံဖြစ်သွားပါလိမ့်မယ်။ မဲသွားထည့်လိုက်တာနဲ့ တပြိုင်နက် အနှစ်သာရမပါ ဖောက်ပြန်တဲ့ရွေးကောက်ပွဲကို ထောက်ခံရာရောက်တဲ့အတွက် ရွေးကောက်ပွဲ ကို ထောက်ခံတဲ့ သမိုင်းတရားခံဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် သမိုင်းမှာ မည်းစက်မကျန်စေ ရအောင် မဲရုံဘက်ကို ခြေဦးတောင် မလှည့်ပါနဲ့။ ကျောခိုင်းလျှက်သာ မဆိုင်သလို နေလိုက်ပါ။ မဟုတ်ရင် အင်မတန်အပြစ်ကြီးတဲ့အမှုကို လုပ်မိလိုက်တဲ့အတွက် တသက်လုံး နောင်တကြီး စွာနဲ့ ဆင်းရဲပင်ပန်းစွာ သက်ထွက်သွားရပါလိမ့်။ ဆင်ခြင် ကြစေလိုပါတယ်။

ကြောက်စရာလည်း မလိုပါ
မဲမထည့်လို့ ဘယ်သူမှ လာမဖမ်းပါဘူး။ ဖမ်းပိုင်ခွင့်လမ်းမရှိပါဘူး။ တရားဥပဒေအရ လူတိုင်း မဲမပေးနိုင်ပိုင်ခွင့်ရှိပါတယ်။ မဲမပေးတာဟာ တရားဥပဒေကို ချိုးဖောက်တာ မဟုတ် ပါဘူး။ မဲမပေးတာဟာ တိုင်းပြည်ကောင်းကျိုးအတွက် အဓိပ္ပါယ်ရှိတဲ့ ဖော်ဆောင်မှု တခုလည်း ဖြစ်ပါတယ်။ ထိုအခါ “တိုင်းပြည်ဖျက်ဆီးသူများထဲမှာ တို့မပါ” လို့ လက်မထောင်ရဲနိုင်ကြမှာ ဖြစ်ပါတယ်။ တကယ်လို့များ မဲသွားပေးလိုက်ရင် သေတဲ့အထိ စိတ်မကောင်းဖြစ်နေကြရ ပါလိမ့်မယ်။

ရရှိလာမယ့် ရလာဒ်
တကယ်လို့ ပြည်သူအများအပြား မဲမပေးကြဘူးဆိုရင် သတ်မှတ်ချက်မဲပေးသူ အရေအတွက် နည်းပါးနေတဲ့အတွက်ကြောင့် ရွေးကောက်ပွဲဟာ မထမြောက်ဘဲ ဆိုင်းငံ့လိုက် ရတယ်ဆိုတဲ့ ရလာဒ်ကောင်းကို ရရှိလာမှာဖြစ်ပါတယ်။ အဲဒီရလာဒ်ရရှိလိုက်တဲ့အတွက် နိုင်ငံတကာကလည်း တိုင်းတပြည်လုံးက ပြည်သူတွေဟာ စစ်အစိုးရလုပ်တဲ့ ရွေးကောက်ပွဲကို ဘယ်နည်းနဲ့မှ လက်မခံကြဘူး။ ဒီရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမှုမရှိဆိုတာကို ထင်ရှားစွာ သိမြင်သွားပါလိမ့်မယ်။ သိမြင်သည်နှင့်တပြိုင်နက် အတိုက်အခံများအားလုံး ပါရှိတဲ့ ရွေးကောက်ပွဲ (တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ) ကို ပြုလုပ်ဖို့ အပြင်းအထန် တိုက်တွန်းကြပါလိ့မ်မယ်။ နဂိုရွေးကောက်ပွဲကို ထောက်ခံထားတဲ့ တရုတ်၊ ကုလားတို့လည်း နိုင်ငံတကာအလယ်မှ အရှက်တကွဲဖြစ်ပြီး မှန်ကန်တဲ့လမ်းကြောင်းကိုသာလျှောက်ဖို့ ပြောဆို လာပါလိမ့်မယ်။

ဒုတိယပင်လုံညီလာခံ
ထို့အတူ ဒီရွေးကောက်ပွဲဟာ မအောင်မမြင်ဖြစ်တာနဲ့ ဒုတိယပင်လုံညီလာခံ ဖြစ် မြောက်ရေးဟာ အောင်မြင်ဖို့လမ်းကြောင်းပေါ်ကို ရောက်ရှိလာစေမှာဖြစ်ပြီး တမျိုးသားလုံးမှ သဘောတူ လက်ခံကြတဲ့အတွက် နိုင်ငံတကာကလည်း ဒုတိယပင်လုံညီလာခံကို လက်ခုပ် လက်ဝါးတီးကာ ထောက်ခံအားပေးကြမှာဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲဆန့်ကျင်ရေး ဟာ အဓိပ္ပါယ် ပြည့်ဝတဲ့ ဖောက်ထွက်နည်းတခုဖြစ်ပါတယ်။ ဒုတိယပင်လုံသည်သာ တမျိုးသားလုံးရဲ့ လွတ်မြောက်ရေးလမ်းကြောင်း ဖြစ်တာကြောင့် လွတ်မြောက်ရာ လမ်းကြောင်း အစဖြစ်သော ရွေးကောက်ပွဲဆန့်ကျင်ရေးကို အားလုံး လိုက်နာဆောင်ရွက်ကြဖို့ လိုပါတယ်။ လိုက်နာဆောင်ရွက်ပါလို့ တိုက်တွန်းအပ်ပါတယ်။

စေတနာအမှန်ထားကြပါ
စစ်ကျွန်ဖွဲ့စည်းပုံဟာ တရားမျှတမှုမရှိကြောင်း အားလုံးသိပါတယ်။ ရွေးကောက်ပွဲဟာ လည်း အလိမ်အညာ၊ အတုယောင်ဖြစ်တယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ ကြံ့ဖွတ်ဟာ လည်း သံဃာသတ်တဲ့ လူသတ်သမားများဆိုတာကိုလည်း အားလုံးသိပြီးသား၊ တစညက လည်း နေဝင်းသြဇာခံ လူရမ်းကားများဖြစ်တယ်ဆိုတာ မသိချင်အဆုံး။ NDF ဆိုတာလည်း NLD ကို သစ္စာဖောက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားတွေကို ဆန့်ကျင်သူ ဖောက်ပြန်ရေးသမားများသာ ဖြစ်တယ်ဆိုတာလည်း အထင်အရှား။ ဆိုတော့ ဘယ်မှာလည်း ဒီရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာ၊ ဘယ်မှာလည်း အနှစ်သာရ။ ဒီရွေးကောက် ပွဲက တမျိုးသားလုံးကိုသာ ဒုက္ခရောက်စေမှာ။ ကဲဘယ်နှယ်လဲ။ ဒါဆိုရင် မဲရုံကို ကျောခိုင်းရုံ မှတပါး တခြားမရှိပါဘူး။ တိုင်းပြည်အပေါ် စေတနာမှန်ရင် မဲရုံကို ကျောခိုင်းလိုက်ပါ။

·        ဗိုလ်ချုပ်ဆန်းစရှိတဲ့ လွတ်လပ်ရေးဖခင်ကြီးများက ဒီလိုအတုအယောင် ရွေးကောက်ပွဲကို လက်ခံမှာတဲ့လား။
·        ပညာရှိသူတော်ကောင်းများက ဒီအလိုအလိမ်အညာ လော်လီဖောက်ပြန် သူများကို အလိုရှိမှာတဲ့လား။
·        တိုင်းရင်းသားခေါင်းဆောင်ကြီးများကရော ဒီလိုတမျိုးသားလုံးကို ကိုယ်စားမပြု တဲ့ လုပ်ရပ်မျိုးကို နှစ်သက်မှာတဲ့လား။

ဒါကြောင့် မိဘပြည်သူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မျက်နှာကို ပြန်လည်မြင်ယောင်ကြပြီး ရွေးကောက်ပွဲကိုဆန့်ကျင်ကြပါ။ ပညာရှိသူတော်ကောင်းများရဲ့ ဆုံးမ စကားတို့ကို ပြန်လည်ကြားယောင်ပြီး မဲရုံကို ကျောခိုင်းလိုက်ကြပါ။ တိုင်းရင်းသားခေါင်းဆောင် ကြီးများရဲ့ လိုလားတဲ့ ဆန္ဒတွေကို ပြန်လည်တွေးဆကြပြီး ဒုတိယပင်လုံညီလာခံကို အားပေးထောက်ခံကြပါဟု တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျား။ ကျောခိုင်းရုံမှတပါး အခြား မရှိပါဘူး။


အုန်းရှိန်

1 comment:

A S A said...

That's right. I agree with you Ohn Shein. Bravo.. Cheer.... Carry on .... Write more like this article.