ကျော်သူရေးတဲ့ အစိမ်းရောင်လူသား

ခေတ်သုံးခေတ် .. နှစ်သုံးနှစ်ကို ဖြတ်သန်း ကျွန်တော်ကျော်သူရဲ့ ဘ၀သက်တမ်း။
ကမ္ဘာလောကကြီးထဲ ၁၉၅၉ ခုနှစ်၊ လူ့လောကကြီးထဲ ရောက်ရှိ။
ပညာရေးကို မသိ။ စီးပွားရေးကို မသိ။ ကျန်းမာရေးကို မသိ။ လူမှုရေးကို မသိ။ ဘာဆိုဘာမှ မသိ ကမ္ဘာလောကကြီးထဲရောက်ရှိ။
ကလေးအတွေး ကလေးအသိ ဆော့ကစားချင်တာပဲရှိ။
မိဘတွေ ခံစားမှုကိုမသိ … ကိုယ်လိုချင်တာပဲသိ။
သားသားတို့က မူလတန်း၊ အလယ်တန်း။ ဟို … အကိုကြီးတွေကတော့ Rasu လို့ခေါ်တဲ့ တက္ကသိုလ်အတန်း။
လူတွေက ရှုတ်ရှုတ် … ကျောင်းသားကြီးတွေက တရုတ်ရုတ် … လူထုကြီးက တအုတ်အုတ် … တရုတ် ကုလားတွေက တဖြုတ်ဖြုတ်။
ဘ၀တွေက ဖရိုဖရဲ။
မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်ထဲ ကောင်းကင်ပြာကြီးထဲ ကျီးတွေက ပြိုဆင်း … မီးခိုးမှိုင်းတွေက ဝှေ့ဆဲ။ သစ်ပုတ်ပင်ကြီးကတော့ … ခွပ်ဒေါင်းအလံ လွင့်ဆဲ။

ငြိမ်းချမ်းမှုတဲ့လား … ငြိမ်းချမ်းမှုအတွက်လား … အဘမှိုင်းတဲ့လား … ဦးသန့်တဲ့လား။
လား ပေါင်းများစွာထဲ … နားစည်ထဲမှာ ဝှေ့ဝဲ။
ဘာဆို ဘာမှ မသိခဲ့ … ဘာဘာ ဘာမှ မသိဘူးတဲ့လား။
သားတို့သိတာ … ကလေးဘ၀ထဲ … စစ်တိုက်တမ်းကစားဖို့ဘဲ။
တိုက်မယ် … ခိုက်မယ် … ပစ်မယ် … ခတ်မယ် … ထိုးမယ် … ကြိတ်မယ် … ဆက်သွယ်ရေး စက်နဲ့ စကားပြောမယ် … လက်ပစ်ဗုံးနဲ့ ပစ်မယ့် ကစားပွဲတွေ၊ ကစားနည်းတွေ။
အမည်နာမကား … စစ်တိုက်တမ်းကစားနည်းတဲ့။
မင်းက ဗိုလ်ကြီးဆို … ငါက ဗိုလ်မှူး။
မင်းက ဗိုလ်မှူးဆို … ငါက ဗိုလ်ချုပ်။
နေရာလုတာကစ … ကျားဗိုလ်ဆွဲကြ။
ကစားကြတာများ … Hero တော့ဖြစ်ချင်ကြပါရဲ့။
ဒါ . . . ဗိုလ်ချုပ်တို့ရဲ့ အာဇာနည်တွေအကြောင်း။
ဗိုလ်ချုပ်တို့ရဲ့ တိုင်းပြည် ချစ်တဲ့အကြောင်း။
ဗိုလ်ချုပ်တို့ရဲ့ ပြည်သူကို ကာကွယ်မှုအကြောင်း။
ဗိုလ်ချုပ်တို့က ပြည်သူကို ချစ်တဲ့အကြောင်း။
ပြည်သူတို့က ဗိုလ်ချုပ်တို့ကို ချစ်တဲ့အကြောင်း။
အကြောင်း … အကြောင်းပေါင်းစုံကို အဟောင်းက အသစ်ဖြစ်အောင် စစ်ရာဇ၀င် သမိုင်းစစ်ကို အမှန်တကယ်အားကျ၊
နှလုံးသားထဲ ထကြွလာအောင် ပြောပြကြတဲ့ မိဘ၊ ဘိုးဘွားများနှင့် ခင်ပွန်းကြီး ဆယ်ပါး။
ဒါ . . . ကလေးပုံပြင်မဟုတ် … ဒဏ္ဍာရီမဟုတ် … လုပ်ကြံမဟုတ်တဲ့ အဟုတ်အမှန်ဖြစ်ခဲ့တဲ့ စစ်စစ် စစ်စစ်မှန်တဲ့ စစ်သမိုင်းအစစ်။
စစ်ရာဇ၀င်စစ်စစ် သမိုင်းစစ်စစ်ကို တစ်ဖြစ်ဖြစ်မည်အောင် အားကျလို့မ၀သေး … စစ်တိုက် တမ်းကစားလို့ မပြီးသေး … အဖိုးနဲ့ အဖ အင်းစိန်ဆိုတဲ့ ဘ၀တက္ကသိုလ်
နံရံကြားရောက်လို့ သွားသလေး။
မိဘ၊ ဘိုးဘွားတို့ရဲ့ ချွေးနည်းစာစစ်စစ်နဲ့ လုပ်ကိုင်ခဲ့တဲ့ နိုင်လွန်စက် … အလုပ်ရှင် အလုပ် သမား တပြေးညီရှိရမယ်လို့၊ အမြတ်ကြီးစား အရင်းရှင်တဲ့ … စစ်ဗိုလ်ချုပ်ကြီးက
ညွှန်ကြား၊ ပစ္စည်းကိုသိမ်းသွား … လူကိုလည်း ထိန်းထား။
သြော် . . . ကလေးအတွေးနဲ့တွေးကြည့် … “အစိမ်းရောင် လူသားတွေဆိုတာ ဒါမျိုးကြီးလည်း လုပ်သလား” တဲ့။
ဒီလိုနဲ့ … လွတ်လပ်ရေးရလို့ မ၀သေး၊ မလွတ်လပ်တဲ့ ဘ၀ထဲ မဆလလူသား ဖြစ်လို့လာ။
မလွတ်လပ်တဲ့ ဘ၀ထဲ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ … ဆီဒင်ကားတွေ မျက်စိ ရှုပ်လာ။ အခွင့်ထူးခံ သားသမီးတွေ မျက်စိနောက်လာ။ ကျောင်းစိမ်းစာအုပ်တွေ မဲဖောက်
လို့လာ။ ဒါဟာ … တပြေးညီတဲ့လားဗျာ။
အေးဗျာ . . . အေးရာ အေးကြောင်း၊ လူငယ်အတွေး … အဖြေရှာကြည့်။
ကောင်းပါလေစွ … ကောင်းလေစွ။ ယမကာနဲ့ မူးယစ်ဘ၀။
အမှန်တရားတွေပျောက် … သီလတွေဖောက် … ဓါတ်ရှင်ထဲရောက်။
ဟို လူကြီးနဲ့ဖိုက် … ဟို သူငယ်မနဲ့ဆိုက်။
ဟို ဘဲကြီးနဲ့တိုက် … ဟို မဒီကြီးနဲ့ခိုက်။
မကောင်းတာကို ကောင်းသလားလို့၊ မသင့်တာကို သင့်သလားလို့၊ မှားတာကို မှန်သလားလို့ စမ်းသပ်ချင်တဲ့ လူငယ်တစ်ယောက်။
လူစိတ်မပျောက်ခင် … အသိရောက်။
အသိတရားရလို့ … လူလုပ်မယ်ကြံကာရှိသေး … “ ဒို့အရေး ” တဲ့။
ဘာပါလိမ့်လို့ … နားစွင့်ကျ၊ ထကြည့်ကြ၊ စူးစိုက်ကြ၊ အာရုံစိုက်ကြ။
ဟ! . . . ငါတို့ အရေးဘဲ၊ ပြည်သူ့အရေး၊ ဒို့အရေးဘဲ။
ညီလိုက်တဲ့ပြည်သူ၊ ညီလိုက်တဲ့ အနုပညာရှင်တွေ၊ ညီလိုက်တဲ့ ၀န်ထမ်းတွေ။
ဟုတ်ပြီဟေ့ ဆိုပြီး … ငါလည်း ညီအောင်လိုက်ညှိ … ဒဂုံ (၁) နဲ့ ဆေးရုံကြီးမှာ အများနည်းတူ ပေါက်ပေါက်လိုက်ဖောက်။
အဲဒီနောက်တော့ … ထောက် (၆) ကိုရောက်။
ဒီအချိန်မှာ ကလေးက နှစ်ယောက်။
မဟေသီက တစ်ယောက်။
လက်တွဲညီသလား မမေးနဲ့ … လင်နဲ့မယား လျှာနဲ့သွား၊ အယူအဆတွေကွဲပြား … ကိုယ်က အနုပညာသမား။
သြော် . . . အဲဒီအချိန်မှာ လူလတ်အတွေး တွေးကြည့် “အစိမ်းရောင်ဆိုတာ ဒါမျိုးကြီးလည်း ဖန်တီးသားပဲ” လို့။
ဒီလိုနဲ့ … န၀တခေတ်ထဲ လူဖြစ်လို့လာ
ငိုလိုက် ရယ်လိုက်နဲ့ ဘ၀ရဲ့သားကောင်များကို ထပ်မံ၍ ငိုခိုင်း ရယ်ခိုင်းတဲ့ ဓါတ်ရှင်သမိုင်း ရာဇ၀င်ထဲ ဝှေ့လို့ဝဲ။
ဓါတ်ရှင်သမားတို့ကတော့ … ပရိသတ်ပြည်သူကို အကုသိုလ်တွေ ဝေမျှဆဲ။
ဒါနဲ့ … အေးရာ အေးကြောင်း၊ ငြိမ်းရာ ငြိမ်းကြောင်း လူလတ်အတွေးနဲ့ အဖြေရှာကြည့်။
ကောင်းပါလေစွ - ကောင်းလေစွ တွေ့ပါပြီတဲ့ … သုဘရာဇာတဲ့။
သုခ … ကျော်သူ၊ ကျော်သူ … သုခ ကက်ကင်းတဲ့။
ကျေးဇူးရှင် ဘဘဦးသုခရဲ့ စကား … မှန်တာမှ ဒတ်ထိဘဲ။
ကျော်သူ … သချိုင်း၊ သချိုင်း … ကျော်သူ ဒါလည်း ကက်ကင်းဘဲ။
ကက်ကင်းကိုရိုက်၊ ကက်ကင်းကိုဆောင်ကာ … မိဘကို ဒုက္ခပေးခဲ့၊ မိသားစုလေးကို သောကတွေရစေခဲ့၊ ပြည်သူကို အကုသိုလ် ဝေမျှခဲ့တဲ့ ငါ … ၀ဋ်ကြွေးတွေ ကျေ။ ၀ဋ်ကြွေးတွေ
ပြေအောင် အနိမ့်ကျဆုံး ကုသိုလ်အလုပ်မျိုးသည် မြင့်မြတ်သော သူတို့သာ
လုပ်နိုင်သည်တဲ့ … ။
ဒီမှာတင် … ဘ၀တစ်ဆစ်ချိုး ပေးဆပ်မှုတွေတိုး၊ ဘာသာတရားကို ရိုကျိုးခဲ့ရ။
ဟ! . . . ဘာတဲ့တုန်း … နားစွင့်စမ်း၊ မော့ကြည့်စမ်း၊ မေးကြည့်စမ်း၊ မျှော်ကြည့်စမ်း၊ လျှောက်ကြည့်စမ်း။
“လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းပါစေ” တဲ့ … ဟာ ပြည်သူပြည်သား လူသားအားလုံးကို မေတ္တာပို့တဲ့
အသံတွေပဲ။
မိုးထဲ … လေထဲ … သေနတ်ဆွဲ၍ မဟုတ်။
မိုးထဲ … လေထဲ … ထီးဖိနပ်မဆွဲတဲ့ … သံဃာတော်တွေပဲ။
ဆွမ်းဘယ်လိုများ ဘုန်းပေးကြမလဲလို့ တွေးမိ။
ရိုက်လက်စ ဓါတ်ရှင်ကားတွေ စွန့်ခွာခဲ့ပြီး လှမ်းလိုက်တဲ့ခြေလှမ်း … သံဃာတော်တို့ နားနေရာ ကြေးသွန်းဘုရားကြီးဆီသို့။
ဒီမှာတင် … လက်သီးလက်မောင်း မတန်း … မကြွေးကြော်ခဲ့ဘဲနဲ့ သူ့အလိုလို Auto လင်မယား နှစ်ယောက် ပြည်ထဲရေးရောက်။
ဒါတင်မကသေး … အောင်သပြေထဲလည်း အမြည်းအဖြစ် ခေတ္တခဏရောက်။
သားနဲ့သမီးလည်း … အဝေးကိုရောက်။
သြော် . . . လူကြီးအတွေး … “အစိမ်းရောင်ဆိုတာ ဒါမျိုးကြီးလဲ စွမ်းဆောင်ပေးသားပဲ” လို့။
ဒီလိုနဲ့ … နအဖ လက်ထဲမှာ အလုပ်လက်မဲ့ (၁၀၉ ~ ၁၁၀) ဘ၀။ ယခုအချိန်ထိ သုံးနှစ်တိတိ စွန်းခဲ့ပြီပေါ့။
ခေတ်သုံးခေတ်ရဲ့ နှစ်သုံးနှစ်မှာ အနုပညာသမားဘ၀ကနေ အရှင်လတ်လတ် သုဘရာဇာ ဘ၀ကို လုံးလုံးရောက်အောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။
ပြည်သူတွေကို အချိန်ပြည့် ပေးဆပ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။
အနိစ္စ ဒုက္ခ အနတ္တ တရားတွေကို အချိန်တိုတိုနဲ့ မြင်တွေ့ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။
သံဝေဂတရားတွေ သိမြင်၊ ကျင့်ကြံ အားထုတ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင် လူသား။
ငြိမ်းချမ်းမှု အဖြူထည်လူသားဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ … အစိမ်းရောင်လူသား။
သာဓု . . . သာဓု . . . သာဓုပါ … အစိမ်းရောင်လူသား။
အသင်တို့သည်လည်း ကျွန်ုပ်သိသလို … သိကြပါစေ။
ကျွန်ုပ်ရသလို … ရကြပါစေ။
ကျွန်ုပ်မြင်တွေ့သလို … မြင်တွေ့ကြပါစေ။
ကျွန်ုပ်ပေးဆပ်သလို … ပေးဆပ်နိုင်ကြပါစေ လို့သာ ကျွန်ုပ်ရဲ့ မွေးနေ့ (၅၁) နှစ်ပြည့်မှစ၍ ရန်သူမျိုးငါးပါးမှ ကင်းဝေးကြပြီး၊ လူအချင်းချင်း
နှိပ်စက်ခြင်း … ကင်းရှင်း ကြပါစေ။ ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း
ငြိမ်းချမ်းကြပါစေ ဟု မေတ္တာပို့သ သစ္စာဆို ဆုမွန်ကောင်း
တောင်းလိုက်ရယုံမှတစ်ပါး အခြားမရှိတော့ချေ။
မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဖြင့်
ကျော်သူ (၁၉၅၉ ~ ၂၀??)

Future Dream မှ ကူးယူသည်။

No comments: