စစ်အာဏာရှင်နဲ့ ဒီမိုကရေစီ စည်း .. သင် ဘယ်စည်းထဲမှာလဲ။
မြန်မာ့နိုင်ငံရေး ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်များ၊ လူများ၊ သတင်း မီဒီယာများ ပြောကြဆိုကြ နားရှုပ်စရာ ကြားနေရတယ်။
ဒီနိုင်ငံမှာ စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီ တိုက်ပွဲဖြစ်နေတဲ့ နိုင်ငံရေးက နှစ်ပေါင်း များစွာ အထင်အရှားပါ။ အာဏာသိမ်း စစ်အစိုးရက ၉၀ ခုနှစ် ရွေးကောက်ပွဲ လုပ်ပေးတယ်။ အန်အယ်လ်ဒီ ဒီချုပ်က အပြတ်အသတ် နိုင်တယ်။ ၉၀ ရွေးကောက်ပွဲ ဒီအစိုးရကလည်း အသိအမှတ် မပြုဘူး။
- ပြောင်ပြောင်ပဲ ပြောင်ပြောင်ပဲ။- လူထုလည်း အရေးမစိုက်ဘူး။
- ဘယ်နိုင်ငံကိုမှလည်း အရေးမစိုက်ဘူး။
- ကုလသမဂ္ဂကြီးတောင် အရေးမစိုက်ဘူး။
- ဘယ်သူက ဘာများကော တတ်နိုင်ကြလို့လဲ။
- ဟော … လာပြန်ပြီ ရွေးကောက်ပွဲတဲ့။
စစ်အာဏာရှင်တို့ ရာသက်ပန် အုပ်စိုးမယ့် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံနဲ့ စစ်အုပ်စု အနိုင်အပိုင် အောင်နိုင်ရေး သေချာတဲ့ အပြင်အဆင်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ၊ နိုဝင်ဘာ ၇ ရက်မှာ စစ်အစိုးရက လုပ်ပေးမယ်တဲ့လေ။
လူထုကို ထာဝရ စစ်ကျွန်ဖြစ်ဖို့ စစ်အုပ်စုရဲ့ အစီအမံကို အတည်ပြုပေးရမယ့် ၂၀၁၀ ရွေးကောက်ပွဲ… ဒီမိုကရေစီပါတီတွေ ၊ ဒီမိုကရေစီ အင်အားစုတွေ ပါဝင်ယှဉ်ပြိုင်သင့်သလား?
ပါဝင် ယှဉ်ပြိုင်ကြရင်တော့ စစ်အာဏာရှင်ဖက်က အလိုလို ဖြစ်သွားကြပါလိမ့်။ လူထုကို မဲဝင်ပေးကြရင်လည်း စစ်ကျွန်ပြုဖို့ကို သဘောတူ ရွေးကောက်တင်မြောက်ရာ ကျပါလိမ့်မယ်။
ပြည်သူ့အတွေး ဒီလိုတွေးပြီး အန်အယ်လ်ဒီ ဒီချုပ်နဲ့ ဒီမိုကရေစီ အင်အားစုတွေက ရွေးကောက်ပွဲကို သပိတ်မှောက်ရမယ်၊ ရွေးကောက်ပွဲ မ၀င်ကြဘူးလို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ ၀င်လိုက်ကြတယ်။
ဒါဟာ စစ်အာဏာရှင်စနစ် တည်မြဲရေး နာဂစ်ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ စစ်အစိုးရက ကျင်းပပြီး စစ်အုပ်စုချင်း ယှဉ်ပြိုင်ကြဟဲ့ လို့ စစ်အာဏာရှင် စည်းဝိုင်း၊ ဒီမိုကရေစီစည်းဝိုင်း၊ လူ့စည်းနဲ့ ဘီလူးစည်း ထင်ရှားအောင် ခွဲခြားပြလိုက်တာပါ။
စစ်အာဏာရှင် စည်းဝိုင်းထဲက ဒီမိုကရေစီကို အလှဆင်၊ ကဒေါင်းနဲ့ ခမောက်ပြ၊ တုပတဲ့ ပါတီတွေက စစ်ဘုရင်ခံ ကျွန်ခံ၊ စစ်သခင် တင်မြှောက်ကြဖို့ လူထုကို မဲဆွယ်၊ ကျွန်ပွဲစား လုပ်နေလေရဲ့။ သိကြပါကုန် သိကြကုန်လော့။
သူတို့က ဤသို့ဆို၏။
- အုပ်ချုပ်ရေးက စစ်တပ် စထုတ်ပါပြီ။ မစ္စတာ ဒီမိုကရက်တစ်။ (၀ါရင့် ဒီမိုကရက်တစ်)- ဒီမိုကရေစီ ရှေ့တဆင့် တက်လာပြီ။ ဒေါက်ချာ Peace (အာဏာရှင်ပြုတ် ဗိုလ်ချုပ်ကြီး ယောက်ဖတော်)
- အိုးဟိုး .. ဒါ့ကြောင့်ကိုး။
တရားမမျှတတဲ့ ရွေးကောက်ပွဲကို ရှင်းဖို့လင်းဖို့ ဒီ နှစ်ပါတီကို အာဏာရပါတီက ငွေသိန်းပေါင်း ထောင်ပေါင်းအထိ ချပေးတဲ့အကြောင်း သတင်းမီဒီယာက ကြားရ။
နိုင်ငံခြားဝန်ကြီး ပြိုင်ဖက်မရှိ နိုင်ရလေအောင် ပြိုင်ဖက် ပါမစ် ရောင်းစားနှုတ်ထွက်တဲ့သတင်း ပြောသံဆိုသံ ညံလို့ပါ။
ရှင်းပါပြီ ရှင်းပါပြီ။
ဘီဘီစီ စကားဝိုင်း။ မစ္စတာ ဒီမိုကရက် အဖြေကြားရ။ ရှင်းပါ့။ ကွင်းလုံးကျွတ်၊ ၀တ်လစ်စလစ်၊ အကုန်အကုန်ရှင်းပါ့။
အမဲရိုးကနည်း၊ ခွေးကများ၊ အဖိုး ဘကြီးမှိုင်းစကား သတိရမိ။
စည်းဝိုင်းနှစ်ဝိုင်း သမိုင်းမှာရှိခဲ့။ လက်ယာနဲ့ လက်ဝဲဖက်။ အင်္ဂလိပ် ကျွန်ဘ၀က လွတ်လပ်ရေး တိုက်ပွဲမှာပါ။ လက်ယာစည်းဝိုင်းက ကျွန်ပြုသူ အင်္ဂလိပ်အလိုတော်ရိ စားဖားကြီးများ စော၊ စိန်၊ မော်လို့ ထင်ရှား။
လက်ဝဲ စည်းဝိုင်းက အဖ ဗိုလ်ချုပ်ခေါင်းဆောင်တဲ့ လိပ်ကျွန်ဘ၀က လွတ်လပ်ရေး တိုက်ပွဲဝင် ကိုယ်ကျိုးစွန့်ကြသူ ဘဘ သခင်မြ၊ သခင်နု၊ ဦးဗဆွေ ဦးကျော်ငြိမ်းတို့ ပါဝင်တာ လေ့လာတွေ့ရှိပါတယ်။
အခု စစ်ကျွန်ဘ၀က လွတ်မြောက်ရေး ဒီမိုကရေစီ စည်းဝိုင်းကို ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်နေတာ တိုင်းသိပြည်သိ ကမ္ဘာအသိပါ။
ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိကို ၀ိုင်းနှိပ်စက် ရန်ပြုသူတွေကိုပင် ငါတို့ အမျိုးသားတွေပဲလို့ ပြင်းထန်တဲ့ မျိုးချစ်စိတ် ခံယူချက်နဲ့ အမုန်းအငြိုးမထားပဲ တို့အမျိုးသားချင်း ရင်ကြားစေ့ ညီညွတ်ကြမှ ဖြစ်မယ်လို့ ဖျောင်းဖျ နားချ ညီညွတ်ရေး တောင်းဆိုနိုင်တဲ့ အရည်အချင်းပြည့်ဝသူပါ။
ဒီနေ့ ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုတွေဟာ တကွဲတပြားစီ တိုက်ပွဲ ၀င်နေကြလို့ကတော့ စစ်ကျွန်ဘ၀က မလွတ်မြောက်နိုင်တာ ၂၂ နှစ်က သက်သေပြခဲ့ပါပြီ။
စစ်အာဏာရှင် စနစ်ကို အောင်နိုင်တဲ့နေ့ဟာ ဒီမိုကရေစီ အင်အားစုမှာ အမှန်ရှိနေပါတယ်။ ဒီအင်အားတွေသာ တစုတစည်းတည်း စုစည်းနိုင်ရင် မနက်ဖြန် မြေကြီးလက်ခတ်မလွဲ ဒီမိုကရေစီ အောင်ပွဲခံမယ်၊ မုချ စစ်ကျွန်ဘ၀က လွတ်မြောက်မယ်လို့ မိအေး ရဲရဲကြီး အာမခံဝံ့ပါရဲ့။
ပြည်သူလူထု အကျိုးစီးပွားအတွက် ဒီမိုကရေစီ အကျိုးစီးပွားအတွက် ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုအားလုံး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ တခုတည်းသော ဒီမိုကရေစီ စည်းဝိုင်းအတွင်း စုရုံးကြပါ။ ညီညွတ်ရေး အင်အားကြီးနဲ့ စစ်အာဏာရှင်စနစ် ဖယ်လှန်ပစ်ဖို့ အချိန်တန်ပြီလို့ မိအေး နှိုးဆော်လိုက်ရပါတယ်။ အင်္ဂလိပ်ကျွန်ဘ၀က လွတ်မြောက်ရေး မြန်မာ့လွတ်လပ်ရေး လက်ဝဲစည်းထဲမှာ ဖခင် ဗိုလ်ချုပ်နဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘဘကြီး နုဆွေငြိမ်းတို့ရဲ့ သမီးများ၊ မမ တို့ကိုလည်း မိမိတို့ရောက်နေတဲ့ စည်းဝိုင်း ပြန်စီစစ်ရန် အချိန်တန်ပြီလို့။
ပညာရှိ သတိဖြစ်ခဲ … အချိန်မနှောင်းမီ။
မင်းမနိုင် မိအေး
၃၀၊၁၀၊၂၀၁၀။
No comments:
Post a Comment