ရေမြောင်းထဲက ည


အဖေ ပြောလိုက်တော့မှ ပိုဆိုး သွားသည်။“ပစ်သတ် လိုက်တာ အကောင်း ဆုံးပဲ” တဲ့။
အဖေ့ လက်သုံးစကား။ ထစ်ခနဲဆို ဒေါသရှူးရှဲနှင့် “ပစ်သတ်လိုက်မယ်” ဟု အော် တတ်၏။
အစကတော့ အဖေ့ ခြိမ်းခြောက်မှုကို တော်တော် ကြောက်လန့်ပြီး အမေ့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် အကာအကွယ် ယူရသည်။ အဖေ့ကိုလည်း မကြည့်ရဲ။
အဖေ့အသံကိုလည်း နားမထောင်ရဲ။ ဘယ်မှလည်း ထွက်ပြေးလို့မရ။ အဖေ သတ်ပစ် မည်စိုး၍ မျက်ရည်ကျမိလျှင်လည်း ထပ်မံ သတ်ပစ်ခံရမည်စိုးပြီး အမေ့ကို ကုတ် ကတ် ဖက်တွယ်လျှင် အမေ့ကိုပါ ပစ်သတ်မည်ဟု ကြိမ်းဝါးတတ်သည်။
နောက်တော့လည်း သိပ်မကြောက်တော့။ အဖေ့ကိုပင် အရဲစွန့်ပြီး ဟာသပြန်လုပ် တတ်လာတော့သည်။
အဖေက “ပစ်သတ်လိုက်မယ်”ဟု ဒေါသတကြီးနှင့် ဆူငေါက် လာလျှင် လက်မထောင်၊ လက် ညှိုးထိုးပြီး အဖေ့ကို ဦးအောင် ချပစ် လိုက်သည်။ “ဒိုင်း”။ အဖေ့ဒေါသ၏ နှလုံးသားကို ထိသွားပြီး အပြုံးများ ယိုစီးကျ လာတတ် တော့သည်။ အဖေ့မှာ ပစ်စရာဟူ၍ ပါး စပ် သေနတ်နှင့် လက်သေနတ်သာ ရှိပါသည်။ ယခုမူ အဖေ့ စကားသည် မှန်နေလေ တော့သည်။ အမြဲ လိုလိုလည်း မှန်တတ် သည်ပဲလေ။
“ပစ်သတ်လိုက်တာ အကောင်းဆုံးပဲကွ။ မင်း ကောင်းဘွိုင်ကားတွေထဲက မမြင်ဖူးဘူးလား။ မြင်းတွေနွားတွေ ခြေကျိုးသွားရင် ပစ်သတ်လိုက်တာပဲလေ။ သူတို့ကို ဝေဒနာ မခံစားရတော့အောင် လုပ်ပေးလိုက်တာပဲပေါ့ကွ”

“ကြိုးနဲ့ဆွဲကြည့်ရင်ရော မရဘူးလား”
အမေက အဖေ့လို မဟုတ်ဘူး။ နူးညံ့သည်။ ညင်သာ သည်။ စကားအော်ကျယ် မပြောတတ်။ အမေ့မေးခွန်းကို သူ အံ့သြစွာနား ထောင်ပြီး ရင်ထဲပြုံးမိသည်။ သူ မေးချင်သော မေးခွန်းကို အမေက သိလွန်းသည်။ သူ့ရင်ထဲရှိသော အရာ တော်တော်များများကို အမေလည်း သိတာများသည်။ အမေ့ မေးခွန်းသည် အဖေ့ကို ရည်ရွယ်သော်လည်း သူ့အတွက် သူ့ကိုယ်စား မေးပေးလိုက်ခြင်းဖြစ် လိမ့်မည်ဟု သူ တွေးမိသည်။
“ရတော့ရော ဘာလုပ်မလဲ။ ခြေလေးချောင်းစလုံး ကျိုး နေပြီးပဲ။ ပြီးတော့ အဲဒီမြောင်းထဲ ဘယ်လို ဆင်းမလဲ။ ဆင်း တယ်ထားဦး။ အဲဒီနွားကို ဘယ်လို ထုတ်ရမှာလဲ။ (အဖေ့ အသံသည် ပိုမိုကျယ်မာလာပြီး မျက်လုံးတွေလည်း ပိုပြူး ထွက်လာနေသည်) သူ့ကိုယ် ခန္ဓာနဲ့ မြောင်းရဲ့အနံနဲ့က အံကိုက် ပဲ။ ဘယ်လိုမှ လှုပ်လို့ရွှေ့လို့ မရဘူး”
ထို့နောက် အဖေသည် အမေ့အား အင်္ဂလိပ်လို ဆက်ပြော သည်။ သူ နားလည်သော စကားတစ်လုံးပါသည်။ “ရှု(တ)”။ သူ ငယ်စဉ်က ပိုးကောင်လေးတွေ၊ ပုရွက်ဆိတ်တွေကို အူ ယားပြီး သတ်ပစ်မိတိုင်း အမေက ဆူသည်။ မူကြိုမှာတုန်းက ဘုရားစာများ ဆိုရသည်။ အမေနှင့်အတူ ည ညမအိပ်ခင် ဘုရားရှိခိုးသည့်အခါ “ပါဏာတိပါတာ၊ ဝေရာမဏိ သိက္ခာပဒံ၊ သမာဓိယာမိ” ဆိုရသည်။ အဖေ ဘုရားရှိခိုးသည်ကို မြင်ရ ခဲသည်။ တစ်ခါတလေ ဘုန်းဘုန်းကြွမှ ထိုင်ကန်တော့သည်။ သူတစ်ပါးအသက်ကို ဖေဖေ ဘာဖြစ်လို့ သတ်ချင်ရသည်လဲ။

“အဲသလိုဆို အဲဒီနွားလေးကို ဘာမှလုပ်ပေးလို့ မရဘူး လား”
သူ မရဲတရဲ မေးလိုက်သည်။ အဖေ့မှာ ဦးနှောက် အများ ကြီးရှိသည်။ အမေ့ထက် များသည်။ အဖေက သူ့ကို မျက်လုံး ပြူးပြီး “မင်း ရူးနေလား”ဟု မေးလျှင် သူ့ကိုယ်သူ ရှက်ရဦး မည်။ သို့သော် သူ့ရင်ဘတ်နှင့် ဗိုက်ထဲတွင် တစ်ခုခု နာနေ သလို ဖြစ်နေသည်။ မြောင်းထဲပြုတ်ကျနေသော နွားကို သူ သနားနေမိသည်။ ပုံပြင်တွေထဲကလို နတ်သမီး တကယ် ရှိစေချင်သည်။ အဖေက ခေါင်းခါ ပြသည်။ ဆက်ပြောလိုဟန် မရှိတော့။

“ကလေးကို နားလည်အောင် ရှင်းပြပါလား”
အမေက အဖေ့ကို ချော့မော့သည့်လေသံနှင့် ပြောသည်။ အဖေသည် ပန်းကန်ထဲက ထမင်းကို လတ်စသတ်လိုက်ပြီး “သူ နားလည် မှာ မဟုတ်ဘူး”ဟု ပြောသည်။ ထို့နောက် ထမင်းစားပွဲမှထပြီး မီးဖိုချောင်ထဲ ၀င်သွားသည်။ ရေပိုက်မှ ရေသံနှင့် လက်ဆေးသံကို နားထောင်ရင်း သူ ငေးနေမိသည်။ ကျောင်းသွားနေတုန်း ဘယ်ကမှန်း မသိသည့် နွားတစ်ကောင် ဘယ်လိုမှန်း မသိဘဲ ရေမြောင်း ထဲ ပြုတ်ကျသွားခဲ့သည်။ ညနေ ကျောင်းကပြန်လာကတည်းက အိမ်ရှေ့လမ်းမကြီးဘေး ရှိ ရေမြောင်းကြီးထဲမှာ “အွမ်းဘော အွမ်း ဘော”ဟု ရှည် လျားစွာ ဆွဲဆွဲငင်ငင်ဖြင့် အော်နေသည်။ ထိုလမ်းမကြီးပေါ် လူတွေ ဖြတ်သွားဖြတ်လာကြရင်း မြောင်းထဲငုံ့ကြည့်ပြီး သွား လက်စခရီးကို ဆက်သွားလိုက်ကြသည်။ ယောက်ျားကြီး တစ်အုပ်လာကြည့်ပြီး ပြန်ထွက်သွားကြသည်။

အိမ်ရှေ့ ၀ရန်တာတွင် သူ ရပ်ပြီး အမျိုးမျိုး ကြိုးစားပြီး ကြည့်သော်လည်း မြောင်းနှုတ်ခမ်းကိုသာ မြင်ရသည်။ ထို မြောင်းထဲမှ အော် သံကို တစ်ချက်တစ်ချက် ကြားရသည်။ သူ သွားကြည့်ချင်သော်လည်း အန္တရာယ်ရှိမှန်း သူ သိသည်။ ထိုမြောင်းထဲ သူ့အရွယ် က လေးတစ်ယောက် စွန်လိုက်ရင်း ပြုတ်ကျသွားပြီး ခါးရိုးကျိုးသွားခဲ့ဖူးသည်။ ခေါင်းလည်း ကွဲသွားခဲ့သည်။

သွေးထွက်သံယိုများကို သူ မကြည့်ချင်၊ မမြင်ချင်။ မတော်တဆ ထိခိုက်ကွဲရှသွား၍ အနည်းငယ်သာ နာသည်ထားဦး၊ သွေးမြင် လျှင် သူ ငိုချင်သည်။ အဖေ့ရှေ့တွင် ငိုလျှင် မူ “မင်းက ဘာကောင်လဲ၊ မင်း ယောက်ျားလား၊ မိန်းမလား၊ ငါ ချိုးဥဖြတ်ပစ်လိုက်ရမ လား၊ ပစ်သတ်လိုက်မယ်”ဟု အော်ခံရစမြဲ။ သူများ နာလျှင်လည်း သူ နာတတ်သည်။ အဖေ့လက်ဓားရှပြီး သွေးထွက်ကျလာသော အခါ သူ အော်ငို ခဲ့မိဖူးသည်။ အဖေက သူ့ဓားရှရာကို လက်နှင့်ဖိအုပ်ထားပြီး သူ့ကို အော်ငေါက်ပစ်လိုက်သည်။ “ငါ့ရှေ့ လာငို မနေနဲ့သွား။ ထွက်သွား”ဟု ဒေါသတကြီးနှင့်မောင်းထုတ်လိုက်၍ သူ မျက်ရည်ချက်ချင်းသုတ်ပြီး ရှိုက်သံနှင့် အခန်းထဲ အဖေ မကြားအောင် တိုးတိုးလေး ငိုလေသည်။

“သား ထမင်း မြန်မြန်စား။ ဘာတွေ ငေးနေတာလဲ”
အမေ့မျက်နှာကို ကြည့်လိုက်သည်။ အဖေ အိမ်ရှေ့ခန်း တွင် ရုံးစာများ လုပ်နေပြီ ထင်သည်။ သို့မဟုတ် စာအုပ်တွေ ဖတ်နေပြီ ထင် သည်။ အမေက ဟင်းပန်ကန်တွေ သိမ်းနေပြီ။
“သား ဗိုက်မဆာတော့ဘူး”ဟု အဖေ မကြားအောင် တိုးတိုးပြောလိုက်သည်။
“စားလိုက်ပါဦးကွာ။ မေမေ ခွံ့ကျွေးရမလား။ ရော့... မေမေက သားအကြိုက် ချက်ထားတာ၊ စားလိုက်ပါဦး”
အမေက ကြက်သားဖတ်လေးနှင့် ထမင်းနယ်ခွံ့လိုက် သည်။ တစ်လုတ်။ နားစိုက်ထောင်လိုက်သည်။ အော်သံမ ကြားရ။ သေသွား ပြီလား မသိ။ နောက်တစ်လုတ်။ ထမင်း လုတ်ကို သွားချင်း ထိပွတ်ဝါးခြေ၊ လည်ချောင်းလှုပ်၊ မျိုချ နေစဉ်မှာပင် မျက်ရည်ဝဲချင်လာ သည်။ ရင်ထဲတင်းကျပ်လာ သည်။ ခေါင်းခါလိုက်သည်။
“မစားချင်တော့ဘူး မေမေ။ သား ဗိုက်ဝသွားပြီ”အမေက သူ့ဆံပင်ကို သပ်လိုက်သည်။ 

“ဘာမှ မဖြစ်ပါဘူး သားရယ်။ အဲသလိုပဲ နွားတွေဟာ ဦးနှောက် မရှိတော့ မြောင်းတွေဘာတွေထဲ ပြုတ်ကျတတ် တယ်။ (အမေ စကားရပ်သွားစဉ် အမေ့မျက်လုံးထဲ မေးခွန်း ထုတ်ကြည့်လိုက်သည်) ပြန်ထုတ်ပေးလိုက်ရင် တစ်ရက် နှစ်ရက်ဆို ကောင်းသွား တာပဲ”

“အဲသလိုဆို ဘာလို့ မထုတ်ပေးတာလဲ မေမေ။ မေမေနဲ့ သားနဲ့ သွားထုတ်ပေးလိုက်ကြရအောင်”
အမေ မျက်လုံးလွှဲလိုက်သဖြင့် အမေ့ကို မကျေနပ်။ အမေက ပန်းကန်တွေကိုဆင့်ရင်း သူ့ကို မကြည့်ဘဲ ပြောသည်။
“ဘယ်နိုင်မလဲ သားရဲ့။ သွား... သွား... ပါးစပ်သွား ဆေးပြီးရင် မေမေရယ်၊ သားရယ် ဂဏန်းတွေ အတူတွက် တာပေါ့” ထိုစဉ် ဆွဲဆွဲ ငင်ငင် အော်သံသည် သူ့အသည်းထဲ ၀င်သွားသည်။

“အွမ်းဘော”
သူ စောင့်နားထောင်နေသော အသံ။ “ဟော... မေမေ ကြားလား၊ မသေသေးဘူး”
သူ ၀မ်းမြောက်စွာ အော်ပြောလိုက်မိပြီးမှ အဖေ ကြားသွားမည်ကို အနည်းငယ် ထိတ်သွားသည်။
“မသေပါဘူးကွာ။ မင်းကလည်း.. သွား လက်ဆေးပြီး အိမ်ရှေ့ကိုသွား”
“သနားပါတယ်နော်”
အမေ ဘာမှပြန်မပြောဘဲ ပန်းကန်များကို မီးဖိုချောင်ထဲ ယူသွားသည်။

အိမ်ရှေ့ ပက်လက်ကုလားထိုင်ပေါ်တွင် အဖေ စာဖတ်နေသည်။ အဖေ့မျက်နှာပေါ်တွင် နံရံပေါ်မှ ပန်းချီကားရောင် ပြန်ဟပ်နေ သည်။ ရွှေတိဂုံစေတီတော် သေးသေးလေးသည် အဖေ့မျက်နှာပေါ်တွင် ၀ါဖျော့နေသည်။ အဖေက မျက်လုံး ပင့်၍ သူ့ကို တစ်ချက် ကြည့်ပြီး စာဆက်ဖတ်သည်။ အဖေ စာဖတ်နေလျှင် အဖေ့ နားဆူညံသည်ကို မကြိုက်။ အဖေ့ကို ခေါ်ပြီး မြောင်းထဲက နွားကို သွား ကြည့်ချင်သည်။ နွားသည် ဘာအရောင်လဲမသိ။ ချိုသေးသေးလား၊ ကြီးကြီးလား၊ အထီး လား၊ အမလား။ ဘယ်ကရောက်လာ တာလဲ။ သူ့သခင် မသိဘူးလား။ သို့သော် အဖေ့ကို မနှောင့်ယှက်ရဲ၊ အဖေက ထအော်လိုက်လိမ့်မည်။ အဖေ့ကို ဖြတ်ပြီး အိမ်ရှေ့ဝ ရန်တာသို့ သူ သွားလိုက်သည်။

“အွမ်းဘော”
သူ့ကိုယ်လုံးထဲ တစ်စုံတစ်ခု ဖြတ်တိုက်ဝင်သွား သလိုဖြစ်သွားသည်။ ၀ရန် တာသံတိုင်ကိုကိုင်ပြီး အသံလာရာသို့ သူ အားစိုက် ကြည့်သည်။ နေ၀င်သွားပြီ။ လမ်း မီးများလင်းနေပြီ။ မော်တော် ကားများ၊ လူများ ပြွတ်သိပ် ထွက်ကျနေသော ဘတ်စ်ကားများ ဖြတ်သွားကြသည်။ ကလေးအချို့နှင့် လူကြီး သုံးလေးယောက် ပြုံပြီး မြောင်းထဲ ငုံ့ကြည့်နေကြ သည်။ ကောင်လေးတစ်ယောက် က မြောင်းထဲ ခဲတစ်လုံး ပစ်လိုက်သောအခါ “အွမ်းဘော”ဟု အသံထွက် လာသည်။
“ဖေဖေ၊ ဖေဖေ”
သူ ရုတ်တရက် အော် ခေါ်လိုက်မိပြီးမှ ရင်ထဲထိတ် သွားရပြန်သည်။ ဖေဖေ စာ ဖတ်နေသည်။ သူ့ကို အော် တော့မည်။ သူ့စိတ်ထဲ သူ သေးကျုံ့သွားသည်။ အဖေ့ ကို မ၀ံ့မရဲကြည့်လိုက်သည်။ အဖေက ခေါင်းမော့ပြီး “ဘာ လဲ”ဟု လေသံမာမာနှင့် မေးလိုက် သည်။ အဖေ့မျက်မှန် အောက်မှ မျက်လုံးတို့သည် အဖေ ဒေါသထွက်တော့မည်ကို ပြနေသည်။
သူ့စိတ်ထဲ တွေးမိသော အရာပျက်စီးခဲ့လေပြီ။ မြောင်းနားသို့ သူတစ်ယောက်တည်း မသွားရဲသဖြင့် အဖေ့ကို ကောင်းကောင်းမွန်မွန် ယဉ်ယဉ်ကျေးကျေးပြောပြီး အဖေ့ကို သူ့အား ထိုနွားကို ခေါ်ပြရန် ပြောမည်ဟု စဉ်းစားမိရာမှ ခေါ်လိုက်မိခြင်း ဖြစ်သည်။

“မင်းမှာ အိမ်စာတွေ မရှိဘူးလား။ ဘာလုပ်နေတာလဲ”
“သား မေမေပန်းကန်ဆေးပြီးမှ မေမေနဲ့အတူ လုပ်မလို့ ပါ ဖေဖေ”
“အချိန်မဖြုန်းနဲ့ကွ။ အခု သွားလုပ်။ ငါ မင်းကိုပါ မြောင်းထဲပစ်ချလိုက်ရမလား”
သူ ဘာမှပြန်မပြောတော့ဘဲ ခေါင်းငုံ့ပြီး သူ့လွယ်အိတ်ကို သွားယူသည်။ မီးဖိုချောင်၌ အမေ့ပန်းကန်ဆေးသံများကို ကြားရသည်။
“အွမ်းဘော”
စီအိုဒပ်ဘယ်လ်ယူကောင်း။ နွားလေး သနားပါတယ်။

ဂဏန်းတွက်ပြီး အမေ့ကိုပြသောအခါ ဆယ်ပုဒ်ထဲက လေးပုဒ် မှားသည်။ အမေက ပြန်တွက်ခိုင်းသည်။ လေးရှစ်လီသုံးဆယ် ဖြစ် ဖြစ်နေသည်။ အမေက အလီတွေ ပြန်ဆိုခိုင်းသည်။ ခါတိုင်း အလွတ်ရသော အလီများက ထောက်ထောက်နေသေးသည်။ ထိုသို့ ထောက်သွားသဖြင့် စဉ်းစားနေတုန်း အိမ်ရှေ့ခန်းမှ အသံထွက်လာသည်။

“ဟေ့ကောင် ငါ လာရမလား”
အဖေ လာရင် လက်ပါ ပါလာမည်။ ကြိမ်လုံးပါ ပါလာမည်။ အမေက မေးငေါ့ပြသည်။ သူ သတိထားပြီး ပြန်ဆိုသည်။ မြောင်းနက် ထဲသို့ ခဲတစ်လုံး ကျသွားသည်။
“အွမ်းဘော”
သည်ည အမေနှင့်အတူ အိပ်ချင်သည်။ အဖေ ခရီးမထွက်သည်မှာလည်း ကြာပြီ။ အဖေခရီးထွက်လျှင် အမေနှင့် အတူအိပ်ရသည်။ အမေက ပုံတွေ ပြောပြသည်။ အမေ့ကို လက်နှင့်ဖက်၊ ပေါင်နှင့်ခွပြီး အိပ်ချင်သည်။ ကြောက်၍ မဟုတ်။ သူတစ်ယောက်တည်း အိပ် ရဲသည်။ အမေက အိပ်ရာပြင်၊ ခြင်ထောင်ချ အနားတွေ ထည့်ဖိ၊ နဖူးကို ဖွဖွလေးနမ်းပြီး “အိပ်တော့”ဟု ပြောပြီး မီးပိတ်လိုက်လျှင် သူအိပ်သွားသည်။

အဖေ ဆူလိမ့်မည်။ “မင်း အလကားကောင်၊ မိန်းမလျာ၊ ငါ ဖြတ်ပစ်လိုက်မယ်”ဟု အော်လိမ့်မည်။ သူ မိန်းမ မဖြစ်ချင်။ မိန်းမ လျာလည်း မဖြစ်ချင်။ သတိ္တရှိသော ယောက်ျားကြီး ဖြစ်ချင်သည်။ သူ ကြီးလာလျှင် အမေ့ကို သူ အဝေးကြီး ခေါ်သွားမည်။ အဖေ ခရီးက ပြန်လာလျှင် သူတို့သားအမိကို တွေ့ရမည် မဟုတ်တော့။

စိမ်းမြသော တောအုပ်ကလေးထဲတွင် သူနှင့် အမေ အိမ်ကလေး ဆောက်ပြီးနေကြမည်။ “ဖေဖေ မလာရ”ဟု တံခါးဝတွင် ရေးထား မည်။ “အွမ်းဘော”။ အဖေ မကြားအောင် အမေ့ကို တိုးတိုးလေး ပြောလိုက်သည်။
“မေမေ သား အိပ်ချင်ပြီကွာ။ သားနဲ့ မေမေ ခဏလာ အိပ်ပေးပါ”
“သားကလည်း အိမ်စာလည်း မပြီးဘူး။ ပြီးအောင်လုပ်”
“ပြီးရင် မေမေပါ လာအိပ်မှာလား”
“အင်း၊ ကဲ... ကဲ... ဆက်လုပ်”
“တစ်ညလုံးလား”
“ဖေဖေ ဆူမှာပေါ့”
“ဖေဖေကလည်း...”
အမေသည် သူ့ကို ပြုံးပြုံးလေးကြည့်လိုက်သည်။ အဖေ့ အင်္ကျီချိုင်းပြဲကို ပြန်သီနေရာမှ ခေတ္တရပ်လိုက်သည်။ အဖေ့ အင်္ကျီသည် အကြီးကြီးဖြစ်၏။

“ဖေဖေက သား စာမေးပွဲအောင်ရင် သားလိုချင်တာတွေ ၀ယ်ပေးမှာကွ”
“သား ပထမရရင်ရော”
“အဲသလိုဆို ဖေဖေရော၊ မေမေပါ သိပ်ဝမ်းသာမှာပေါ့။ သားကို ကစားစရာတွေ၊ အ၀တ်အစားတွေ ၀ယ်ပေးမှာပေါ့။ ဖေဖေရော၊ မေမေရော သားကို စာတော်တဲ့ကလေး ဖြစ်စေချင်တာ”
သူ ခဏစဉ်စားလိုက်သည်။ ပြီးမှ လေးနက်သည့်လေသံ ဖြင့် တိုးတိုးအုပ်အုပ် ပြောလိုက်သည်။
“သား စာမတော်ချင်ဘူး မေမေ”
“ဟင်... ဘာဖြစ်လို့လဲ”
“သား ဖေဖေ့လို စာအုပ်တွေ မဖတ်ချင်ဘူး”
“သားက ကစားပဲ ကစားချင်နေလို့လား”
“ဟုတ်တယ်၊ သား လူကြီးဖြစ်လာရင်လေ အားတွေ အများကြီး ရှိလာမှာနော်”
“အင်းပေါ့”
“ကြည့်၊ အခုတောင် ဗလတွေရှိနေပြီ”ဟု ပြောကာ သူ့လက်မောင်းပိန်ပိန်လေးကို ကွေးချည့်ဆန့်ချည့် လုပ်ပြပြီး ပြောသည်။
“ဖေဖေ့ထက်တောင် ဗလတွေကြီးမှာနော်”
“အင်းပေါ့”
“အဲသလိုဆို နောက်တစ်ခါ နွားတွေ မြောင်းထဲပြုတ်ကျရင် သားက သွားထုတ်ပေးလိုက်မှာပဲ”
“မင်းအဖေလာလို့ စာမလုပ်နေဘူးဆိုရင် ပြောလိမ့်မယ်နော်”
ထိုစဉ် “အွမ်းဘော”သံရှည်ကြီး ထွက်လာပြန်သည်။

“မေမေ၊ ဘာမှလုပ်ပေးလို့ မရဘူးလား”
အမေ သက်ပြင်းချသည်။ ခဲတံဖင်ကို သူ ကိုက်နေသည်ကိုပင် မဆူတော့။ ခဲတံကိုသာ သူ့သွားကြားမှ အသာဆွဲထုတ်လိုက်သည်။ အမေ့ရင်ခွင်ထဲ သူဝင်ပြီး ခေါင်းပွတ်ချင်သည်။ အိမ်ရှေ့မှ အဖေ မတ်တတ်ထသံကြားလိုက်သဖြင့် အမေက ဖတ်စာအုပ်ကို လက် ညှိုးနှင့် သုံးလေးချက် ထောက်လိုက်သည်။ ထိုတောအုပ်တွင် သမင်လေးတွေ မွေးထားမည်။ အမေ့အတွက် ပန်းပင်အမျိုးမျိုး စိုက် ထားမည်။ သူသည် ဗလကြီးကြီးနှင့် သတိ္တရှိသော လူကြီးဖြစ်နေလိမ့်မည်။ ထိုအချိန်တွင် အဖေသည် အဘိုးကြီး သေးသေးလေး ဖြစ်နေမည်။ ဘိုးဘိုးကြီးလို စကားပြောလျှင် သွားရည်တွေ စီးကျနေမည်လား။ သူ့ကို ပွေ့ချီတော့မည်ဆိုလျှင် သူ ထွက်ပြေးသည်။ ဘိုးဘိုးကြီးက နံလည်းနံသည်။ ညှီသည်ဟု ပြောရမည်။ ဟော... ဖေဖေ အရိပ်ကြီး ခန်းဆီးအောက်က ၀င်လာနေပြီ။ “နှစ်တစ်လီ နှစ်၊ နှစ်နှစ်လီလေး၊ နှစ်သုံးလီခြောက်”

မိုးတွေရွာသည်။ အမိုးပေါ်တွင် မိုးသံများ ကြားရသည်။ ပြန်အိပ်မည် ပြုပြီးမှ မြောင်းထဲမှနွားကို သတိရလိုက်သည်။ မိုးရွာလျှင် မြောင်းထဲရေတွေ စီးတော့မည်။ ထိုနွားရေနစ် သေတော့မည်။ သူ ငိုချင်လာသည်။ မိုးသံနှင့်အတူ လေသံပါ ပါလာသည်။ တစ်ချက် တစ်ချက် လေကြမ်းသည် ဘေးအိမ် နားမှ အုန်းလက်နှင့် အမိုးရိုက်သံကြားရသည်။ အမေနှင့် သွားအိပ်ချင်သည်။ မိုးရွာသည်ကို သူ မကြောက်။ သူ သတိ္တရှိ သည်။ တစ်အိမ်လုံး မှောင်နေသည်။ အမေလည်း အိပ်နေပြီ။
“အွမ်းဘော”

မိုးသံလေသံထဲမှ အော်သံကို သူ အသေအချာ ကြားလိုက်သည်။ ထိုနွား ရေနစ်သေတော့မည်။ နွားတွေ ရေမကူး တတ်ကြ။ ခြေ ထောက်လည်း ကျိုးနေသည်။ သေတော့မှာပဲ။ အမေ့ဆီ သွားချင်သည်။ ခေါင်းအုံးတစ်လုံး သူ့ခေါင်းပေါ် ဖိအုပ်ထားပြီး မျက်စိမှိတ် ထားလိုက်သည်။ အမိုးပေါ်တွင် မိုးတဖြန်းဖြန်း ရိုက်သံကို ကြားရသည်။ လမ်းမီးရောင်သည် အခန်းထဲသို့ ၀င်နေသည်။ ပြတင်း ပေါက် ပိတ်ထားသော်လည်း ခြင်ထောင် တစ်ချက်တစ်ချက် လှုပ်သွားသည်။ အုန်းလက်သံများ တရွှမ်းရွှမ်း ကြားရသည်။
“အွမ်းဘော”

သူ သွားကြည့်ချင်သည်။ မသွားရဲ။ သွားရဲသည်။ နွားလေး သနားပါတယ်။ သူ လူကြီးဖြစ်တော့မည်။ ဗလတွေတောင် ရှိနေပြီ။ သူ ရေလည်းကူးတတ်တော့မည်။ ရေထဲတွင် သူသည် ဝေလငါးကြီးလို အကြီးကြီး ဖြစ်လိမ့်မည်။ သူ သွားကြည့်ချင်သည်။

အိပ်ရာမှ အသံမမြည်အောင် ထလိုက်သည်။ မျက်လုံးကို ပွတ်လိုက်သည်။ ခြင်ထောင်ကို အသာမ၍ ထွက်လိုက်သည်။ ခြေကိုဖော့ ပြီး အခန်းထဲမှ ထွက်လိုက်သည်။ အမေတို့ အိပ်ခန်းလည်း မှောင်နေသည်။ သူ အိမ်ရှေ့ခန်းထဲ သွားလိုက်သည်။ လမ်းမီးရောင် တချို့ အိမ်ရှေ့ခန်းထဲ ရောက်နေသဖြင့် စားပွဲ၊ ထိုင်ခုံ၊ ပက်လက်ကုလားထိုင်တို့ကို အမှောင်ထဲတွင် မြင်ရသည်။ ၀ရန်တာ တံခါးပိတ်ထားသည်။

နွားအော်သံကို ထပ်ကြားလိုက်သဖြင့် သူ ပြေးသွား ကြည့်ချင်သည်။ ၀ရန်တာတံခါးကို သူ ဖွင့်လို့မရ။ သူ မမီသောအမြင့်ကြီးတွင် ချက်ထိုးထားသည်။ ပြတင်းပေါက်ချက်ကိုတော့ သူမီသည်။ ချက်ကို အသာမပြီး ပြတင်းပေါက်ကို ဖြည်းဖြည်းတွန်းဖွင့်လိုက်သည်။

ပွင့်သွားသည်နှင့် မိုးသံ လေသံတို့သည် ပိုပြီး နီးစပ် ကျယ်လောင်သွားသည်။ လေအေးနှင့်အတူ မိုးစက်များက သူ့မျက်နှာကို လာ ထိပြီး အေးသွားသည်။ ရုတ်တရက် ချမ်းသလို ဖြစ်သွားပြီး သူ တုန်သွားသည်။ မိုးစက် အနည်းငယ် လာပက်သဖြင့် သူ နံရံထောင့်၌ အကာအကွယ် ယူလိုက်သည်။

အပြင်ဘက်တွင် ဓာတ်တိုင်အောက်၌ မြောင်းကို မြင်ရသည်။ မြောင်းကြီးသည် ဓာတ်တိုင်အောက်တွင် လင်းလိုက်၊ ဝေးသွားသော အခါ မှောင်သွားလိုက်၊ ရှေ့ ဓာတ်တိုင်အောက်တွင် ပြန်လင်းလာလိုက်၊ ပြန်မှောင်သွားလိုက်နှင့်။ လင်းနေသော အကွက်တစ်ကွက်မှ နွားအော်သံသည် မိုးထဲလေထဲ ထွက်လာပြန်သည်။ လမ်းမကြီးပေါ် မိုးစက်များ ရိုက်သံကို မြင်ကြားရသည်။ လမ်းပေါ် ဘယ်သူမျှ မရှိ။ လေတိုက်သဖြင့် သစ်သားခုတုံးလေးကို ပြတင်းပေါက်ထောင့် စွန်း၌ ခုထားလိုက်သည်။

သူသည် လမ်းမကြီးကို ငေးစိုက်ကြည့်မိသည်။ လမ်းမကြီးကို ညအချိန်၌ သူ ပထမဆုံး မြင်ရဖူးခြင်း ဖြစ်သည်။ လူသူတစ်ဦးတစ် ယောက်မှမရှိ။ ကားတစ်စီးမှလည်း မရှိ။ တိတ်ဆိတ်သောလမ်းမကြီးပေါ်တွင် မိုးသံလေသံတို့သာ ရှိနေသည်။ မိုးများရွာသွန်းဖြိုး ကျနေသော လမ်းမကြီးကို သူမှင်တက် အံ့သြစွာ ကြည့်နေမိသည်။ တစ်ဖက်လမ်းမှ သစ်ပင်ကြီးများ၏ သစ်ရွက်များ လှုပ်ခါနေကြ သည်။ မီးရောင်အောက်တွင် မိုးပေါက်များသည် သက်တံရောင်လေးတွေနှင့်တူသည်။ ကတ္တရာပေါ်ကျလိုက်သည်နှင့် ပြန်ခုန်ထသွား ပြီး သေးသေးလေးတွေ ကွဲသွားကြသည်။
သက်တံသေးသေးလေးတွေ ဖြစ်သွားကြသည်။ မြောင်းထဲ ရေစီးကျသံကို ကြားရသည်။ ထိုနွားလေး အအေးမိတော့မည်။ ရေမွန်း ပြီး သေတော့မည်။ “အွမ်းဘော အွမ်းဘော”ဟု လေးလေးလံလံ အော်နေသည်။ သူ ဘာလုပ်ရမည်မသိ။ အဖေ့ကို သွားနှိုးချင်သည်။ အိမ်နောက်ဖေးတွင် အုန်းဆံကြိုးများရှိသည်။ သူ့တွင် ဗလအနည်းငယ် ရှိနေပြီ။ အဖေနှင့်သူ နှစ်ယောက်ပေါင်းလျှင် ထိုနွားလေးကို ကယ်လို့ရလျှင်ရမည်။

သို့သော် အဖေ့ကို မနှိုးရဲ။ အဖေသိလျှင် သူ့ကို အော်ဟစ် ကြိမ်းမောင်းပြီး ရိုက်လိမ့်မည်။ သူ ပြန်မအိပ်ချင်တော့။ လမ်းမကြီးကို သူ ငေးကြည့်နေမိသည်။ မြောင်းထဲက နွားကလည်း အော်နေသည်။ လမ်းဟိုဘက်က အိမ်များလည်း မီးမှိတ်ထားကြသည်။ ဓာတ်တိုင် တစ်ဝိုက်တွင် မိုးပေါက်များ ကျနေသည်မှာ ကြည့်လို့ကောင်းသည်။ အုန်းလက်ကြီးများသည် ပင့်ကူကြီးလို လှုပ်ယမ်းနေသည်။ နွား ကို ခေတ္တမေ့သွားပြီး လမ်းမကြီးကိုသာ သူ ငေးစိုက်ကြည့်နေရာမှ သူ့မျက်လုံးက မိုးကောင်းကင်သို့ ရောက်သွားသည်။

မိုးလည်း ရုတ်တရက် စဲသွားသည်။ မိုးကောင်းကင်ရှိ တိမ်တိုက်မည်းမည်းကြီးတစ်ခု ရွေ့နေပြီး ထိုတိမ်တိုက်မည်း မည်းကြီးနောက် မှ လမင်းဖြူဖြူကြီး လင်း၍လင်း၍ လာနေသည်။ ရွေ့နေသော တိမ်မည်းကြီးမှ တိမ်လုံးလိုလို အမည်းရောင်တစ်ခု လွင့်စင်လာ သည်။

ထိုအနက်ရောင်လုံးသည် မြေကြီးသို့ တဖြည်းဖြည်း ကျလာနေသလို ပျံလာနေသလို ရွေ့လာသည်ကို တအံ့တသြ ကြည့်နေမိ သည်။ လ၀န်းကြီးသည်လည်း ထိန်ထိန်သာနေပြီ။ မိုလည်းတိတ်သွားပြီ။ တောင်ပံခတ်ပြီး ပြန်လာနေသလိုလို အရာတစ်ခုကို သူ မြင်လိုက်သည်။ လင်းနို့ကြီးများလား။ ငှက်တွေ အိပ်ပြီ။ လမ်းဓာတ်မီးတိုင်နှင့် နီးလာသောအခါ သူ့ပါးစပ်ကလေးဟသွားပြီး “ဟာ...”ဟု ရေရွတ်လိုက်မိ လောက်အောင် အံ့သြသွားရသည်။
နို့နှစ်လို ဖြူဖွေးသော နွားကြီး နွားမေမေကြီး။ တောင်ပံကြီးကို ရိုက်ခတ်ပြီး ဆင်းလာနေသည်။ တစ်ကိုယ်လုံး ဖြူဆွတ်။ သူ့ရင်ထဲ ခုန်ပေါက်မြူးထူး ပျော်ရွှင်သွားသည်။ သူလိုချင်လွန်းသော မီးရထားကြီး မေမေ ၀ယ်ပေးတုန်းက ပျော်ခြင်းမျိုးထက် အများကြီး ပို ပျော်သွားသည်။ ထိုနွားမေမေ ကြီးသည် သူ့နွားသားသားလေးကို လာကယ်တင်တော့မည်။ ဟော ဟော လာနေပြီ။ ကြည့်ပါဦး။ ပန်းရောင် နှာခေါင်း။ ပန်းနုရောင် မျက်ဝန်းတို့နှင့် ကြည်လင်သန့်ရှင်းသော မေမေ့လို မျက်လုံးညိုညိုနှင့် ခိုဖြူရောင်လို တောင်ပံဖြူ ဖြူကြီးတွေကို ခတ်ပြီး ခတ်ပြီး။

မျက်စိထဲ စူးကျိန်းသွားပြီး ခလုတ်ဖွင့်သံနှင့်အတူ မီးလင်းသွားတော့သည်။ ကြည့်လို့ရသွားသောအခါ အဖေသည် သူ့ကို ခါးထောက် ပြီး ကြည့်နေသည်။ အဖေ့ကို သူ မော့ကြည့်လိုက်ပြီး ဘာကိုကြောက်လန့်သွားသည် မသိဘဲ သူ့ကိုယ်သူပင် မသိခင် သူ အော်ဟစ်ငို ချင်မိလျက်သား ဖြစ်နေသည်။ သူ၏ အော်ငိုသံစူးစူးကြီးသည် မိုးသံလေသံထဲမှ ကျယ်လောင်စွာ ထွက်လာသည်။ နောက်ဆုတ် လိုက်သောအခါ နံရံနှင့်တိုက်မိတော့သည်။ အဖေ့မျက်နှာကို တောင်းပန်တိုး လျှိုးရန် ကြည့်လိုက်သောအခါ အဖေ့ခက်ထန်နေသည့် မျက်နှာကို သူ ပိုမိုထိတ်လန့်ပြီး ပို၍ အော်ဟစ်ငိုမိလေတော့သည်။
အဖေသည် သူ့ထံ တစ်လှမ်းချင်း လျှောက်လာနေသည်။ အဖေ့ကို ပတ်ပြေးလို့လည်းလွတ်မည်မထင်။ သူ့တစ်ကိုယ်လုံး ကျုံ့ဝင် နေပြီ။ “ဖေဖေ၊ ဖေဖေ သားကို မရိုက်ပါနဲ့။ သား မဆိုးတော့ဘူးနော်။ ဖေဖေနော်”ဟု ငိုရင်းတန်းလန်းနှင့် ဗလုံးဗထွေး ပြောဆိုနေမိ တော့သည်။ အဖေသည် သူနှင့်တစ်လှမ်းသာ ဝေးတော့သည့်အခါ သူ့အသည်းလေးထဲထိ ပေါက်ကွဲလုမတတ် ထိတ်လန့်ကြီးစွာနှင့် မျက်စိစုံမှိတ်ပြီး “မေမေရေ၊ မေမေရေ”ဟု အော်ရှာလေတော့သည်။
သူ့အဖေသည် သူ့အား ဖမ်းချုပ်ပြီး လက်မောင်းနှင့် ညှပ်၍ ကောက်ချီလိုက်သောအခါ သူ အတင်းရုန်းထွက်ရန် ကြိုးစားသည်။

အဖေ့မျက်နှာကို လက်ဖ၀ါးနှင့် တွန်းထိုး၊ ရင်ဝကို ခြေနှင့်ကန်ပြီး နောက်ပြန်ကောထိုးဆင်းရန် ကြိုးစားသည်။ လေတစ်ချက် ကြမ်း လိုက်စဉ် သစ်သားခုတုံးလေး ပြုတ်ကျသွားပြီး ပြတင်းပေါက်သည် “ဒိုင်း”ခနဲ ကျယ်လောင်စွာ ပြန်ပိတ်သွားသည်။ အဖေ့လက်က သူ့ခါးနှင့် ကျောကို ညှပ်ထားသည်။ သူ့ကို မြောင်းထဲပစ်ချလိုက်တော့မည်။ သူ၏ သံကုန်အော်ဟစ်ငိုသံကြီးကို သူ ပြန်ကြားပြီး ကြောက်သွားပြန်တော့သည်။ သူ့နားထဲ “သား၊ သား ဖေဖေလေ၊ သားရဲ့ ဖေဖေလေ”ဟု အဖေ့ အသံကို ကြားသလိုလိုရှိသည်။ သူ့ကို မြောင်းထဲပစ်ချတော့မည်။
“မေမေရေ မေမေ”
ဆံပင် ဖိုးရိုးဖားရားနှင့် အမေ ပြေးထွက်လာသည်ကို မြင်သည်နှင့် အမေ့ထံသို့ သူ့ကိုယ်ခန္ဓာကို ကြောက်ကန်လှည့်ချပြီး လက်နှစ် ဖက်ကို ရုန်း၍ ဆန့်တန်းပစ်လိုက်သည်။ အမေသည် အဖေ့လက်ထဲမှ သူ့ကိုဆွဲယူပြီး...
“ဘာဖြစ်တာလဲ။ ကလေးကို ဘာလုပ်လိုက်တာလဲ”ဟု အလန့်တကြားမေးပြီး သူ့ကို ရင်ခွင်ထဲ ပွေ့ထည့်ရင်း “သား၊ တိတ်၊ တိတ် မေမေ ရှိတယ်၊ မေမေ ရှိတယ်”ဟု ချော့ပြီး ကလေးလေးတုန်းကလိုပဲ လွှဲပေးနေသည်။ အမေ့လည်ပင်းကို အတင်းဖက်၊ ခါးကို အတင်းခွထားပြီး မျက်နှာကို အမေ့ရင်ထဲ ထိုးထည့်ထားရင်း သူ့ငိုသံသည်လည်း တဖြည်းဖြည်းနှင့် ရှိုက်သံအဖြစ်သာ ကျန်တော့ သည်။
“သား၊ မေမေ့သားလေး၊ တိတ်ပါကွယ်။ မေမေ့သားလေး၊ တိတ်၊ တိတ်”
တစ်ချိန်တည်းတွင်ပင် အဖေ့ဘက်လှည့်ပြီး “ရှင် ကလေးကို ဘာလုပ်လိုက်လဲ” ဟု မေးလိုက်သည်။ အဖေ့ထံမှ ဘာမှမကြားရ။ ထို နေရာတွင်ပင် ရပ်နေသည်။ အဖေ့အရိပ်ကြီးသည် ကြမ်းပြင်မှ နံရံပေါ်အထိ ကြီးမားမည်းနက်ပြီး ငြိမ်သက်နေသည်။

ရှိုက်နေသည့်ကြားက အဖေ့ကို သူ ခိုးကြည့်လိုက်သည်။ အဖေသည် ကျောက်ရုပ်လို ရပ်နေသည်။ အဖေ့မျက်နှာပေါ်တွင် သူ တစ်ခါ မှ မမြင်ဖူးသော မျက်နှာထားမျိုးကို တွေ့လိုက်ရသည်။ သို့သော် မျက်ရည်လည်း မထွက်။ အဖေ့ကို မကြည့်ချင်တော့၍ အမေ့ရင် ခွင်ထဲ တောက်တဲ့ တွယ်သလို တွယ်ကပ်နေတော့၏။ ရှိုက်သံနှင့်အတူ သူ မောဟိုက်နေသည်။ အမေက သူ့ကျောကို ပွတ်ပေးသည်။ အမေ့မျက်လုံးထဲတွင် ဒေါသလိုလို၊ စိုးရိမ်ပူပန်မှုလိုလိုနှင့် တစ်မျိုးဖြစ်နေသည်ကို သူ သတိထားလိုက်မိသည်။

အိပ်ရာထဲတွင် အမေ့နှလုံးခုန်သံကို ကြားနေရသည်။ အမေသည် သူ့အား ကျောပြင်နှင့်တင်ပါးကို ပွတ်သပ်နေသည်။ သူ့ရင်ထဲမှ သက်ပြင်းကြီး တစ်လုံးကို မောမောပန်းပန်း ထုတ်ပစ်လိုက်သည်။
“မေမေ”
မိုးသံသည် ပို၍ပင် ကျယ်လောင်လာသည်။ အမေ့ရင်ခွင်သည် စောင်လို နွေးထွေးလွန်းလှသည်။ သနပ်ခါးနံ့ မွှေးနေသည်။
“ဘာလဲ သား”
အမေသည် သူ့ကိုဖက်ထားပြီး ဘုရားစာ တိုးတိုးဆက်ဆိုသည်။ သူသည် မိန်းကလေးတစ်ယောက်လို ကြောက်လန့်တကြား အော်ငို မိသည်။ သူ့ကိုယ်သူ ရှက်နေမိသည်။

“သားတစ်ယောက်တည်း အိပ်ရဲတယ်”
သူ နားမလည်သော အမူအရာများက သူ့ကို ရှုပ်ထွေးနေစေသည်။ အမေ့ရင်ခွင်နွေးထဲတွင် လုံခြုံနေသည်။
“ရပါတယ် သားရယ်။ မေမေ သားနဲ့ အိပ်ပေးမယ်”
အဖေ့မျက်နှာကို ဖျတ်ခနဲ မြင်လိုက်သည်။ ကျောက်ရုပ် ဖြူဖြူ မာမာကြီး။
“ဖေဖေ တစ်ယောက်တည်း သနားပါတယ်”
“ရပါတယ်။ ဖေဖေက လူကြီးပဲ”
သူသည် သတိ္တရှိသော ယောက်ျားလေးဖြစ်သည်။ သူတစ်ယောက်တည်း အိပ်ရဲသည်။ သူတစ်ယောက်တည်း အမှောင်ထဲ နေရဲ သည်။

“မေမေ”
“ဟင်”
အမေ့မျက်နှာကို မော့ကြည့်ပြီး အမေ့ပါးကို သူ လက်ဖ၀ါးလေးနှင့် ကိုင်လိုက်သည်။ အမေသည် သူ့ကို ချစ်ပြုံး ပြုံးကြည့်နေသည်။
“သား ကြီးလာရင် မငိုတော့ဘူးနော်”
“အင်းပေါ့”

မနက်အိပ်ရာက နိုးသောအခါ သူ့ဘေးတွင် အမေမရှိတော့။ မီးဖိုချောင်ထဲတွင် အသံတွေ ကြားရသည်။ သူ အိပ်ရာထပြီး မီးဖိုချောင် ထဲ ၀င်သွားသည်။ ခါတိုင်းဆိုလျှင် အမေက ထမင်းချက်၊ အဖေက ကော်ဖီသောက်ပြီး ထိုင်နေတတ်သည်။ သတင်းစာလည်း ဖတ် နေတတ်သည်။ အဖေ့ကို အိမ်ထဲမတွေ့။ မနက်အစောကြီး ရုံးသွားသည်ဟု အမေက ပြောသည်။ အဖေ့ကို သူ ဘာပြောချင်မှန်း မသိ။ တွေ့တော့ တွေ့ချင်သည်။
ကျောင်းသွားရန် ကျောင်းကား စောင့်နေစဉ် မြောင်းထဲမှ ဘာသံမှ မကြားရတော့။ သား မနိုးခင် လူကြီးတွေ နွားကို မြောင်းထဲမှ ဆွဲ ထုတ်လိုက်ကြသည်ဟု အမေက ပြောသည်။ နွားလေး၏ ခြေထောက်ကို ပတ်တီးစီးပေးပြီး နွားလေးက သူ့အိမ်သူ ပြန်သွားသည် ဟု အမေ ထပ်ပြောသည်။

သူ့စိတ်ထဲမှ ထိုအကြောင်းအရာ၊ ထိုအဖြစ် အပျက်ကို မကြားချင်တော့။ မသိချင်တော့။ ဖယ်ထုတ် ပစ်ထားလိုက်ချင်သည်။
ညက လမ်းကြီးသည် ရေဆေးထားသလို သန့်ရှင်းနေပြီး လူတွေ၊ ကားတွေ ဘာမှမဖြစ်သလို သွားလာနေကြသည်ကို သူ ငေးကြည့် နေမိသည်။


ဇေယျာလင်း
(ရွှေအမြုတေ မဂ္ဂဇင်း နိုဝင်ဘာလ ၂၀၁၂)

No comments: