ပထမအကြိမ် နိုင်ငံတကာနဲ့ ငါးကြိမ်မြောက် အီရန်အမျိုးသား HIV/AIDS ညီလာခံကို အီရန်နိုင်ငံ မြို့တော်တီဟီရန်မှာ အောက်တို ဘာလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ HIV/AIDS ညီလာခံသို့ UNAIDS ကမ္ဘာ့ကျန်း မာရေး အဖွဲ့နဲ့ အီရန် HIV/AIDS သုတေသန စင်တာမှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ကုလသမဂ္ဂရဲ့ စစ်တမ်းကောက်ယူမှုတွေအရ HIV ရောဂါ ကူးစက်ခံရသူ ဦးရေဟာ နေ့စဉ် ခုနှစ်သောင်းခန့် ရှိပြီး၊ အဲဒီထဲမှ ကလေး သူငယ်ဦးရေ တစ်ထောင်နီးပါး ပါဝင် ကူးစက်ခံနေကြောင်း သိရပါတယ်။ အီရန်နိုင်ငံမှာ HIV ပိုး ကူးစက်ခံရမှု အများဆုံးဟာ မူးယစ်ဆေးဝါး ထိုးသွင်းရာမှ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
အဆိုပါ အစီရင်ခံစာအရ ယခုလက်ရှိမှာ အီရန်နိုင်ငံမှာ ခုခံအား ကျဆင်းမှုရောဂါ ဖြစ်ပွားနေတဲ့ လူနာတွေအတွက် နိုင်ငံတစ်လွှားမှာ ဆေးခန်း ၁၀၃ ခန်း ဖွင့်လှစ်ပေးထားသလို အကျဉ်းထောင်တွေ ထဲမှာလည်း ဆေးကုသဆောင် စုစုပေါင်း ၁၃၄ ဆောင် ထားရှိပေး ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အီရန် သိပ္ပံပညာရှင်တွေဟာ HIV ရောဂါ တိုက်ဖျက်ရေးအတွက် သဘာဝ ဆေးဖက်ဝင် အပင် တွေကနေ ဖော်စပ်ထားတဲ့ IMOD ဆေးကို ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က ထုတ်လုပ်ခဲ့ပါတယ်။ အဆိုပါ IMOD ဆေးဟာ ကိုယ်ခံအား ကောင်းအောင် ပြောင်းလဲပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုးဖြစ်တယ်လို့ သိရှိရပါတယ်။
No comments:
Post a Comment