ပဂ္ဂီ


ပဂ္ဂီတစ်ထည်လောက် လိုချင်နေသည်မှာ ကြာလှချေပြီ။ ပဂ္ဂီဟူသည်မှာ ယခုနောက်ပိုင်း တစ်နှစ် နှစ်နှစ်ပိုင်းလောက်ကမှ ခေတ်စား လာသော ခြောက်တောင်ပါ တိတ် ဖြစ်လေသည်။ အနံက နှစ်တောင့်ထွာ၊ အလျားက ခြောက်တောင်ဆိုတော့ ထဘီတစ်ထည်၊ အင်္ကျီလက်တို တစ်ထည်အပြင် ဘလောက်(စ) အင်္ကျီတစ်တည် ထပ်ရသေးသည်။ အကယ်၍ ဝတ်ရဲလျှင်တော့ မိန်းမအတွက် ထဘီတစ်ကွင်း ဖြတ်ပြီး ကျန်အစကို ယောက်ျားက ရှပ်အင်္ကျီချုပ်ကာ ဆင်တူဝတ်နိုင်ကြသေးသည်။

အပွင့်အဆင်တွေက ခပ်ကြီးကြီး ခပ်ရဲရဲဖြစ်သော်လည်း အရောင်အသွေးက စိုလှတော့ လှမျိုးခင်၏ မျက်စိထဲတော့ မြင်မြင်သမျှ ပဂ္ဂီ တွေ အကုန်လှနေသည်။ အကုန်လှနေသော်လည်း ယခုထိ တစ်ထည်မှ မရေးသည်က ခက်လှသည်။ မရသေးဆို ဈေးကလည်း ကြည့်ပါဦး၊ ပေါ်စတုန်းက သုံးရာကျော် လေးရာနား ကပ်နေသည်။ ယခုနောက်ပိုင်း တဖြည်းဖြည်း ဈေးကျလာသော်လည်း သုံးရာ နား ကပ်နေဆဲဖြစ်သည်၊ တနေ့တုန်းကတော့ တစ်ဖက်အိမ်မှ နီနီလှိုင်ဝယ်လာသည်ကတော့ နှစ်ရာ့ငါးဆယ်ဟု ပြောသည်။

'ပဂ္ဂီတွေ ဈေးကျလာပြီမောင်ရေ့၊ နီနီလှိုင်ဝယ်လာတာ နှစ်ရာ့ငါးဆယ်တဲ့' ဟု သူက ပြောတော့ အိမ်ကလူက မျက်နှာကို မသိမသာ မဲ့သည်။ 'ကျတဲ့ဈေးကလည်း နှစ်ရာ့ဆယ်တဲ့လားကွ' ဟု ဆိုလိုဟန်ရှိမှန်း သိသော်လည်း လှမျိုးခင်က စကားနည်းရန်စဲ မသိချင် ဟန်ဆောင်နေလိုက်သည်။ သူတစ်ခွန်း ငါတစ်ခွန်း စကားနိုင်လုနေရုံနှင့် သူလိုချင်သော ပဂ္ဂီ လက်ထဲ ရောက်လာမည်မဟုတ်။


ငွေနှစ်ရာ့ငါးဆယ်ဟူသည်မှာ မနည်းဘူးဆိုလျှင်လည်းဟုတ်၊ နည်းသည်ဆိုလျှင်လည်း ဟုတ်လေသည်။ အရေးကြီးသည်ကတော့ ပေတံသာဖြစ်သည်။ ဆင်းရဲသားပေတံနှင့် တိုင်းပါက အလွန်များပြီး လူချမ်းသာပေတံနှင့် တိုင်းပါက ဘာမှ မပြောပလောက်သော ငွေ မဟုတ်ပေ။ လှမျိုးခင်တို့ကတော့ မရှိမရှားထဲကဖြစ်သည်။ အိမ်ကလူက လခ သုံးရာကျော်ကျော် ရသော ရုံးအမှုထမ်းဖြစ်သည်။

'လခကတော့ သုံးရာကျော်ကျော်ပဲ' ဟူသောစကားကို ခပ်မော့မော့လေး ပြောနိုင်ခဲ့သည်။ သားသမီးက နှစ်ယောက်မို့ စုနိုင်ဆောင်း နိုင်၊ စိန်နားကပ် ပန်နိုင်ခြင်း မရှိသော်လည်း ရှားတော့ သိပ်မရှား။ ထို့ကြောင့် သူများတွေလိုလည်း မဝတ်နိုင်သော်လည်း တစ်ထည် တလေလောက်တော့ ရှိသင့်သည်ဟု လှမျိုးခင် ယူဆသည်။

'အန်တီလှတို့အိမ်မှာ နောက်အပတ် တနင်္ဂနွေကျရင် ဘုရားကိုးဆူ ကပ်မယ်တဲ့' နီနီလှိုင်က သတင်းပေးတော့ 'ဘာဝတ်ရမလဲ' ဟု ချက်ချင်းပင် စဉ်းစားမိပြီး ချက်ချင်းပင် ခေါးကိုက်လာသည်။ အန်တီလှက ဟိုဘက်လမ်းထိပ်မှ စိန်ပွဲစား ရွှေပွဲစားကြီးဖြစ်သည်။ အ ရောင်းအဝယ်မကောင်းလျှင်လည်း ကောင်းစေရန်၊ ကောင်းလျှင်လည်း ပို၍ ကောင်းစရန် မကြာခဏ ဆွမ်းကျွေးလိုက်၊ ဘုရားကို ဆူကပ်လိုက် လုပ်တတ်လေသည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် အန်တီလှ အရောင်းအဝယ် ပိုကောင်းမကောင်း မသိရသော်လည်း မိုလေးရှန်တွေ၊ ပါတိတ်တွေကို ဈေးထဲမှတဆင့်ယူက တစ်အိမ်တက်ဆင်း လိုက်ပြီး လပေးရောင်းတတ်သော မခင်ဝေကတော့ တော်တော်လေး ရောင်းကောင်းလေသည်။ ဒီရပ်ကွက်က အရေးအကြောင်းရှိလျှင် ကိုယ်ဖိရင်ဖိ ကူညီတတ်ကြသလို ပြိုင်စရာရှိ လျှင်လည်း သူ့ယောက်ျား ကိုယ့်ယောက်ျား၊ သူ့သား ကိုယ့်သားသာမက သူ့သမီး ကိုယ့်သမီး၊ သူ့ဖိနပ် ကိုယ့်ဖိနပ်ကအစ ပြိုင်ကြ လေသမို့ ဆွေးကျွေးတစ်ခါရှိတိုင်း အသစ်တစ်ခါဝယ်ရန် ကြိုးပမ်းတတ်ကြသော ကြောင့် ဖြစ်သည်။

မဝယ်လို့ရော ဖြစ်မလား။ ဟိုဘက်အိမ်၊ ဒီဘက်အိမ် အကုန်လုံးက တယောက်ထဘီ၊ တစ်ယောက်အင်္ကျီ အကုန်သိနေတာ။ အကုန် မှတ်မိနေတာ။ တစ်ရပ်ကွက်လုံးက ရှိရှိသမျှ မိန်းမတွေ ဆုံတဲ့ပွဲ၊ ဝတ်ပြီး သားကြီးတွေ ပြန်ဝတ်သွားရင် ရှက်စရာ။

နီနီလှိုင်က ပြောတတ်သည်။ သူ့မှာကတော့ ထဘီအသက်၊ အင်္ကျီအသစ်က အမြဲတမ်းပင် အဆင်သင့်ရှိတတ်သည်။ သူ့မိဘက တတ်နိုင်သည့်အပြင် သူကိုယ်တိုင်လည်း သူ့အစ်မတဝမ်းကွဲ၏ ဗွီဒီယို အငှားဆိုင်တွေ နေ့ခင်းတိုင် ထိုင်ပေး၍ အပိုဝင်ငွေရသေး သည်။ အိမ်ထောင် မကျသေးတော့လည်း ဘာအပူအပင်မှ မရှိ။ တစ်လ တစ်လ အသစ်အဆန်း ဝယ်ရန်သာ စဉ်းစားနေတတ်သူဖြစ် သည်။

သူက ကလေးနှစ်ယောက်အမေဖြစ်သည့်အပြင် နီနီလှိုင်လောက်လည်း တတ်နိုင်သူမဟုတ်ပေ။ ထို့ကြောင့် မပြိုင်သင့်သည်ကို လှ မျိုးနွယ်က သိသော်လည်း ဝမ်းတွင်းပါ ဝါသနာမို့ မနေနိုင်၊ နည်းနည်းဖြစ်ဖြစ် ပြိုင်တော့ ပြိုင်ချင်သေးသည်။

အိမ်ကလူ ရသမျှလခသည် အိမ်လခ၊ ကျောင်းလခ၊ မီတာခ၊ ရေခ၊ အစစနှင့် အမြီးနုတ် ခေါင်းနုတ် နုတ်ပြီးသောအခါ တစ်လလုံး စားစရာ ဆန်ဖိုးပင် မပြည့်။ ယခုလလို ကလေးတွေ ကျောင်းအဖွင့် ကျောင်းဝင်ကြေးသွင်းရ၊ စာအုပ်ဝယ်ရ၊ ကျောင်းစိမ်းအင်္ကျီဝယ် ရနှင့်ဆိုပါက ဆန်ဖိုးပင်မကျန်။

နီနီလှိုင်ကို ပြိုင်နိုင်သူကတော့ မျက်စောင်းထိုးအိမ် သင်္ဘောသားကတော်ဖြစ်သည်။ သို့သော် သူကတော့ မပြိုင်ချေ။ သူ့ယောက်ျား ပို့သမျှကို အတန်အသင့်သာဝတ်ပြီး ကျန်အထည်များကိုတော့ ဈေးပင် ဖောက်သည်သွင်းပစ်တတ်သည်။ 'အဆင်ဆန်းလေး တွေပါရင် ပြပါဦး' ဟု နီနီလှိုင်တို့ စကားခေါ်လျှင် 'ကားဖိုးစုနေလို့ ဘာမှ မပို့ဖြစ်ပါဘူး' ဟု ပိတ်၍ပြောတတ်သေးသည်။

'သင်္ဘောသားလုပ်ရတယ်ဆိုတာ နိုင်ငံခြားငွေရပေမယ့် ဘယ်လောက်ပင်ပန်းလဲ၊ ဘယ်လောက်မျက်နှာငယ် ပတ်သက်တဲ့လူတွေ သိပါတယ် မမျိုးရယ်၊ ကျွန်မကတော့ သူပို့သမျှကို ပပလွှားလွှား ဝတ်စား မပစ်ရက်ပါဘူး၊ အိမ်မှာ ဆင်းကြ တက်ကြနဲ့ ပစ္စည်းတွေ လာဝယ်ကြ ရွေးကြလည်း မကြိုက်ဘူး။ ဒါကြောင့် ဖောက်သည်ပဲ သွင်းပစ်တာ၊ သူပို့သမျှကို ကျစ်ကျစ်ပါအောင် စုထားတယ်၊ အိမ်ကလေး မြေကလေး ဝယ်နိုင်ရင်တော့ စိုက်ပျိုးရေး၊ မွေးမြူရေးလေးလုပ်ပြီး မိသားလေး တစုတစည်းတည်း နေတော့မယ်' ဟု ပြောဖူးလေသည်။ အလိမ္မာလွှမ်းသော စကားလေးမို့ ကြားရသည်မှာ နားဝယ်တွင် ချိုမွှေးနေသော်လည်း လှမျိုးခင်၏ အတွင်းစိတ် တစ်နေရာကတော့ 'မိုက်လိုက်တာဟယ်၊ မသကာ ဆယ်ထည်ပို့ရင် ငါးထည်ရောင်း ငါးထည်ဝတ်ဆိုရင် တော်သေးတယ်၊ အခုတော့ ကိုးထည်ရောင်းပြီး တစ်ထည်ပဲ ဝတ်သတဲ့၊ ငါနဲ့သာ နေရာလဲချင်လိုက်ချင်တော့' ဟု ဖြတ်ခနဲ တွေးလိုက်မိသေးလေသည်။

သူသာ သဘောင်္သားကတော်ဖြစ်လို့ကတော့ နီနီလှိုင်တို့ ပုဝပ်သွားအောင် ဝတ်ပြလိုက်မိမည် ထင်တယ်။ အခုတော့ နီနီလှိုင် ဆယ် ထည်ဝယ်လို့မှ သက တစ်ထည်မဝယ်နိုင်၊ မရွှေနီနီလှိုင်က အိတ်တီဝမ်းတွေ၊ ကိုးဆယ်ဆကွာလိမ့်မယ်ဟု ဆိုနေသယောင်ရှိလေ သည်။ သို့သော် ဒီနေရာမှာတော့ လှမျိုးခင်တို့က အားကစားစိတ်ဓာတ် အပြည့်ရှိသည်။ အနိုင်အရှုံးသည် ပဓာနမဟုတ်၊ ယှဉ်ပြိုင် ခြင်းသာ အဓိကမို့ တတ်နိုင်သမျှတော့ ပြိုင်လိုက်ချင်သေးသည်။

ခုတလောတော့ ကောင်းကောင်းပင် အိပ်မပျော်ချင်၊ ဘုရားကိုးဆူရှိလို့ ပဂ္ဂီလေးတစ်ထည်လောက်မှ ဝတ်မသွားနိုင်လျှင် စိတ်မချမ်း သာရောဂါနှင့် သေရလိမ့်မည်ထင်တယ်။

'အမေ ခြောက်တောင်ပါတိတ်ဝယ်မယ်ဆို'
ပဂ္ဂီဝယ်ဖြစ်လျှင် သူ့အတွက် ဝမ်းဆက်ပြီး ကျန်အစကို သမီးအား စကတ်ချုပ်ပေးမည်ဟု ပြောထား၍ သမီးကလည်း မကြာခဏ မေးတတ်သည်။ သမီးသည် ရှစ်နှစ်မပြည့်သေးသော်လည်း အမေ့သမီးပီပီ အလှအပ အဝတ်အစားများကို မက်မောတတ်ပြီဖြစ် သည်။

'နီနီလှိုင်တို့လို ထည်လဲမဝတ်နိုင်ရင်တောင် တစ်ထည်လောက်တော့ ရှိချင်သည်။'
ရင်ထဲစိတ်ထဲတွင် ထိုအတွေးကသာ ချာချာလည်နေသည်။ အခုနေသာ သိကြားမင်း နားကင်းကြီးနှင့် ဆင်းပြီး 'လိုရာဆု တောင်း စေ' ဟု ပြောလျှင်ပင် 'ပဂ္ဂီ' ဟု အော်မိလေမည်လား မပြောတတ်။

'ခင်များကတော့ ပဂ္ဂီရူး ရူးနေပြီ၊ ခွေးရူး ဝက်ရူးကမှ ကုစရာ ဆေးရှိသေးတယ်၊ ခင်ဗျား ပဂ္ဂီကတော့ ဗလာနတ္ထိ ဆေးမရှိ'

'အံမာ ဘာဆေးမရှိရမှာလဲ၊ ဒီမှာမှတ်း၊ ရေကြောင့်ဖြစ်တဲ့ ရွှံ့ကို ရေနဲ့ပဲဆေးရတယ်တဲ့၊ ဒါကြောင့် ပဂ္ဂီကြောင့် ဖြစ်တဲ့စိတ်ကို ပဂ္ဂီနဲ့ပဲ ကုရမှာပဲ'

မနက်တုန်းကတော့ အိမ်ကလူနှင့်ပင် စကားများရသေးသည်။ သူက မျက်နှာထားရော အသံရော တင်းပစ်သောကြောင့်ထင်သည်။
'ဟုတ်တာပေါ့ကွာ မှန်တာပေါ့၊ ပဂ္ဂီကြောင့် ဖြစ်တဲ့စိတ်ကို ပဂ္ဂီနဲ့ ကုမှပဲ ပျောက်တော့မှာပေါ့' ဟု ပြောလေသည်။ သူ့မျက်နှာက ပြုံးတုံ့တုံ့မို့ ငါပြောတာ သဘောပေါက်သွားပြီဟု တွေးကာ ကျေနပ်မိသည်။

ဒီနေ့တော့ တော်တော်လေးကံကောင်းနေသည်၊ သိကြားမင်းကြီး ဆင်းလာလျှင်ပင် လှမျိုးခင်တို့ ဒီလောက်ဝမ်းသာလိမ့်မည်မထင်၊ အခုတော့ မခင်ဝေတစ်ယောက် နံနက်ထမင်းစားအပြီး သရက်စေ့ ထိုင်စုပ်နေချိန်ဝယ် ပဂ္ဂီထုတ်ကြီးနှင့် ပေါက်ချလာသည်။

'အစ်မရဲ့အစ်ကိုဝမ်းကွဲတစ်ယောက် စင်္ကာပူမှာသွားပြီး အလုပ်လုပ်တာလေ၊ အဲဒါပြန်လာလို့ ပါလာတာ ကြည့်ပါဦး မမျိုးရယ်၊ အဆင်တွေက လှမှလှ၊ ဆန်းမှဆန်း၊ နောက်ပြီး ဈေးကလည်း သွင်းဈေးပဲ ပေးရမှာ၊ တစ်ထည်မှ နှစ်ရာတည်း'

'အောင်မလေး ဝမ်းသာလိုက်တာ'
လှမျိုးခင်တစ်ယောက် တကယ်ပင် ဝမ်းသာလုံး ဆို့သွားရှာသည်။ စင်္ကာပူက တိုက်ရိုက်လာသော အထည်များဆိုတော့ ဈေးထဲက အဆင်တွေထက် ဆန်းမှာတော့ သေချာသည်။ ငွေကျတော့လည်း သက်သာသည်။ အိမ်တိုင်ရာရောက်လည်း ရသည်။ တစ်လတစ် ရာနှင့် နှစ်လခွဲဆပ်၍လည်းရသည်။ ကဲ ဒါကိုမှ မယူရင် လှမျိုးခင် နင့်လောက်မိုက်တဲ့ မိန်းမတော့ ရှိတော့မှာ မဟုတ်ဘူးဟု ကိုယ့်ကိုကိုယ် ပြောရသည်။ လလယ်ပိုင်း ရောက်ပြီမို့ ပိုက်ဆံအိတ်ထဲတွင် အိမ်စရိတ် တစ်ရာ့ငါးဆယ်သာ ကျန်တော့သည်။ မီးဖိုချောင်တွေလည်း ဆီက ကုန်ခါနီးပြီ။ ကြက်သွန်လည်း မရှိတော့၊ သားကလည်း မိုးကာအင်္ကျီ ပူဆာနေသည်။ ကုန်စရာတွေက အများကြီး ရှိနေသေးသည်မို့ လှမျိုးခင် သက်ပြင်းချမိသည်၊ သို့သော် ထိုအတွေးများကို ချက်ချင်းပင် ခေါင်းထဲမှ မောင်းထုတ်ပစ် လိုက်သည်။ ဒါတွေကို ထည့်စဉ်းစားနေလျှင် ပဂ္ဂီနှင့် ဝေးရတော့မည်။ 'အို မတတ်နိုင်ဘူး' ဟု တွေးပြီး ရာတန်တစ်ချပ် ပစ်ပေးလိုက် သည်။

လာလေရော့ 'ပဂ္ဂီ'၊ နောက်မှ ရောက်ရား၊ ဆားနှင့်ပင် စားရ စားရ။

"ပဂ္ဂီ" ကို ကိုအောင်ရွှေလည်း လိုချင်သည်ပင်။ သို့သော် သူလိုချင်သော ပဂ္ဂီမှာ သူ့မိန်းမ လှမျိုးခင် လိုချင်သော ခြောက်တောင်ပါ တိတ်တော့ မဟုတ်။ ဖြူဖြူ၊ ဝင်းဝင်း၊ အိအိ၊ ထွေးထွေး၊ လှလှပပ ကောင်မလေးဖြစ်သည်။

ကောင်မလေး နာမည်က 'ပဂ္ဂီ' တဲ့။

'ရတယ်လို့တော့ ပြောတယ်ဗျ၊ ဒါပေမယ့် အတိအကျမသိဘူး ဖြစ်နေတယ်၊ ကောင်မက မှင်တော့ အကောင်းသား'

ပဂ္ဂီအား ကိုအောင်ရွှေ စတွေ့တုန်းက သူ့ကို ငေးရသည်နှင့် ခလုတ်တိုက်ပြီး ခြေမပင် ကွဲရသည်။ လှတော့ အတော်လေးလှသည်၊ အိမ်က မိန်းမ လှမျိုးခင်ထက် ဆယ်ဆမသာတောင် ငါးဆလောက်တော့သာသည်။ 'ဘယ်က ကောင်းမလေးလဲဗျ' ဟု သူတို့ရုံးက အဘိဓာန်ကြီး ကိုတင်စိုးကို မေးသာအခါမှ မျက်လုံးပြူးရတော့သည်။ အမယ်လေး၊ ဒီကောင်မလေးကို ရနိုင်သည်ဆိုပဲ။

'ကြေးကတော့ ကြီးတယ်ဗျ'
 
'ဘယ်လောက်များလဲဗျာ'
 
'အတိအကျတော့ မသိဘူး၊ တစ်ဆင့်စကားပဲ၊ နောက်ပြီး အမြဲတမ်းလည်း မဟုတ်ဘူး၊ တစ်ခါတစ်ရံမှပဲတဲ့'
 
'ဘယ်လို တစ်ခါတစ်ရံလဲ'
 
'သြော်ဗျာ ခင်ဗျားကလဲ သူငွေလိုတဲ့ အခါပေါ့ဗျာ'
 
'ဘယ်လို အခါများမှ ငွေလိုပါ့မလဲနော်'
 
သူက အဖျားတက်သံနှင့် ညည်းမိသည်။ ကောင်မလေး အဖေအမေတွေ ဖျားနာကြပါစေ၊ အကြွေးတင်ကြပါစေ၊ ထိုပဂ္ဂီ ဤပဂ္ဂီများ ကို များများဝတ်ချင်ပါစေဟု ချက်ချင်း ဆုတောင်းမိသည်။ သို့သာ ငွေလိုမည် မဟုတ်ပါလား။

'အဆက်အသွယ်လေး ဘာလေးရှာပေးစမ်းပါဗျာ၊ ကြေးလေးဘာလေးလည်း စုံစမ်းပါဦး'
 
'ဘာလဲ လိုချင်လို့လား'
 
'ဒီလောက်နိပ်တာလေး လိုချင်ပြီလားဗျာ၊ ဘယ့်နှယ် ပြောပါလိမ့်၊ ခုရရင် ခုပဲဗျို့'
 
'ကြေးကတော့ ကြီးမှာနော'
 
'ကြီးကြီးဗျာ'
 
'ပေးနိုင်တယ်ပေါ့လေ'
 
'ပေးမယ်ဗျာ၊ မသကာ တစ်လလုံး ဆားနဲ့ စားရရုံပေါ့၊ ဒါမျိုးလေးများဆိုရင် အောင်ရွှေတို့က တစ်ညကို တစ်လနဲ့ လဲသဗျ'

သူက စိတ်အားထက်သန်စွာ ပြောမိသည်။ သူက အရက်ကို ကြုံလျှင် သောက်သော်လည်း သိပ်မကြိုက်၊ ဖဲကို ကြုံလျှင် ရိုက်သော် လည်း သိပ်မစွဲ၊ အစားကောင်းကို ကြုံလျှင်စားသော်လည်း သိပ်မမက်၊ အဲ ဒါမျိုးလေးဆိုလျှင်တော့ ဖဲထက်လည်းကောင်း၊ အရက် ထက်လည်းကောင်း၊ အစားထက်လည်းကောင်း ပိုပြီးကြိုက်လေသည်။ ဝါသနာကလည်း ခပ်ခပ်မို့ ကြုံလျှင် ကြုံသလို၊ မကြုံပြန် တော့လည်း မကြုံလို့မို့ ကြုံရန် ကြိုးစားတတ်လေသည်။

ကိုယ့်သား ကိုယ့်မယားကို မချစ်လို့တော့ မဟုတ်။ လှမျိုးခင်သည် သူ သုံးနှစ်သုံးမိုးပိုပြီး ယူထားသော မိန်းမဖြစ်သည်။ သားနှင့်သ မီးကိုတော့ မိန်းမထက်ပင် ပိုပြီးချစ်သေးသည်၊ သို့သော် ချစ်သည်က ချစ်သည်တစ်ပိုင်း၊ ဝါသနာက ဝါသနာတစ်ပိုင်းဖြစ်သည်။ အထင်အရှား ကြုံစရာကလေးများကိုတော့ ကြုံလျှင် ကြုံသလို ကြုံရန် ငွေကုန်ကြေးကျခံလေ့ရှိသည်။

ဘဝဆိုတာ နေဖို့ ထိုင်ဖို့ စားဖို့ သောက်ဖို့လောက်ပဲ အမြဲရုန်းကန်နေရတာ၊ ဒီလို ဖြေဖျော်မှုလေးတွေလည်း ရှိဦးမှ နေပျော်တော့မှာ ပေါ့။ သူ့ကိုယ်သူတော့ ခွင့်လွှတ်စရာ အကြောင်းပြချက် ကောင်းကောင်းရှိသည်။

'ဟင်းပြောင်း ဟင်းလွှဲလေးဆိုတာ စာပေးရတယ်၊ တစ်မျိုးတည်း ကြာရှင်စွဲစားနေရင် ခံတွင်းပျက်တတ်ဘိသနဲ့'
 
ဝါသနာတူ အပေါင်းအသင်းများရှေ့တွင်တော့ ရယ်သွမ်းသွေးပြီး ပြောမိသည်။ မတတ်နိုင်သောအခါ တွင်လည်း မတတ်နိုင်သည့် အလျောက် လက်သုပ်စုံလောက်နှင့်ပြီးကာ တတ်နိုင်သော အခါများတွင်လည်း ဟိုတယ်တက်ပြီး ဝက်သားပေါင်း စားချင်သည်။ ငါးမြင်းခေါင်း ခဲချင်သည်။ သို့သော် ခုထိတော့ ဝက်သားပေါင်းတွေ၊ ငါးမြင်းခေါင်းတွေ မစားနိုင်သေးပေ။ လက်သုပ်စုံလောက်နှင့်ပင် ပြီးနေရသောကြောင့် တယ်တော့ မကျေနပ်လှ။ အစားအသောက်က ဈေးပေါသော်လည်း ပင်နဆလင်ဖိုးက ထိလှသည်။

'ပဂ္ဂီကတော့ တကယ့်ကို သန့်သန့်ပြန့်ပြန့်လေးပါ၊ ရုပ်ကလည်း ခင်ဗျားမြင်တဲ့ အတိုင်းပဲဗျာ'
 
အဘိဓာန်ကြီးကိုတင်စိုးကပြောတော့ သူကခေါင်းကို တဆတ်ဆိတ်ညိတ်ကာ ထောက်ခံမိသည်။ မနက်ကျတော့ သူ့မိန်းမလှမျိုးခင် က 'ရေကြောင့်ဖြစ်တဲ့ ရွှံ့ကို ရေးနဲ့ပဲ ဆေးရတယ်၊ ပဂ္ဂီကြောင့်ဖြစ်တဲ့စိတ်ကိုလဲ ပဂ္ဂီနဲ့ပဲ ကုရမှာပဲ' ဟု ပြောသည်။ တစ်သက်နှင့် တစ် ကိုယ် သူ့မိန်းမ ပြောသမျှ စကားတွေထဲတွှု ဒီတခွန်းအကြိုက်ဆုံးဖြစ်သည်။ 'ဟုတ်တာပေါ့၊ မှန်တာပေါ့' ဟု ခပ်သွက်သွက် ထောက် ခံပစ်လိုက်သည်၊ ဟုတ်သည်။ ပဂ္ဂီကြောင့်ဖြစ်သော စိတ်ကို ပဂ္ဂီနှင့်ပင် ကုရမည်။

'နှစ်ရာတဲ့'
 
'ဟာ မနည်းပါလား'
 
'အေးလေ၊ ကြေးကြီးတယ်ဆိုကာမှ'
 
'ဟင်'
 
'သူက သူ့အိမ်ကို အိုဗာတိုင်ရှိတယ်ပြောထားပြီး ဣနြေ္ဒမပျက် အိမ်ပြန်မှာ၊ ဒါကြောင့်မို့လို ညဘက်တော့ မဖြစ်ဘူးတဲ့'
 
'အင်းလေ၊ ဘယ်တတ်နိုင်မလဲ၊ နေရာရော'
 
ဒီနေ့တော့ ကံကောင်းသွားသည်၊ ကိုတင်စိုး၏ ကျေးဇူးကြောင့် ပွဲစားနှင့် ဆက်မိလေသည်၊ နှစ်ရာဆိုတော့ သူနည်းနည်း တွန့်သွားမိသည်။
 
'နှစ်ရာဆိုတော့ များတော့ များတယ်နော်'
 
'များတော့ များတာပေါ့၊ ဒါပေမယ့် မများဘူး'
 
လူပွဲစားက ခပ်ပြုံးပြုံးလေးဆိုသည်။
 
'ငွေနှစ်ရာဆိုတာ ဖိနပ်ကောင်းတစ်ရံပဲ ရတာပါဗျာ၊ ရှန်ထဘီတစ်ထည်လိုက်ရင် ကုန်ရော၊ ရေမွေးလည်းဆိုရင် ကောင်းကောင်းဆို တစ်ပုလင်းပဲရမှာ၊ နေမကောင်းလို့ ဆေးဝယ်သောက်ရရင်တော့ လောက်မှာတောင်မဟုတ်ဘူး၊ သူ့အဖေအသားဝါရောဂါဖြစ်လို့ ဒရစ် (ပ်) သွင်းရမှာက တစ်ရာ့ခုနှစ်ဆယ်တဲ့၊ ကဲ'
 
ဒီလိုဆိုတော့လည်း ဟုတ်တုတ်တုတ်မို့ သူဘာမှ ပြန်မပြောချင်တော့။ သူ့အိတ်ထဲတွင် ငွေမရှိသေးတော့ ငွေရပေါက်ကို တွေးရ သည်။ ဟိုလို ဒီလိုလိုနှင့် ညနေကျရော နှစ်ရာပြည့်သွားသည်။
 
'ညနေဗျနော်၊ ညနေ'
 
ပဂ္ဂီကြောင့် ဖြစ်သောစိတ်ကို ပဂ္ဂီနှင့်ပင် အမြန်ဆုံး ကုရမည်။ ညနေကျတော့ ရုံးဆင်းအောင်မနေနဲ့တော့။ နှစ်ချက်ခွဲ သုံးနာရီ လောက်ရှိတော့ အသာကလေး လစ်ပြီး အိမ်ပြန်လာသည်။ ချိန်းထားသော နေရာကို ငါးနာရီခွဲအရောက်သွားရမည်။ နောက်ကျမ ခံချင်။ စောစောပြန်ပြီး ရေမိုးချိုး၊ မှုန်နံ့သာသပြီး ပြန်ထွက်၊ ငါးနာရီထက် တစ်မီနစ်မှ နေကျလို့မဖြစ်၊ နှစ်ရာကြီးများတောင် ပေးထား ရတာမို့ အချိန်သည် တန်ဖိုးရှိလှသည်။

'အင်းမိန်းမကို ဘယ်လိုဖြီးရပါ့မလဲ၊ အိုဗာတိုင်ရှိတယ်ဆိုပြန်ရင်းလည်း ဘာဖြစ်လို့ နေ့ခင်းမလုပ်ဘဲ ပြန်လာရသလဲ ဖြစ်နေဦးမယ်၊ အင်းရုံးက သူငယ်ချင်းတစ်ယေက် မင်္ဂလာဆောင်လို့ လူပျိုည ကျွေးတာလို့ ညာပြောလိုက်မယ်၊ ဟဲ ဟဲ၊ အဲဒါကောင်းတယ်၊ မယုံရင် လည်း နည်းနည်းပါးပါး ချော့မော့ရမှာပေါ့'
 
သူက ချော့ဖို့ စိတ်ကူးပြီ ပြန်လာသော်လည်း မိန်းမက သူ့ကို ဆီးချော့တော့ သူ တော်တော်အံ့အားသင့် သွားသည်။
 
'ဟော မောင်တောင် ပြန်လာပြီ၊ စောလှချေကလား မောင်ရဲ့၊ နေမကောင်းလို့လား'
 
မိန်းမက သောက်ရေအိုးထဲမှ ရေတစ်ခွက်ကို အပြေးအလွှား ခပ်ပေးသည်။ သူ့ဘေးတွင် ကျူံ့ကျူံ့လေးထိုင်ကာ ယပ်ခပ်ပေးသည်၊ သူက မောချင်ဟန်ဆောင်ပြီး ခြေပစ်လက်ပစ်ထိုင်သည်၊ မျက်လုံးကိုမှေး စင်းပြီး မိန်းမအား အကဲခေတ်သည်၊ တစ်ခုခုတော့ တစ်ခု ခုပဲ၊ ဘာတစ်ခုခုမှန်းတော့ မသိသေး။ သို့သော် မကြာခင် သိမှာပဲဆိုတာကိုတော့ သိသည်။ ထို့ကြောင့် အသာငြိမ်နေလိုက်သည်။ ခဏနေတော့ မိန်းမက လေချိုချို ပျော့ပျော့လေးနှင့် ခေါ်သည်။

'မောင်ရေ'
 
'ဒီမှာ ကြည့်စမ်း'
 
'ဘာလဲ'
 
မိန်းမက အဆင်ရှုပ်ရှုပ်၊ အရောင်စုံစုံ အစတစ်စကို ဖြန့်ပြသည်။
 
'ပဂ္ဂီလေ မောင်ရဲ့၊ နှစ်ရာတည်းနဲ့ ရလိုက်တာ'
 
'ဘာ'
 
သူက လန့်ပြီး အော်မိသည်၊ သူ့အကြောင်းကို သိပြီး သူ့မိန်းမက တည့်တည့်ပြောလိုက်သည်ဟုပင် ထင်လိုက်မိသည်၊ မြတ်စွာဘု ရား ဒီပဂ္ဂီနှင့် ဟိုပဂ္ဂီ ဈေးခြင်း အတူတူပါလား။
 
'ဈေးတော့ နည်းနည်းကြီးတာပေါ့ မောင်ရယ်'
 
'အဲ…'
 
'ဒါပေမယ့် တန်ပါတယ်'
 
'ဟုတ်လား'
 
'ယူလိုက်ရမလားဟင်'
 
'ခင်က လိုချင်လို့လား'
 
'မေးနေရသေးလား မောင်ရယ်'
 
အင်း နှစ်ရာဆိုတော့ နှမြောတော့ နှမျောစရာ၊ ဒီပဂ္ဂီမယူလျှင် ဟိုပဂ္ဂီကိုသာ တစ်ခါထပ်ရနိုင်သည်ဟု သူကလည်း သူ့ဝါသနာနှင့်သူ တွေးမိသည်။ မိန်းက 'ယူလိုက်ရမလား' ဟု လေချိုးကလေးနှင့် မေးနေသော်လည်း ယူပြီးဖြစ်ကြောင်း သူသိသည်။ 'မယူနဲ့' ဟို ဆိုလျှင် ရန်ဖြစ်ရုံသာ ရှိမည်။ သူလည်း ဟိုပဂ္ဂီဆီကို ဖြောင့်ဖြောင့်ဖြူးဖြူး သွားရမည် မဟုတ်။
 
'ပဂ္ဂီနှစ်ရာနဲ့ရတာ တန်းသလား မိန်းမရ'
 
'ဒီလိုဆို ယူလိုက်ပေါ့ကွာ'
 
သူက သူ့အတွေးနှင့်သူ ပြုံးပြုံးကြီး ပြောလိုက်သည်။ သူ့ဆီမှ ခွင့်ပြုချက်ရတော့ လှမျိုးခင်ခမျာ တော်တော် ပျော်သွားသည်။ ဆယ့် ခြောက်နှစ်ရွယ် အမျိုမလေးလို မြူးပြီး ရွှင်သွားသည်။
 
'မောင် ရှပ်အင်္ကျီလိုချင်ရင် ကျန်တဲ့အစ ချုပ်လိုက်ပါလား၊ ခင်က ထဘီတစ်ထည်စာပဲ ယူမယ်လေ'
 
'နေပါစေကွာ၊ မောင်က ဒီပဂ္ဂီမကြိုက်ပါဘူး'
 
သူက သူ့အဓိပ္ပါယ်နှင့်သူ ပြောသည်။ ခါတိုင်းလိုသာဆိုလျှင် 'ဟင် ဒါက ဘာစကားလဲ၊ ဒီပဂ္ဂီမကြိုက်တော့ ရှင်က ဘယ်ပဂ္ဂီကြိုက်နေ လို့တုန်း' ဟု ကက်ခနဲ ရန်ထောင်သံ ကြားရမည်ဖြစ်သော်လည်း ဒီတစ်ခါတော့ မရွှေလှမျိုးခင်တို့က သူ့ စကားကို ဂရုမထားမိပုံပင် မပေါ်။ မှန်ရှေ့ပြေးပြီး ပဂ္ဂီကို ခါးမှာ ကပ်ကြည့်နေသည်။
 
'ဒီပဂ္ဂီက တကယ်လှတာ မောင်ရဲ့'
 
ဟိုပဂ္ဂီကလည်း တကယ်လှပါတယ်ကွာ'
 
သူက စိတ်ထဲမှ ပြောသည်။
 
လှမျိုးခင်လည်း ပျော်နေသည်။
 
ကိုအောင်ရွှေလည်း ပြုံးနေသည်။
 
ပြုံးပျော်ခြင်းဟူသည်မှာ ဘဝအာဟာရ။
 
အဟောသုခံ ချမ်းသာစွ။

မစန္ဒာ 
 
(ချယ်ရီ ၁၉၄၈ သြဂုတ်)

No comments: