ကလုံးထာရေကာတာ စီမံကိန်းအားကလုံးထာရွာသူ၊ ရွာသားများမှ ကန့်ကွက်လွှာတင်သွင်းခြင်း

သို့
     ဦးသိန်းစိန်
    နိုင်ငံတော်သမ္မတ
    နေပြည်တော်

    နေ့စွဲ၊ ၂၊ ၁၁၊ ၂၀၁၂

အကြောင်းအရာ။          ။ ကလုံးထာရေကာတာစီမံကိန်းအားကလုံးထာရွာသူ၊ရွာသားများမှ 
                               ကန့်ကွက်လွှာတင်သွင်းခြင်း


အထက်ပါအကြောင်းအရာနှင့် ပက်သက်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စု၊ ကလုံးထာကျေးရွာရှိ ပြည်သူလူထု၏ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ဆက်စပ်ပက်သက်သောလက်ရှိအခက်အခဲများနှင့် ပက်သက်၍ တင်ပြအပ်ပါသည်။


ကလုံးထားကျေးရွာအကြောင်း
(၁)။ ကလုံးထာကျေးရွာသည် ထားဝယ်ခရိုင်အတွင်း၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စုတွင်ပါဝင်ပြီး ၁၈၈၁ ခုနှစ်ခန့်က အိမ်ခြေ (၁၅) လုံးဖြင့်စတင်တည်ထောင်ခဲ့ကာယခုအချိန်တွင် အိမ်ခြေ (၁၈၂) အိမ်၊ လူဦးရေ (၁၀၀၀)ကျော် နှင့် စိုက်ပျိုးမြေဧရိယာ (၉၂၄၀) ဧကရှိပြီးရွာသားများမှာဥယျဉ်ခြံလုပ်ငန်းနှင့် တောတွင်းမှ သဘာဝအတိုင်းရရှိသော ဖာလာ၊ ဓညင်း၊ ၀ဥ စသောသီးနှံများ ကို အမှီပြု၍ အဓိကအသက်မွေးဝမ်းကြောင်းပြုသူများ ဖြစ်ကြပါသည်။

(၂)။ ကလုံးထာကျေးရွာဆရာတော်၏ လမ်းညွှန်မှုဖြင့် ရွာသူရွာသားများသည် လမ်းတံတားများတည်ဆောက်ပြုပြင်ခြင်း၊ ဘာသာ ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင် မိမိတို့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသလောက် ပါဝင်ဆောင်ရွက်ကာ ချစ်ခင်စည်း လုံးစွာဖြင့် မိမိတို့ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ခဲ့ကြပါသည်။

 (၃)။ စမ်းချောင်းများ၊ ရေပူစမ်း၊ ရေတံခွန်များ၊ လိပ်ကျေး၊ ကြံ့သူတော်၊ ဂျီလှောင်စသော ရှားပါးသားရဲတိရိစ္ဆာန်များ နေထိုင်ကျက် စားရာနေရာဖြစ်ပြီး သဘာဝသစ်တောထိန်းသိမ်းရေးနယ်မြေနှင့်လည်းကပ်လျှက်တည်ရှိပါသည်။
လက်ရှိအစိုးရအပေါ် ပြည်သူများအားကိုးယုံကြည်မှု

(၄)။ လက်ရှိမြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်ရောက်ရှိကာ နိုင်ငံတော်သမ္မတကြီးဦးဆောင်သောအစိုးရအဖွဲ့ နှင့် လွှတ်တော်အသီးသီးမှ ကဏ္ဍပေါင်းစုံတွင် အပြောင်းအလဲများဖော်ဆောင်နေခြင်းအားမိမိတို့သည် နိုင်ငံသားများဖြစ်သည့် အား လျော်စွာ ၀မ်းသာပိတီဖြစ်ရပါသည်။

(၅)။ လက်ရှိအစိုးရသည် လူထုမှ ရွေးကောက်တင်မြောက်သောအစိုးရတစ်ရပ်ဖြစ်သည်နှင့် လျော်ညီစွာလူထု၏ အခက်အခဲများ နှင့် လူထုအသံအားနားစွင့်ကာတရားဥပဒေနှင့် အညီဖြေရှင်းဆောင်ရွက်ပေးမည်ဟုလည်းအလေးအနက်ယုံကြည်ထားပါသည်။
ကလုံးထာရေကာစီမံကိန်း နှင့် အီတာလျံထိုင်းကုမ္ပဏီမှ လုပ်ဆောင်ချက်များ

(၆)။ မိမိတို့ ကလုံးထာကျေးရွာသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အားထောက်ပံ့ရန် ရေကာတာ တည် ဆောက်ပါကရေမြုပ်ဧရိယာတွင် ပါဝင်သည့်အတွက် ပြောင်းရွှေ့ပေးရန် အီတာလျံထိုင်းကုမ္ပဏီ မှ အဆိုပြုသည့် အပေါ် ရွာသူ၊ ရွာ သားများမှ မပြောင်းရွှေ့လိုကြောင်း နိုင်ငံတော်သမ္မတကြီးထံသို့ အသနားခံစာတင်သွင်းခဲ့ပြီးအီတာလျံထိုင်းကုမ္ပဏီ တာဝန်ရှိသူများ နှင့် တွေ့ဆုံမှုများ၊ အစည်းအဝေးများတွင်လည်း တရားဝင်ထုတ်ဖော်ခဲ့ပါသည်။

(၇)။ ၂၈.၁၀.၂၀၁၁ မှ ၂၅.၁၁.၂၀၁၁ အတွင်း (၅) ကြိမ်တိုင်တိုင် ထားဝယ်အထူးစီးပွားရေးဇုန်လုပ်ငန်းအထောက်အကူပြုအဖွဲ့ ဥ က္ကဌဦးတင်မောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှုး၊ ကျေးရွာအုပ်ချုပ်ရေးမှုး၊ အီတာလျံထိုင်း ကုမ္ပဏီတာဝန်ရှိသူများမှ လာရောက်၍ ရေ ကာတာစီမံကိန်းဆောင်ရွက်မှုနှင့် ပြောင်းရွှေ့ရန် သဘောတူကြောင်းလက်မှတ်ရေးထိုးရန် ပုံစံများဝေငှသော်လည်း တစ်ဦးတစ် ယောက်မှ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပါ။

(၈)။ ၁၆.၇.၂၀၁၂ တွင် အီတာလျံထိုင်းကုမ္ပဏီတာဝန်ရှိသူများနှင့် ရွာသားများတွေ့ဆုံရာတွင်လည်းမည်သူမျှ မပြောင်းလိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါသည်။

(၉)။ လက်ရှိတွင် ကလုံးထာကျေးရွာရှိမြေလွတ်မြေရိုင်းများအားရောင်းချထားသူလူတစ်စုနှင့် အီတာလျှံထိုင်းကုမ္ပဏီထံမှ လျှော် ကြေးငွေ ရရှိလိုသူများမှ ကလုံးထာကျေးရွာတွင် ရေကာတာတည်ဆောက်ရန်နှင့် ရွာပြောင်းရွှေ့ရန် သဘောတူကြောင်း လက်မှတ် ရေးထိုးကာသက်ဆိုင်ရာအစိုးရတာဝန်ရှိသူများထံ တင်ပြထားသည်ကို မိမိတို့ ရွာသူရွာသားအများစုအနေဖြင့် လုံးဝ ကန့်ကွက် ကြောင်းနှင့် မိမိတို့ ရွာသူရွာသားများအနေဖြင့် ပြောင်းရွှေ့ရန်ဆန္ဒမရှိကြောင်းတင်ပြအပ်ပါသည်။
စီမံကိန်းကြောင့် ရပ်ရွာအပေါ် လူမှုစီးပွားရေးသက်ရောက်မှုများနှင့် အခက်အခဲများ

(၁၀)။ မိမိတို့ အနေဖြင့် နိုင်ငံနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအားလိုလားသူများဖြစ်ပါသည်။

(၁၁)။ မိဘဘိုးဘွားများလက်ထက်ကတည်းက ပင်ပန်းတကြီး ပြုစုပျိုးထောင်လာခဲ့သောဥယျဉ်ခြံမြေများမှ အကျိုးအမြတ်ရရှိစ ပြု လာသည့် အခြေအနေရောက်မှ အလုံးစုံဆုံးရှုံးပြီးအစမှ ပြန်လည်ထူထောင်ရလျှင် နောက်လာနောင်သားများအတွက်ပါ ၀န်ထုတ် ၀န်ပိုးဖြစ်စေမည်ဖြစ်ပြီးများစွာပင်ပန်းဆင်းရဲမည်ဖြစ်သည်။

(၁၂)။ အီတာလျံထိုင်းကုမ္ပဏီမှ ရွှေ့ပြောင်းပေးရန် အဆိုပြုထားသည့် နေရာနှင့် အနီးအနားတောရိုင်းများတွင် စီးပွားရေးသမားများ မှ မြေနေရာလွတ်မကျန်သလောက် ၀ယ်ယူထားပြီးဖြစ်၍ ရွာသားများစိုက်ပျိုးမြေများ ပြန်လည်ထူထောင်ရန် မြေနေရာမရှိပါ။ 

(၁၃)။ အီတာလျံထိုင်း ကုမ္ပဏီတာဝန်ရှိသူများသည် ရေကာတာတည်ဆောက်နိုင်ရေး ကြိုးပမ်းရာတွင် ၄င်းတို့နှင့် နီးစပ်ရာစည်းရုံး သိမ်းသွင်းခြင်းနည်းလမ်းကိုသုံးလာခြင်းဖြင့် ရပ်ရွာအတွင်းအချင်းချင်းကြား စိတ်ဝမ်းကွဲပြားစေခြင်း၊ ရန်လိုမုန်းထားမှုများ ဖြစ်ပေါ် စေခြင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးကိုတိုက်ရိုက်ထိခိုက်စေပါသည်။

(၁၄)။ ပြောင်းရွှေ့နေရာချထားပေးမည်ဟု အဆိုပြုသောနေရာများနှင့် ရေမြုပ်ဧရိယာတွင် ပါဝင်နေသော မြေနေရာများအား ထား ၀ယ်မြို့ခံစီးပွားရေးသမားတစ်စုမှ လျော်ကြေးငွေရလိုစိတ်တစ်ခုတည်းဖြင့် ငွေအားလူအားဖြင့် ခုတ်ထွင်ရှင်းလင်းကာ ဟန်ပြ ဥယျဉ် များဖုတ်ပူမီးတိုက် စိုက်ပျိုးလာခြင်းဖြင့် ရွာသားအများစုမှီခိုအားထားနေရသောဖာလာ၊ ဓညင်း၊ ၀ဥ၊ ၀ါး စသည့် သဘာဝတောထွက် သီးနှံပင်များအကြီးအကျယ်ပျက်စီးကာအိမ်ထောင်စုတိုင်းနီးပါးယခုနှစ် မိသားစုဝင်ငွေလျော့ကျခဲ့ရပါသည်။

(၁၅)။ လျော်ကြေးရလိုမှုဖြင့် တောရိုင်းများခုတ်ထွင်ရှင်းလင်းလာခြင်း၊ ပြောင်းရွှေ့ရမည့် သတင်းများကြောင့် ခြံမြေများရောင်းချ လာခြင်း၊ ရေတိုငွေကြေးအကျိုးအမြတ်ကိုပြကာအယုံသွင်းခြင်းနှင့် မျှော်ကိုးမိလာခြင်းတို့သည် ဥယျဉ်များပေါ်တွင် မှီခိုနေသောရွာ သားများအားစားဝတ်နေရေးမပြေလည်မှုနှင့် တဖက်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရခြင်းများဆီသို့ ဦးတည်သွားစေနိုင်ပါ သည်။

ရွာသူ၊ ရွာသားများ၏ ဆန္ဒသဘောထား
(၁၆)။ ကလုံးထာကျေးရွာသူ၊ ကျေးရွာသားများသည် မိမိတို့ ရပ်ရွာမှ အခြားမည်သည့်နေရာသို့ မပြောင်းရွှေ့လိုပါ။

(၁၇)။ အီတာလျံထိုင်းကုမ္ပဏီမှ လုပ်ဆောင်မည့် ရေကာတာစီမံကိန်းနှင့် ရေကာတာတည်ဆောက်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုး စားနေခြင်းနှင့် စီမံကိန်းမှ လျှော်ကြေးငွေနှင့် အကျိုးအမြတ်တစ်စုံတစ်ရာရရှိလိုသူတစ်စုမှ ရပ်ရွာအား ကိုယ်စားပြု ဟန်ဆောင်ကာ စီမံကိန်းအားလိုလားကြောင်းစာတင်ခဲ့ခြင်းအပေါ်လုံးဝ ကန့်ကွက်ပါသည်။ 

(၁၈)။ ၀ိသမလောဘ စီးပွားရေးသမားများမြေနေရာများစည်းမဲ့ကမ်းမဲ့ ချဲ့ထွင်နေခြင်းအား အမြန်ဆုံး ထိထိရောက်ရောက် တား ဆီးပေးပါရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား တောင်းဆိုအပ်ပါသည်။

(၁၉)။ ဒေသခံများ၏ ဘ၀လုံခြုံမှုနှင့် သဘာဝပါတ်ဝန်ကျင်ကို ထိခိုက်စေသောရေကာတာ စီမံကိန်းအားအစား အလုပ်အကိုင် အခွင့် အလမ်းများပိုမိုဖန်တီးပေးနိုင်မည့် သဘာဝအခြေခံခရီးသွားလုပ်ငန်းကို ဖော်ဆောင်ပေးပါရန် တိုက်တွန်းတောင်းဆိုလိုက်ပါသည်။
ကလုံးထာကျေးရွာသူ၊ရွာသားများ
ရွာသူ၊ရွာသားများ၏ လက်မှတ်များအားပူးတွဲတင်ပြအပ်ပါသည်။

မိတ္တူကို
(၁)။ ၀န်ကြီး၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ နေပြည်တော်
(၂)။ ၀န်ကြီး၊ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်
(၃)။ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်
(၄)။ ဥက္ကဌ၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်
(၅)။ ၀န်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး
(၆)။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
(၇)။ တိုင်းရင်းသားရေးရာဝန်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး
(၈)။ စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး
(၉)။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ထားဝယ်ခရိုင်
(၁၀)။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေဖြူမြို့နယ်
(၁၁)။ ဥက္ကဌ၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ
(၁၂)။ တာဝန်ခံ၊ KNU ဆက်ဆံရေးရုံး၊ ထားဝယ်
(၁၃)။ လွှတ်တော် ကိုယ်စားလှယ်များ
(၁၄)။ နိုင်ငံရေးပါတီများ
(၁၅)။ လူမှုရေးအသင်းအဖွဲ့များ
(၁၆)။ Italian Thai Development Public Co.ltd
(၁၇)။ သတင်းမီဒီယာများ
(၁၈)။ လက်ခံ

No comments: