ခွပ်ဒေါင်းလံတလူလူနှင့် သမဂ္ဂ ရဲဘော်ကျောင်းသားတို့သွေးစည်းရာ ဗဟိုဋ္ဌာန

တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌ ကိုလှမောင်သည်၊ ဥက္ကဋ္ဌရုံးခန်းတွင် ဤသို့အလုပ် လုပ်နေ၏။
အင်းလျားကန်စောင်းမှ၊ ဘွဲ့နှင်းသဘင် အဆောက်အဦးကြီးနှင့်၊ ညို့ညို့မှိုင်းမှိုင်း ပင်ပျိုဆိုင်းသည့် တက္ကသိုလ် မြို့ကလေးကို ဖြတ် သန်း တိုက်ခိုက်လာသော လေပြေ၏ အရသာကို တအေးအေး ခံစားနိုင်ပေ၏။ ဝဲယာသို့ ကြည့်လိုက်ပါမူ၊ စိမ်းလဲ့သော မြက်ခင်းပေါ် တွင်- ပုလဲဥပမာ မိုဃ်းပေါက်ကလေးများနှင့်လည်း များစွာ ပနာရလှပေ၏။ မားမားမတ်မတ် ရပ်တည်နေသော ဗိုလ်အောင်ကျော်
 ကျောက်တိုင်ကလေးမှာ၊ ထိုနေရာကို အထူး အသရေဆောင်၍ နေလေ၏။ ထိုနေရာသည်ကား ကျောင်းသားများ၏ သမဂ္ဂအသင်း ချုပ်ကြီး တည်ရာ၊ တက္ကသိုလ် သမဂ္ဂအသင်းတိုက် အဆောက်အဦးကြီးပင်တည်း။


တက္ကသိုလ်သမဂ္ဂအသင်း၏ ရာဇဝင်ကို ပြန်ပြောင်းလိုက်သော်…..

ထိုတက္ကသိုလ် သမဂ္ဂအသင်းတိုက်ကြီး ဆောက်လုပ်ရေးနှင့်- ပတ်သက်၍၊ တက္ကသိုလ်သမဂ္ဂအသင်း တည်ထောင်ရေး၌၎င်း၊ ထိုစဉ် က စိတ်ဝင်စားခဲ့သူမှာ၊ ၁၉၆၃- ခု သပိတ်ကြီး၌ နာမည်ကြီးခဲ့သော ကျောင်းအုပ်ကြီး- မစ္စတာစလော့ပင်ဖြစ်လေသည်။ သို့ရာတွင်- မစ္စတာ စလော့သည်၊ ဤတက္ကသိုလ်သမဂ္ဂ အသင်းတိုက်ဋ္ဌာနမှာ၊ တက္ကသိုလ်တွင် ရဲရဲတောက် ကျောင်းသားများ၏ စုဝေးရာနေရာ ဖြစ်မည့်အကြောင်း- ထိုစဉ်က တွေးတောမိလျှင်၊ သမဂ္ဂအသင်းတိုက် တည်ဆောက်ရန်၊ သမဂ္ဂအသင်းဖွင့်လှစ်ရန် အကြံပေးလိမ့် မည် မဟုတ်ဟု ထင်မြင်ရန်ရှိလေသည်။

သမဂ္ဂစိတ်

တက္ကသိုလ်တွင် "သမဂ္ဂစိတ်" ဝင်စား၍ နေလေပြီ။ သူဋ္ဌေး- ဦးညိုသည်၊ စေတနာ ၃- တန်, ပြဋ္ဌာန်းကာ၊ တက္ကသိုလ်သမဂ္ဂအသင်း တိုက်ဆောံလုပ်ရေးအတွက်၊ ငွေ (၁၇၀၀၀၀) တသိန်း ခုနှစ်သောင်း လှူဒါန်းလိုက်လေ သည်၊ သမဂ္ဂအဆောက်အဦးကို ၁၉၂၉ ခုနှစ် အလယ်လောက်တွင်၊ သမဂ္ဂ အဆောက်အဦးကြီး ပြီးစီးလေတော့၏။


သမဂ္ဂအဆောက်အဦး- ဗိုလ်အောင်ကျော်ကျောက်တိုင် မြင်နိုင်သည်။
 သမဂ္ဂအသင်းဘွားမြင်ရာ

အချိန်ကား၊ ၁၉၃၀ ခုနှစ် စက်တင်ဘာလ ၂၀ ရက်ဖြစ်လေသည်။ တက္ကသိုလ် ကစားရုံသစ်ကြီး၌ ကျောင်းသား အစည်းအဝေးကြီး ကျင်းပရာ ကျောင်းသား အမြောက်အမြား တက်ရောက်ခဲ့၍၊ ကိုကျော်ခင် (ဘီ-အက်- စီ) က နာယကအဖြစ် ဆောင်ရွက်ခဲ့လေ သည်။ ဤအစည်းအဝေးကြီး ဒေါက်တာဦးညိုအား၊ သမဂ္ဂအသင်းရုံ လှူဒါန်းသည့်အတွက် ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်၍၊ သမဂ္ဂစည်းမျဉ်းဆွဲရန် အမှုဆောင် ခန့်အပ်လိုက်လေသည်။ ဤသမဂ္ဂအသင်းစည်းမျဉ်းကို အခြေအတင် ဆွေးနွေးကြပြီးနောက်၊ ၁၉၃၁ ခု၊ ဇန္နဝါရီလ ၉- ရက်နေ့တွင် ကျင်းပသော ကျောင်းသားများ အစည်းအဝေးကြီးက၊ သမဂ္ဂစည်းမျဉ်းကို လက်ခံလိုက်လေ တော့သည်။ ဤစည်းမျဉ်းကို ရအောင်ဆောင်ရွက်ခဲ့သူတို့မှာ၊ ကျောင်းအရာရှိတို့နှင့် အတိုက်အခံဆောင်ရွက်သူတို့ ဖြစ်လေသည်။ 

ဤသည်ကစ၍ သမဂ္ဂအသင်း စလေတော့၏။

သို့ရာတွင်- ထိုစဉ်က တက္ကသိုလ်သမဂ္ဂဟူသော စကား၏ အဓိပ္ပါယ်မှာ ယခုတက္ကသိုလ်သမဂ္ဂ၏ စကားအဓိပ္ပါယ်နှင့် မတူချေ။ အ ကြောင်းမူကား ထိုအချိန်က၊ သမဂ္ဂမှာ မိတ်ဆက်ပွဲများကိုသာ မြိုင်မြိုင်ကြီး ဆောင်ရွက်ခဲ့လေသည်။

ကတုံးအသင်း

တက္ကသိုလ်သမဂ္ဂအသင်း၏ အခြေအနေမှာ၊ အနည်းငယ် စိတ်ဝင်စားဘွယ် ဖြစ်လာလေပြီ။ ၁၉၃၁- ခုနှစ်တွင်၊ မကြေမနပ်မှုများဖြင့် ဥက္ကဋ္ဌ အပြောင်းအလဲပြုလုပ်ပြီးနောက်၊ ထိုနှစ် "ကတုံး" အသင်းများ ပေါ်လာလေသည်။ "ကတုံး" အသင်း- ဆိုသည်မှာ၊ ကျောင်း သားခေါင်းဆောင်များက စ၍၊ ဆံဘိုကိုပယ်ပြီးလျှင် ကတုံး, မထားရဟူသောဝါဒအရ ဖွဲ့စည်းသော အသင်းဖြစ်လေသည်" ထိုနှစ် ၌ပင် ရွှေတိဂုံစေတီတော် အနောက်မုခ် (ထိုစဉ်က ဆံရှည် "ဦးနာဂိ" ၏ ကျောင်းသင်္ခဏ်း၌၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များ သမဂ္ဂ အသင်းကြီးကို စတင်တည်ထောင်ခဲ့၏။ ထိုအစည်းအဝေးတွင်၊ ကိုထွန်းစိန်က နာယကအဖြစ်ဆောင်ရွက်၍၊ ကိုဘသောင်း (သခင် ဘသောင်း) ကိုဘစိန် (သခင်စိန်) တို့က ရှေ့ဆောင်ကြလေသည်။ ထိုနောက်မှ စ၍ သမဂ္ဂ အခြေအနေမှာ၊ အေးအေးစက်စက် ဖြစ်သွားပြန်ပြီးလျှင် ကျောင်းအရာရှိတို့ အလိုကျ ဆောင်ရွက်လိုသူတို့ ကြီးစိုးကြလေသည်။

ပိဋကတ်ခန်း
ယခုသမဂ္ဂစချိန်

လူတိုင်း မှတ်မိသော၊ ၁၉၃၆- ခုနှစ် ဖြစ်လေသည်။ ထိုနှစ်ကား "ယခု-သမဂ္ဂ" စတင်သည့်နှစ် ဖြစ်လေသည်။ မိတ်ဆက်ပွဲများဖြင့်သာ စခန်းသွားခဲ့သော၊ သမဂ္ဂ ထိုနှစ်တွင် အထူးစိတ်ဝင်စားဘွယ်ကောင်းခဲ့လေသည်။ ထိုနှစ်၌ ကိုနု (သခင်နု) မှာ ဥက္ကဋ္ဌဖြစ်၍၊ မစ္စတာ ရာရှစ်မှာ ဒုက္ကဋ္ဌ ဖြစ်လေသည်။ ထိုနှစ်ကား- တက္ကသိုလ် သမဂ္ဂအသင်း ဆောက်လုပ်ရေးနှင့် ပတ်သက်၍၊ အကြံပေးခဲ့သော ကျောင်းအုပ်ကြီး မစ္စတာလော့နှင့် အရေးဆိုသည့်နှစ် ဖြစ်လေသည်။ ကြော်ငြာကို ဆုပ်မိသော ကျောင်းသားတဦးအား၊ ကျောင်းမှ ထုတ်ပယ်ခြင်းက စ၍၊ တက္ကသိုလ် သပိတ်ကြီး ပေါ်ပေါက်လာခဲ့၏။ "သပိတ်တားသည်" ဟူသော စကားမှာ၊ ထိုစဉ်အခါကမှ စ၍ ခေတ်စားလာခဲ့လေသည်။

ပြည်လုံးဆိုင်ရာသမဂ္ဂ

ထိုအချိန်အထိ- တက္ကသိုလ်သမဂ္ဂအသင်းသားရှိသေး၍၊ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း ပေါ်ပေါက်ခြင်း မရှိ သေးချေ။ ၁၉၃၆ - ခုနှစ် သပိတ်ကြီးတွင်၊ ပြည်လုံးဆိုင်ရာ ကျောင်းသားများ၏ အစည်းအဝေးကြီးကို၊ ဂျူဘလီဟောတွင် ကျင်းပရာ မှစ၍ "ဗမာပြည်လုံးဆိုင်ရာ- ကျောင်းသားများသမဂ္ဂအသင်း" ဟူ၍ ပေါ်ပေါက်လာခဲ့လေသည်။ ပဋ္ဌမ ဥက္ကဋ္ဌကား မစ္စတာရာရှစ် ဖြစ် လေသည်။ ထိုနောက်- ကိုအောင်စန်း (သခင်အောင်စန်း) က၊ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများအသင်းချုပ် ဥက္ကဋ္ဌအဖြစ် အသီး ၏သီး ဆောင်ရွက်လေသည်။ ထိုနောက်နှစ်၌၊ ကိုအောင်စန်း (သခင်အောင်စန်း) မှာ၊ သမဂ္ဂနှစ်ခုလုံး၏ ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ခဲ့လေသည်။

သမဂ္ဂအစည်းအဝေး ခန်းမကြီး
တက်နေသောသမဂ္ဂ

တပြည်လုံး မမေ့နိုင်သည့် ၁၃၀၀ ပြည့် အရေးတော်ပုံဖြစ်လေသည်။ ထိုနှစ်၌ ကိုဘဟိန်းက သမဂ္ဂနှစ်ခု စလုံး၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်၍ ကိုဘဆွေက အတွင်းရေးမှူးဖြစ်လေသည်။ ကိုလှရွှေမှာ၊ ဒုတိယဥက္ကဋ္ဌဖြစ်လေသည်။ ကိုဘဟိန်း၊ ကိုဘဆွေတို့အား၊ ဘမ်းဆီးခြင်းကစ၍ ကျောင်းသားများ သပိတ်မှောက်မှုနှင့် အလုပ်သမားများ သပိတ်မှောက်မှု ပေါ်ပေါက်လာခြင်းဖြင့် ၁၃၀၀ ပြည့် အရေးတော်ပုံဟု ဗမာရာဇဝင်၌ ထင်ရှားမည့် အချက်ကြီး ပေါ်ပေါက်လာလေသည်။ ထိုစဉ်က သမဂ္ဂနှစ်ခုစလုံး၏ ဥက္ကဋ္ဌအဖြစ် ကိုလှ ရွှေက ဆက်လက်ဆောင်ရွက်နေလေသည်။

သမဂ္ဂရာဇဝင်ကို အကျဉ်းမျှဘော်ပြခဲ့ပြီးဖြစ်၏။ သမဂ္ဂအသင်းတိုက်မှ စ၍ သမဂ္ဂ ကိစ္စအရပ်ရပ်ကို စီမံဆောင်ရွက်ရေးနှင့် ပတ်သက် ၍လည်း စိတ်ဝင်စားဘွယ် ကောင်းလှလေတော့သည်။ ဤသို့ စီမံအုပ်ချုပ်ရေးနှင့် ပတ်သက်၍ ယခုလက်ရှိ အခြေအနေအရ ဘော် ပြရမည်ဖြစ်ကြောင်း၊ ယခုနှစ် တက္ကသိုလ်သမဂ္ဂ အသင်းဥက္ကမှာ ကိုလှမောင် (မိတ္ထိလာ) ဖြစ်၍၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များသမဂ္ဂ အသင်းချုပ် ဥက္ကဋ္ဌမှာ ကိုလှမောင် (သေနတ်) တို့ ဖြစ်လေသည်။ သမဂ္ဂနှစ်ခု၏ အတွင်းရေးမှူးကား ကိုထွန်းရှိန် (အာလံ) ဖြစ်လေသည်။

သမဂ္ဂအတွင်းမှု

ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှ၊ "ဦးညိုကောင်းမု" ဟူ၍ ကမ္ဗည်းထိုးထားသော တခါးမှဝင်၍၊ အပေါ်သို့ တက်လိုက်လျှင်ပင် လက်ဝဲဘက်တွင် (ပုံပါအတိုင်း) စည်းဝေးခန်းမကြီးကို တွေ့ရ၍ လကျာ်ဘက်တွင်ကား သမဂ္ဂဥက္ကဋ္ဌ နှစ်ဦး၏ အလုပ်ခန်း ဖြစ်လေ သည်။ "ကဒေါင်း" ရုပ်ဖြင့် တန်ဆာဆင်အပ်သော ဥက္ကဋ္ဌထိုင် ကုလားထိုင်ကြီးအထက် တည်တည့်၌ ချိတ်ဆွဲထားသော ကိုအောင် ကျော် ဓာတ်ပုံကြီးမှာ ဥက္ကဋ္ဌအလုပ်ခန်း၏ ဂုဏ်ကို အထူးဆောင်၍ နေလေသည်။

ဥက္ကဋ္ဌအခန်းနှင့် တဆက်တည်းသော အခန်းမှာ၊ အတွင်းရေးမှူးနှင့် စာရေးများအခန်း ဖြစ်လေသည်။ နယ်များမှ ရောက်လာသော စာများ၊ ကြော်ငြာစာတမ်းများ၊ ဖိုင်တွဲများဖြင့် ပြည့်ကြပ်နေသော အတွင်းရေးမှူးနှင့် တကွ ဆိုင်ရာ စာရေးစာချီများမှာ တကုတ်ကုတ် အလုပ်လုပ်နေကြသည်ကို တွေ့ရလေသည်။ ထိုအခန်းနှင့် တဆက်တည်းသော အခန်းမှာ သမဂ္ဂပိဋကတ်တိုက်မှ အလိုရှိရာ စာအုပ် စာတမ်းများကို ငှါရမ်းဘတ်ရှုနိုင်လေသည်။

အောက်ထပ်တွင်ကား သမဂ္ဂပျော်ပွဲစားရုံ၊ ဘီလီယက်ခုံ၊ အသေးအဖွဲ ကုန်စုံရောင်းသောဆိုင်နှင့် ဆံပင်ညှပ်ဆိုင်တို့ဖြစ်ကြောင်း။

အုပ်ချုပ်ရေး (တက္ကသိုလ်သမဂ္ဂ)

 တက္ကသိုလ်သမဂ္ဂအသင်း စီမံအုပ်ချုပ်ရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဋ္ဌာနအသီးသီး ခွဲခြားထားလေသည်။


(၁) အတွင်းကစားခုန်းစားမှု။
(၂) နိုင်ငံခြားတက္ကသိုလ်များနှင့် ဆက်သွယ်ရေး။
(၃) သဟာယဋ္ဌာန။
(၄) ဝါဒဖြန့်ဖြူးရေးဋ္ဌာန။
(၅) စကားရည်လုပွဲ, တရားပွဲဋ္ဌာန။
(၆) အိုးဝေမဂ္ဂဇင်းဋ္ဌာန။
(၇) ပိဋကတ်ခန်းဋ္ဌာန။
(၈) သမဂ္ဂသတင်း ထုတ်ဝေရေးဋ္ဌာန။
(၉) ဘဏ္ဍာရေးဋ္ဌာတို့ ဖြစ်ကြောင်း။

ပြည်လုံးဆိုင်ရာ သမဂ္ဂ

ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအသင်း အုပ်ချုပ်ရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်း အသီးသီးဋ္ဌာနများ ခွဲထားလေ သည်။
၁။ စာမတတ်သူများ ပပျောံရေးဋ္ဌာန။
၂။ ဘဏ္ဍာရေးဋ္ဌာန။
၃။ စည်းရုံးရေးဋ္ဌာန။
၎။ နေ့ထူးများ ကျင်းပရေးဋ္ဌာန။
၅။ သံမဏိဋ္ဌာန။
၆။ မျိုးညွန့်စာစောင်ဋ္ဌာန။
၇။ သုတေသနဋ္ဌာန။
၈။ နိုင်ငံခြားကျောင်းသားများနှင့် ဆက်သွယ်ရေးဋ္ဌာန စသည်တို့ဖြစ်ကြောင်း။

သမဂ္ဂအသင်းတိုက် အုပ်ချုပ်ရေး။

သမဂ္ဂအသင်းတိုက်ကို တက္ကသိုလ်သမဂ္ဂအသင်းမှုဆောင်အဖွဲ့က တစုံတရာ အချုပ်အချယ်မရှိဘဲ လုံးဝ တာဝန်ခံ၍ စီမံအုပ်ချုပ် ရလေသည်။ စာရေးစာချီနှင့် အလုပ်သမားများစသည်တို့ကိုလည်း သမဂ္ဂကပင် ခန့်ထားရ၏။ သမဂ္ဂဘဏ္ဍာရေးဋ္ဌာနအတွက် ပျော်ပွဲ စားရုံ၊ ဘီလီယက်ခုံ၊ အသေးအဖွဲ ကုန်စုံဆိုင်၊ ဆံပင်ညှပ်ဆိုင်တို့ကိုလည်း သမဂ္ဂက လုံးဝစီမံ အုပ်ချုပ်ရလေသည်။

ဘတ်ဂျက် (တက္ကသိုလ်သမဂ္ဂ)

တက္ကသိုလ်သမဂ္ဂအသင်း၏ နှစ်စဉ် (ဘတ်ဂျက်) ဝင်ငွေနှင့် အသုံးစရိတ်မှာ ခန့်မှန်းချေ အောက်ပါအတိုင်း ဖြစ်လေသည်။

ဝင်ငွေ။
(က) တက္ကသိုလ် သမဂ္ဂ ပျော်ပွဲစားရုံ။ ၈၀၀ိ- ခန့်။
(ခ) ဆံပင်ညှပ်ဆိုင်မှ၊ ၂၀၀ိ- ကျော်။
(ဂ) ဘီလီယက်ခုံ၊ ၆၀၀ိ- ကျော်။
(ဃ) အသင်းငွေကြေး၊ ၁,၀၀၀ိ- ကျော်။
(င) အလှူငွေ၊ ၄၀၀ိ- ကျော်။
(စ) အသေးအဖွဲ ကုန်စုံဆိုင်၊ ၁၅၀ိ- ခန့်။ ပေါင်း- ၃,၁၅၀ိ ခန့်ဖြစ်ကြောင်း။

သုံးငွေ
(က) စာရေးစာချီ၊ ၇၈၀ိ။
(ခ) ဒါရဝမ်၊ ၃၂၀ိ။
(ဂ) ဘီလီယက်ခုံစောင့် နှစ်ယောက်၊ ၅၁၉ိ။
(ဃ) မာလီ၊ ၂၁၆ိ။
(င) ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂသို့ ဆတ်ကြေး၊ ၁၀၀ိ။
(စ) အထွေထွေ- ၁,၅၀၀ိ။ ပေါင်း ၃,၄၃၂ိ ခန့်ဖြစ်ကြောင်း။

အထက်ပါ ခန့်မှန်းခြေ စာရင်းအတိုင်း သမဂ္ဂနှစ်စဉ် ဆောင်ရွက်လျက် ရှိရာ။ သမဂ္ဂ၏ ဘတ်ဂျက်စာရင်းမှာ နှစ်စဉ်လိုပင် ဝင်ငွေထက် အသုံးစရိတ်က များခဲ့လေသည်။

စည်းဝေးရာ

အတွင်းရေးမှူးအလုပ်ခန်း၊ အတွင်းရေးမှူး ကိုထွန်းရှိန်၊ ငွေထိန်း ကိုထွန်းရှိန်နှင့်၊ စာရေးတဦး အလုပ်လုပ်နေပုံ
တက္ကသိုလ်သမဂ္ဂအသင်းမှာ တပြည်လုံး လေးစားကြသည့်အသင်းဖြစ်သည်နှင့် အညီ လုပ်ငန်းများမှာလည်း စိတ်ဝင်စားဘွယ် ကောင်းလှသည်။ အစည်းအဝေးမှာ ကျင်းပသောအခါတွင် ဥပဒေပြု လွှတ်တော်မှာကဲ့သို့ "ဥက္ကဋ္ဌအခန်းမှ၊ ဥက္ကဋ္ဌအား အတွင်းရေး မှူးကရှေ့ဆောင်၍၊ အစည်းအဝေးခန်းမကြီးသို့ ဝင်မိသောအခါ အတွင်းရေးမှူးက (ဥက္ကဋ္ဌကြွလာပါပြီ) ဟူ၍၊ ကြွေးကျော်လိုက် သည်နှင့် တပြိုင်နက် အခန်းထဲရှိသူ အားလုံး မတ်တတ်ရပ်၍ ဥက္ကဋ္ဌကို အရိုအသေ ပြုရလေသည်။ ထိုနောက်မှ ဥက္ကဋ္ဌသည် ဒေါင်း ကရုပ်ဖြင့် တန်ဆာဆင်အပ်သော ဥက္ကဋ္ဌ ကုလားထိုင်ပေါ်တွင် ထိုင်ရလေသည်။ ဥက္ကဋ္ဌကုလားထိုင်အထက်တွင်ကား၊ ငွေချည်ထိုး ခွပ်ဒေါင်းအလံကြီးကို ချိတ်ထားလေသည်။ အစည်းအဝေး ခန်းမကြီးတွင်၊ "ငြိမ်ကြ" ဆေးလိပ် မသောက်ရ" ဟူသော စာတမ်း များကို အင်္ဂလိပ်ဘာသာဖြင့် ဆွဲချိတ်ထားလေသည်။ ခန်းမကြီးကား ဓါတ်မီး ပန်ကာများဖြင့် ဖိတ်ဖိတ်တောက်အောင် ခန်းနားလှ လေသည်။ ဤအဆောက်အဦကြီးမှာ အရှေ့တိုင်းပြည်များရှိ သမဂ္ဂအဆောက်အဦးများတွင် အကောင်းဆုံးတခု အပါအဝင်ဖြစ် သည်ဟု ဆိုလေသည်။ ဥက္ကဋ္ဌသည် ရာထူးကို လက်ခံသည်နှင့် တပြိုင်နက် "ကိုယ်ကျိုးကိုမရှာပါ" ကိုယ်ကျိုးရှာခဲ့ပါလျှင် ကျိမ်စာအ မျိုးမျိုး မိပါစေဟု ကျမ်းကျိမ်ရလေသည်။ သမဂ္ဂအသင်းရုံတွင် အမြဲတန်း ကျောင်းသားခေါင်းဆောင်များ အလုပ်ရှုတ်နေသည်ကို တွေ့ရလေသည်။

သမဂ္ဂအဆောက်အဦးကြီးကား ကြွားကြွားဝင့်ဝင့် တည်၍နေ၏။ ကျောင်းသားတို့၏ စုဝေးရာဋ္ဌာနဟူ၍ ခေါ်ဆိုနိုင်ပေကြောင်း။ သမဂ္ဂ ခေါင်းဆောင်ကြီး ၂ ဦးတို့ အစဉ်အမြဲ သွေးစည်းတိုင်ပင်ကြလျက် တပြည်လုံးရှိ ကျောင်းသားများ စည်းရုံးဆောင်ရွက်ရေးအတွက် ဗဟိုချက်မကြီးပင်ဖြစ်သတည်း။

Vol.2 No.13b  နဂါးနီမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
မူလသတ်ပုံအတိုင်း ယူးကူထားပါသည်။
လေးစားလျှက်
ဖိုးပါ 

No comments: