သမိုင်းတကွေ့မှ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်အောင်


ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်အောင်၏ အမည်ရင်းမှာ ကိုဖိုးစိုးဖြစ်သည်။ တို့ဗ မာ အစည်းအရုံးသို့ ဝင်ရောက်သောအခါ သခင်စိုးဖြစ်လာသည်။ ဂျပန်စစ် ပညာ သင်တန်းတက်စဉ်က ဂျပန်အမည်မှာ ကိုနို (Kono) ဖြစ်သည်။ ထို့ နောက် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည် ခံယူရာတွင် ဗိုလ်မြင့်အောင်ဖြစ်လာခဲ့သည်။

ဗိုလ်မြင့်အောင်ကို ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် ဗုဒ္ဓဟူးနေ့တွင် ပြည် ခရိုင် ဧရာဝတီမြစ် အနောက်ဘက်ကမ်း ပန်းတောင်းမြို့နယ် သူရဲတန်းကျေး ရွာ၌  အဖဦးမိုး၊ အမိ ဒေါ်သက်ရှည်တို့မှ ဖွားမြင်ခဲ့သည်။ (ကျော်ငြိမ်း၏ ရဲ ဘော်သုံးကျိပ် ဝင်စာအုပ်၌ ဗိုလ်မြင့်အောင်၏ ဖခင်အမည်ကို ဦးပန်းဟူ၍ ဖော်ပြထားသည်။) 

ဗိုလ်မြင့်အောင်သည် ငယ်စဉ်က ဆင်းရဲချို့တဲ့၍ အထက်တန်းပညာအဆင့် သာ သင်ကြားခဲ့သည်။ အမျိုးသားခေါင်းဆောင်ကြီး အာဇာနည်သခင်မြနှင့် ဆွေမျိုးတော်စပ်သည်။ 

ထို့နောက် သခင်ကိုယ်တော်မှိုင်းဦးစီးသော တို့ဗမာအစည်းအရုံးသို့ ဝင် ရောက်၍ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ ဂျပန်နိုင်ငံသို့ စစ် ပညာသင်ကြားရန် စေလွှတ်ခဲ့သည့် ရဲဘော်သုံးကျိပ် ဒုတိယအသုတ် အဖြစ် သခင်စောလွင် (ဗိုလ်မင်းခေါင်)၊ သခင်သန်းတင်-၂ (ဗိုလ်မြဒင်)၊ ကိုရွှေ (ဗိုလ်ကျော်ဇော)၊ သခင်တင်အေး (ဗိုလ်ဘုန်းမြင့်)၊ ကိုအောင်သိန်း (ဗိုလ်ရဲထွဋ်)၊ သခင်ထွန်းရွှေ (ဗိုလ်လင်းယုန်) တို့နှင့်အတူ သခင်စိုး (ဗိုလ်မြင့်အောင်) သည် ၁၉၄၁ ခုနှစ် ဧပြီ ၁၃ ရက်နေ့တွင် ကိုင်ရှိုမာရူး (Kaisho Maru) သင်္ဘောဖြင့် မြန်မာ နိုင်ငံမှ ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။ ဂျပန်သို့ ဧပြီ ၂၈ ရက်နေ့တွင် ရောက်ရှိပြီး ဂျပန်နိုင်ငံ တိုကျိုမှ လေယာဉ်ဖြင့် ဟိုင်နန်ကျွန်းသို့ သွားရောက်ရာ ၁၉၄၁ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ရောက်ရှိ ခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတို့တွင် စစ်ပညာများ သင် ကြားခဲ့သည်။

ဗိုလ်မြင့်အောင်နှင့် ဟိုင်နန်ကျွန်း၌ စစ်ပညာသင်ကြားခဲ့သော ဗိုလ်မှူးချုပ်ကျော်ဇောက သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိပေါင်းချုပ် စာ အုပ်၌- 


“ဟိုင်နန်ကျွန်း ရဲဘော်သုံးကျိပ် စစ်လေ့ကျင့်ရေးစခန်းတွင် ကျနော်နှင့် အတော်ခင်မင်လေးစားသော ပုဂ္ဂိုလ်တစ်ယောက်မှာ ဗိုလ်မြင့်အောင်ကြီး ဖြစ်ပါသည်။ အလေးမသမားကြီးလို သန်မာထွားကျိုင်းသူ ဖြစ်သည်။ ကျနော်တို့နှင့် အသက်အရွယ် အတူတူ လောက်ဖြစ်သည်။ သူနှင့် ကျနော် ခင်မင်ရင်းနှီးရုံသာမက သူ့ကို ဗိုလ်လရောင်၊ ဗိုလ်ရဲထွဋ်တို့ကလည်း ခင်မင်ကြသည်။ သူနှင့်ကျ နော် ခင်မင်ရင်းနှီးလာရသည့် အကြောင်းနှစ်ခုရှိသည် ထင်ပါသည်။ တစ်ကြောင်းက ဟိုင်နန်ကျွန်းတွင် ဂျပန်တို့က ကျွန်တော်တို့ သောက်ဖို့စီးကရက်၊ ဆေးလိပ်ဘူးများနှင့် ဘီယာအရက်ပုလင်းများကို မကြာခဏ ဝေငှပေးကမ်းပါသည်။ ကျနော်မှာ ဆေးလိပ် မသောက်တတ်သူဖြစ်ပြီး ထိုစဉ်က ဘာသာရေးလည်း ကိုင်းရှိုင်းသူဖြစ်သဖြင့် အရက်လည်း လုံးဝမသောက်ပါ။ ထို့ကြောင့် ကျနော် ဝေစုရသော ဘီယာ အရက်ပုလင်းများကို အရက်သောက်တတ်သော ဗိုလ်မြင့်အောင်နှင့် ဗိုလ်လရောင်တို့ထံသွား၍ ခွဲဝေပေးတတ် ပါသည်။ ထိုမှစပြီး ခင်မင်လာပါသည်။ နောက်တစ်ကြောင်းမှာ ကျွန်တော်သည် ငယ်စဉ်ဘဝက မြန်မာစာပေ မဂ္ဂဇင်းများကို များစွာ ဖတ်ခဲ့သူဖြစ်ရာ ရဲဘော်တချို့နှင့် အကြောင်းဆုံတိုင်း ကျနော်ဖတ်ရှုခဲ့သော စာပေဗဟုသုတနှင့် စိတ်ဝင်စားဖွယ် ဝတ္ထုဇာတ်လမ်း တို့ကို ပြောပြတတ်ရာ ထိုအခါမျိုးတွင် ဗိုလ်မြင့်အောင်ကြီး ကျနော့်အနားရောက်လာပြီး ကောင်းစွာ နားထောင်တတ်သည်ကို သတိ ပြုမိပါသည်။

နောက်ပိုင်း ဗိုလ်မြင့်အောင်ကြီးနှင့် ကျနော်အတော်ရင်းနှီးလာရာ သူက ကျနော်ဖတ်ဖူးသော စာပေဗဟုသုတများနှင့် ဝတ္ထုဇာတ် လမ်းတို့ကို သူ့အား ပြောပြပါရန် ပန်ကြားပါသည်။ ဤမှစ၍ ဗိုလ်မြင့်အောင်ကြီးမှာ ငယ်စဉ်ဘဝက ပညာသင်ကြားရေး ချို့တဲ့ခဲ့ရ သည်ကို သိရသည်။ ကျနော် များစွာစိတ်မကောင်း ဖြစ်ရပါသည်။ ကျနော်အားလပ်သည့်အခါ သူပန်ကြားသည့်အတိုင်း ကျနော်က စာပေဗဟုသုတနှင့် ပုံဝတ္ထုများကို ပြောပြခြင်းဖြင့် လူချင်းအတော်ရင်းနှီးလာပါသည်။ သူကလည်း ကျနော့်ကို များစွာ ခင်မင်လေး စားလာပါသည်။ 

သူ့အကြောင်းတွေကို ပြောပြပါသည်။ သူသည် ပြည်ခရိုင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ သားအမိနှစ် ယောက်သာရှိသည့် ဆင်းရဲသားမိသားစုမှ ဖြစ်သည်။ သာယာဝတီခေါင်းဆောင်ကြီး သခင်မြတို့နှင့် ဆွေနီးမျိုးစပ်တော်ပြီး သူ့ကို သ ခင်မြက ဂျပန်သို့ စစ်ပညာသင်ထည့်လွှတ်လိုက်၍ ဟိုင်နန်ကျွန်းသို့ ရောက်လာရခြင်းဖြစ်ကြောင်းတွေ သိရသည်။ သူ့မိခင်ကိုလည်း အတော်ချစ်ခင် သတိရပုံရပါသည်။

နောက် ဗိုလ်မြင့်အောင်မှာ အုန်းထမင်းချက် အလွန်ကောင်းသည်။ ကျနော်တို့အဖွဲ့ အမဲသားရသောနေ့များတွင် ဗိုလ်မြင့်အောင်က အုန်းထမင်းချက်ပြီး အမဲသားနှပ်ဖြင့်ကျွေးရာ အားလုံးဝမ်းမြောက်ကြပါသည်။ ဂျပန်များက အုန်းထမင်းချက်ကို သိပ်ကြိုက်သွားပြီး coconut rice (အုန်းထမင်း) သိပ်ကောင်းတယ်၊ ကောင်းတယ် ပြောလွန်း၍ ဗိုလ်မြင့်အောင်က အမဲသားရတိုင်းလိုလိုပင် အုန်းသီး လည်းပေါသဖြင့် အုန်းထမင်းချက်ကျွေးခဲ့ရလေသည်။ 

ကျွန်တော်နှင့် ဗိုလ်မြင့်အောင်မှာ မကြာခဏ ဟင်းချက်တာဝန် အတူကျ တတ်သည်။ ကျနော်မှာ ဘာမှမချက်တတ်။ ဗိုလ်မြင့်အောင် ခိုင်းသမျှကို ကူလုပ်ကိုင်ပေးရသည်။ ထမင်းအိုးကြီးတည်ထားပြီး ထမင်း ကျက်မကျက် ထမင်းအိုး ချသင့်မချသင့် သိနိုင်ဖို့ ကျနော် က ယောင်းမနှင့် ကော်ယူသွားပြီး တစ်နေရာတွင် ထိုင်နေသော ဗိုလ်မြင့် အောင်ထံ သွားပြရသည်။ ညနေထမင်းချက်ပြီးလျှင် တနေရာထသွားလေ့ရှိသည်။ အရာရှိစတိုခန်းမှ ခိုးယူလာသော ရေစိမ်ထား သည့် ဘီယာ ပုလင်းများကို သောက်တတ်သည်။ ကျ နော့်အတွက်လည်း (အရက်မသောက်တတ်၍) ချော့ကလက်များယူထားပြီး ကျွေတတ်ပါသည်။ ထိုအခါတွင် ကျနော်တို့ အလွန် ပျော်ရွှင်ကြသည်။

ကျနော်တို့ စစ်လေ့ကျင့်စခန်း စစ်တန်းလျားအနီးတွင် ကျနော်တို့က  “အနှီး” လို့ ခေါ်တဲ့ တရုတ်လူမျိုးစု ရွာတစ်ရွာ ရှိပါသည်။ အများစုဟာ တံငါသည်များဖြစ်ပြီး တချို့လယ်သမားများဖြစ်သည်။ ၎င်းအနှီးလူမျိုးအများစုစာ ဟိုင်နန်ကျွန်းမှ တရုတ်လူမျိုးနွယ်ဝင် “လီ” ဟု ခေါ်သော လူမျိုးစုတွေဖြစ်ကြောင်း နောက်ကျမှ ကျန်ာတို့ သိရသည်။

ထိုအနှီးရွာသားအချို့ဟာ မကြာခဏ ကျနော်တို့ စခန်းသို့လာကြပြီး ကျနော်တို့ထံမှ စာကြွင်းစားကျန်များ၊ အဝတ်အစားများ၊ စီးက ရက်များ စတာတွေကို လာရောက်တောင်းရမ်း တတ်ပါသည်။ တခါတရံ ဟိုင်နန်ကျွန်းပေါ်တွင် ပေါများလှသော အုန်းသီးစိမ်းတွေကို နွားတကောင်တပ်လှည်းကလေးနှင့် တိုက်ယူပြီး ကျနော်တို့ထံမှ အဝတ်ဟောင်းများနှင့် သူတို့လိုချင်သော ပစ္စည်းအချို့နှင့် လဲလှယ် ယူတတ်ပါသည်။ အလွန်ဆင်းရဲကြပါသည်။ 

ကျနော်တို့ ရဲဘော်ဗိုလ်မြင့်အောင်ကြီးမှာ ထိုအနှီးလူမျိုးစုတို့နှင့် အတော်ရင်းနှီးခင်မင်လာသည်ကို သတိထားမိပါသည်။ တနေ့တွင် ဗိုလ်မြင့်အောင်မှာ ထိုအနှီးတို့နှင့် ဘယ်လိုဆက်သွယ် ပြောဆိုနားလည်ကြသည်မသိ၊ သူ့အဝတ်ဟောင်းများနှင့် အနှီးတို့ထံမှ ချက် အရက်ကို လဲလှယ်ပြီး သောက်စားနေသည်ကို တွေ့ရပါသည်။ 

ဗိုလ်မြင့်အောင်က ကြေညာထားသည်မှာ ရဲဘော်တွေ မိမိတို့အဝတ် တွေလှမ်းရာတွင် ညနေ ၆ နာရီကျော်လို့မှ မရုတ်သိမ်းလျှင် ထိုအဝတ်များကို သူပိုင်သည်ဟု ဆိုထားသည်။ ရဲဘော်များမှာ သူ၏ ကြေညာချက်ကြောင့် ကိုယ့်အဝတ်တွေကို ဂရုစိုက်ပြီး ရုတ်ကြ ရသည်။ မရုတ်သိမ်းမိလျှင် ထိုအဝတ်တွေကို ဗိုလ်မြင့်အောင်ကြီးက သိမ်းပြီး အရက်နှင့် လဲသောက်ပစ်မှာဖြစ်သည်။

ဗိုလ်မြင့်အောင်မှာ အားလပ်ချိန်များတွင် မိမိတို့စခန်းမှ ပျောက်ပျောက်သွားတတ်သဖြင့် ကျနော်လေ့လာစုံစမ်းရာ အနှီးလူမျိုးတို့က ဗိုလ်မြင့်အောင်ကို သူတို့ရွာသို့ အလည်ဖိတ်သဖြင့် လိုက်လည်ပတ်သည်ကို သိလာရပါသည်။ တခါတရံ အနှီးတို့က သူ့ကို အရက် နှင့် ဧည့်ခံပုံရသည်။

ကျနော့်ကို ဗိုလ်မြင့်အောင်က အနှီးတို့ရွာသို့ သူနှင့်အတူလိုက်ရန် အတင်းခေါ်သဖြင့် ကျနော်တခေါက်လိုက်သွား ပါသည်။ အလွန် ဆင်းရဲသော အိမ်းစုတွေဖြစ်ပြီး အလွန်အားနာဖို့လည်း ကောင်းပါသည်။ ရေရှည်သွားနေလျှင် အန္တရာယ် အမျိုးမျိုးဖြစ်နိုင်သည်ဟု လည်း ယူဆပြီးနောက် ဗိုလ်မြင့်အောင်ကြီးကို အနှီးတို့ရွာသို့ သွားမလည်ပတ်ရန် ကျနော်က ပြော ပါသည်။ သို့သော် သိပ်မထူးပါ။

ထို့ကြောင့် ကျနော်က အခိုင်အမာ ပြောရတော့သည်။ တော်လှန်ရေးသမားဟု တော်လှန်ရေးကိစ္စမှတစ်ပါး အခြား အကျိုးမရှိတဲ့ အန္တရာယ်ရှိတဲ့အလုပ်တွေ မလုပ်သင့်ကြောင်း၊ ထိခိုက်သွားလျှင် တော်လှန်ရေးကို ထိခိုက်နစ်နာသွားမှာ ဖြစ် ကြောင်း အတင်းပြော ၍ မသွားရန်တားမြစ်ရသည်။ ဒီတော့မှ တဖြည်းဖြည်း အသွားရပ်သွားတော့သည်။” ဟူ၍ ရေးသား ထားလေသည်။

၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဂျပန်တပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး ကာဝါရှီးမားနှင့် ဗိုလ်လက်ျာကြီး မှူး၍ ဗိုလ်လ ရောင်၊ ဗိုလ်မင်းရောင်၊ ဗိုလ်ဗလ၊ ဗိုလ်ဉာဏ တို့နှင့် ဗိုလ်မြင့်အောင်တို့ပါဝင်သော ထားဝယ်စစ်ကြောင်းဖြင့် မြန်မာနိုင်ငံအတွင်းသို့ ချီ တက်၍ ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။

၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင်  ဘီအိုင်အေဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဒီဘီအေ) ပြန် လည်ဖွဲ့စည်းသော အခါ ဗိုလ်ကြီးအဆင့်ဖြင့် စက်အမြောက်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင် တိုင်း ၇ (သရက်၊ အောင်လံ၊ မကွေး၊ မင်းဘူး) တာဝန်ကျပြီး စက်အ မြောက်တပ်ရင်းကို ခေါင်းဆောင်ကာ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးအပြီးတွင် ၁၉၄၅ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် နတ္တလင်းမြို့သို့ ဗိုလ်ချုပ်အောင်ဆန်း ရောက်ရှိလာရာ ရဲ ဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်အောင်၊ ဗိုလ်ဗလတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုနေ့၌ပင် နတ္တလင်းမြို့ ဗိုလ်ချုပ်အောင်ဆန်း ခေတ္တ တည်းခိုရာ နေအိမ်၌ မိမိကိုယ်မိမိ သတ်သေသွားလေသည်။

“ဗိုလ်ချုပ်အောင်ဆန်းက ဗြိတိသျှမဟာမိတ်ဖို့စ် ၁၃၆ တို့က ဂျပန်ဖက်ဆစ်တော်လှန်ရေးအတွက် ထုတ်ပေးထားခဲ့ သောလက်နက် များ ပြန်အပ်ခိုင်းနေသဖြင့် အရေအတွက်ပြည့်အောင်သာ လည်သလိုပြန်အပ်ဖို့၊ ကျန်လက်နက်များကို ချန်ထားပြီး မပြီးဆုံးသေး သော လွတ်လပ်ရေးအတွက် ပြင်ဆင်ထားရန်” ပြောဆိုရာ ဗိုလ်မြင့်အောင်က “ဒီလိုဆိုရင် ကျနော်တို့ အသက်စွန့်ပြီး လုပ်ဆောင်ခဲ့ တာတွေဟာ အလကားပေါ့” ဟုပြောရာ ဗိုလ်ချုပ်က သူပြောခဲ့သည့်အတိုင်း အကင်းမပါးရ ကောင်းလားဟု မာမာထန် ထန်ပြောခဲ့ ကြောင်း၊ ထို့နောက် ဗိုလ်မြင့်အောင်သည် နေမကောင်းဟုဆိုကာ ကိုယ့်ဟာကိုယ် သတ်သေသွားကြောင်း” ပြောကြားခဲ့လေသည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဗလကလည်း ဗိုလ်မြင့်အောင် ကွယ်လွန်သွားပုံကို ၁၉၇၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ထုတ် အာဇာနည်နေ့ အကြို ကြေးမုံသတင်းစာ၌ “ထိုနေ့” အမည်ခေါင်းစဉ်တပ်၍ အောက်ပါအတိုင်း ရေးသားခဲ့လေသည်။

“… ၁၉၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖီးလ်မာရှယ်ဆာဝီလျံစလင်းတို့ အဆက်အသွယ်ရပြီးနောက် ဂျပန်တပ်များကို ကျ နော်တို့တပ်များနှင့် မဟာမိတ်တပ်များ ပူးပေါင်းတိုက်ကြရပါသည်။ ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်ပြီး နယ်မြေ အတော်များများကို သိမ်းပိုက်မိသောအခါ ရဲဘော်သုံးကျိပ်တော်တော်များများ စုမိနေသည့် နတ္တလင်းမြို့သို့ ဗိုလ်ချုပ် အောင်ဆန်း လိုက်လာပါသည်။

“ကျွန်တော်တစ်ခုခုဆုံးဖြတ်ရမယ့် ပြဿနာပေါ်နေတယ်။ အဲဒါ ခင်ဗျားတို့နဲ့ တိုင်ပင်ဖို့ပဲ။ ပြဿနာကတော့ ကျွန်တော့ကို ဘရိတ်ဂိ ဒီးယားခန့်ပြီး တပ်ထဲမှာ ဆက်အမှုထမ်းဖို့ ဆာဝီလျံစလင်းတို့က ပြောနေတယ်။ ကျွန်တော်ကတော့ အဖြေမပေးသေးဘူး။ အဲဒါ ခင်ဗျားတို့ ဘယ်လိုသဘောရသလဲ မေးဖို့ပါပဲ။”

ဗိုလ်ချုပ်သည် အထက်အပါအတိုင်း ကျနော်တို့ကို စကားစလိုက်ပြီး နိုင်ငံရေးနှင့်ပတ်သက်သည့် အကြောင်းများ ကိုလည်း ရှင်းပြ ပါသည်။ အထူးသဖြင့် လွတ်လပ်ရေးရဖို့အတွက် မသေချာသေးကြောင်းကို အကယ်တဝင့် ရှင်းပြပါသည်။ ဤကဲ့သို့ ရှင်းပြပြီး နောက် ကျနော်တို့အားလုံးကပင် စစ်တပ်တွင် အမှုထမ်းသည်ထက် တိုင်းပြည်အတွက် ကျယ်ကျယ်ပြန့် ပြန့် တာဝန်ယူ လုပ်နိုင်မည့် နိုင်ငံရေးနယ်တွင်သာ ဗိုလ်ချုပ်ရှိသင့်ကြောင်း အဖြေပေးလိုက်ကြပါသည်။

ဤကဲ့သို့ အားလုံးက သဘောတူပြီးဖြစ်ကြသော်လည်း အချို့အယူအဆများတွင် မကျေမလည်ဖြစ်မည်ထင်၍ ဗိုလ်ချုပ်က ထပ်ပြီး ရှင်းပြနေခိုက် “ကျွန်တော်နေမကောင်းလို့ အိပ်ချင်တယ်ဗျာ”ဟု ဗိုလ်မြင့်အောင်က ကျနော့်အား လှမ်းပြောလိုက်သဖြင့် မောင်သန်း နိုင် (ကွယ်လွန်သူ သခင်ဗဟိန်း၏ ညီ)အား ကျနော်က အိမ်အပေါ်ထပ်တွင် အိပ်ယာပြင်ပေးရန်နှင့် ဗိုလ်မြင့်အောင်အား ခေါ်သွားရန် ပြောလိုက်ပါသည်။

သူတို့ ထသွား၍ ငါးမိန့်နစ်ခန့်သာ ရှိမည်ထင်ပါသည်။ “ဗိုလ်မှူး”ဟု အော်လိုက်သည်နှင့် “ဒိုင်း” ဆိုသည့် သေနတ်သံကို တပြိုင် တည်း ကြားလိုက်ရသဖြင့် ကျွန်တော်တို့အားလုံး တပြိုင်တည်းထ၍ အိပ်ပေါ်ထသို့ သွားကြရာ စစ်ဝတ်စုံအ ပြည့်အစုံဖြင့် ၄၅ ဘို့ ပစ်စတိုသေနတ်ကို ညာလက်တွင် ဆုပ်ကိုင်လျက် လျဲကျနေသည့် ဗိုလ်မြင့်အောင်အား တွေ့ရ၍ သူ့ ဘေးတွင် မောင်သန်းနိုင်ငို လျက် ထိုင်နေပါသည်။

ဗိုလ်ချုပ်ကစပြီ ကျွန်တော်တို့အားလုံး လုံးဝစကားမပြောနိုင်တော့ပါ။ အတန်ကြာကြည့်နေပြီးမှ ကျွန်တော်က သူ့လက်ထဲတွင် ဆုပ် ကိုင်ထားသည့် သေနတ်မှာ ကျည်ဆန်ဝင်ပြီးသားဖြစ်နေ၍ သိရသဖြင့် သေနတ်ကိုင်ထားသည့်လက်ကို အသာအယာဖြေ၍ ယူ လိုက်ပါသည်။ ညာဘက်နားထင်မှပေါက်၍ ဘယ်ဘက်ဂျိုစောင်းဖောက်ပြီး အုတ်နံရံတွင် စူးဝင်သွားသည့် ကျည်ဆန်ရာကိုလည်း ကျနော် သတိထားလိုက်မိပါသည်။

“အင်း နိုင်ငံရေးသမားတွေဟာ နောက်ဆုံးတော့ ဒီလိုပဲ သေကြရတာပဲ” ဗိုလ်ချုပ်သည် ကျနော်တို့၏ ဆိတ်ငြိမ်နေသည့် ပတ်ဝန်း ကျင်ကို ဤစကားကလေးဖြင့် လှုပ်ရှားလိုက်ပြီး နောက်ထပ် စကားမပြောတော့ဘဲ လှည့်၍ အိမ်အောက်ထပ်သို့ ဆင်းသွားပါတော့ သည်။”

ထို့နောက် ဗိုလ်မြင့်အောင်၏ ရုပ်ကလာပ်ကို နတ္တလင်းမြို့ရှိ ဗမာသင်္ချိုသို့ သဂြုင်္ိဟ်ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တော်လှန်ရေး ရဲဘော်အားလုံး နတ္တလင်းမြို့သူမြို့သားများပါ လိုက်ပါပို့ဆောင်ခဲ့ကြလေသည်။

ဗိုလ်မြင့်အောင် ၁၉၅၉ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့တွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနောက်ဆုံး ကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ ဘဲ တိုင်းပြည်နှင့် လူမျိုးလွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းဆာင်ရွက်မှုကြောင့် နိုင်ငံတော်က လွတ်လပ်ရေးမော်ကွန်း ဝင် (ပထမအဆင့်) တံဆိပ် ချီးမြှင့်ခဲ့လေသည်။

သန်းဝင်းလှိုင်
နိုဝင်ဘာ ၅၊ ၂၀၁၂
မိုးမခမှ ကူးယူဖော်ပြပါသည်။  

No comments: