၂၁ နှစ်ကြာ တိုင်းပြည်က ထွက်လာခဲ့ပြီးနောက် နောက်တစ်ပတ်ထဲမှာ ကျွန်တော်မြန်မာပြည်ကို အပြီးပြန်တော့မယ်။ ကိုယ့်အိမ် ကိုယ့် ယာ လို့ သတ်မှတ်ပြီး ပြန်နေဖို့ပါ။ ၁၉၈၈ ကစပြီး လျှောက်ခဲ့တဲ့ ဒီခရီးမှာ ဒီမိုကရေစီ အရေးလှုပ်ရှားသူ အတိုက်အခံ တစ် ယောက်အနေနဲ့တင်မက ပြည်ပရောက် မြန်မာတစ်ယောက် အနေနဲ့ပါ ဖြတ်သန်းခဲ့ရတယ်။ ဒီအတွေ့အကြုံတွေကြားထဲမှာ နိုင်ငံ ရေးရပ်တည်ချက်တွေသာမက ကိုယ့်ဘဝနဲ့ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း အပြောင်းအလဲ ဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေ ချခဲ့ရ တယ်။ ဒီခရီးကို ဘယ်လိုလျှောက်ခဲ့တယ်၊ အချိုးအကွေ့တွေ ဘယ်လိုကြုံပြီး ဘယ်လိုဆုံးဖြတ်ချက်တွေ ချခဲ့ပြောင်းခဲ့တယ် ဆိုတဲ့ တစိတ်တဒေသကို ဝေငှချင်တာပါ။ သမိုင်းတစ်ခုကို အတူ ဖြတ်ကြတယ်ဆိုပေမယ့် အဲဒီသမိုင်းကို မြင်တဲ့အမြင် ဘဝဇာတ်ခုံပေါ်မှာ ကရတဲ့ ဇာတ်ဝင်ခန်းတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တူကြမလဲ။ ဒီဆောင်းပါးကတော့ အိမ်ကထွက်ပြီး အိမ်ကိုပြန် လာခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ခရီးအပိုင်းအစတစ်ခုပါ။
၁၉၈၈ မတ်လ ကျောင်းသားလှုပ်ရှားမှုတွေ ဖြစ်တော့ နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ကျွန်တော် စပြီးပါဝင်လာခဲ့တယ်။ အဲဒီအချိန်မှာ ၉ တန်းကျောင်းသား အသက် ၁၅ နှစ်သာသာရှိတဲ့ သူတယောက်အတွက် ဒေါသထွက်နေတာက ဦးနေဝင်းဦးဆောင်တဲ့ မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကို ဖြစ်ခဲ့တယ်။ ဒီအစိုးရကြောင့် ဒို့တိုင်းပြည်ဆင်းရဲရတာ၊ တို့တွေ အဖိနှိပ်ခံရတာ ဆိုတဲ့အမြင်နဲ့ အစိုး ရကို ဆန့်ကျင်ဖို့ ကျောင်းသားလှုပ်ရှားမှုမှာပါခဲ့တယ်။ ဒီမိုကရေစီစနစ် အကြောင်းကို သိလို့ နားလည်လို့တော့မဟုတ်ဘူး။ ဒါပေမယ့် ဒီမိုကရေစီရယင် ဒို့တော့ဆင်းရဲတွင်းက လွတ်မြောက်ပြီလို့ ထင်ခဲ့တာတော့ အမှန်ပဲ။
၈၈၈၈ လှုပ်ရှားမှုကြီး အရှိန်အဟုန်မြှင့်လာတဲ့ သြဂတ်စ်လထဲမှာ လုံခြုံရေးတပ်တွေက ပစ်ခတ်နိုမ်နှင်းခဲ့ပြီးတဲ့နော က်မှာ ဒီလှုပ်ရှားမှု ကြီးကို လိုအပ်ယင် လက်နက်ကိုင်တိုက်ပွဲ အထိမြှင့်တင်ရမယ်ဆိုတဲ့ အမြင်မျိုးရှိခဲ့တယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ ပတ်သက်ပြီး သိ နားလည်လို့တော့မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်က ဂျပန်မှာ စစ်ပညာသွားသင်ပြီး လွတ်လပ်ရေးကို အရယူ သွားခဲ့တဲ့ ဥပမာကို ကျွန်တော်တို့ အတော်တော်များများ အားကျစိတ်ကူးယဉ်ခဲ့တာ အမှန်ပဲ။ စစ်တပ်က အာဏာမသိမ်းခင်က တည်းက ဗကသနဲ့ တစ်ခြားကျောင်းသား အုပ်စုတွေထဲမှာ နယ်စပ်က လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး မြေအောက်လက် နက်ကိုင် လုပ်ငန်းတွေအတွက် ပြင်ဆင်တာတွေလုပ်နေကြပြီ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့ အချိန်မှ ရဲဘော်သုံးကျိပ် နိုင်ငံရေး ယဉ်ကျေးမှုနဲ့ လူငယ်ပီပီ စွန့်စားချင်တဲ့ စိတ်တွေကြောင့် ကျွန်တော်တို့ လူငယ် အတော်များများကို တောခိုဖြစ်ခဲ့တယ်။
စစ်တပ်အာဏာသိမ်းပြီးစမှာ လှုပ်ရှားနေတဲ့ လူငယ်တွေကြားထဲ UG (Underground) မြေအောက် လှုပ်ရှားမှုက ခေတ်စားလာ တယ်။ UG လုပ်ရတာကို ဂုဏ်ယူလာတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း UG လုပ်ရင်း မဖြေချင်ဖြေချင်နဲ့ ၁၉၈၉ မှာ ၁၀ တန်းဖြေ ဖြစ် လိုက်တယ်။ ဒီကြားထဲမှာ နယ်စပ်နဲ့ ချိတ်ဆက်ပြီးလုပ်နေတဲ့ ကိုယ့်အထက်က ဗကသ ခေါင်းဆောင်တွေ အဖမ်းခံရတယ်။ ၁၀ တန်း ပြီးတဲ့ အချိန်လောက်မှာ နောက်တစ်ချီ အောက်မြန်မာပြည်ဗကသက ခေါင်းဆောင်တွေ နယ်စပ်က ပြန်အဝင်မှာ ထပ်အဖမ်းခံရ ရော။ အဲဒီအချိန်မှာ ၁၀ တန်းအောင်စာရင်း အရအမှတ်က YIT ဝင်လို့ရနေတယ်။ အဲဒီမှာ အိမ်ကစိတ်ပူရော။ အထူးသဖြင့် အဖေက ထောက်လှမ်းရေးရဲ့ စစ်ကျောရေးမှာ အစစ်ခံခဲ့ရဘူးတော့ သားလည်းဒီလို ခံရတော့မယ်ဆိုပြီး စိတ်ပူရော။ YIT ရောက်ယင်ပိုပြီး နိုင်ငံရေးထဲပါတော့မယ် ဆိုပြီး အဖိုးအဖွားတွေက လည်းစိတ်ပူကြတယ်။ ဒါနဲ့ ၁၉၉၁ မှာ စင်္ကာပူကို ထွက်ဖို့လွတ်လိုက်တယ်။
ကျွန်တော် စင်္ကာပူမှာ အလုပ်လုပ်ရင်း ကျောင်းတက်နေပေမယ့်  စိတ်က ဘယ်လိုမှမပျော်ဘူး။ နိုင်ငံရေး လှုပ်ရှားမှုတွေဆီပဲ စိတ်က ရောက်နေတယ်။ ဒီလိုနဲ့ ABSDF နဲ့ အဆက်အသွယ်ရှိပြီး တတ်နိုင်သမျှ ထောက်ပံ့ပေးနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ ABS DF စခန်းသွားလည်ဖို့ စီစဉ်ပြီး ၁၉၉၂ ခုထဲမှာ မင်းသမီး စခန်းကိုရောက်လာတယ်။ အဲဒီ အချိန်မှာ အယင်ရှိခဲ့ဘူးတဲ့ တော်လှန်ရေး စစ်သား လုပ်ချင်စိတ်က ထိမ်းမရတော့ဘူး။ စခန်းကို သွားလည်ယင်းနဲ့ ABSDF တပ်ရင်း ၂၀၃ က တပ်တွေ ရှေ့တန်းထွက်တော့ လိုက်ခဲ့မယ်ဆိုပြီး မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေက ရှေ့တန်းဒေသကို လိုက်သွားခဲ့တယ်။
ရှေ့တန်းမှာ တစ်လနီးပါးကြာခဲ့တယ်။ ဒီအခေါက်မှာပဲ ကိုယ့်အချင်းချင်း ရန်သူထင်ပြီး မှားပြန်ပစ်လို့ ရဲဘော်၂ ယောက် ကိုယ့်မျက် စိရှေ့မှာတင် ကျသွားရော။ လဲနေတဲ့ ဒီရဲဘော်တစ်ယောက်ခေါင်းကို သွားမလိုက်တော့ မတဲ့လက်က သူ့ဦးခွံထဲကို ကျွံဝင်သွား တယ်။ ခေါင်းကို ကျည်ဝင်သွားတာကိုး။ လက်က သူ့ဦးနောက်တွေကို စမ်းမိရော။ ဖြစ်စကတော့ အတော့ကို လန့်သွားတာပဲ။ ဒါပ ထမဆုံး သေနတ်ပစ်ပြီး သေတဲ့သူကို ကိုင်ဖူးတာကိုး။ ဒါပေမယ့် တောထဲမှာနေပြီး သူပုန် စစ်သားဖြစ်ချင်တဲ့ စိတ်ကမပျောက်သွား ဘူး။ ရှေ့တန်းကနေ ပြန်ရောက်တာနဲ့ စင်္ကာပူကိုခွာပြီး ABSDF မှာ သူပုန်ရဲဘော်လုပ်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေရော။
ABSDF မှာ အဲဒီအချိန်က ကိုမိုးသီးဇွန် (MTZ) နဲ့ ဒေါက်တာနိုင်အောင် (DNA) ဦးဆောင်တဲ့ အုပ်စုဆိုပြီး နှစ်ခုဖြစ်နေပြီ။ ABSDF တပ်တွေက ယေဘူယျအားဖြင့် ကချင်ဒေသမြောက်ပိုင်း၊ မာနယ်ပလောဗဟိုဒေသ၊ မြိတ်- ထားဝယ် တောင်ပိုင်းနဲ့ ရခိုင်- အိန္နိယ နယ်စပ်အနောက်ပိုင်းဆိုပြီး အကြမ်းဖျင်း ခွဲလို့ရတယ်။ ၁၉၉၂ ခုကုန်မှာ ABSDF ကိုဝင်မယ်ဆိုတော့ စဉ်းစားစရာတွေလည်း ရှိလာ တယ်။ ကချင်ဘက်မှာ သူလျှိုမှုနဲ့ အသတ်ခံရတဲ့ ဇာတ်လမ်းကလည်း ပူပူနွေးနွေး။ အစိမ်းကြီး ဒီအတိုင်း စင်္ကာပူက တောလာခိုတာ ဆိုယင် ကိုယ့်ကို မသင်္ကာများ ဖြစ်မလားလို့ စိတ်ပူရသေးတယ်။ DNA ဘက်ထက်စာယင် MTZ အခြမ်းမှာ ဗကသက လှုပ်ရှားမှုအ နွယ်နဲ့ ဆက်စပ်လို့ရသူတွေ ရှိတယ်။ နောက်ပြီး မင်းသမီး စခန်းမှာ အခြေစိုက်တဲ့ တပ်ရင်း ၂၀၃ ဆိုတာ တရင်းလုံးနီးပါး မြိတ်နယ် သား များတယ်။ ကျွန်တော့ အဖေဘက်က တစ်ဆွေမျိုးလုံးက မြိတ်သားတွေဆိုတော့ ဆွေမျိုးစပ်ရတာ လွယ်တယ်။ ဒီလိုနဲ့ ABSDF (MTZ) က တပ်ရင်း ၂၀၃ မှာ သူပုန်ကျောင်းသား ရဲဘော် ဖြစ်ခဲ့တယ်။ စစ်သားဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကလည်း ငယ်ငယ်ထဲက ရှိခဲ့ တယ်။ အမေ့ဘက်ကအဖိုးက မြန်မာ့တပ်မတော်က ဗိုလ်မှူးဟောင်း။ ရဟတ်ယာဉ်ပျက်ကျပြီး ဆုံးသွားတဲ့ အတွင်းရေးမှုး ၂ ဗိုလ် ချုပ်ကြီးတင်ဦးနဲ့ အပတ်စဉ် တစ်ခုထဲ။ ကျွန်တော်ငယ်ငယ်ထဲက အဖိုးရဲ့စစ်စာစောင်တွေ စစ်နည်းပညာတွေ ဖတ်ပြီး အမြဲသဘော ကျနေခဲ့တာ။ အဲဒီစိတ်အခြေခံတွေနဲ့ စစ်သားတော့ စစ်သားပဲ၊ ဒါပေမယ့် သူပုန်စစ်သားဖြစ်ခဲ့ရော။
ABSDF ရောက်တဲ့ အချိန်မှာ သတိထားမိတာက ၁၉၉၂ ကုန်လောက်ကတည်းက တောင်ပိုင်းမှာ ဗဟိုကော်မတီဝင်တွေက လွဲယင် တပ်ထဲမှာ တာဝန်ယူတဲ့သူတွေထဲမှာ တက္ကသိုလ်ကျောင်းသားဆိုတာ ရှားသွားပြီ။ အဲဒီအချိန်က တပ်ရင်း ၂၀၃ ဆိုတာ ABSDF မှာ အကြီးဆုံးတပ်ရင်းလို့ ပြောလို့ ရတယ်။ နယ်မြေခံ ဒေသပျောက်ကျားနဲ့ပါပေါင်းယင် အင်အား ၄၀၀ လောက်ရှိခဲ့တယ်။ ဒါပေမယ့် တပ်ထဲမှာ တက္ကသိုလ်ကျောင်းသားဆိုလို့ တစ်ယောက်ပဲရှိတယ်။ ဗဟိုဒေသမှာရှိနေတဲ့ တပ်တွေထဲမှာတော့ တက္ကသိုလ် ကျောင်း သားတစ်ချို့ တပ်မှုးနေရာနဲ့ ဌာနဆိုင်ရာတွေမှာ တာဝန်ယူနေတာ ရှိသေးတယ်။ ဒါပေမယ့် ၁၉၉၃ လောက်မှာ ဗဟိုကော် မတီဝင် တွေကလွဲယင် တက္ကသိုလ်ကျောင်းသားဆိုတာ တပ်တွေမှာ များများစားစား မကျန်တော့ဘူး။ ပြည်တွင်းပြန်မဝင်တဲ့ တက္ကသိုလ် ကျောင်းသား အများစုက ဘန်ကောက်မှာ ရောက်နေကုန်ကြပြီ။ ကချင်မြောက်ပိုင်းနဲ့ အိန္နိယနယ်စပ်ရောက် ကျောင်းသားတွေက ထိုင်းနယ်စပ်ရောက် ကျောင်းသားတွေလို ဒုက္ခသည်အဖြစ် အနောက်နိုင်ငံတွေကို သွားနိုင်တဲ့ အခွင့်အလမ်းနည်းပါးခဲ့တယ်။ ဒါ ကြောင့်မို့လို့ ရာခိုင်နှုန်းအရကြည့်ယင် ထိုင်းနယ်ဘက်ရောက်တဲ့ ကျောင်းသားတွေက နိုင်ငံခြားထွက်ခွင့်ရတာ ပိုများတယ်။ ၁၉၉၅ နောက်ပိုင်းတော့ အိန္နိယဘက်က ကျောင်းသားတစ်ချို့လည်း နိုင်ငံခြားထွက်ခွင့် ရခဲ့တယ်။
တောထဲမှာ နေတဲ့ဘဝက ရုပ်ပိုင်းဆိုင်ရာအရ ကြမ်းတယ်။ ကျွှန်တော်တို့ တောင်ပိုင်းစစ်ဒေသလို ထိုင်းငါးဖမ်းလှေတွေဆီက ပိုက်ဆံ ရှာနိုင်တဲ့ တပ်တွေမှာတောင် ရိက္ခာဆိုတာ ဖြစ်ရုံရတာ။ ဇကွဲကြမ်းဆန်၊ ငရုပ်သီးခြောက်၊ ဆီက တစ်ယောက်ကို တလ ပုလင်းတစ် ဝက်၊ ငပိကြမ်း၊ ဆားနဲ့ အချိုမှုန့် ဆိုတာပဲပါတယ်။ ဒါကိုဖြစ်အောင် ကြံဖန်စား။ စစ်မတိုက်ခင် ငှက်ဖျားနဲ့ မသေအောင် အယင်လုံး ပမ်းရတယ်။ ထိုင်းနယ်စပ်ကနေ မြန်မာပြည်ထဲက စခန်းရောက်အောင် ပုံမှန် ဆန်ထမ်းရတာက ၄ နာရီကြာတယ်။ ရှေ့တန်းမှာ ဒဏ်ရာရလာလို့ ရှိယင် ဆေးရုံမပို့နိုင်ခင် လနဲ့ချီကြာတယ်။ ဒဏ်ရာပုတ်ပြီးသေသူတွေလည်း အများကြီးပဲ။ ဒီကြားထဲ အစိုးရနဲ့ စစ် တိုက်လို့ မဟုတ်ပဲ တစ်ခြား လက်နက်ကိုင်အဖွဲ့တွေက ဆွဲသတ်လို့ ခံခဲ့ရသူတွေ လည်းတစ်ပုံကြီး။ ကျွန်တော် ABSDF ထဲ ဝင်စမှာ DNA ဖက်ခြမ်း တပ်ရင်း ၂၀၁ ကရဲဘော် ၁၁ ယောက်ကို ကရင်တပ်က ရှင်းပစ်တဲ့ အဖြစ်အပျက်ကလည်း ရှိခဲ့ဘူးတယ်။ စာရင်းတွေ အရ လွန်ခဲ့တဲ့ ၂၃ နှစ်ကျော် ကာလတွေ အတွင်းမှာ ABSDF တစ်ခုလုံးမှာ ကျဆုံး ၆၂၉ ယောက်၊ ဒဏ်ရာရ ၄၀၂ စုစုပေါင်း ၁၀၃၁ ယောက်ရှိခဲ့တယ်။ ကျွန်တော်တို့ တပ်ရင်း ၂၀၃ တစ်ခုထဲမှာတင် ကျဆုံး ၅၀ ကျော်လောက်ရှိတယ်။ တောခိုခဲ့တဲ့ ABSDF ရဲဘော် တွေအားလုံးလိုလိုမှာ ဒီအခက်ခဲတွေ ဖြတ်ခဲ့ရတယ်။
ABSDF ဟာ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့အတွက် သူ့ဖွဲ့စည်းပုံရော အမိန့်စည်းဆင်းမှုက စစ်တပ်ပုံစံပဲ။ ကျွန်တော်တို့မှာ လဝ (လျှို့ ဝှက်) စည်းမျဉ်း ဥပဒေတွေရှိတော့ အဖွဲ့အစည်း ကိစ္စတော်တော်များများကို ဗဟိုကော်မတီဝင် မဟုတ်တဲ့ ကျွန်တော်တို့လို အောက် ချေရဲဘော်တွေ မသိကြဘူး။ ဗဟိုကော်မတီဝင်ထဲမှာတောင် ဦးဆောင်ကော်မတီဝင်လောက်ပဲ အရေးကြီးတဲ့ ကိစ္စတွေ သိခွင့်ရ တယ်။ ဥပမာ DNA ဖက်ခြမ်း ကချင်ကိစ္စမှာ သူလျှိုလို့စွတ်စွဲပြီး သတ်ပစ်တာမျိုးတွေ၊ MTZ ဖက်ခြမ်းက ကိုဌေးနိုင်ကို စပိုင်အဖြစ်နဲ့ ဖမ်းပြီးချုပ်ထားတဲ့ ကိစ္စတွေ ဆိုတာ ABSDF မှာ ရှိစဉ်အခါက ခပ်ရေးရေးပဲ သိခဲ့ရတာ။ တောင်ပိုင်းရဲဘော် အများစုက ဗဟိုနဲ့ ဝေး တာကြောင့်လဲပါတယ်။ ABSDF အတွင်းရေးတွေဆိုတာ တပ်ထဲမှာ ရှိစဉ်ကထက် အပြင်ရောက်မှ ပိုသိခဲ့ရတာ။ အခက်အခဲတွေ ပြဿနာတွေ ရှိပေမယ့် ABSDF မှာရှိခဲ့တဲ့ ၄ နှစ်အချိန်မှာ ဘယ်တုန်းကမှ “လာခဲ့မိတာမှားလေခြင်း” လို့ တစ်ခါမှ နောင်တမရခဲ့ဖူး ဘူး။ ကျွန်တော့်ဘဝမှာ တွေးပြီးကျေနပ်ခဲ့တဲ့ အချိန်တွေထဲမှာ အဲဒီတုန်းက အခိုက်အတန့်တွေလည်းပါတယ်။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံရပ်နိုင်ခဲ့တဲ့ အဓိက အကြောင်းတစ်ခုက ကိုယ်နဲ့အတူ ရုန်းကန်ခဲ့တဲ့ ရဲဘော်တွေကြောင့်ဘဲ။ နောက်ပိုင်းလေ့လာရင်းနဲ့ သိလာတာက တစ်ခြားစစ်ပွဲတွေကို သုတေသနပြုထားတဲ့ ကျမ်းတွေမှာ ရှင်းပြတာခဲ့တာရှိတယ်။ စစ်သားတွေ စစ်တိုက်ကြတဲ့ အခါ မှာ သူတို့အတွက် အဓိကအရေးအကြီးဆုံးက အယူဝါဒတို့ ခေါင်းဆောင်တို့ အဖွဲ့အစည်းတို့ထက် သူ့တို့ဘေးက ရဲဘော်ရဲဖက်တွေ က ပိုအဓိကကျတယ်လို့ ဆိုတယ်။ ကိုယ်နဲ့ဒိုးတူဘောင်ဖက် နေခဲ့တဲ့ရဲဘော်တွေက ကိုယ့်ရဲ့ခွန်အားလိုဖြစ်လာတယ်။ နောက်တစ် ခုက တောထဲမှာရှိနေတုန်းက ကိုယ့်ကိုယ်ကိုယ် တော်လှန်ရေးသမားကြီးဆိုတဲ့ သတ်မှတ်ချက်နဲ့ တိုင်းပြည်ကို ကယ်တင်ဖို့ ငါတို့ တော်လှန်ရေး လုပ်နေတာဆိုပြီး ကျေနပ်နေခဲ့တာပဲ။
နောက်တစ်ခု သတိထားမိတာက တောထဲမှာနေခဲ့စဉ် တောက်လျှောက်မှာ ကျွန်တော်အပါအဝင် ကျွန်တော်တို့ ရဲဘော်တွေကြားမှာ မဆွေးနွေးဖြစ်တာ ၂ ခု ရှိတယ်။ တစ်ခုက ကျွန်တော်တို့ရဲ့ အနာဂတ်အကြောင်း။ ကျွန်တော်တို့ ဘဝမှာ ဘာဖြစ်ဖို့ ရည်မှန်းချက် ရှိ တယ်တို့၊ နောက် ၁၀ နှစ် နှစ်၂၀ မှာ တို့ဘဝ ဘာဖြစ်လာမယ်တို့ဆိုတာ မပြောကြဘူး။ နောက်တစ်ခုက ကျွှန်တော်တို့ရဲ့ မိဘတွေကို ဘယ်လိုလွမ်းတယ်ဆိုတဲ့အကြောင်း အချင်းချင်း ပြောကိုမပြောကြတာ။ ပုထုဇဉ်လူသားပီပီ ဘဝမှာ ဖြစ်ချင်တာတွေ မရှိလို့လဲ မ ဟုတ်ဘူး။ ကိုယ့်ရဲ့မိဘကို သတိမရလို့ မချစ်လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီအကြောင်းတွေ စဉ်းစားလိုက်ယင် ကိုယ်ခံနေရတဲ့ဒုက္ခတွေ ရင်ဆိုင်ဖို့အားပျော့ သွားမှာမို့ ကျွှန်တော်တို့ရဲ့ မသိစိတ်ထဲက အလိုအလျှောက် ဒါတွေမစဉ်းစားမိအောင် ကန့်လန့်ကာချထားတာလို့ နောက်တော့ပြန်တွေးမိတယ်။
ABSDF မှာက နိုင်ငံတကာဆက်ဆံရေး လိုအပ်ချက်တွေအရ အင်္ဂလိပ်စကားရေးနိုင်ပြောနိုင်တဲ့  သူတွေကို ဘန်ကောက်နဲ့ အခြားနေ ရာက မြို့ပေါ်ရုံးတွေမှာ တာဝန်ပေးလေ့ရှိတယ်။ ကျွန်တော်ကတော့ တောထဲနေရတာ သဘောကျတယ်။ တစ်ခါတစ်လေ တပ် ထောက်တာဝန်နဲ့ ထိုင်းမှာ ရိက္ခာ စစ်လက်နက်ပစ္စည်း သွားဝယ်တာကလွဲယင် ဒီ ၄ နှစ်လုံးလုံး အများစုက တနင်္သာရီရိုးမမှာပဲ အချိန်ကုန်ခဲ့တာများတယ်။ ထိုင်းနိုင်ငံက ကျွန်တော်တို့လက်နက်ကိုင် အဖွဲ့တွေရဲ့ ထောက်ပံ့ရေး ကြောရိုး။ ဆန်ကအစ လက်နက်ခဲ ယမ်းအဆုံး ထိုင်းကဝယ်ရတော့ ထိုင်းထောက်လှမ်းရေး ရဲတပ်ဖွဲ့တွေကိုလည်း ခဏခဏ လဒ်ထိုးရတယ်။ ထိုင်းစစ်တပ်နဲ့ ထိုင်း ထောက်လှမ်းရေးပေါင်းပြီး လက်နက်မှောင်ခိုသယ်ပြီး မြန်မာပြည်ထဲက လက်နက်ကိုင်အဖွဲ့တွေကို ရောင်းတယ်။ ထိုင်းအစိုးရရဲ့ ပေါ်လစီထက်စာယင် ဒါကသူတို့အတွက် ကြားပေါက်ရှာတာပဲ။ ထိုင်းဘက်ကိုလည်း သွားရလွယ်တော့ တောထဲမှာ လက်နက်ကိုင် ဘဝနဲ့ ဆက်မနေချင်တဲ့ ရဲဘော်တချို့လည်း ထိုင်းနယ်ထဲ ဝင်ပြေးပြီး ဘန်ကောက်ထွက်သွား ကြသူတွေလည်း မနဲဘူး။
ABSDF တပ်ရင်းတော်တော်များများက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေထဲမှာ ခိုလုံရတာဆိုတော့ သူတို့ရဲ့ အကန့်အ သတ်ထဲမှာ နေခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ တောင်ပိုင်းက တပ်ရင်း ၂၀၁၊ ၁၀၂ နဲ့ ၂၀၃ ကတော့ ၁၉၉၃ ခု နှစ်လည်လောက် ကစပြီး တနင်္သာရီရိုးမက မွန်တပ်နဲ့ KNU လက်အောက်ခံ မွတ်ဆလင်တပ် နှစ်ခုကြားက နေရာကိုဝင်ယူပြီး ABSDF ကိုယ်ပိုင်နယ် မြေဆိုပြီး သတ်မှတ်လိုက်တယ်။ ကိုယ့်နယ်နဲ့ကိုယ်ဆိုတော့ လွတ်လွတ်လပ်လပ်ရှိလာတယ်။ အမဲသားငါး ရှာရတာလည်း လွယ် လာတယ်။ သစ်လာခုတ်တဲ့သူတွေဆီက အခွန်အကောက်ရတယ်။ ABSDF ရဲ့ခြေကုပ်ရလာတဲ့ နေရာဖြစ်လို့ KNU က ABSDF ခေါင်း ဆောင်တစ်ချို့ကို ယာယီ ထိမ်းသိမ်းခဲ့ပြီးတဲ့နောက်ပိုင်း ၁၉၉၄ လောက်မှာ ABSDF ဗဟိုလုပ်ငန်းနဲ့ ခေါင်းဆောင်တစ်ချို့ တောင် ပိုင်း ရွေ့လာခဲ့တယ်။ အဲဒီ အချိန်မှာ တောင်ပိုင်းတပ် အများစုကလည်း နောက်တန်းရောက်နေတော့ ဗဟိုက တာဝန်ပေးချက်အရ ကျွန်တော်နဲ့အတူ လာကူပေးနေတဲ့ သြစတေးရီးယားနိုင်ငံသား စစ်သားတစ်ယောက် အတူတွဲပြီး ၁၉၉၅ အတွင်းမှာ စစ်သင်တန်း ပေးတာတွေ လုပ်နေခဲ့တယ်။ တစ်ချို့နိုင်ငံခြားသားတွေက သူတို့နိုင်ငံမှာ အဲဒီအချိန်က စစ်ပွဲတွေမရှိတော့ အတွေ့အကြုံရ အောင် ဆိုပြီး မြန်မာပြည်က သူပုန်တွေနဲ့ လာတိုက်ကူနေသူတွေ ရှိတယ်။ တစ်ချို့ကလည်း ခရစ်ယာမ် လက်ယာဂိုဏ်းဝင်တွေဖြစ်ပြီး မြန်မာအစိုးရက ခရစ်ယာမ်ဘာသာဝင်တွေကို နိုပ်ကွပ်တယ်ဆိုပြီးတော့ KNU၊ KIO စတဲ့ အဖွဲ့တွေဘက်မှာ တိုက်ကူနေသူတွေလဲ ဒီနေ့အထိရှိတယ်။ သြစတေးရီးယား သူငယ်ချင်းနဲ့ အတူပါလာတဲ့ ဗီယက်နမ်စစ်ပွဲ အကြောင်းတို့ လက်နက်ကိုင်ပုန်ကန်မှုကို အစိုးရ တွေ ချေမှုန်းတဲ့ နည်းဗျူဟာနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ဖတ်ရတဲ့အခါ ကျွတော်တို့နားလည်တဲ့ မော်စီတုန်းရေးခဲ့တဲ့ ရေရှည်စစ် မဟာဗျူဟာ အပေါ်မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့တယ်။
(၄ ပိုင်းခွဲရေးထားတဲ့ ဆောင်းပါး ပါ။ နောက်၃ပိုင်းကို Voice Weekly က ဆက်ဖော်ပြသွားမှာပါ။)
by Min Zaw Oo on Monday, October 15, 2012 at 1:47pm ·
၂၁နှစ်ခရီးရဲ့ အိမ်အပြန် အမှတ်တရများ (၁)
ဒေါက်တာမင်းဇော်ဦး (Voice Weekly October 13th, 2012)
ဒေါက်တာမင်းဇော်ဦး (Voice Weekly October 13th, 2012)
No comments:
Post a Comment