မြန်မာ့အမျိုးသမီး အယ်ဒီတာများ



မြန်မာ့အမျိုးသမီး အယ်ဒီတာများ
လေးကိုတင် 


၁။ မြန်မာစာပေလောက၏ ၂၀ ရာစု ¼ သက္ကရာဇ်ကာလများတွင် ထွက်ပေါ်လာသော သတင်းစာများသည် များသောအားဖြင့် တစ်ပတ်တစ်ကြိမ်ထုတ်အနေဖြင့် ထုတ်ဝေခဲ့ရာ Weakly ဟူ၍ အင်္ဂလိပ်စာလုံးများ တွေ့ရပါသည်။ ယခုခေတ် တစ်ပတ်တစ်ကြိမ်ထုတ် ဂျာနယ်များပမာ ထုတ်ဝေခဲ့ခြင်ဖြစ်သည်။ ၁၈၃၆ ခုနှစ်တွင် မော်လမြိုင်မြို့မှ အယ်ဒီတာ အမေရိကန်သာသနာပြု ဆရာကြီး "စီဗင်းနက်" (Rev Cephas Bennett) "မော်လမြိုင်ခရော်နီကယ်" (The Moulmain Chronicle) ဆိုသည့် အင်္ဂလိပ်သတင်းစာသည် ပထမဦးဆုံး သတင်းစာဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်ဝေခဲ့သည်။
          အင်္ဂလိပ်- မြန်မာ တတိယစစ်ပွဲအပြီးတွင် ရန်ကုန်မြို့၌ သတင်းစာထုတ်ဝေမှုများ အခြေစိုက်ခဲ့ရာ ပထမဦးဆုံး ထုတ်ဝေသော "ရန်ကုန် ခရော်နီကယ်" (Rangoon Chronicle) သတင်းစာသည်လည်း တစ်ပတ်နှစ်ကြိမ် (ဗုဒ္ဓဟူး၊ စနေနေ့တိုင်း) ထုတ်ဝေခဲ့သည်။ နောက်ပဲခူးဝေဇက်၊ ရန်ကုန်တိုင်း၊ ရန်ကုန်ဝေဇက်တို့လည်း ထို့အတူပင်ဖြစ်သည်။ နောက်မြန်မာသတင်းစာများ ရှိသေးသည်။ ၁၈၄၂ ခုနှစ်တွင် ခရစ်ယန်နှစ်ခြင်း သာသနာပြုအဖွဲ့က "ဆာထူဝေါ" (ခေါ်) "မိုးသောက်ကြယ်" (The Morning Star) သတင်းစာကို ကရင်ဘာသာဖြင့် ထုတ်ဝေခဲ့ရာ ထိုအဖွဲ့ကပင် "ဓမ္မသိသတင်း" (The Religions Herald) ကို ၁၈၄၃ ခုနှစ်တွင် မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့သဖြင့် မြန်မာသတင်းစာများတွင် အစောဆုံး သတင်းစာဖြစ်ပါသည်။
          ယင်းသတင်းစာသည် ဘာသာရေးရာများ အထူးပြုရေးသားသော်လည်း မြန်မာ့အရေး၊ ကမ္ဘာအရေးများ ပါဝင်လာသည်။ (ဥပမာ) "ဒေါက်တာဂျပ်ဆင်" ဆရာယုဒသန်နှင့် တပည့်များ ရေးသားပေးပို့သော "အင်္ဂလိပ်မင်းနှင့် ဗြဟ္မာမင်းတို့ စစ်တိုက်သည့်အကြောင်း" (The War With Burmah) သတင်း။
          နောက် "မြန်မာသံတော်ဆင့်" (The Burmah Herald)၊ စနေနေ့တိုင်း ထုတ်ဝေခဲ့သည်။ မြန်မာဂေဇက်၊ လောကီသုတပညာ (The Modern Knowledge)၊ ရတနာပုံနေပြည်တော်သတင်းစာ၊ ဟံသာဝတီ၊ မဟာဗောဓိ၊ သူရိယ (The sun)၊ သတင်းစာများသည်လည်း တစ်ပတ်တစ်ကြိမ် နှစ်ကြိမ်ထုတ်များဖြစ်သည်။ (သူရိယသတင်းစာသည် ၁၉၁၅ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှစ၍ နေ့စဉ်ထုတ် သတင်းစာဖြစ်လာသည်။ မြန်မာအလင်းသတင်းစာ (The New Light of Barmah) သည်လည်း ၁၉၁၉ ခုနှစ်၊ မေလ (၁) ရက်နေ့မှ စ၍ နေစဉ်ထုတ်သတင်းစာဖြစ်ပါသည်။)
          ထိုခေတ် ထိုအခါက နေ့စဉ်ထုတ်၊ တစ်ပတ်တစ်ကြိမ်ထုတ်၊ တစ်လတစ်ကြိမ်ထုတ်စာစောင်များကို အများနားလည်စေရန် "သတင်းစာ" ဟု ဝေဟာရမှာ အတည်ဖြစ်နေပါသည်။ မဂ္ဂဇင်းဖြစ်စေ၊ ဂျာနယ်ဖြစ်စေ "သတင်းစာ" ပင် ဖြစ်နေသည်။ ပိဋကတ်သတင်းစာ၊ ဗန္ဓုလ၊ ဒီးဒုတ်၊ ဇေယျဂျာနယ်များကိုလည်း သတင်းစာ စသည်ဖြင့် ခေါ်ဝေါ်ကြပါသည်။
          ဂျာနယ်ဟူသော ဝေါဟာရသည် "ရွှေဥဒေါင်း" ၏ "မြန်မာ့ဗျူဟာဂျာနယ်" စတင်ထုတ်ဝေသော ၁၉၁၉ ခုနှစ်မှစ၍ ပေါ်ပေါက်လာသော်လည်း အကြောင်းအရာအရ ရောထွေးနေပါသဖြင့်၍ မရသေး။ ၁၉၃၅ ခုနှစ်လောက်မှ စ၍ ကွဲပြားခြားနားလာပါသည်။
၁။
မြန်မာအမျိုးသမီးသတင်းစာဆရာများသည် သတင်းစာများထုတ်ဝေရာ တစ်ပတ်တစ်ကြိမ်သာဖြစ်ပြီး ဒေါ်ဖွားရှင် "သာယာဝတီသတင်းစာ" အား The harrawaddy Records ဟူ၍လည်းကောင်း၊ ဒေါ်စန်းက "အင်ဒီပင်းဒင့်သတင်းစာ" အား Independent Weakly ဟူ၍လည်းကောင်း ခေါ်ဝေါ်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ပြီးသည့်နောက် ဒေါ်မမခင်နှင့် ခင်ပွန်းဦးထွန်းညိုတို့ ထုတ်ဝေသော "ဘားမားထရီဗြွန်းဝစ်ကလီ (The Burma Tribune Weakly) သတင်းစာအထိ ခေါ်ဝေါ်ခဲ့သည်။"
          ထိုအထဲတွင် "သခင်မ မခင်ခင်" ထုတ်ဝေသည့် "ဒေါင်းသတင်းစဉ် သတင်းစာရွက် ပေါ်ပေါက်လာပါသည်။ ၁၉၃၃ ခုနှစ်တွင် စတင်ထုတ်ဝေပြီး အယ်ဒီတာ သခင်မ မခင်ခင်၊ တစ်ပတ်တစ်ကြိမ်၊ စနေနေ့တိုင်းထုတ်ဝေရာ တစ်စောင် (၂) ပဲနှုန်းဖြင့် ရောင်းချပါသည်။ တို့ဗမာကော်မာရှယ်ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ပြီး တို့ဗမာအစည်းအရုံးမှ သခင်၊ သခင်မများ ဝင်ရောက် ရေးသားခဲ့သည်။ သူရိယသတင်းစာကပင် ချီးကျူးခဲ့ရသည်။ နိုင်ငံရေးဦးတည်ချက်ဖြင့် ထုတ်ဝေသော အမျိုးသမီးအယ်ဒီတာ သခင်မတစ်ဦး၏ တည်းဖြတ်စီစဉ်သော ဒေါင်းသတင်းစဉ် စာဖတ်ပရိတ်သတ်နှစ်ခြိုက်သော နိုင်ငံရေး သတင်းစာဖြစ်ပါသည်။
          အထူးသဖြင့် ၁၉၃၈ နှစ်ပြည့်အလွန် နိုင်ငံရေး ဒီရေတက်စအချိန်၊ ဂျီစီဘီအေ၊ ၂၁ ဦး၊ ဓားမ၊ ဂဠုန်၊ ကိုယ့်မင်းကိုယ့်ချင်း၊ တို့ဗမာအစည်းအရုံး အစရှိသော အသင်းအဖွဲ့များ ဖွံ့ဖြိုးလာစအချိန်၊ ထိုအချိန်ကာလများဖြစ်၍ သခင်မ မခင်ခင်သည် နိုင်ငံရေးရာ သတင်းများကို ဇောင်းပေးဖော်ပြခဲ့သည်။ (ဥပမာ) "မြင်းခြံ တို့ဗမာကွန်ဖရင့်သတင်း၊ ၉၁ ဌာနအုပ်ချုပ်ရေးသစ်သတင်းများ"။
          ၁၉၃၆ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့ထုတ် သတင်းစာတွင် အယ်ဒီတာအာဘော်ဖြစ်သော "တကယ့်လွတ်လပ်ရေး" နှင့် "အုပ်ချုပ်ရေးသစ်ကို ဖျက်ဆီးကြလော့" ဆောင်းပါးကြောင့် အင်္ဂလိပ်အစိုးရ၏ သတင်းပေးခြင်းခံရပါသည်။ အခြား "သခင်မ ခင်သန်းနွယ်" ၏ "သခင်နိုင်ငံရေးနှင့် ကျွန်နိုင်ငံရေး" ရေနံချောင်းမြို့မှ "သခင်မ ခင်ခင်ထွေး" ၏ "မဲဆန္ဒရှင်တို့ အရင်လိုနေချင်သလား၊ သခင်လိုနေချင်သလား" ဆောင်းပါးများသည် ရဲရဲတောက် သခင်မများ၏ ဆောင်းပါးများ ဖြစ်ပါသည်။ ထို့ပြင်တဝ ၁၉၃၆ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့ထုတ် သတင်းစာတွင် သခင်မတစ်ဦး၏ "ငါတို့ရှိခိုးခြင်း" ဆောင်းပါးတွင် အရှင်ဦးဝိစာရပုံနှင့်တကွ အာဇာနည်ရဟန်းအကြောင်းများ ရေးသားရာ၌ ပြည်ပိုင် အင်္ဂလိပ်အစိုးရအား ထိုခိုက်စေသဖြင့် ဒုတိယအကြိမ် အင်္ဂလိပ်အစိုးရ၏ သတိပေးခြင်းခံရသည်။
          ဤသို့သော တို့ဗမာအသင်းများ၏ သတင်းဆောင်းပါးများသည် သာယာဝတီ သတင်းစာ၊ ကုမ္မာရီသတင်းစာ၊ အင်ဒီပင်းဒင့်သတင်းစာတို့နှင့်အတူ ရဲရင့်စွာ ရေးသားခဲ့သည်။ သခင်မျိုးဟေ့ တို့ဗမာ၊ မြန်မာစာသည်တို့စာ၊ ဗမာပြည်သည် တို့ပြည်ဆိုသော အမျိုးသားရေး အရှိန်အဟုန် ကြီးမားပြင်းထန်လာသော အချိန်ကာလတွင် ထူးခြားသော သမိုင်းဝင်ဆောင်းပါးများဖြစ်ပါသည်။
          နောက် သခင်သီချင်းများ၊ သတင်းလွှာများနှင့်အတူ ဖိုးတောင်သူဒဲ့ဒိုးနီကာ၊ သခင်ကိုယ်တော်မှိုင်း၏ တို့ဗမာကွန်ဖရင့်ဘွဲ့ မဟာလေးချိုးကြီးကဗျာ၊ မြန်မာစာနှင့် ပတ်သက်သော ဟောပြောချက်များအပြင် "ဒေါက်တာမချစ်တင်" ၏ ကျန်းမာရေးဆောင်းပါးများ (ဥပမာ) "ကိုယ်ဝန်ဆောင်မိန်းမများနှင့် ကြိုတင်ဆောင်ရွက်ရမည့် တာဝန်" ဆောင်းပါးများလည်း အမျိုးသမီးရေးရာကဏ္ဍများလည်း ပါဝင်ခဲ့သည်။
          ထိုအချိန်မှာပင် ၁၈၃၇ ခုနှစ်၊ နိုင်ဝင်ဘာလ (၄) ရက်နေ့တွင် နဂါးနီစာအုပ်အသင်း ထူထောင်ခဲ့သည်။ တို့ဗမာသခင်အစည်းအရုံးမှ သခင်လူငယ်၊ ကျောင်းသားများ ပါဝင်ခဲ့သည်။ တိုးတက်သော နိုင်ငံရေးအသိအမြင်များ ပွင့်လင်းမြင်သာလာသော ယင်း.. အသင်းမှ အမျိုးသားရေးစိတ်ဓာတ်နိုးကြားစေသော စာအုပ်စာတမ်းများ၊ ထုတ်ဝေခဲ့သည်။ "ဦးဘနိုင်" ၏ "မြန်မာပြည်နိုင်ငံရေးရာဇဝင်" အပါအဝင် ပင်ကိုရေးသမိုင်းစာအုပ်များ "မောင်စိုး" ၏ "ဆိုရှယ်လစ်ဝါဒ"၊ "ကိုဘဟိန်း" ၏ "ဓနရှင်လောက" အပါအဝင် မှီငြမ်းစာအုပ်များ၊ "ကိုနု" ၏ "လူမွဲတို့၏ ထွက်ရပ်လမ်း" အပါအဝင် ဘာသာပြန်စာအုပ်များ "လီနင်"၊ "ဂျိုဆေးရီဇော်" အပါအဝင် အတ္ထုပ္ပတ္တိစာအုပ်များ ထုတ်ဝေခဲ့သည်။ ၁၉၃၉ ခုနှစ်တွင်လည်း "စနေနဂါးနီ" ဂျာနယ်ထွက်ပေါ်လာပါသည်။ များသောအားဖြင့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေး၊ လွတ်လပ်ရေးလမ်းညွန် ဂျာနယ်များ ဖြစ်ပါသည်။
          သို့ရာတွင် သခင်မ မခင်ခင်သည် ၁၉၃၃ ခုနှစ်မှ ၁၉၃၇ ခုနှအထိ အမျိုးသမီးကလောင်ရှင် သခင်မများဝန်းရံပြီး ဒေါင်းသတင်းစဉ်ဆိုသော သတင်းစာ စတင်ထုတ်ဝေခဲ့သူဖြစ်ရာ၊ နဂါးနီဂျာနယ်ထက် စော၍ အမျိုးသားရေးတာများ ထမ်းဆောင်ရင်း နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေး၊ လွတ်လပ်ရေးတို့အတွက် အုပ်ချုပ်ရေးသစ် ဆန့်ကျင်ရေးနှင့် ကျွန်လိုမနေဘဲ သခင်လိုနေရေးများအတွက် အခုတ်တရပါဝင်လှုပ်ရှားခဲ့သူ ဖြစ်ပါသည်။
၃။
          အခြား "ဒေါင်းသတင်းစဉ်" ကဲ့သို့ ဒေါင်းအမည်ပါသော "ဒို့ဒေါင်းလံ" အမျိုးသမီးသတင်းစာရှိသေးသည်။ ၁၉၄၂ ခုနှစ် မတ်လတွင် စတင်ထုတ်ဝေရာ အယ်ဒီတာ ဒေါ်ဒေါ်လှ၊ ပိုင်ရှင် ဒေါ်အမာတို့ ဦးစီးဦးဆောင်ပြု၍၊ တစ်စောင် (၁) ပဲနှုန်းဖြင့် ဖြန့်ချီသည်။ ထူးထူးခြားခြားအနေဖြင့် ပြောလျှင် အင်္ဂလိပ်- မြန်မာနှစ်ဘာသာထုတ်ဝေခြင်းဖြစ်သည်။ သတင်းစာတိုက်အဖြစ် သူနာပြုဗိုလ်ချုပ် "ဦးဘနှင်း" လည်း ပါဝင်ရာ ဒုတိယကမ္ဘာစစ်မဖြစ်မီကလေး၊ အင်္ဂလန်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ စစ်ပွဲစနေသော အချိန်ဖြစ်၍ ဒို့ဒေါင်းလံသတင်းစာတွင် ဂျာမနီအား နာဇီများအဖြစ်နှင့် ဂျပန်တို့အား ဖက်ဆစ်များအဖြစ် ရှုတ်ချရေးသားပြပါသည်။
          ဒုတိယကမ္ဘာစစ်အတွင်း ဝင်ရိုးစွန်းနိုင်ငံလုံး နိုင်ငံအပေါ် သဘောထားများနှင့် အင်္ဂလိပ်နှင့် မဟာမိတ်များအပေါ် သဘောထားများ ကွဲလွဲနေသော သခင်လူငယ်များနှင့် နိုင်ငံရေးသမားကြီးများကြားဝယ် ဒို့ဒေါင်းလံသတင်းစာသည် အင်္ဂလိပ်အစိုးရ၏ ဝါဒဖြန့်အသံများ ထည့်သွင်း ရေးသားခဲ့သည်။ သို့ရာတွင် (အရေါ်ရှိက တိုင်းပြည်အာဏာပိုင်များနှင့် ပြည်သူများ လက်တွဲ အကူအညီရယူရေးသည်သာ ဆင်းရဲသားပြည်သူလူထုအဖို့ အမှန်ဆုံးသော အကျိုးရရှိမှု့ဖြစ်ကြောင်းပါရှိသည်ဟု "သင်္ခါ" က သုံးသပ်ရင်း (သတင်းစာမှတ်တမ်းတွင် မှတ်တိုင်တစ်တိုင်အဖြစ် မမေ့သင့်သော သတင်းစာဟုလည်း မှတ်တမ်းတင်ပါသည်။)
          ဒုတိယကမ္ဘာစစ်အဖြစ်မီ အမျိုးသမီးသတင်းစာ ဆရာမများ၏ နောက်ဆုံးသတင်းစာဖြစ်ပါသည်။ သတင်းစာလောကတွင် "ဆဌမပြည်သူ့တပ်ဖွဲ့" ဟူ၍ပင် နာမည်ရပါသည်။ သတင်းစာရည်ရွယ်ချက်များမှာ မြန်မာပြည်သူပြည်သားများ သတင်းမှန် ရရှိရေး၊ တီးတိုးဝါဒဖြန့်စကားများ နားမထောင်ရေး၊ ပြည်တွင်း ပဉ္စမံသူလျှိုများကို ချေမှုန်းရေးများဖြစ်သည်။ ယင်းသတင်းစာသည် မန္တလေးမြို့ဝန်ရပ်တိုင်းချစ် ပုံနှိပ်တိုက်မှ ထုတ်ဝေလာရာ အထက်ဗမာပြည်သတင်းစာ သမိုင်းတွင် "သတင်းစာများသည် သမိုင်းကိုပြောနေကြသည်" ဆိုသော "လူထုဦးလှ" ၏ မှတ်တမ်းတင်စာအုပ်၌ ဧကန်မလွှဲမှတ်တမ်းတင်ရမည်ဖြစ်ပါသည်။

လေးကိုတင်
ပေဖူးလွှာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။ 


No comments: