ဗြိတိသျှစပစ်ဖိုင်းယားတွေပြန်ပေးရင် ပတ္တမြားငမောက်နဲ့ နန်းစဉ်ရတနာတွေ ပြန်တောင်းပေးနိုင်မလား


ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း အစိတ်အပိုင်းလိုက် မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို ပြန်လိုချင်ပါသတဲ့။ အခုမှသတင်းထုတ်ပြန်လိုက်တော့ အံများတောင်သြပါရဲ့။ လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က တည်းက ရှာဖွေနေခဲ့ပါသတဲ့။ အခု မြှုပ်နှံခဲ့တဲ့ စစ်သားဟောင်းတွေရဲ့ မှတ်တမ်းမှတ်ရာတွေနဲ့ apple ရဲ့ နည်းပညာတွေပေါင်းစပ်ရှာဖွေမှုနဲ့ လေယာဉ်းအစင်း ၂၀ ကျော်ကို ပြန်တူးပြီး အကောင်းတိုင်း ပြန်ယူတော့ မယ်တဲ့။

ကျွန်တော်တို့သဘောကတော့ မပေးရဘူး။ ဘာကြောင့်လဲ။ ဒီလေယာဉ်တွေဟာ ဗြိတိသျှသမိုင်းတင် မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံသမိုင်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမြေအောက်မှာ နှစ်ပေါင်း ၇၀ ကျော် အိပ်စက်နေခဲ့တာပါ။ ကျွန်တော်တို့လည်း ပိုင်တယ်။ ဒီလေယာဉ်တွေကို တူးဖော်ခွင့်ပေးခဲ့မယ်ဆိုရင်
နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ခိုင်မာစေမှာလို့ ဒေးဗစ်ကင်မရွှန်းကပြောတယ်။ ဟုတ်ပြီ။ ဒီလေယာဉ်အစင်း၂၀ ပြန်ပေးမှ ဆက်ဆံရေးကောင်းမွန်မှာလား။ ဒါဆိုရင် ဘဲစားဘဲခြေလေး ကစားကြည့်ရအောင်။ ကျွန်တော်တို့ ဆီက သမသွားတဲ့ ပတ္တမြားငမောက်ကြီး ဘယ်ရောက်နေတုန်း။ ကိုင်း... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား။


၁။ သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
၂။ ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေးဟု ခေါ်သော ပတ္တမြား။
၃။ သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီးဟုခေါ်သော ပတ္တမြား။
၎။ အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော်ဟုခေါ်သော ပတ္တမြား။
၅။ အလေးချိန် ဆယ်ရတီရှိ ဆင်မတော်ဟုခေါ်သော ပတ္တမြား။
၆။ စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော်ဟုခေါ်သော ပတ္တမြား။
ပြီးတော့ သူတို့ပြတိုက်ထဲက စစ်သူကြီး မဟာဗန္ဓုလရဲ့ သံချပ်ကာ ဝတ်စုံကြီးကို ရောပြန်ပေးနိုင်မလား။
ဧကရီဘုရင်မကြီးကို ပေးပို့သည့်ပစ္စည်းတွေထဲက သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံးနှင့် ရွှေဘီး တစ်ချောင်း။

ဒါတွေဟာ နှစ်ဦးနှစ်ဘက်လုံးမနစ်နာတဲ့ တောင်းဆိုမှူပဲဖြစ်ပါတယ်။ ဒီသရဖူဟာ သီပေါမင်းဆီက သရဖူ ဖြစ်နိုင်ပါတယ်။

ပြီးတော့ ဗြိတိသျှပြတိုက်တွေထဲက မြန်မာ့ယဉ်ကျေးမှု အနုပညာပစ္စည်းတွေ ပြန်ပေးမလား။ ကျွန်တော်တို့ အစိုးရကရော ပြန်တောင်းပေးမလား။ အခုဗြိတိသျှ ဘုရင်မကြီးခေါင်းက သရဖူက ဘာနဲ့လုပ်ထားတယ် ထင်လဲ။ ကျွန်တော်တို့နိုင်ငံက နန်းစဉ်ကျောက်တွေနဲ့ လုပ်ထားတာပါ။ တန်ဖိုးလား။ ဟုတ်ကဲ့ ဗြိတိသျှနဲ့ ပြင်သစ်နှစ်နိုင်ငံက မြေတွေကို အကုန်ဝယ်လို့ရနိုင်ပါတဲ့ တန်ဖိုးတွေပါ။ ဒါတွေပြန်ပေးမလား။ စပစ်ဖိုင်းယား တွေဟာ ဗြိတိသျှရဲ့ အမျိုးသားရေးဂုဏ်တစ်ခုပါ။ တကယ်လေးစားဖွယ်ကောင်းပါတယ်။ ဒီတော့ကာ ဗြိတိသျှတွေဆီ ရောက်နေတဲ့ ကျွန်တော်တို့ နန်းစဉ်ပတ္တမြားတွေကရော တန်ဖိုးမဲ့ခဲ့ပြီလား။ ဓါးပြတိုက် ယူသွားတဲ့ ကျောက်တွေမို့ အောက်ဈေးနဲ့ပဲ ရနိုင်တာပေါ့လို့ ဖြေသိမ့်တော့မှာလား။ အဲဒီကျောက်တွေကရော ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်တစ်ခုမဟုတ်တော့ဘူးလား။ ကမ္ဘာ့ကျောက်မျက်ရတနာလောကမှာ ပတ္တမြား ငမောက်ဆိုတာ ဒဏ္ဍာရီအဆန်ဆုံး နာမည်အကြီးဆုံးပါ။ Burmese Royal Ruby လို့တသွယ် SuFaYarLatt's Ruby လို့တနည်းနဲ့ ခုချိန်ထိ နာမည်ကြီးဆဲပါ။ တသသပြောလို့မဆုံးတဲ့ ကမ္ဘာ့ကျောက်မျက်လောကရဲ့ စနိုးဝှိုက်ပုံပြင်တစ်ခုပါ။ ကိုင်း... အဲဒါနဲ့ တည့်- တည့် ပြန်ချိန်းလိုက်ရအောင်လား။ နိုင်ငံရေးစကားနဲ့ဆိုရရင် Win-Win အခြေအနေပါပဲဗျာ။

အခု ကမ္ဘာမှာ ဝေဟင်မှာ မောင်းနှင်နိုင်တဲ့ စပစ်ဖိုင်းယားဟာဆိုရင် ၃၆ စီးလို့ဆိုပေမယ့် လက်တွေ့မှာ အစီး ၃၀ သာ တကယ်မောင်းနှင်နိုင်ပါတော့တယ်။ အဲဒီ အစင်း ၃၀ ဟာလည်း တစ်စုတစ်စည်းတည်း မရှိပဲ နေရာအနှံ ပြန့်ကျဲနေပါတယ်။ ဒီတော့ကာ ကျွန်တော်တို့နိုင်ငံမှာ အစင်း ၂၀ လုံလုံး တစုတစည်းတည်း အကောင်းပတိ ရှိနေပါတယ်။ ဒီအစီး ၂၀ ကိုပြတိုက်ထဲထည့် လိုက်ရင် ကျွန်တော်တို့ နိုင်ငံခြားငွေ ဘယ်လောက်စီးဝင်လာမလဲ။ ဒါမှမဟုတ် ၁၀ စီးကိုပြတိုက်ထဲထည့် ၁၀ စီးကို အကောင်းအတိုင်းပြန်ဆင်ပြီး အပျော်တမ်းကလပ်ပုံစံ သို့မဟုတ် ကမ္ဘာလှည့်ခရီးသွားတွေ လေ့လာသူတွေအတွက် မောင်းနှင်စီးနင်းနိုင်အောင် လုပ်ထားခဲ့မယ်ဆိုရင် ?။

သူတို့ဒီလေယာဉ်တွေကို စရှာဖွေကတည်းက အခုချိန်ထိ ဒေါ်လာ နှစ်သိန်းတစ်သောင်းကျော် ကုန်ကျ ပါတယ်လို့ ပြောခဲ့တယ်။ ဟုတ်ပြီ ကျွန်တော်တို့သာဆိုလျှင် ရှာဖွေပေးခဲ့တဲ့ ဒေးဗစ်ဂျေကန်ဒယ်လ်ကို ဒေါ်လာသိန်းနှစ်ဆယ် ဆုချလိုက်ပါ့မယ်။ ဘာကြောင့်လဲ။ ဗြိတိသျှသားတွေဟာ ကျွန်တော်တို့လိုမျိုး ဇာတိ ဂုဏ်ကို သိပ်တန်ဖိုးထားသူတွေပါ။ သူတို့နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ကျွန်တော်တို့ဆီ လာကြည့် လာလေ့လာရမှာပါ။ အဲဒီတစ်ခုတည်းနဲ့တင် ကျွန်တော်တို့ မီးခိုးမထွက်တဲ့ စက်ရုံတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေဆီကနေ နိုင်ငံခြားငွေ ထိုင်ယူနေရုံပါပဲ။ ဘယ်လောက်ကြာအောင် ထိုင်ယူနေမှာလဲ။ ဒီလေယာဉ်တွေ မြန်မာနိုင်ငံမှာရှိနေသမျှနဲ့ နောင် သားစဉ်မြေးဆက်အထိ နှစ်ထောင်ပေါင်းများစွာ နိုင်ငံခြားငွေ သဲ့ယူလို့ရမဲ့ အရာတွေပါ။

သူတို့ကလည်း သူတို့နိုင်ငံရဲ့ ဂုဏ်ယူစရာ အမွေအနှစ်ကြီးတွေကို ပြန်တောင်းတယ်။ ကျွန်တော်တို့ကလည်း
ကျွန်တော်တို့နိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ယဉ်ကျေးမှုအမွေအနှစ်တွေ ပြန်တောင်းတယ်။ ကဲဒါ ရာဇဝတ်မှုလည်းမဟုတ်ဘူး။ မလုပ်ရတဲ့ စည်းမျဉ်းလည်း မဟုတ်ဘူး။ သူတို့လူမျိုးဟာကျတော့ သိတတ်ပြီး
ကျွန်တော်တို့ ဟာတွေကျတော့ ခပ်တည်တည်နဲ့ ပြတိုက်ထဲထည့်ပြီး သူတို့နိုင်ငံက လုပ်စားပြစား ဂုဏ်ယူ နေတာတော့ မဟုတ်သေးဘူးခင်ဗျ။

No comments: