နှိပ်စက်တာ မခံနိုင်လို့ စစ်ထောက်လှမ်းရေးပါလို့ ပြောလိုက်ရသူတဦး၏ လောကငရဲအကြောင်း (ကိုယ်တွေ့ကြုံ မကဒတ မြောက်ပိုင်း ရဲဘော်ဟောင်းတဦး)

ကျနော့်ကို ၁၉၉၁ ခု- နိုဝင်ဘာလလယ်မှာ SIO ထောက်လှမ်းရေးက- သံလိုင်ကတောင် (လိုင်စင်နဲ့ တဂိတ်ကျော်) လမ်းမှာ- ကျော်ထင်ဦး၊ မောင်ထွေး၊ ဖိုးနှောင်း၊ သက်နှင်းတို့က မူးမူးနဲ့- အတင်း ၀င်ဖမ်းပါတယ်။ ကျော်ထင်ဦး အဓိကပါ။ 

လက်သီးနဲ့ ထိုး- လက်မ လက်ထိပ်ခတ်ပါတယ်။ ကျနော်တို့ လိုင်စင် စခန်းဂိတ်တဲအရောက် မီးပုံက ထင်းမီးစနဲ့ မျက်နှာကို ရိုက်၊ မီးစနဲ့ ထိုးပြီး- လမ်းတောက်လျှောက် ဆဲဆိုရိုက်နှက်လာပါတယ်။ စခန်းမှူး အောင်ရဲစိုး (အရာခံဗိုလ်) က လှမ်းဟောက်လိုက်ပါတယ်။ နောက် ထောက်လှမ်းရေးတဲကို အရောက်မှာ- သားရေ နံပါတ်ဒုတ်နဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ကို ရိုက်ပြီး- မင်အိုး ၂ အိုးနဲ့ ရိုက်ခွဲပါတယ်။ ကျနော့် တကိုယ်လုံး မင်တွေကော- သွေးတွေကော ရောကုန်ပါတယ်။

နောက် စစ်ရုံး အခန်းထဲ ခေါ်သွားပြီး လက်နောက်ပြန်ကြိုးတုပ်ပြီး- ကြသောင်းဝါးအချောင်း ၂၀ လောက် ပုံထားပြီး- ခြေထောက် ၂ ချောင်းကို မေးလိုက် ရိုက်လိုက်- လုပ်လိုက်တာ ၀ါးချောင်းတွေဟာ ယင်လှန့်တဲ့ ယပ်လို ဖြစ်သွားပါတယ်။

ကျနော်က ထောက်လှမ်းရေးလို့ ၀န်မခံပါ။ ခန္ဓာကိုယ်တခုလုံးက စုတ်ပြတ်နေပါပြီ။ “နောက်ထပ် စစ်မယ်” ပြောပြီး- အချုပ်ဆောင်ကို ခေါ်သွားပါတယ်။

အချုပ် အဆောင်ဝမှာ လုံခြုံရေးတပ်စိတ်က “လကော်” လို့ခေါ်တဲ့ အ၀တ်လှော်ဒုတ်ထက် ၅ ဆလောက်ကြီးတဲ့ ဒုတ်တွေနဲ့ ဆီးရိုက်ကြပါတယ်။ ဘယ်နှစ်ချက်မှန်း မသိပါ။ “အဲ့ဒါ အချုပ်ဝင်ကြေး...” တဲ့။


အချုပ်အဆောင်ထဲရောက်တော့- တန်းစီး ဘာဘူ (ခ) ၀င်းမြင့် အပါအ၀င် ၅ ယောက်က ထောင်စည်းကမ်းတွေ ပြောလိုက်- ရိုက်လိုက်ပါပဲ။ (အဲ့ဒါက- မျိုးဝင်းတို့ သင်ပေးတဲ့ လုပ်ခိုင်းတဲ့- န၀တ ထောင်ပုံစံပေါ့။)

အချုပ်သားချင်း စိတ်မပါဘဲ ရိုက်တာဆိုပေမယ့် ကျနော်ကတော့ ပြီးရင် နာပေါ့။ [ဘာဘူ (ခ) ၀င်းမြင့် ဆိုတဲ့ ကောင်ကတော့ စိတ်ပါပုံရတယ်။ မျိုးဝင်းတို့ကြိုက်ရင် သူ အနေချောင်မယ် ယူဆသလားတော့ မသိပါ။]

ကျနော့် ပါးစပ်နဲ့ မျက်နှာတ၀ိုက်- ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေနဲ့ဆိုတော့ မငယ် (နန်းအောင်ထွေးကြည်) က “ထမင်းစားနိုင်မှာ မဟုတ်ဘူး။ ဆန်ပြုတ်တိုက်ဖို့ လုပ်ရအောင်” ဆိုပြီး ဆန်ပြုတ် ကျိုပါတယ်။ ကျနော်လည်း တပတ်လောက် ဆန်ပြုတ်သောက်ပြီး- ဒဏ်ရာ သက်သာသွားပါတယ်။

စောင်ပါးလေး တထည်ရပြီး ထိပ်တုံးခတ်ထားပါတယ်။ လက်ကို ကြိုးတုပ်ပြီး- မျက်နှာကို အ၀တ်စီးပါတယ်။ (နေ့စဉ် ရေခဲတဲ့ ဒေသမှာ စောင်တထည် ရတာဆိုတော့ စဉ်းစားသာကြည့်ပါ။)

နှစ်ပတ်အကြာမှာတော့- နောက်တကြိမ် လာခေါ်ပါတယ်။ SIO ရုံးကို တန်းခေါ်သွားပြီး- တုတ်တွေနဲ့ ရိုက်ပေမယ့်- ကျနော်က “ထောက်လှမ်းရေး” လို့ မပြောလို့- အဲ့ဒီရုံးအနားမှာရှိတဲ့ ကွင်းလေးထဲက-လက်ဝါးကပ်တိုင်မှာ ချည်ပြီး- သားရေဒုတ်နဲ့ ရိုက်လိုက်၊ ပြန်သွားလိုက် လုပ်ပါတယ်။

မနက်- ၁၁နာရီလောက်က စချည်တာပါ။ (အဲ့ဒါကို ယေရှုခရစ်နဲ့ တွေ့တယ်လို့ခေါ်ပါတယ်။) နေလှန်းပြီး မျက်နှာကို နေကို ကြည့်ခိုင်းပါတယ်။ တနေကုန် လှန်းထားပြီး ညနေ- ၅ နာရီ ကြိုးဖြေတဲ့ အချိန်မှာ ကျနော်လည်း ပျော့ခွေလဲပြိုသွားပြီး- ပါးစပ်က အမြှုပ်တွေ ထွက်တာကို- သတိမလစ် တလစ်နဲ့ သိနေပါတယ်။ (လက်တွေကို သံနဲ့ မရိုက်တာကိုပဲ ကျေးဇူးတင်မိနေတယ်။) (ကိုထွန်းအောင်ကျော် ညီလေး ကိုချိုကြီးတုန်းက လက်ဝါးကို သံချောင်းတွေ ရိုက်တာပါ။) 

"လက် မေးထောက်ထားသူမှာ သန်းဇော် (ယခု ပြည်တွင်း)"

ပြီးတာနဲ့ ကျနော့်ကို သန်းဇော် (ယခု ပြည်တွင်း) က ဆွဲခေါ်သွားပြီး- အိုင်အိုတဲထဲမှာ မီးလှုံခိုင်းထားပါတယ်၊။ မိနစ်၂၀ လောက်အကြာမှာ တယ်လီဖုန်း ၀ိုင်ယာကြိုးစကို- ပါးစပ်ထဲ လှည့်ပြီး၊ သွားနဲ့ ကိုက်ခိုင်းပြီး- လက်ကိုင်ကို ဆွဲလှည့်တော့ ကျနော့်ခေါင်း တခုလုံး ကျင်တက်သွားပြီး-ခါထွက်သွားပါတယ်။

ကျနော်က ဆွဲဖြုတ်ပစ်လိုက်ပါတယ်။ ကျနော့ကို ဒုတ်နဲ့ ထပ်ရိုက်ပြီး “ဒီတခါ ဆွဲဖြုတ်ရင်-ပလာစတာ ကပ်ထားမယ်။ မင်းကို အများကြီးညှာထားတယ်” လို့ သန်းဇော်က ပြောပါတယ်။ (သူ ညှာတာက လူကို ၀ိုင်ယာရှော့ရိုက်ပြီး- ရာဘာဒုတ်နဲ့ ရိုက်တာပါ။)

တတိယအကြိမ်မြောက် ၀ိုင်ယာကြိုးကို ပါးစပ်ထဲ ပြန်ထိုးထည့်ပြီး သွားနဲ့ ကိုက်ရပါတယ်-။ ပိုပိုပြီး ပြင်းလာတော့ ကျနော် မခံနိုင်တော့ပါဘူး။ ဆွဲဖြုတ်ပြီး “ပြောမယ်” လို့ ပြောလိုက်ပါတယ်။ “ခဏ စဉ်းစားဦးမယ်” ဆိုပြီး ကျနော်စဉ်းစားပါတယ်။ “ဘယ်လိုပြောရင် ကောင်းမလဲ-။”

“ယုတ္တိ မတန်တာကို- ပြောမယ်” ဆိုပြီး---

"ဘိုဘို(ခ)မိုးကျော်သူ"

“ဒီပြဿနာမှာ အသက် (၁၈) နှစ်နဲ့ စစ်ထောက်လှမ်းရေး- တပ်ကြပ်ကြီး ရာထူးပေးထားတဲ့-ဘိုဘို (ခ) မိုးကျော်သူဟာ ကျနော့်အထက် အရာရှိ။ ကျနော်က ရဲဘော်ပါ။” လို့ ပြောလိုက်တာကိုလည်း သူတို့ လက်ခံသွားပါတယ်။

“ဘာတွေလုပ်ခိုင်းသလဲ” တဲ့။
“အထက်အောက် မကျေနပ်မှုတွေပေါ် မူတည်ပြီး ၀င်ပါပေးရတယ်။” လို့။

ဒီလိုနဲ့- သူတို့သတ်မှတ်တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ဝင် ဖြစ်သွားပါတယ်။ ကျနော့်ထက် ရာထူးကြီးတဲ့-ဘိုဘိုက- ၁၉၇၃ ခု မွေးပြီး- အသက် ၁၈နှစ်နဲ့ ထောက်လှမ်းရေးတပ်ကြပ်ကြီး။

ဒုတ်တွေနဲ့ ရိုက်၊ လက်ဝါးကပ်တိုင်ချည်- နေလှန်း၊ လျှပ်စစ်ရှော့ရိုက်မှတော့- “ကျနော်လည်း အသက် ၂၀ နဲ့ စစ်ထောက်လှမ်းရေးပါ..” လို့ ပြောလိုက်ရပါတယ်။ မပြောဘဲ ပေခံနေရင်- ကိုယ့်ရှေ့မှာ- လက်ဖြတ် ခံရတာတွေ- စစ်ကြောရင်းနဲ့ အသက် ပေးလိုက်ရတာတွေက ရှိနေတယ်လေ။

ဟုတ်ကဲ့- ကျနော် စစ်ထောက်လှမ်းရေး ဖြစ်သွားပါတယ်။

ဝန်ခံတာ မဟုတ်ဘူးနော်။ နှိပ်စက်တာ မခံနိုင်လို့ ပြောလိုက်တာ။

(၀န်ခံတယ်ဆိုတာ ဟုတ်တာကို လက်ခံတာ။)

“ကိုယ်တေ့ကြုံ မကဒတ မြောက်ပိုင်း ရဲဘော်ဟောင်းတဦး။”

No comments: