ပါးစပ်တွေနဲ့ နားတွေနဲ့

မနေ့က ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီအချို့နဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် အိုဟေးကင်တားနားတို့ တွေ့ဆုံ ပွဲမှာ “လက်ရှိ အစိုးရအနေနဲ့ ထောင်ထဲကလူတွေ ပြန်ထွက်လာရင် ရရှိနေတဲ့ တည်ငြိမ် အေးချမ်းမှုတွေ ပျက်ပြားသွားမှာ စိုးရိမ်စိတ် အမှန်ဘဲ ရှိနေပုံရတယ်။ ခင်ဗျားတို့က အဲဒါကို အာမခံ ပေးလိုက်ပေါ့” လို့ သူ့ကို ပြောပြတယ်လို့ ဦးသုဝေနဲ့ ရေဒီယို မီဒီယာတစ်ခု အင်တာဗျူးမှာ ကြားလိုက်ရပါတယ်။

ဒီ “ပွိုင့်” ကို ကင်တားနားနဲ့ NLD အပါအ၀င် ပါတီတွေ စကား မပြောကြခင် ကတည်းက ကျွန်တော် ကြားဖူးပြီး သား ဖြစ်ပါတယ်။ သိပ်တော့ မကြာသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ နှစ်ယောက် တည်း စကားပြောကြတဲ့ အခါ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကိစ္စ ပါမပါ ရှင်းရှင်းပြတ်ပြတ် မသိရပေမယ့် ဒေါ်စုဘက်က ဒီကိစ္စကို ပြောပြလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒေါ်စု လွတ်မြောက်ရေးကို အခု ထောင်ထဲ ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အဖမ်းမခံရခင်တုန်းက တစိုက်မတ်မတ် တောင်းဆိုလာ ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့ လွတ်မြောက်ရေးအတွက် သေချာပေါက် ထည့်ပြောခဲ့လိမ့် မယ်လို့ ပြောနိုင်တာပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့ မြန်မာစကားရှိပါတယ်။

နိုင်ငံတော်သမ္မတက ဒေါ်အောင်ဆန်းစုကြည် အာမခံရင် ပြန်လွှတ်ပေးမယ်လို့ ပြန်များပြောခဲ့ရင် ဆိုတဲ့ အတွေး တစ်ခုလည်း စဉ်းစားမိပါတယ်။ ကျွန်တော်တို့လည်း ဒီအပေါ်မှာ ဦးနှောက် မုန်တိုင်းဆင် ကြည့်ကြဖို့ ကောင်းပါ တယ်။ ထောင်ထဲကသူတွေ အပြင် အမြန်ပြန်ရောက်ရေးဟာ အတိုက်အခံ အတွက်ရော အစိုးရအတွက်ရော ကာယကံရှင်တွေ အတွက်ရော အခုအချိန်မှာ ရှုထောင့်တစ်မျိုးစီက အရေးတကြီး ကိစ္စဖြစ်သလို ကျွန်တော်တို့ မြန်မာပြည်ကြီး ပြုပြင်ပြောင်းလဲရေး အတွက်ပါ သေရေး ရှင်ရေးတမျှ အပူတပြင်း အရေးတော်ကြီးတစ်ခုပါ။

ဘယ်လိုတွေလုပ်ရင်၊ ဘာတွေလုပ်ရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ထောင်ထဲက ရဲဘော်များ အမြန်ဆုံး လွတ်မြောက်နိုင်မလဲဆိုတာ ခေါင်းမီးတောက်အောင် ကျွန်တော်တို့ စဉ်းစား ရှာဖွေနေရပါမယ်။ ကျွန်တော်တို့အတွက် တစ်နေကုန် လုပ်ချင်တဲ့ စီးပွားရေး၊ မိသားစုအရေး၊ ပါတီရေး၊ လူမှုရေး စတဲ့ နိစ္စဓူဝ အလုပ်တွေကို လုပ်ပြီး ည အိပ်ရာဝင်၊ မနက်ပြန်ထနဲ့ ပုံမှန်လှုပ်ရှားနေကြချိန်မှာ ထောင်ထဲကသူများ ပြစ်ဒဏ်တွေ နှစ်စေ့မှ ပြန်လွတ်လာရမယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင် အလိုလို နေရင်း ပြစ်မှုတစ်ခုကို နေ့စဉ်နေ့တိုင်း ကျူးလွန်နေသလို ဖြစ်နေပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် နှစ်စေ့မှ၊ သူတို့အခေါ် ပြစ်ဒဏ် တိတိကျကျ ကျခံပြီးမှ နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်တာပါ။ အခု ထောင်ထဲကသူတွေထဲမှာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သွေးနီး၊ သွေးရင်း တစ်ယောက်မှ မပါပေမယ့် ဗိုလ်ချုပ်စိတ်၊ ဗိုလ်ချုပ်သတ္တိမျိုးနဲ့ ဗိုလ်ချုပ်လို တိုင်းချစ်ပြည်ချစ်စိတ် ထောင်းထောင်းကြေနေတဲ့ သူတွေချည်းပါ။ တိုင်းပြည်ကို ချောက်ထဲ တွန်းချမယ့်သူ၊ လူထုကို ကျွန်ဖြစ်နွံနစ် စေမယ့်သူ တစ်ကောင်တစ်မြှီးမှ မပါပါဘူး။ ထောင်ထဲမှာ တစ်ရက်ပိုနေရလေ အားလုံးအတွက် ဆယ်ရက် နစ်နာလေပါဘဲ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြေလည်အေးချမ်းဖို့အတွက် ကိုယ်စွမ်းရှိသရွေ့ ကူညီ ဆောင်ရွက်ပေးလိုပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်မျိုး၊ အလားတူ ပုံသဏ္ဍာန်မျိုး၊ ထိုကဲ့သို့ စေတနာမျိုးနဲ့ နိုင်ငံရေးအကျဉ်းသားများ အရေးကို ဒေါ်စုဘက်က ဆောင်ရွက် ပေးဖို့ ဖြစ်နိုင်စရာတွေ ရှိပါတယ်။ ထောင်ထဲက အကျဉ်းသားတွေဟာ လက်နက်ကိုင်၊ ကျည်ဆံ ဖောက်နေတဲ့ သူတွေ လုံးဝမဟုတ်ပါဘူး။ လက်နက်စွဲကိုင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအုပ်စုတွေ အပေါ်မှာတောင် စိတ်ရှည်ရှည် ထားပေးနိုင်တယ်ဆိုရင်၊ တရားဝင်ပါတီ မဟုတ်တော့တဲ့ နိုင်ငံရေးအဖွဲ့ စည်းတချို့ အပေါ်မှာတောင် နားလည်မှုပေးပြီး ဖျောင်းဖျနားချမှုတွေ လုပ်နိုင်တယ်ဆိုရင် အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ထောင်ထဲက အကျဉ်းသားတွေအရေးကို သဘောထား သိမ်မွေ့ စွာ ထားနိုင်ဖို့ သင့်ပါတယ်။

ဒီနေ့ ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ “နိုင်ငံတော်၏ လုပ်အားစုများကို အဆုံးရှုံးခံပြီး အကျဉ်းထောင်ထဲ ထည့်ထားခြင်းမျိုးကို မည်သည့် အစိုးရကမျှ ပြုလုပ်လိုမည် မဟုတ်ပါကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြုကြောင်း သေချာသည့် အချိန်တွင် အကျဉ်းသားများအား ပြန်လွှတ်ပေးရန် ရှိနိုင်ကြောင်း” ဆိုပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က အိုဟေး ကင်တားနားကို ရှင်းလင်း ဆွေးနွေးသွားခဲ့တာကို ဖော်ပြထားတာ ဖတ်ရပါတယ်။ ထို့အတူဘဲ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားကို ဖြေကြားရာမှာ “မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာ ပြီးနောက် နိုင်ငံတော်သမ္မတအနေဖြင့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အခါအားလျော်စွာ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးသွားရန် အလားအလာ ရှိပါကြောင်း” လို့ ထည့်သွင်း ပြောကြားသွားတာ တွေ့ရပါတယ်။

“တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်မပြုကြောင်း သေချာသည့်အချိန်”  ဆိုတာကို ကျွန်တော်တို့ သိပ် စိတ်ဝင်စားပါတယ်။ အစိုးရအဖွဲ့ဘက်က ခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့ အဲဒီ အချိန်ကာလဟာ အခု မဟုတ်သေးဘူးလား။ ဒီမိုကရေစီခေါင်းဆောင်၊ အတိုက်အခံတို့ရဲ့ ခေါင်းဆောင်၊ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့အပေါ် နိုင်ငံရေးသဘောထား ဒိုင်မေးရှင်း ပြောင်းလဲ လာတာတွေ၊ ပူးပေါင်း လုပ်ဆောင်လိုစိတ် ပြင်းပြလာတာတွေက တည်ငြိမ်အေးချမ်းမှု ကြီးစိုးလွှမ်းမိုးခြင်းဆီ မျက်နှာပြုနေတာ မဟုတ်ဘူးလား။ အစိုးရပြောတဲ့ သေချာသည့်အချိန် ဆိုတာ ထိုင်စောင့်နေလို့ မရပါဘူး။ စောင့်ကြည့်နေ၊ မျှော်လင့်နေ၊ လွတ်လာပါလိမ့်မယ်ဆိုပြီး လတွေ နှစ်တွေ ချီပြီး ကြာညောင်းသွားနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ နောက်ဆုံး နေခဲ့ရတဲ့ ကာလတွေမှာ အရင် နအဖ အစိုးရရဲ့ ကိုယ်စားလှယ်တချို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်စုခြံထဲ အ၀င်အထွက်တွေ လုပ်ပြီး လျှို့ဝှက်စွာ တွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။ အောင်မြင်တာ၊ မအောင်မြင်တာ တစ်ပိုင်းပေါ့။ အဲဒီရဲ့ အကျိုးဆက် တွေကြောင့် အခုလို ဆက်ဆံရေး ပုံစံတိုးတက်မှုများ ဖြစ်လာရတယ်လို့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် မှတ်ချက်ပြုသွားတာ ကြားရပါတယ်။ ဒေါ်စုနဲ့ သမ္မတဦးသိန်းစိန် ငြိမ်းငြိမ်း ချမ်းချမ်းစကားပြောကြတာ တွေ့မြင်ရတဲ့အခါ ပြည်သူတွေ စိတ်ချမ်းသာရတယ်၊ ပျော်ကြတယ်၊ သာဓုခေါ်ကြတယ်၊ ဘာဘဲဖြစ်ဖြစ် စစ်အရေခြုံအစိုးရကို အမှတ်ပေးကြတယ်။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားဆိုတဲ့ လိပ်ခဲတည်းလည်း အစိုင်အခဲကြောင့် အမှတ်ရှည်ရှည် မပေးကြဘဲ တိုတိတိုနန့် အမှန်ခြစ်ကိုဘဲ ရရရှာတယ်။
အမှန်ခြစ် အမှတ်ရှည် ထင်ထင်ရှားရှားကြီး ရဖို့ဆိုရင် “သေချာသည့်အချိန်” ဆိုတာကို လည်ပင်း ရှည်အောင် မစောင့်ကြဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ နှစ်ဦးနှစ်ဘက် လုပ်ကြရပါလိမ့်မယ်။ လုပ်လို့လည်း ရနိုင်ပါတယ်။ မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်တွေထဲက နိုင်ငံရေးသမား ခေါင်းဆောင် များနဲ့ တွေ့ဆုံ စကားပြော ရပါလိမ့်မယ်။ ဒီမိုကရေစီရေး ရဲဘော်ရဲဘက်တွေကို အပြင်လောကက နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုတွေအကြောင်း ဂဃနဏ ခရေစေ့တွင်းကျ သိရှိနားလည်အောင် ပြောပြ ရပါမယ်။ သူတို့မှာလည်း ထောင်ဝင်စာ လာတွေ့တဲ့ အချိန်လေးသာ နားထောင်ကြရတာပါ၊ အစိုးရ သတင်းစာထဲ ပါသလောက်ကိုသာ သိခွင့်ရတာပါ။ ဒေါ်စုကိုယ်တိုင် သူတို့ကို သွားရောက်တွေ့ဆုံခွင့် ရရင်၊ ရှင်းလင်းပြောကြားခွင့် ရရင် အခြေအနေတွေ ကောင်းတဲ့ဘက်ကို ရွေ့လာနိုင်ပါတယ်။ အစိုးရ ဘက်က တာဝန်ရှိသူတွေ အနေနဲ့လည်း သူတို့နဲ့ တွေ့ဆုံ စကားပြောသင့်ပါတယ်။
ဆူဆူပူပူ အမြဲလုပ်သူတွေလို့ မမြင်ဘဲ တိုင်းကျိုးပြည်ပြု ငါ့နိုင်ငံသားတွေဘဲလို့ ခံယူပြီး တွေ့ဆုံရေး လမ်းစတစ်ခုကို စတင် ပျိုးယူထားသင့်ပါပြီ။ ဘာဘဲဖြစ်ဖြစ် မည်သည့်ဘက်ကမှ အရင်းမရှုံးနိုင်ပါဘူး။ ပုထုစဉ် လူသားတွေရဲ့ သဘာဝအတိုင်း ဘယ်သူဖြစ်ဖြစ် ဘယ်ဝါဖြစ်ဖြစ် အသိအမှတ် ပြုမှုကို ခံယူချင် ပါတယ်။ ပစ်ပယ်ထားတာတွေ၊ ၀ိုင်းကျဉ်ထားတာတွေ၊ မခေါ်မပြောနိုင် ဖြစ်ရတာတွေနဲ့ တိုင်းပြည် တစ်ပြည်ကို တိုးတက် အောင်မြင်အောင် တည်ဆောက်လို့ မရပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် က ပြည်တွင်းက ပုဂ္ဂိုလ်တချို့ နိုင်ငံခြားထွက်ပြီး မြန်မာနိုင်ငံကို ဆန့်ကျင်ပုန်ကန်နေသူ တချို့နဲ့ သွားရောက်တွေ့ဆုံ စကားပြောကြနိုင်သေးတာဘဲ။ နှစ်ဘက်စကား နှစ်ဘက်နားတွေနဲ့ ရင်းနှီးမှုတွေ ရယူထားနိုင်ကြသေးတာဘဲ။ အခုဟာက ရေခြားမြေခြား တိုင်းတစ်ပါးကို ခရီးရှည်ကြီး ဆန့်စရာ မလိုပါဘူး။ နီးနီးလေးနဲ့ဝေ့နေကြတာပါ။
အောင်မျိုးထွန်း
၂၆- ၈- ၂၀၁၁

No comments: