အိန္ဒိယ ပါကစ္စတန် (၆၄) နှစ်ကာလ လွတ်လပ်ရေးခရီး

ဒုတိယ ကမ္ဘာစစ်ပြီးနောက် လွတ်လပ်ရေးရခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် တချိန်က ဗြိတိသျှ အိန္ဒိယ အင်ပါယာကြီး၏ အဓိက အစိတ်အပိုင်းများဖြစ်ခဲ့သည်။ ၎င်းနှစ်နိုင်ငံသည် အခြားသော ဗြိတိသျှ အိန္ဒိယအင်ပါယာ၏ အစိတ်အပိုင်းများဖြစ်သည့် ဗမာ၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာပိုင်များထက် ယဉ်ကျေးမှု နယ်ပယ်တွင်သာမက ရှေးဟောင်းသမိုင်းများအရပါ တူညီကြသည်။ ရှေးဟောင်းအိန္ဒိယ၏ အစိတ်အပိုင်း အမွေခံများ ဖြစ်ကြသည်။ သို့သော် ထို့သို့တူညီမှုများက အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား သဟဇာတပြု ပေါင်းစည်းမှုထက် ပဋိပက္ခနှင့် သွေးစွန်းသော ပြိုင်ဆိုင်မှုများသာ ဖြစ်ပေါ်ခဲ့သည်။

နှစ်နိုင်ငံအကြား ရာစုနှစ်ပေါင်းများစွာ အတူတကွ ရှိခဲ့သည်သာမက ယဉ်ကျေးမှု၊ ဘာသာစကားနှင့် နယ်မြေအရပါ အပြန်အလှန် ဆက်နွယ်နေသော်လည်း နှစ်နိုင်ငံလုံးမှ အပြန်အလှန်ကွဲပြားခြားနားမှု အနေဖြင့်သာ ရှုမြင်ခဲ့ကြ သည်။ အိန္ဒိယ၏ သမိုင်းက အာရပ္ပ (harappan civilization) ယဉ်ကျေးမှုသည် ယနေ့ ပါကစ္စတန်ရှိ အိန္ဒူမြစ်ဝှမ်း၌ မြစ်ပေါ်ခဲ့သော်လည်း ပါကစ္စတန်က ၎င်း၏ သမိုင်းအစကို မဂိုမင်းဆက်များ စတင်အုပ်စိုးသည့် (၁၄) ရာစုကာလ ကိုသာ လက်ခံအသိအမှတ်ပြုကြသည်။ ထိုကွဲလွဲမှုက နှစ်နိုင်ငံနှင့် ပြည်သူနှစ်ရပ်အကြား စိတ်ဓါတ်ရေးရာအရ ရန်သဘောဆောင် အပြိုင်အဆိုင် ထင်ယောင်ထင်မှားမှုများကို ဖြစ်ပေါ်စေသည်။ လွတ်လပ်ရေးမရမီ သန်းချီ သေကျေလျက် သွေးချောင်းစီးခဲ့ရသည့် နယ်မြေပိုင်းခြားမှုက ထိုထင်ယောင်မှားမှုကို အားပေးထောက်ကူနေသည်။

လွတ်လပ်ပြီးနောက် အိန္ဒိယသည် ဘာသာစုံ၊ ယဉ်ကျးမှုစုံ (Multi-cultural Secular state) ဒီမိုကရေစီစနစ်ကို တည်ဆောက်ခဲ့သော်လည်း ပါကစ္စတန်ကမူ အစ္စလာမ် ဘာသာရေး အခြေခံ လူ့အဖွဲ့အစည်းတခု ( Islamic State) အဖြစ် တည်ထောင်ခဲ့သည်။ လွတ်လပ်ပြီးသည်နှင့် ကက်ရှ်မီးယားအရေး ( Kashmir) နှင့် ပါတ်သက်၍ စစ်ပွဲဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံအကြား စစ်ပွဲ (၃) ကြိမ် ဆင်နွဲခဲ့ပြီးဖြစ်သည်။


၁၉၄၇ ခုနှစ် သြဂုတ်လ (၁၄) ရက်တွင် ပါကစ္စတန် လွတ်လပ်ရေး ကျေညာခဲ့ပြီး အိန္ဒိယက နောက်တနေ့ သြဂုတ် (၁၅) ရက်တွင် လွတ်လပ်ရေး ကျေညာခဲ့ခြင်းကြောင့် နှစ်နိုင်ငံတို့၏ လွတ်လပ်ရေးသက်တမ်းသည် (၆၄) နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။ ထိုကာလအတွင်း ပါကစ္စတန်သည် လွတ်လပ်ရေး ရစ နိုင်ငံများ၏ ရောဂါဆိုးဖြစ်သော စစ်အာဏာသိမ်းမှု အကြိမ်ကြိမ်ခံခဲ့ရပြီး လွတ်လပ်ရေးကာလ အချိန်အများစုကို စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခံခဲ့ရသည်။ ဗိုလ်ချုပ် ယာယာခန် ( Yahya Khan) မှ ဗိုလ်ချုပ် မူရှာရက်( Musheraff) အထိ ပါကစ္စတန်၏ စစ်အာဏာရှင်များသည် အမေရိကန်နှင့် နေတိုးစစ်စာချုပ်အဖွဲ့၏ (NATO- North Atlantic Treaty Organisation) ကျောထောက်နောက်ခံကို ရယူကာ အိန္ဒိယနှင့် ရန်သဘော ပြိုင်ဆိုင်မှုကို ရင်ဆိုင်ခဲ့သည်။ ပြည်တွင်းနိုင်ငံရေးကိုလည်း တည်ဆောက်ခဲ့ကြသည်။ အပြန်အလှန်အားဖြင့် ပါကစ္စတန်သည် အမေရိကန်နှင့် နေတိုးတို့၏ ကွန်မြူနစ်ဝါဒ ပြန့်ပွားမှု တားဆီးရေး ရှေ့တန်းစခန်းအဖြစ် ပါကစ္စတန်အား အသုံးပြုခွင့် ပြုခဲ့သည်။ ထို့ကြောင့် ပါကစ္စတန်သည် နေတိုးအဖွဲ့ဝင်မဟုတ်သည့် အမေရိကန်၏ အရင်းနှီးဆုံး စစ်ရေး မဟာမိတ်နိုင်ငံဖြစ်သည်။ နှစ်စဉ် ဒေါ်လာသန်း ထောင်ချီသည့် စစ်ရေးအကူအညီနှင့် စစ်ရေး အနည်းပညာ အကူအညီများကို အမေရိကန်က ထောက်ပံ့ခဲ့သည်။ အာဖဂန်နစ္စတန်အား ဆိုဗီယက်တို့ သိမ်းပိုက်ထားစဉ် အမေရိကန် တန်ပြန်ထိုးစဉ် အရှေ့တန်းစခန်းအဖြစ် အသုံးပြုခဲ့သည်။ မွတ်ဆလင် အစွန်းရောက် အင်အားစုများ ( Islam Fundamentalist) ကို မွေးထုတ် အသုံးချခဲ့သည်။ ၎င်း၏ အကျိုးဆက်အဖြစ် ယခုအခါ ပါကစ္စတန်သည် မွတ်ဆလင် စစ်သွေးကြွများ၏ ကြီးစိုးသောင်းကျန်းမှုနှင့် နိုင်ငံတကာ အကြမ်းဖက်လှုပ်ရှားမှု၏ အခြေခံစခန်းအဖြစ် ရောက်ရှိသွားရသည်။

အိန္ဒိယသည် ၁၉၇၅- ၇၂ ခုနှစ်များတွင် အင်ဒီရာဂန္ဒီ ( Indira Gandhi) က အရေးပေါ်အခြေအနေ (Emergency) ကျေညာ၍ အခြေခံနိုင်ငံသား အခွင့်အရေးများကို ယာယီရုတ်သိမ်း၍ အာဏာရှင်တပိုင်း အုပ်ချုပ်ရေး ( Autocratic Rule) ကို ထူထောင်ခဲ့သည်။ အိန္ဒိယ ဆိုရှယ်လစ်ခေါင်းဆောင် ဂျေပီနာရယန်း ( Jaya Prakesh Narayan) ဦးဆောင်သည့် လူတန်းစားပေါင်းစုံ အိန္ဒိယပြည်သူများ၏ အုံကြွဆန့်ကျင်မှုကြောင့် အင်ဒီရာဂန္ဒီ၏ အာဏာရှင်တပိုင်း အုပ်ချုပ်ရေး ချုပ်ငြိမ်းသွားရသည်။ အိန္ဒိယနိုင်ငံသည် ထိုကာလမှအပ ကျန်လွတ်လပ်ရေး ကာလတလျှောက်လုံး ပါလီမန် ဒီမိုကရေစီ အုပ်ချုပ်ရေးနစ် ( Westminister Administartion) ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ နိုင်ငံခြား ဆက်ဆံရေးတွင် နေရူဗီယမ်မူ ( Nehruvian Deplomacy) အရ လွတ်လပ်သည့် နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးပြီး ကမ္ဘာ့ဘက်မလိုက် လုပ်ရှားမှုကို ဦးစီးဦးဆောင် ပြုခဲ့သည်။ တချိန်တည်းတွင် ဆိုဗီယက်ပြည်ထောင်စုနှင့် ဆိုရှယ်လစ်အုပ်စုဖြင့် အနီးကပ် ဆက်ဆံခဲ့သည်။ စီးပွားရေးအရလည်း ၁၉၉၀ ကာလများအထိ ဆိုရှယ်လစ်အုပ်စုနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ၁၉၉၇ ခုမှစ၍ အိန္ဒိယ၏ စီးပွားရေး ဖွံ့ဖြိုးမှုသည် (၇) ရာခိုင်နှုန်းအထက်တွင် ရှိနေခဲ့ပြီး ထွန်းသစ်စ ကမ္ဘာ့အင်အားကြီး နိုင်ငံတခုအဖြစ် လက်ခံ အသိအမှတ်ပြုလာရသည်။

လူဦးရေအားဖြင့် အိန္ဒိယသည် လွတ်လပ်ရေးရစဉ်က (၃၆၁) တသန်း ရှိခဲ့ပြီး ယခုအခါ သန်းပေါင်း (၁၂၁၀) ရှိနေပြီဖြစ်ကာ သက္ကရာဇ် (၂၀၂၅) တွင် တရုတ်ပြည်ကို ကျော်တက်ကာ သန်းပေါင်း (၁၆၀၀) ဖြင့် ကမ္ဘာ့လူဦးရေး အများဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိမည်ဖြစ်သည်။ ပါကစ္စတန်သည်လည်း လွတ်လပ်ရေးရစဉ်က လူဦးရေ (၇၆) သန်းရှိပြီး ယခုအခါ (၁၈၇) သန်း ရှိနေပြီး (၂၀၃၀) ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံကို ကျော်တက်၍ လူဦးရေ အများဆုံး မွတ်ဆလင်နိုင်ငံအဖြစ် ရောက်ရှိမည်ဖြစ်သည်။

နိုင်ငံတကာ နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက အကယ်၍ ကမ္ဘာကြီးတွင် အနုမြူစစ်ပွဲ ဖြစ်ပွားခဲ့ပါက ၎င်းစစ်ပွဲသည် အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့အကြားတွင် စတင်လိမ့်မည်ဟု ဟောကိန်းထုတ်ကြသည်။ အချို့ကမူ ထိုအနုမြူစစ်ပွဲသည် ကန့်သတ်စစ်အသွင်ဖြင့် တောင်အာရှ ဒေသတွင်း၌သာ ဖြစ်ပွားမည်ဟု ဆိုကြသည်။ အိန္ဒိယသည် ၁၉၇၅ ခုနှစ်ကပင် အနုမြူစမ်းသပ်ဖောက်ခွဲမှုကို ပြုလုပ်ခဲ့သည်။ အိန္ဒိယက ၎င်း၏ အနုမြူလက်နက် နည်းပညာ ရယူမှုများသည် ငြိမ်းချမ်းရေးနှင့် စီးပွားရေးအတွက်သာ ဖြစ်ကြောင်း ကျေညာခဲ့သည်။ ထို့အပြင် အိန္ဒိယသည် မည်သည့်အခါမှ အနုမြူလက်နက်ကို စတင်အသုံးပြုမည် ဖြစ်ကြောင်း နိုင်ငံတကာသို့ အာမခံခဲ့သည်။ အိန္ဒိယသည် ကမ္ဘာ့အနုမြူလက်နက် မပျံ့ပွားရေး စာချုပ်ကို (NPT- Non-Proliferation Treaty) လက်မှတ်ရေးထိုးခြင်း မပြုသော တခုတည်းသော အနုမြူလက်နက်နိုင်ငံဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် အိန္ဒိယသည် အနုမြူစမ်းသပ်ဖောက်ခွဲမှု ထပ်မံပြုလုပ်ခဲ့သည်။ အတုံ့အပြန်အားဖြင့် ပါကစ္စတန်ကလည်း ပထမဆုံးအကြိမ် စမ်းသပ်ဖောက်ခွဲခဲ့သည်။ ထို့ကြောင့် ပါကစ္စတန်သည် တခုတည်းသော အနုမြူနည်းပညာလက်နက် ပိုင်ဆိုင်သည့် မွတ်ဆလင်နိုင်ငံဖြစ်လာသည်။ မွတ်ဆလင် အစွန်းရောက်များနှင့် အကြမ်းဖက်လုပ်ရှားမှု၏ ဗဟိုချက်မသဖွယ် ဖြစ်နေသည့် ပါကစ္စတန်၏ အနုမြူလက်နက် ပိုင်ဆိုင်မှုအပေါ် နိုင်ငံတကာ ငြိမ်းချမ်းရေး လှုပ်ရှားသူများက အထူးသတိထား စောင့်ကြည့်နေကြသည်။ ၎င်း နည်းပညာလက်နက်များ အစွန်းရောက် နိုင်ငံတကာ အကြမ်းဖက် အုပ်စုများထံ ရောက်ရှိသွားမည်ကို ကမ္ဘာ့မိသားစုက အထူးစိုးရိမ်နေကြရသည်။

ပြီးဆုံးရန် မမျှော်မှန်းနိုင်သေးသည့် ကက်ရှမီးယား ပြဿနာသည် နှစ်နိုင်ငံအကြား ဆက်လက် အငြင်းပွားနေဆဲ ဖြစ်ပြီး စစ်ပွဲ သုံးကြိမ် ဆင်နွဲခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား လက်နက်နှင့် အခြားပြိုင်ဆိုင်မှုများသည် ဒေသတွင်း လုံခြုံရေးအတွက်သာမက ကမ္ဘာ့ငြိမ်းချမ်းရေး အတွက်ပါ အထူး စောင့်ကြည့်လေ့လာရမည့် အခြေအနေဖြစ်ကြောင်း တင်ပြအပ်ပါသည်။

၁။ စီးပွားရေးနှင့် ဖွံ့ဖြိုးမှု နှိုင်းယှဉ်ချက် (၂၀၁၀)

အိန္ဒိယ
ပါကစ္စတန်
ဂျီဒီပီ (ဝယ်လိုအား)
$ ၄၀၆၀၀၀၀ သန်း
$ ၄၆၄၉၀၀ သန်း
ဂျီဒီပီ (ဖွံ့ဖြိုးမှုနှုန်း)
၁၄.၄ %
၎.၆ %
ဂျီဒီပီ (တဦးချင်းဝင်ငွေ)
$ ၃၅၀၀
$ ၂၅၀၀
အလုပ်လက်မဲ့နှုန်း
၁၀.၈ %
၁၅ %
လူဦးရေအရ ဆင်းရဲမွဲတေမှု
၂၅ %
၂၄%
ဘဏ္ဍာရေး (ကောက်ခံရရှိမှု)
$ ၁၇၀၇၀၀ သန်း
$ ၂၅၃၃၀ သန်း
ဘဏ္ဍာရေး (သုံးစွဲမှု)
$ ၂၆၈၀၀၀ သန်း
$ ၃၆၂၄၀ သန်း
ငွေကြေးဖောင်းပွမှု
၁၁.၇ %
၁၃.၄ %

၂။ စစ်အင်အား နှိုင်းယှဉ်ချက်

အိန္ဒိယ
ပါကစ္စတန်
စစ်ရေး အသုံးစရိတ်
၁.၈ % ဂျီဒီပီ
၃ % ဂျီဒီပီ
ကာကွယ်ရေးဆိုင်ရာ စရိတ်
ရူပီး ၁၆၄၄၁၅ ကုဋေ
ရူပီး ၃၂၅၉၀၀ ကုဋေ
စစ်ရေးသုံး ဆိပ်ကမ်း
တိုက်ခိုက်ရေး တင့်ကား
၃၀၀၀
၁၀၀၀
တိုက်လေယာဉ်
၅၀၀
၃၀၀
အထောက်အကူပြု လေယာဉ်
၂၅၀
၅၀
စစ္သေဘာၤ
၁၇၃
၁၁
ေလယဥ္တင္သေဘာၤ
မရှိ
အနုမြူလက်နက်
၁၀၀/ ၁၂၀
၁၀၀/၁၁
ရေငုတ်သဘောင်္
၁ (အနုမြူလက်နက်တပ်)
၁၁ (သမရိုးကျ)
စုဆောင်းနိုင်သည့် စစ်သည်အင်အား
၅၅၆,၀၇၅,၉၄၆
၇၅,၈၀၇,၅၉၈

၃။ ပညာရေးနှင့် လူသာရင်းမြစ်ဆိုင်ရာ နှိုင်းယှဉ်ချက် (၂၀၀၇)

အိန္ဒိယ
ပါကစ္စတန်
မူလတန်းကျောင်း
၆၈၈၀၀၀
၁၅၆၅၉၂
မူလတန်းလွန် အထက်တန်း
၁၁၀၀၀၀
၃၂၀၆၁
ဗဟိုအဆင့် တက္ကသိုလ်
၄၂
စာရင်းမရ
ပြည်နယ်အဆင့် တက္ကသိုလ်
၂၇၄
၁၂၈
တက္ကသိုလ်အဆင့် သင်တန်းကျောင်းများ
၁၀၀
စာရင်းမရ
နည်းပညာနှင့် အသက်မွေးသိပ္ပံ
၃၁၂၅
စာရင်းမရ
ပညာရေး အသုံးစရိတ်
၎.၁ % ဂျီဒီပီ
၂.၈ % ဂျီဒီပီ

စာရင်းဇယား ကိုးကား India Syndicate

No comments: