ဒီနေ့ခေတ် ဗမာတွေကြားမှာ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ ဝေါဟာရအတော်များများ တိမ်မြုပ် ပျောက်ကွယ် နေတာကို တွေ့ရတယ်။ အထူးသဖြင့် လူမျိုးခြားတွေ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေကြားက ပြည်ပဗမာတွေကြားမှာ အဆိုးဆုံးပဲ။ “အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး၊ အရှက်နဲ့ လူလုပ်တာ” “ရှာပေါ်မြက်ပေါက်ပါစေ၊ မဟုတ်တာ လုပ်ပြီး အသက်မမွှေးဘူး” “ရွာလွန် ရွက်မတိုက်ကောင်းဘူး” “သူ့စိတ်နဲ့ ကိုယ့်ဘဝ သေတာက မြတ်လှတယ်” “သူ့မယား ကိုယ့်နှမ စိတ်ထားတတ်မှ လူပီသတယ်” “လူမိုက်တသောင်း ကဲ့ရဲ့ရှောင်း လူကောင်းတယောက် ချီးမွမ်းပျောက်၏” “လိပ်ပြာ (အရှက်) မရှိမှတော့ သေတာက ပိုလှတယ်” စသည်ဖြင့် စကားလုံး တော်တော်များများ တိမ်မြုပ်နေတယ်။ စာရိတ္တ ချွတ်ချုံကျနေတဲ့ လူ့အဖွဲ့အစည်းရဲ့ ပြယုဂ်တခု ဖြစ်တယ်။ ဒီလို လူ့အဖွဲ့အစည်းကို ပြုပြင်မယ်ဆိုတဲ့ လူတွေကြားမှာ ဒီကိုယ်ကျင့်တရားဆိုင်ရာ ဝေါဟာရတွေ၊ ဆိုရိုးစကားတွေ တိမ်မြုပ်နေတာ ကတော့ ပိုပြီး စိုးရိမ်စရာ အန္တရာယ်ဖြစ်ပါတယ်။
မိတ်ဆွေတယောက် ပေးပို့လာတဲ့ ဧရာဝတီအွန်လိုင်း သတင်းအုပ်စုရဲ့ ရှစ်လေးလုံး အထိမ်းအမှတ် အယ်ဒီတာ့ အာဘော်ကို ဖတ်ကြည့်မိတော့မှ မကြားရတာ ကြားပြီဖြစ်တဲ့ “ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်” ဆိုတဲ့ စကားကို ပြန်အမှတ်ရမိတော့တယ်။ ဒီအာဘော်ကြောင့် လမ်းကြိတ်စက်နဲ့ အပ်ချည်လုံးအဆွေးကို တွဲရောင်းသလိုမျိုး ရောင်းမစွံတဲ့ ကုန်ဆွေးကုန်ပုပ်တွေကို ရှားပါးပစ္စည်းနဲ့ တွဲရောင်းတတ်တဲ့ မဆလခေတ်ရဲ့ အတုအယောင် သမဝါယမစနစ်ကိုလည်း သတိရမိတယ်။
ဧရာဝတီ အယ်ဒီတာကြီးရဲ့ အရှက်နတ္ထိ မျောက်ေ*ာက်စိ အယ်ဒီတာ့အာဘော်မှာ ရှစ်လေးလုံး မျှော်မှန်းချက်တွေ အရောင်မှိန်မသွားတာ ပြည်တွင်းက ဒေါ်စု၊ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တွေနဲ့ နယ်ခြားက ကာယကံ ရှင် ဧရာဝတီအပါအဝင် ထိုထိုဤဤသော ပုဂ္ဂိုလ်များရဲ့ ယုံကြည်ချက် စေတနာကြောင့်လို့ ဆိုတယ်။ နယ်ခြားက လုပ်စား ကုန်ဆွေးကုန်ပုပ်တွေကို ပြည်တွင်းက ရှားပါးပစ္စည်းတွေနဲ့ တွဲထုတ်တာပဲ။ ခက်ပါဘိတော့။ အမှောင်ကျက်စား သူခိုးများက နေ့ခင်းကြောင်တောင် လမ်းသလား ဟန်ရေးပြနေလိုက်ပုံများ။ အနူလက်နဲ့ ရွှေခွက်နှိုက်တယ်ဆိုတာ ဒါပဲ။
တောထဲတောင်ထဲမှာ ဆန်ပါလေကာ အသီးအရွက်ပြုတ်ကို ငါးပိခါးနဲ့ မျှောချပြီး အသက်ဆက် တိုက်ပွဲဝင်နေ သူတွေ၊ မိစ္ဆာစစ်အုပ်စုရဲ့ ငရဲခန်းတွေမှာ တိုက်ပွဲဝင်နေသူတွေ၊ နိုင်ငံတကာက ကျွန်လိုလုပ်မှ ရလာတဲ့ ကိုယ့်ချွေးနှီးစာနဲ့ တိုက်ပွဲဆက်နေသူတွေကိုမှ အားမနာ အင်ဂျီအိုငွေနဲ့ သူဋ္ဌေးလိုလို ခွေးလိုလို တော်လှန်ရေး ဗြူရိုကရက်ဆိုးတွေက ပြောရက်လိုက်တာ။ သားသမီးမကောင်း မိဘခေါင်းဆိုသလို သူ့မိဘ ဆရာသမားတွေက ဟိရိသြတ္တပ္ပတရား ရှက်တတ်ကြောက်တတ်ဖို့ သွန်သင် ဆုံးမလိုက်ဟန် မတူဘူး။
အရေးတော်ပုံမှာ ပါခဲ့ကြတဲ့ ၈၈ အမျိုးဆက်တွေကို လေ့လာကြည့်ရင် အများစုက ဘဝပျက်သွားကြတဲ့ သူတွေချည်းပဲ။ လူတချို့သာလျှင် ပုံမှန်လူနေမှုဘဝကို ပြန်ပြီး ထူထောင်နိုင်ကြတယ်။ တချို့ တောထဲတောင်ထဲမှာ ဘဝဆုံးသွားကြတယ်။ တချို့ အကျဉ်းထောင်တွေထဲမှာ အမှောင်ဘဝကို ဖြတ်သန်းနေရတယ်။ တတိယနိုင်ငံတွေမှာ အခြေချခွင့်ရတဲ့သူ အများစုကလည်း အသက်သုံးဆယ်ကျော် လေးဆယ်ကျခါမှ ဘဝကို ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်နေကြရတယ်။ အဲဒီထဲမှာ လက်တဆုပ်စာကတော့ အင်ဂျီအိုလိုလို သတင်းသမားလိုလို လူတတ်လိုလိုနဲ့ တည်ငြိမ်တဲ့ဘဝ ပြည့်စုံတဲ့ဘဝကို တည်ဆောက်နိုင်ကြတယ်။ ဒီလက်တဆုပ်စာ တော်လှန်ရေးရေပေါ်ဆီတွေဟာ သူ့ဘဝ သူ့ဝင်ငွေကို အလေးပေးစဉ်းစားပြီး ကြားနေသလိုလို လုပ်လိုက်၊ နိုင်ငံရေး တော်လှန်ရေးသမားလိုလို လုပ်လိုက်နဲ့ ကျန်တဲ့ ရုန်းကန်နေရတဲ့ အများစုကို တခါခါ ဆရာလုပ် စော်ကားတတ် သေးတယ်။
အာဘော်ထဲက ရည်ညွန်းတဲ့ ထိုထိုဤဤ ပုဂ္ဂိုလ်ကျော်ကြီးများ အကြောင်းကလည်း ပြောင်မဆုံးပေါင် တောသုံးတောင် များလှပါတယ်။ ရှည်မှာစိုးလို့ ဒီမှာမပြောတော့ပါဘူး။ အောက်ခြေဝန်ထမ်း သတင်းသမားတွေကိုတော့ အားနာပါတယ်။ ကိုယ့်ဂုဏ်ကိုယ်ဖော်တဲ့ မသူတော် အောင်ဇော်ရဲ့ ဧရာဝတီအကြောင်းတော့ ပြောရဦးမယ်။ ကိုယ့်အနာဂါတ်ကို ပေါင်စားနေသူတွေအကြောင်း ပြောရတာက ပျင်းစရာတော့ ကောင်းလှတယ်။ ဒါပေမယ့် ကိုယ့်အနေအထားကိုယ် မသိတဲ့ ကပ်ပါးက အရှင်သခင်မစလို့ ရထားတဲ့ သတင်းမီဒီယာလက်နက်ကို အလွဲသုံးပြီး အဖြစ်မှန်တရားကို စော်ကားတာကို မခံနိုင်လို့ ထုတ်ပြောရတာ ဖြစ်တယ်။
သိတဲ့အတိုင်း မှက်၊ မွှား၊ ခြင်၊ ယင်၊ ဂျပ်၊ သန်း၊ အလှေးစတဲ့ ပိုးကောင်တွေဟာ လူသူကျွဲနွားတွေရဲ့ ကိုယ်ခန္ဓာကို အိမ်လုပ်နေတဲ့ ကပ်ပါးကောင်တွေဖြစ်တယ်။ သူတို့မှီခိုရာ သတ္တဝါတွေရဲ့ အသွေးအသားကို အာဟာရပြု အသက်ရှင်ကြတယ်။ ကပ်ပါးထူတဲ့ သတ္တဝါဆိုတာ ပိန်ခြုံးကျုံလှီ အစဉ်မမှီ နလံမထူနိုင်ဘူး။ ပိုဆိုးလာရင် အနာရောဂါဖြစ်ပွားပြီး အသက်တောင် ဆုံးရှုံးတတ်တယ်။
တခါတုံးက ဆင်ကြီးတစီး တံတားတစင်းပေါ်က ဖြတ်လျှောက်သွားတယ်။ ဆင်ကြီးရဲ့ ခန္ဓာကိုယ် အလေးချိန်ကြောင့် တံတားက မခံနိုင်ဘဲ လှုပ်ခါယမ်းသွားတယ်။ ဒီလိုနဲ့ တဖက်ကမ်းရောက်တော့ ဆင်ကြီးဟာ သေးကြောင် စူးရှတဲ့ အသံလေးတသံ ကြားလိုက်တယ်။ အာရုံစိုက် နားထောင်ကြည့်လိုက်တော့မှ သူ့နားထဲက အသံဖြစ်နေတယ်။ သူ့နားထဲမှာ ခိုကပ်နေတဲ့ ကပ်ပါး မွှားတကောင်က “အဆွေဆင်ကြီး ခင်ဗျားနဲ့ ကျုပ် ဖြတ်သွားလိုက်တာ တံတားကြီးကို လှုပ်ခါ ယမ်းသွားတာပဲ” လို့ ပြောလိုက်တယ်။ ဒီတော့ ဆင်ကြီးက မင်းငါ့နားထဲမှာ ရှိနေတာ ငါသိတောင် မသိပါဘူးလို့ ပြန်ပြောလိုက်သတဲ့။
ဧရာဝတီအုပ်စုလို အရှင်မွေးနေ့ချင်းကြီး အင်ဂျီအိုတန်းခိုးနဲ့ တွင်ကျယ်နေတဲ့ သတင်းဌာနတွေ ကိုယ့်ငွေကိုယ်စိုက် လုပ်နေကြတဲ့ တကယ်လွတ်လပ်တဲ့ အွန်လိုင်းသတင်းအုပ်စုလေးတွေ ဘလော့ဂါလေးတွေလောက်တောင် လူထုအပေါ်မှာ၊ အရေးတော်ပုံအပေါ်မှာ မှန်မှန်ကန်ကန် သတင်းပေးခဲ့ကြရဲ့လား။ အလုပ်အကြွေး ပြုခဲ့ကြရဲ့လား။ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ကြပါ။ အင်အယ်ဒီနဲ့ ပြည်တွင်းက ခေါင်းဆောင်တွေကို အတုအယောင်ရွေးကောက်ပွဲနဲ့ နိုင်ငံရေး ချောင်ပိတ်ဖမ်းဖို့ ရန်သူစစ်အုပ်စုက ကြိုးပမ်းခဲ့ချိန်က အနှီသော သတင်းဌာနကြီးတွေ ဘယ်လိုရပ်တည်ချက်နဲ့ ဘယ်လို သတင်းအချက်အလက်တွေကို ပေးခဲ့ကြသလဲ။ ငွေပေးတဲ့သူ သို့မဟုတ် လခပေးတဲ့ အလုပ်ရှင်အကြိုက် ရွေးကောက်ပွဲသည်သာ ပကတိအရှိတရား လုပ်နိုင်တာလုပ်မှ နိုင်ငံရေးဆိုတဲ့ ရွေးကောက်ပွဲ အလံရှူးအလုပ်တွေပဲ လုပ်ခဲ့ကြတာ မဟုတ်လား။ သိပ်မသေခြာရင် ကိုယ့်သတင်းဌာနတွေရဲ့ မှတ်တမ်းတွေမှာ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံတဲ့အသံနဲ့ ကန့်ကွက်တဲ့အသံ ဘယ်ဒင်းက ပိုများသလဲ နှိုင်းယှဉ် သတ္ထုချကြည့်ပါ။
နောက်ပြည်သူတွေ သိန်းချီသေကျေပျက်စီးပြီး သိန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ဘေးဒဏ်နဲ့ ပတ်သက်ရင် ပြည်ပသတင်းဌာနတွေအားလုံး တာဝန်ပျက်ကွက်ခဲ့တယ်။ စစ်မိစ္ဆာတွေက သတင်းမှန် မပေးတဲ့အပြင် တနာရီကိုမိုင်လေးငါးဆယ်ပဲ လေတိုက်မှာပါလို့လိမ်ခဲ့တယ်။ ပြည်ပသတင်းဌာနတွေ ကတော့ ပြည်သူလူထုကို လုံလုံလောက်လောက်သတင်းမပေးခဲ့ကြဘူး။ အရေးပေါ် နှိုးဆော်သတိပေးခဲ့တာမျိုး မလုပ်ခဲ့ကြဘူး။ ဒီမုန်တိုင်းကြီး ဖြစ်နေတဲ့အကြောင်း မြစ်ဝကျွန်းပေါ်ဘက်ကို ဦးတည်နေတဲ့အကြောင်းကို အရှေ့တောင်အာရှနဲ့ အိန္ဒိယ မိုးလေဝသဌာနတွေက လေးဆယ့်ရှစ်နာရီထက်မနဲ ကြိုတင်ပြီး သတင်းပေးနေခဲ့တယ်။ ဒါကို လွတ်လပ်တယ်ဆိုတဲ့ ပြည်ပသတင်းဌာနတွေက ဘာကြောင့် ကြိုတင်သတင်းမပေးနိုင်ခဲ့တာလဲ။ အရာရာကို တီးမိခေါက်မိရှိရတဲ့ သတင်းသမား အယ်ဒီတာတွေလုပ်ပြီး ဒီမိုးလေဝသဌာနတွေရဲ့ သတိပေးချက်ကို ဘယ်လောက် အရေးပါ၊ ဘယ်လောက် အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကိုတောင် မခန့်မှန်းတတ်ကြဘူးလား။ သတင်းဌာနနဲ့ သတင်းသမားဆိုတာ အမှိုက်ပုံက ခွေးချီးပုံလို များမှများ။ ဒီကြားကပဲ ပြည်သူလူထုခင်ဗျာ ဒီသဘာဝဘေးဆိုးကြီးကို ဘာအကာအကွယ်မှ မရှိဘဲ ရင်ဆိုင်လိုက်ကြရတယ်။
(အရှင်သခင်အကြိုက်) သတင်းတွေကို တင်ချင် တင်တယ်။ မတင်ချင် မတင်နဲ့ သတင်းသမားဆိုတာ ဘက်မလိုက်ရဘူးလေး ဘာလေးနဲ့ အသံကောင်းက ဟစ်လိုက်ကြပြန်သေးတယ်။ ဆန်းတော့ မဆန်းဘူး။ အဲဒီ့ သတင်းဌာန ဆိုတာကြီးတွေမှာ ကြီးစိုးနေသူ အများစုက လက်သင့်ရာ ကြုံသလို ဆွဲခန့်ထားတာကိုး။ အရည်အချင်းထက် လက်သင့်ရာ စားတော်ခေါ်တာဆိုတော့ ဘာသာစကား၊ စာပေနဲ့ နှီးနွယ်တဲ့ လုပ်ငန်းမှာ လုပ်နေသော်လည်း အများစုဟာ ဝါကျ ဝဂ်နင်းမနိုင်၊ ဂရု လဟုမကွဲ၊ ဃောသ အဃောသ မသိတဲ့လူတွေက အများကြီး။ အ ဂတိကို အဂဒိလို့ ဖတ်တဲ့သူကဖတ် ပဲစင်းငုံ နွယ်ပင်လေးလို့ ပြောတဲ့သူပြော တကယ်ကို နားကလောစရာပါ။ လူတကာသိတဲ့ ပဲစင်းငုံကို ပင်စောက်လား နွယ်ပင်လား မကွဲပေမယ့် ပူစရာမလိုဘူး။ အရှင်ရွေးကောက် မြှောက်စားတော့ ထိုပုဂ္ဂိုလ်ကြီးဟာ အခုတော့ ရေဒီယို သတင်းဌာနကြီးတခုရဲ့ ဌာနမှူး ဖြစ်နေတယ်။ ယုံချင်ယုံ မယုံချင်နေ။
မီဒီယာတွေအကြောင်း သိတာမြင်တာတွေ လျှောက်ပြောရရင် မဆုံးနိုင်သလို ရိုးသားကြိုးစား ကြိုးပမ်းနေကြတဲ့ အခြားသတင်းသမားတွေအတွက် စိတ်ပျက်အားလျှော့စရာဖြစ်ပြီး ဆန့်ကျင်ဘက် အကျိုးဆက်တွေ ဖြစ်ကုန်မှာမို့ ဒီလောက်နဲ့ပဲ တော်ပါပြီ။
တကယ်တော့ ဒီကပ်ပါး အင်ဂျီအိုလိုလို သတင်းဌာနတွေလိုလိုတွေဟာ လူထုအရေးတော်ပုံကြီးကြောင့် ပေါ်လာရတာဖြစ်တယ်။ သို့မဟုတ် အရေးတော်ပုံကြီးရဲ့ အခက်အလက်အနေနဲ့ ပါလာတာဖြစ်တယ်။ အရိုးကို အရွက်ဖုံးဆိုသလို ပြင်ပတော်လှန်ရေးမှာ အင်ဂျီအိုပယောဂကြောင့် အခက်အလက်တွေက ကြီးထွားသွားပြီး တော်လှန်ရေးပင်စည်ဟာ ဝန်ပိချိနဲ့သွားရတယ်။ အရေးတော်ပုံရဲ့ ပင်မနိုင်ငံရေး ပင်စည်သဖွယ် တော်လှန်ရေးအဖွဲ့အစည်းတွေ ကြုံလှီပြီး မလှုပ်နိုင်မရှားနိုင် ဖြစ်သွားခဲ့ရတယ်။ ကပ်ပါးထူတဲ့ သတ္တဝါလို ဖြစ်သွားရတာဖြစ်တယ်။ ဒီနေ့ ဗမာပြည် စစ်အာဏာရှင်စနစ်ချေမှုန်းရေး လူထုအရေးတော်ပုံရဲ့တောင်းဆိုချက် သို့မဟုတ် အဓိကလိုအပ်ချက် ဖြစ်ပြီး လမ်းကြောင်းမှန် လည်းဖြစ်တဲ့ လက်နက်ကိုင်လမ်းစဉ်ရဲ့ပြယုဂ် အေဘီအက်ဒီအက်ရဲ့ အခန်းကဏ္ဍ မှေးမှိန်ကြုံလှီသွား တာဟာ ဒီအင်ဂျီအိုတွေနဲ့ သူတို့မွေးကျွေးထားတဲ့ ကပ်ပါးတွေကြောင့်ပဲဖြစ်တယ်။
ကိုးဆယ့်ခြောက်နောက်ပိုင်း လူငယ်တွေ အထူးသဖြင့် အပြင်ထွက်လာတဲ့သူတွ အများစုဟာ တကယ့်အလုပ်တွေဖြစ်တဲ့ ပြည်တွင်း စည်းရုံးရေး၊ လူထုစည်းရုံးရေးတွေ လက်နက်ကိုင်လမ်းစဉ်တွေထက် ဆူလွယ်နပ်လွယ် နံမည်လည်းရတဲ့ သတင်းမီဒီယာတို့ တောင်မရောက် မြောက်မရောက် အင်ဂျီအိုလုပ်ငန်းတွေကို ပိုပြီး စိတ်ဝင်စားကြ စုံပြုံတိုးနေကြတယ်။ ဒီလို ကပ်ပါးတွေက သူတို့ကြောင့် ရှစ်လေးလုံး မျှော်မှန်းချက်တွေ ရှင်သန်နေရတယ်ဆိုတော့ ရယ်လိုက်ရတာ ဖတ်ဖတ်မော၊ ရင်ဘတ်နောက်က ကျောဆိုတာနဲ့တောင် မပြည့်စုံနိုင်သေးဘူး။ မပြုံးဘဲနဲ့ ဝါးလုံးကွဲ ရယ်ရမယ့် အဖြစ်ပဲ။ ကိုယ့်ကိုယ့်ကို မှန်ထဲမှာကြည့်ပြီး တနေ့တခါလောက် ပြောကြည့်ကြစမ်းပါ။
မှတ်ထား။ စွန့်လွှတ်စွန့်စားတဲ့ အညတြသူရဲကောင်းတွေ မရှိဘဲ တော်လှန်ရေးဆိုတာ မရှိဘူး။ ရှင်လည်း မရှင်သန်နိုင်ဘူး။ လူထု အရေးတော်ပုံ တရပ်မှာ ပုဂ္ဂိုလ်တဦးတယောက် လူသိထင်ရှား ကျော်ကြားတယ်ဆိုတာ အခြေအနေနဲ့ အခွင့်အခါ ကြုံကြိုက်မှုသာဖြစ်တယ်။ ဒီလိုကျော်ကြားတဲ့အတွက် သူဟာ တခြားအရေးတော်ပုံတပ်သားတွေထက် ခေါင်းတလုံး ပိုမြင့်နေတယ်လို့ မှတ်လို့ မရဘူး။ ကျော်ကြားထင်ရှားရင်လည်း စွန့်လွှတ်စွန့်စားရဲပြီး ခိုင်မာတဲ့ ပိုင်းဖြတ်ချက်ရှိမှ အများရဲ့ ယုံကြည်ကိုးစားမှုကို ခံရတယ်။ ခေါင်းဆောင်အဖြစ်မှာ တည်တံ့တယ်။ ပယောဂနည်းနဲ့ လုပ်ယူတဲ့ ကျော်ကြားမှုတို့၊ ခေါင်းဆောင်မှုတို့ဆိုတာ ရေရှည်မခံဘူး။ နိုင်ငံရေး လှိုင်းတချက် ပုတ်တာနဲ့ ခွေးကျဝက်ကျ ကျတတ်တယ်။ ဒီတော့ ရှစ်လေးလုံး အရေးတော်ပုံ မျှော်လင့်ချက်တွေ ဆက်လက်ရှင်နေတယ်ဆိုတာ တောတောင်တွေထဲ၊ အကျဉ်းထောင်ထွေထဲနဲ့ ပြည်တွင်းက ရန်သူ့ ဖိနှိပ်မှုအောက်က ထောင်သောင်းချီတဲ့ အညတြသူရဲကောင်းတွေကြောင့်ပဲ ဖြစ်တယ်။ ပြီးတော့ အာဏာရှင်စနစ်ကို ခါးသီးစက်ဆုပ်နေတဲ့ လူထုသဘောဆန္ဒအရလည်း ဖြစ်တယ်။
လူထုရဲ့ ဘဝဟာ ရှစ်ဆယ့်ရှစ်မတိုင် ကာလထက် ပိုပြီးဆင်းရဲ့မှုတွေ၊ ပိုပြီးဆိုးရွာတဲ့ဖိနှိပ်မှုတွေတွေကို ခံစားနေရတယ်။ ဒီဖိနှိပ်မှုတွေကြောင့် လူထုဟာ စစ်အုပ်စုအပေါ် ပိုပြီး ခါးသီး နာကြည်းနေတယ်။ တော်လှန်ဆန္ဒ ပြင်းသထက် ပြင်းထန်လာနေတယ်။ ဒီအချက်ကြောင့် ရှစ်ဆယ့်ရှစ်ရဲ့ မျှော်လင့်ချက်တွေဟာ ရှင်သန်နိုးကြားနေတာဖြစ်တယ်။ ဒီအချက်ကို မသိဘဲ အယ်ဒီတာကြီးက ရှေ့မျိုးဆက် တော်လှန်ရေးသမားကြီးတွေကို စော်ကားလိုက်သေးတယ်။ ပါတီအကျိုး ပုဂ္ဂိုလ်အကျိုးကိုကြည့်လို့ မှုံဝါးသွားရသတဲ့။ ကိုယ်ကိုယ်တိုင်က အဝတ်တထည် ကိုယ်တခုနဲ့ အိမ်ကထွက်လာပြီး နယ်စပ်ရောက်မှ ဝင်ငွေမရှိဘဲ သိန်းသန်းချီ ချမ်းသာနေသူက အရှက်မရှိ စော်ကားလိုက်တာဖြစ်တယ်။
ကမ္ဘာ့နိုင်ငံရေးဟာ ရှစ်လေးလုံးအရေးတော်ပုံရဲ့ ရှေ့ပိုင်းနဲ့ နောက်ပိုင်းကာလ အခြေအနေ အချိန်အခါနဲ့ နိုင်ငံရေး ချိန်ခွင်လျှာတွေ မတူညီတော့ဘူး။ ဒီနေ့ အောင်ဇော်တို့လို တတ်ယောင်ကားတွေကို မွှေးကျွေးပွဲထုတ်ပေးနေတဲ့ အင်ဂျီအိုတွေနဲ့ သူတို့နောက်ကွယ်က အရိပ်ကစားသမားတွေ (Shadow Player) က တချိန်ကဆို ကွန်မြူနစ်ဝါဒပြန့်ပွားမှု ဟန့်တားရေး ဒိုမီနီသီဝရီအရ ဝဲစားကြီး ဗိုလ်နေဝင်းရဲ့ စစ်အာဏာရှင် အဆောက်အအုံ အခြေကျအောင် အားပေးထောက်ခံခဲ့တယ်။ ကွန်မြူနစ်တွေကို ရင်ဆိုင်ရာမှာ ပြင်သစ်တွေ ရှုံးသွားလို့ အမေရိကန်ကိုယ်တိုင် ဗီယက်နမ်မှာ စစ်တိုက်နေရတယ်။ ကွန်မြူနစ် မဟုတ်ပေမယ့် ဦးနုဟာ ကွန်မြူနစ်ကို တိုက်ရာမှာ ဗိုလ်နေဝင်းလောက် မစွမ်းဘူး၊ အားမကိုးလောက်ဖူးလို့ ယူဆခဲ့ကြတာဖြစ်တယ်။ ခေတ်အဆက်ဆက်က ဆန္ဒပြ ကျောင်းသား အလုပ်သမားတွေ၊ တောတွင်းက လူမျိုးစု လက်နက်ကိုင်နဲ့ ပြည်သူတွေကို သတ်ဖြတ်ချေမှုန်းရာမှာ စစ်အုပ်စု သုံးခဲ့တဲ့ အဓိကလက်နက် ဂျီသရီး ဂျီဖိုးတွေဆိုတဲ့ သေနတ်တွေနဲ့ စက်ရုံတွေကို ဘယ်သူတွေက ဗိုလ်နေဝင်းကို ထောက်ပံ့ခဲ့တာလဲ လေ့လာပါဦး။ ဒီအချက်တွေလောက်မှ မသိဘဲ အယ်ဒီတာလုပ် ရှေ့မျိုးဆက်တော်လှန်ရေးသမားတွေကို စော်ကား ကိုယ်ရည်သွေး ကောက်ချက်တွေချနဲ့ တကယ့်ကို အရူးချီးပန်း ဗရန်းဗတာ အယ်ဒီဗလချာပဲ။ ဒီလိုလူက လူထု အသိပညာပေးရေး လုပ်ငန်းတခုရဲ့ အကြီးအချုပ်ဖြစ်နေတော့ ဗမာပြည် အနာဂါတ်ကတော့ ဘုရားသာတပေတော့လို့ ပြောရမယ်။
အောင်ဇော်တို့လို သူ့အာဘော်ပါ ပုဂ္ဂိုလ်များလို တောင်မရောက် မြောက်မရောက် အဖွဲ့ထောင်ပြီး အင်ဂျီအို အရှင်သခင် ရှာစားတဲ့ အလုပ်တွေကြောင့် တော်လှန်ရေးကြီး ရှိနေတာ မဟုတ်ဘူး။ တော်လှန်ရေးကြီး ရှိနေလို့ ဒီလို ရှာစားခွင့် ရနေကြတာဖြစ်တယ်။ တနည်းပြောရရင် တော်လှန်ရေးရဲ့ ဝန်ထုပ်ဝန်ပိုး ကပ်ပါးမျိုးတွေ ဖြစ်တယ်။ လေယာဉ်ပျံစီး၊ အစည်းအဝေးထိုင်၊ သခင်တွေ သွန်သင်ထားသလိုပြော၊ ကြေငြာချက်ထုတ်၊ လက်သင့်ရာ ကိုယ့်ဖောက်သယ်နဲ့ကိုယ် မေးမြန်းဆွေးနွေး သတင်းလုပ်၊ ပြီးတော့ အိမ်ကြီးအိမ်ကောင်းမှာနေ ကားကောင်းကောင်းစီးပြီး ကြိုက်ရာ ယမကာနဲ့ မဒီကညာလေးတွေကို မှီဝဲပြီး လုပ်ရတဲ့ တော်လှန်ရေးကတော့ ဆယ်ဘဝဆယ်ကမ္ဘာ လူတကာ လုပ်နိုင်ပါတယ်။
ဟိုတလောက အီးမေးလ်တွေမှာ တွေ့လိုက်ပါတယ်။ ဒိန်းမတ်သံရုံးက ဧရာဝတီဟာ သူတို့ပေးတဲ့ ငွေတွေကို မရိုးမသား မရှင်းမလင်း လုပ်တဲ့အတွက် ငွေဆက်မပေးတော့ဘူးလို့ စာပို့တယ်လို့ ဆိုတယ်။ ဧရာဝတီဟာ တနှစ်ကို ဒေါ်လာသန်းချီ ရနေတယ်ဆိုတာ ဒီတော့မှပဲ သိရတော့တယ်။ အစကတော့ ဒီလောက်ရနေတယ် ဆိုတာကို မယုံနိုင်ခဲ့ပါဘူး။ အထောက်အထားတွေနဲ့ အများတကာက အသေအချာပဲ ဆိုမှပဲ အောချပြီး လက်ခံလိုက်ရတယ်။
ဒီလောက် ငွေကြေးနဲ့ဆို တော်လှန်ရေးအဖွဲ့အစည်းတွေဟာ ဧရာဝတီထက် တိုင်းပြည်အတွက် ပိုလုပ်နိုင်မှာ အသေအချာပါပဲ။ ဒီပမာဏနဲ့ ကိုက်ညီအောင် ဧရာဝတီက ဘာတွေများ လုပ်ခဲ့သလဲ စဉ်းစားစရာပါ။ ပုံနှိပ်ထုတ်ဝေတဲ့ စာစောင်ကလဲ ရောင်းစားတာဖြစ်တယ်။ စောင်ရေ ထောင်ချီ ထုတ်တယ်လို့ စာအုပ်မှာ ရိုက်ထားပေမယ့် တကယ်ထုတ်တာက ရာဂဏန်းပဲလို့ ဆိုကြပြန်တယ်။ အဲဒီ့အထဲက ပြည်တွင်းကို စောင်ရေ ဘယ်လောက် ရောက်သလဲ။ ဆယ်ဂဏန်းလား။ မသေချာ။ အင်တာနက် အွန်လိုင်းဆိုတာကတော့ ပြည်တွင်းသုံး အရေအတွက်က ထောင်ဂဏန်း သောင်းဂဏန်းပဲရှိတယ်။ အဲဒီ့အထဲကမှ ဧရာဝတီကို ဝင်ကြည့်သူက ဘယ်လောက်ရှိသလဲ မသိရဘူး။ ဒီကြားကမှ သူတို့ကြောင့် ရှစ်လေးလုံးကြီး အရှိန်မသေဘူးလို့ ငါသာလျှင် နပိုလီယံဆိုပြီး လက်မထောင်လိုက်သေးတယ်။
လူအများသိတဲ့ အရူးပုံပြင်တခုရှိတယ်။ စိတ်ပညာသင် ကျောင်းသားတွေ စိတ္တဇဆေးရုံကို ကွင်းဆင်း လေ့လာကြသတဲ့။ လူတယောက်က ကျောင်းသားတွေကို လိုက်ရှင်းပြတယ်။ ဒီလူက ဆရာဝန်ရူး ရူးနေတာ၊ ဒီလူကတော့ သမတရူး ရူးနေတာ၊ ဒီလူကလည်း ဟစ်တလာရူး ရူးနေတာ စသည်ဖြင့် လိုက်ရှင်းပြပါတယ်။ နောက်ဆုံးကျမှ အဲဒီလူက ပြောသတဲ့ “ဘယ်သူတွေ ဘာပြောပြော ကျုပ်သာလျှင် နပိုလီယံအစစ်ဗျ” လို့ ဆိုသတဲ့။
အချုပ်ကတော့ ငါသာလျှင် နပိုလီယံအစစ်လို့ ဘယ်လိုပဲ လက်မထောင်ထောင် ကပ်ပါးဆိုတာကတော့ ကပ်ပါးပါပဲ။ သူများအသွေးအသားကို ဘယ်လိုပဲ စုပ်စားပေမယ့် အချိန်မစီးဘူး။ ဆင်ရဲ့ ဖင်ကြားမှာပဲ နေနေ၊ ပေါင်ကြားမှာပဲ နေနေ အကျိုးသွားမပါဘူး၊ ခရီးမရောက်ဘူး။ သူ့ကြောင့်တော့ တံတားကြီး လှုပ်ခါမသွားနိုင်ပါဘူး။ ဒီကြားကမှ ဆင်ကြီးနဲ့ ကျုပ်တို့ကြောင့် တံတားကြီးကို လှုပ်ခါသွားတာပဲ ဆိုတာကတော့ နားကြား ပျင်းကပ်လှပါတယ်။ မဃဒေဝထဲက အတိုင်းပြောရရင်တော--့
မရာမတန်၊ သဒ္ဓါလွန်မြောက်၊
ကျွန်ကိုမြှောက်က၊ မျောက်ကိုချစ်ငြား၊
ချူဆွဲမှားသို့၊ နားမချမ်းသာ၊
ဖြစ်တတ်စွာ၏။
ရဲဘော်ကျော်သန်း ( kyaw_than2004@yahoo.com)
12.8.2011
No comments:
Post a Comment