လူ့ပုတ်သင်

ပုလိပ်အင်စပက်တော် ဦးလူကလေးသည် ယူနီဖောင်းအသစ်ကိုဝတ်ကာ အထုပ်တခုကို လက်ဖြင့် ကိုင်၍ ဈေးတန်းကို ဖြတ်သွားသည်။ သူ၏ နောက်တော်ပါး၌ ဆံပင်နီနီနှင့် အမှုထမ်း တယောက် လိုက်ပါလာသည်။ ထိုအမှုထမ်းမှာ ပုလိပ်က ဖမ်းထားသော ဆီးသီးများကို တောင်းနှင့် အပြည့် သယ် လာသည်။ ဈေးတန်း၌ လူဟူ၍ တယောက်မျှမရှိ။ တိတ်ဆိတ်ခြင်း သည်သာလျှင် မင်းမူနေ၏။ ဈေးဆိုင်၊ ထမင်းဆိုင်ဟူသည်တို့၏ တံခါးများသည် ဆာလောင်သော ပါးစပ်များ ဟနေဘိ သကဲ့သို့ ဟာလာဟင်းလင်းရှိရာ ဤကမ္ဘာလောကကြီး စိတ်ပျက်စရာ ကောင်းကြောင်း သရုပ်ဖော် ဘိသကဲ့သို့ ရှိသည်။ အနီးအနား၌ သူတောင်းစား တဦးတလေမျှပင် မတွေ့ရချေ။

ထိုအတွင်း ဦးလူကလေးသည် အသံတခုကို ရုတ်တရက်ကြားလိုက်၏။ ထိုအသံမှာ `ဟဲ့ … ဒီခွေး ကိုက်တယ် ဟေ့။ အတော်ဆိုးတဲ့ ခွေးပဲ။ မပြေးစေနဲ့။ မိအောင်ဖမ်း။ မိအောင်ဖမ်း။ ကိုက်တတ်တဲ့ခွေးကို ဥပဒေအရ အရေးယူလို့ ရတယ်´ဟူလေသတည်း။

ထို့နောက် ဦးလူကလေးသည် ခွေးအော်သံ ကြားရသဖြင့် လှည့်၍ကြည့်လိုက်သောအခါ ခွေးတကောင်သည် သုံး ချောင်းထောက် ထော့နဲ့ထော့နဲ့နှင့် နောက်သို့ ပြန်ကြည့်ကာ ကြည့်ကာ ကုန်သည်ကြီး ဦးဖီး၏ခြံထဲမှ ထွက်ပြေး လာသည်ကို တွေ့ရ၏။ ခွေးနောက်လိုက်သူမှာ မိမိ၏ အင်္ကျီကြယ်သီးကိုမျှ မတပ်နိုင်ဘဲ အတင်း ပြေးလာသည်။ ခွေးအနီးသို့ရောက်သော် မိမိကိုယ်ကို ရှေ့သို့အားသွန်ထိုးလိုက်ပြီးလျှင် မြေကြီးပေါ်၌ ၀မ်းလျားမှောက်လှဲ၍ ခွေး၏ နောက်ခြေနှစ်ချောင်းကို မိမိရရ ဆွဲလိုက်လေသည်။ ခွေးသည် တဖန်အော်ပြန်သည်။ `ဒီခွေးမကို မပြေးစေ နဲ့ဟေ့´ဟူသော အသံများသည်လည်း တဖန် ထွက်ပေါ်လာ၏။ ဆိုင်ပြတင်းပေါက်တဲများမှ လူတို့သည်လည်း တဖန် ထွက်ပေါ်လာ၏။ အိပ်ချင်မူးတူး မျက်နှာဖြင့် ထွက်ကြည့်ကြ၏။ ထို့နောက် လူအုပ်တအုပ်သည် မြေကြီးထဲမှ ရုတ်တရက် ထွက်လာ ဘိသကဲ့သို့ ထွက်လာပြီးလျှင် ဦးဖီး၏ ခြံအနီး၌ စုမိကြလေသည်။

ထိုအခါ အမှုထမ်းက သူ၏ဆရာအား `တခုခုတော့ ဖြစ်နေပြီထင်တယ် ဆရာရေ´ဟု ပြောလိုက် လေသည်။ ဦးလူကလေးသည် ဘယ်ကွေ့၍ လူအုပ်ရှိရာသို့ ချီတက်လေသည်။ ခြံတံခါးဝသို့ ရောက်သောအခါ အထက်တွင် ပြဆိုခဲ့သော အင်္ကျီကိုမျှ ကြယ်သီးမတပ်နိုင်သည့်သူနှင့် တွေ့ရလေသည်။ ထိုသူသည် သူ၏ညာဘက်လက်တွင် လက်ချောင်းများ သွေး ထွက်နေသည်ကို လူအုပ်ကြီးအား ပြ၍နေသည်။ နာကျင်၍ ရှုံ့တွနေသော မျက်နှာထားမှာ ခွေးမကလေးအား `ပိန်မရေ … နင်နဲ့ငါနဲ့တော့ တွေ့ကြရော ပေါ့´ဟူ၍ ကြိမ်းမောင်းနေဘိသကဲ့သို့ ရှိသည်။ လက်ညှိုးတထောင်ထောင်နှင့် လူမြင်အောင် ပြနေသည် မှာလည်း ပိန်မကလေးအပေါ်၌ အနိုင်ယူနေဘိသကဲ့သို့ ရှိလှသည်။ အင်စပက်တော် ဦးလူကလေး မှာကား သူ့ကိုမြင်လျှင် ပန်းထိမ်ဆရာ ကိုဖိုးခင်ဘဲဟု သိလိုက်သည်။ လူအုပ်၏ အလယ်၌မူကား အခင်းပွားရာ တရားခံ ခွေးမလေးသည် ၀ပ်၍နေသည်။ ထိုခွေးမမှာ နှုတ်သီးချွန်၍ အမွေးအရောင် ထူသည်။ သို့သော် ကျောကုန်းတွင် အ၀ါကွက်တကွက် ရှိသည်။ ခွေးမကလေးသည် ကြောက် လွန်း၍ တကိုယ်လုံးတုန်နေပြီး ရှေ့ခြေနှစ်ချောင်းကို ကားထားသည်။ မျက်ရည်စို့ နေသော မျက်လုံးအိမ်တို့မှာ ကြောက်ရွံ့ထိတ်လန့်သည့် အမူအရာကို ဆောင်နေလေသည်။

ဦးလူကလေးသည် လူအုပ်ထဲသို့ သူ၏ပခုံးကိုထိုးသွင်းကာ ၀င်လာပြီးလျှင် `ဘာဖြစ်ကြတာလဲဟေ့ … ဒီလက်ညှိုး ကြီး တထိုးထိုးနဲ့က ဘယ်လိုလဲဟေ့၊ ခုနက အော်လိုက်တာ ဘယ်သူလဲဟေ့´စသဖြင့် မေးခွန်းထုတ်လေသည်။

ထိုအခါ ကိုဖိုးခင်သည် ပါးစပ်ကို လက်ဖြင့်အုပ်၍ ချောင်းဆိုးလိုက်ပြီးလျှင် ဤသို့ပြောလေသည်။ `ဒီလိုပါ ဆရာ ရယ်။ ကျနော်က မိထူးအိမ်သွားပြီး မီးသွေးအကြောင်း စကားပြောမလို့ လမ်းထွက် လာပါတယ်။ ကျနော် ဘယ်သူ့မှ ရန်ရှာတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဟောဒီခွေးမက ဘာအကြောင်းမှ မရှိပါဘဲနဲ့ ကျနော့်လက်ကို ဟပ်တယ်ခင်ဗျ။ ဒီလိုပါ ဆရာရယ်။ ကျနော်က အလုပ်သမားပါ။ ကျနော့် အလုပ်က အနုထည်ကို ကိုင်ရတဲ့ အလုပ်ပါ။ ဒီတော့ ခွေးကိုက်ခံရရင် ခွေးရှင်က ကျနော့်ကို လျော်ကြေးပေးရဖို့ရှိပါတယ်။ ကျနော့်လက်ချောင်း ကလေးတွေဟာ နကိုအတိုင်း လှုပ်နိုင်ရှားနိုင်ဘို့ ဆိုရင် တနင်္ဂနွေ တပတ်လောက်တော့ ကြာလိမ့်မယ်ထင်တယ် ဆရာရေ။ ဥပဒေအတိုင်းသာ ပြောရ မယ်ဆိုရင် ခွေးကိုက်လို့ရတဲ့ဒဏ်ရာနဲ့ ဒီအတိုင်း ငုတ်တုတ်ကြီး ခံမနေ နိုင်ပါဘူး။ ခုလိုလူမြင်တိုင်း လိုက်ကိုက်နေရင် သက်ရှိသတ္တ၀ါရယ်လို့ ဒီလောကကြီးမှာ ကျန်နိုင်ပါဦးလား ဆရာ ရယ်´ဟူ၍ ပြောလေသည်။

ထိုအခါ ဦးလူကလေးက မျက်မှောင်ကြုတ်၍ အာလုပ်ကို ရှင်းပြီးလျှင် `အင်း … ဟုတ်သားပဲ´ဟု အတည်ပေါက် ပြောလိုက် လေသည်။ `မှန်တယ် … မှန်တယ်၊ ဒီခွေးဟာ ဘယ်သူ့ခွေးလဲ။ ငါ ဒီအတိုင်း ကြည့်နေမနိုင်ဘူး။ ခွေးတွေကို ပေါက်လွှတ် ပဲစား လွှတ်ထားတာ ဆုံးမပေးရလိမ့်မယ်။ ဥပဒေ မနာခံတဲ့ လူတွေကို အရေးယူဖို့ အချိန်တန်ပြီ။ ဒီအကောင်တွေကို ဒဏ်ငွေ ခပ်စပ်စပ်တပ်မှ ခွေးကို ဘယ်လို မွေးရမလဲ ဆိုတာ နားလည်ကြလိမ့်မယ်။ ကျွဲနွား တိရစ္ဆာန်တွေကို လွှတ်ထားရင် ဘာဖြစ် တတ်သလဲ ဆိုတာကိုလဲ သင်းတို့ သိရလိမ့်မယ်´ဤသို့ပြောရင်း အင်စပက်တော်မင်းသည် သူ၏ အမှုထမ်းဘက်သို့ လှည့်ပြီးလျှင် `ဟေ့ … မောင်ယာဒင်။ ငါအကြောင်း ပြရလိမ့်မယ်ဟေ့။ ဒီခွေး ဘယ်သူ့ခွေးလဲဆိုတာ စုံစမ်းပြီး အစီအရင်ခံစာတစောင် ရေးလိုက်စမ်း။ ခွေးကိုတော့ ဖျက်ဆီးပစ်မှ ဖြစ်မယ်ဟေ့။ ချက်ချင်း ဖျက်ဆီး ပစ်မှ တော်မယ်။ ခွေးက ခွေးရူးနဲ့တူပါရဲ့။ ဟေ့ ဒီခွေး ဘယ်သူ့ခွေးလဲ´ဟူ၍ ဆက်လက်မေးမြန်း လေသည်။

ထိုအခါ လူအုပ်ထဲမှ တယောက်သောသူက `ဗိုလ်မှူးကြီးစော်ကဲရဲ့ခွေးများ ဖြစ်နေရော့သလား မဆိုနိုင်ဘူး´ဟု ပြောလေသည်။ `ဗိုလ်မှူးကြီးစော်ကဲရဲ့ခွေးလား။ ဟေ့ … ဒီလိုဆိုရင် မောင်ယာဒင်ရေ့ … ပူစပ်ပူလောင်ကြီးကွယ်။ ငါ့အင်္ကျီကြယ်သီးကို ကူဖြုတ်ပေးစမ်းပါအုံး။ မိုးများရွာမလား မပြောတတ်ဖူး။ အိုက်စပ်စပ်နဲ့။ ငါကတော့ ဟောဒါကို မတွေးတတ်အောင် ရှိနေတာပဲ။ ဗိုလ်မှူးကြီးရဲ့ခွေးသာဆိုရင် မင်းကို ဘယ်နည်းနဲ့ ကိုက်နိုင်မှာလဲကွ´ အင်စပက်တော် ဦးလူကလေးသည် ထိုသို့ ကိုဖိုးခင်အား လှည့်၍ပြောလိုက်သည်။`ဒီခွေးမကလေးဟာ မင်းလက်ကို လက်လှမ်းမှီနိုင်ပါ့မလားကွယ့်။ ခွေးမကလေးက ငယ်ငယ်။ မင်းက ဧရာမလူကြီးပါကွယ်။ မင်းလက်က ဟိုကုပ်သည်ကုပ်နဲ့ မတော်တဆ သံများစူးရော့သလား။ အေး … ပြီးတော့ မင်းကများ ခွေးကိုအပြစ်ဖို့တာ နေရာကျလိုက်လေ။ မင်းတို့လိုလူမျိုးကို ငါသိပါတယ်ကွယ့်´ ထိုအခါ တယောက်သောသူက `စီးကရက်ကို ခွေးမကလေး နှုတ်သီးထဲထဲ့ပြီး ကစားမိလို့ ဒီလိုဖြစ်တာ နဲ့ တူပါတယ် ဆရာရယ်။ ခွေးကပဲ အရူးမှ မဟုတ်ပါဘဲကလား။ ဒီတော့ လက်ကို ဟပ်လိုက်တာပေါ့။ ဒီပန်းထိမ်ဆရာကလဲ ကောင်းမှ မကောင်းဘဲကလား ဆရာရယ်´ဟူ၍ ပြောလေသည်။

ထိုအခါ ပန်းထိမ်ဆရာက `ဟေ့ … မျက်စိတဖက်လပ်နဲ့အကောင်။ မုသား မပြောစမ်းပါနဲ့ကွယ်။ မင်းမမြင်ဘဲနဲ့ ဘာလုပ် လိမ်ပြောရသလဲ။ အင်စပက်တော်မင်းဟာ အသိဉာဏ်ရှိတဲ့ လူကြီးလူကောင်း တယောက်ပါကွယ့်။ အင်စပက်တော်မင်းဟာ ဘယ်အကောင်က လူရိုး၊ ဘယ်အကောင်က လူလိမ် ဆိုတာ နားလည်ပြီးသားပါ။ ငါသာ လီဆယ်ပြီး အမှုတိုင်မယ်ဆိုရင် တရားသူကြီးက ဆုံးဖြတ်ပါစေ။ တရားသူကြီးဆိုတာ နားလည်ပါတယ်ကွ။ ဟေ့ … ခုခေတ်မှာ လူလူချင်း တူတူချည်းဘဲကွ။ ငါ့အကို အရင်းကလဲ ပုလိပ်ဘဲ။ မင်းသိရဲ့လား´ဟူ၍ ပြောလေသည်။ `စကားမများကြစမ်းနဲ့ဟေ့´ဟူ၍ ပုလိပ်အင်စပက်တော်မင်းက ဟန့်လိုက်သည်။

ထိုအတွင်း အမှုထမ်းသည် စဉ်းစဉ်းစားစားဖြင့် ပြောလိုက်သည်။ `မဟုတ်ဖူး … မဟုတ်ဖူး။ ဒီခွေးဟာ ဗိုလ်မှူးကြီးရဲ့ခွေး မဟုတ်နိုင်ဘူး။ ဗိုလ်မှူးကြီးဆီမှာ ဒီလိုခွေးမျိုးမရှိဘူး။ ဗိုလ်မှူးကြီးဆီမှာရှိတဲ့ခွေးက သင်းဘောခွေးဘဲ´
`သေချာရဲ့လား တပည့်ရဲ့´
`သေချာပါတယ် ဆရာရဲ့´
`အေး … ဟုတ်တယ်။ ငါလဲအထင်သားဘဲ။ ဗိုလ်မှူးကြီး ခွေးမွေးရင် သင်းဘောခွေးကိုသာ မွေးတတ်တယ်။ သူ့ခွေးတွေက ဈေးကြီးတယ်။ ဒီခွေးကတော့ အလကားခွေးပါကွယ်။ လှလဲမလှဘူး။ ခွေးဝင်စားပါပဲ။ ဒီလိုခွေးမျိုး မွေးတတ်တယ်လို့ ထင်မှ ထင်မိပလေ။ စဉ်းစားဉာဏ်သာရှိရင် ဘယ် … ဒီလိုတွေးလိမ့်မလဲ။ ဒီလိုခွေးမျိုး မြို့တော်ကြီးမှာ တွေ့ရကြုံရတယ်ဆိုရင် ဘာဖြစ်မလဲဆိုတာ မင်းသိရဲ့လား၊ ဒီလိုခွေးမျိုးကို မြို့တော်မှာသာ တွေ့ရမယ်ဆိုရင် အမှုထမ်းတွေဟာ ဥပဒေစာအုပ်ကို လှန်ကြည့်ဘို့မလိုပါဘူး။ တခါထဲ တိရစ္ဆာန်ထောင်ကို ပို့လိုက်ဖို့ဘဲ ရှိတော့တာပေါ့။ ဒီမှာ ဖိုးခင်ရဲ့။ မင်းက အနစ်နာခံရတဲ့ တရားလိုဘဲ။ ဒီတော့ မင်းအနေနဲ့ အလျှော့တော့ မပေးနဲ့ဟေ့။ လူအများကို သင်ခန်းစာတရပ်တော့ ပေးရပေလိမ့်မယ်။ သင်ခန်းစာပေးဘို့ အချိန်ကျလာပြီ´သို့သော် အမှုထမ်းက တဖန်စဉ်းစားပြီး ပြောလိုက်ပြန်သည်။

`နို့ပေမယ့် ဗိုလ်မှူးရဲ့ ခွေးမကလေး ဖြစ်ချင်လဲ ဖြစ်နိုင်တယ်။ ခွေးနှုတ်သီးကို ကြည့်ရုံနဲ့ ဘယ်သူဘယ်ဝါ့ခွေးဆိုတာ သေသေချာချာ မပြောနိုင်သေးဘူး။ တနေ့တုန်းက ကျနော် ဗိုလ်မှူးကြီးရဲ့ အိမ်ဝင်းထဲမှာ ဒီလိုခွေးမမျိုးတကောင်ကို တွေ့မိသေးတယ်´ထိုအခါ လူအုပ်ထဲမှ အသံတသံက `ဟာ … ဒီခွေးမဟာ ဗိုလ်မှူးကြီးရဲ့ ခွေးမပါပဲ´ဟု ဆိုလေသည်။

ထိုအခါ အင်စပက်တော်မင်းသည် `အဟမ်း´ဟု ချောင်းဟန့်လိုက်ပြီးလျှင် `မောင်ယာဒင်ရဲ့ လုပ်ပါအုံး။ လေတဖြူးဖြူးနဲ့မို့ နဲနဲချမ်းစိမ့်စိမ့် ဖြစ်လာပြန်ပြီ။ အင်္ကျီကို ထွေးထွေးနွေးနွေးဖြစ်အောင် ကူပြီး ကြယ်သီးတပ်ပေးစမ်းပါ။ ကိုင်း … ကိုင်း … ဒီခွေးကို ဗိုလ်မှူးကြီးဆီ ယူသွားကွာ။ ပြီးတော့ စုံစမ်းလိုက်အုံးဟေ့။ ပြီးတော့ ဒီခွေးမကို ငါတွေ့တယ်။ ဒါကြောင့် ငါပြန်ခေါ်လာတယ်။ အဲသလို ဗိုလ်မှူးကြီးကို ပြောလိုက်။ ပြီးတော့လဲ ဒီခွေးမကလေးကို လမ်းမှာ လွှတ်မထားပါနဲ့လို့လဲ ပြောလိုက်ပါအုံး။ ဒီခွေးမျိုးဟာ အဖိုးတန်တယ်ကွယ့်။ ဒီတော့ လူတကာက စီးကရက်တိုကို သူ့နှုတ်သီးထဲ ထဲ့ကစားရင် ဒဏ်ရာအနာတရ ဖြစ်ကုန်မှာပေါ့။ ခွေးဆိုတာမျိုးဟာ နူးညံ့တယ်။ သိမ်မွေ့တယ်။ ဟေ့ … ဒီမယ် ဖိုးခင်၊ မင်းလူမိုက်ပဲ။ မင်းလက်ညှိုးကြီး တထောင်ထောင်နဲ့ ထိုးနေတာ ဘာအဓိပ္ပာယ်လဲ။ မင်းလက်ကြီးကို ချထားလိုက်စမ်းကွယ်။ ဒါဟာ မင်းအပြစ်ပဲ´ဤအတွင်းဝယ် ဗိုလ်မှူးကြီး၏ ထမင်းချက်သည် လူအုပ်နားသို့ ရောက်ရှိလာလေသည်။ ထိုအခါ တယောက်သောသူက သူ့အား မေးရအောင်ဟုဆိုပြီးလျှင် `အကိုရေ … တဆိတ်လာစမ်းပါအုံး။ ဒီခွေးကိုကြည့်စမ်းပါ၊ အကိုတို့ခွေးများလား´ဟု ဆိုလေသည်။

`ဟာ … မဟုတ်တာဘဲ။ ကျုပ်တို့ဆီမှာ ဒီလိုခွေးမျိုး မရှိဘူး´ဟု ထမင်းချက်က ပြောလေသည်။ ဤသည်တွင် အင်စပက်တော်မင်းက `ဟုတ်ပါပြီ … နောက်ထပ်မေးစရာ မလိုတော့ဘူးဟေ့။ ဟုတ်ပါတယ်။ ဒီခွေးမဟာ ခွေးဝင်စားပါဘဲ။ ဘာမှပြောစရာ မလိုတော့ပါဘူး။ ငါက ခွေးဝင်စားဟေ့ ဆိုရင် ခွေးဝင်စားဖြစ်ရမှာဘဲ။ ဒီတော့ ဒီကောင်မကို တိရစ္ဆာန်ထောင်ထဲ ပို့လိုက်ပေတော့´ဟူ၍ အင်စပက်တော် ဦးလူကလေးက ပြောပြန်လေသည်။

ထိုအခါ ထမင်းချက်က `ဒီခွေးမဟာ ကျုပ်တို့ဟာတော့ မဟုတ်ဖူး။ နို့ပေမယ့် လွန်ခဲ့တဲ့ တရက်နှစ်ရက်လောက်က ဗိုလ်မှူးကြီးရဲ့အကို ဒီကိုလာတယ်။ ဗိုလ်မှူးကြီးကတော့ ဒီလိုခွေးမျိုးကို မမွေးတတ်ဖူး။ နို့ပေမယ့် ဗိုလ်မှူးကြီးရဲ့အကိုကတော့ ဒီခွေးမျိုးကိုမှ ချစ်တယ်။ ဒီခွေးမဟာ ဗိုလ်မှူးကြီးရဲ့ အကိုရဲ့ ခွေးမပဲ´ဟု ပြောပြန်လေသည်။

အင်စပက်တော် ဦးလူကလေးသည် မျက်နှာချိုသွေးလိုက်လေသည်။ ထို့နောက် ထမင်းချက်အား `ကိုရင် အခုပြောနေတာ ဗိုလ်မှူးကြီးရဲ့ အကိုကို ပြောနေတာလား။ သူ့အကို ဦးဖိုးမင်းလေ။ ဖြစ်မှ ဖြစ်ရလေဗျာ။ စောစောက ကျုပ်မသိလိုက်ရလား။ ကျုပ်မိတ်ဆွေကြီး ဦးဖိုးမင်း အလည်ရောက် လာတယ် ထင်ပါရဲ့´ဟု ဆိုလေသည်။ ထိုအခါ ထမင်းချက်က `ဟုတ်ကဲ့ … အလည်လာတာပါ´ဟု ပြော၏။

' ဖြစ်ရလေဗျာ … ကျုပ်တို့မိတ်ဆွေကြီးက သူ့ညီကို အောက်မေ့တယ်ထင်ပါရဲ့။ အဲလေ … ကျုပ်သိပါတယ်။ လက်စသတ် တော့ ဒီခွေးမဟာ ဗိုလ်မှူးကြီးအကိုရဲ့ ခွေးမကိုး။ ၀မ်းသာသဗျာ။ ဒီခွေးမကို ပြန်ယူသွားပါတော့။ ဒီခွေးမဟာ မဆိုးဘူးဗျ။ တယ်လိမ်မာတယ်။ ဒီလို လိမ်မာတဲ့ခွေးက လက်ဖမ်းဟပ်တယ်လို့။ ဟား … ဟား … ဟား …၊ ကြားပဲ မကြားဘူးပေါင်ဗျာ။ အလို … ခွေးမကလေး ရေ၊ မင်းဘာကြောင့် လှုပ်နေရတာလဲ။ စိတ်ဆိုးနေတယ် ထင်ပါရဲ့။ လာလာ … ခွေးမကလေးရယ်´ထိုအခါ ထမင်းချက်သည် ခွေးမကလေးကို ခေါ်ပြီးလျှင် ထွက်သွားလေသည်။ လူအုပ်ကြီးကား ကိုဖိုးခင်ကို အပြစ်တင်ကြ သောဟူ၏။ အင်စပက်တော်မင်း ဦးလူကလေးကလည်း ကိုဖိုးခင်အား `မင်းတော့ နောက်သိစေ့မယ်´ဟု ကြိမ်းမောင်း ပြီးလျှင် သူ၏ အပေါ်အင်္ကျီကို လွှမ်းခြုံကာ ဈေးဝိုင်းမှ သွားမြဲလမ်းသို့ ထွက်ခွာသွားလေသတည်း။

မောင်ထင်

No comments: