ချိန်ခါသင့်ပါပြီ

တရုတ်အစိုးရက ရေပြင်ပိုင်နက် အငြင်းပွားမှုဟာ သက်ဆိုင်ရာ နိုင်ငံနှစ်ခုရဲ့ အရေးဖြစ်တာကြောင့် တခြားနိုင်ငံတွေ၊ ဒေသအဖွဲ့ အစည်းတွေ လက် ရှောင်နေဖို့ သတိပေးသံ ထွက်လာတာကို ကြားရ တဲ့အခါ အလွန်အံ့သြမိပါတယ်။ မဆိုင်သူ ဘေးဖယ် ကြားညပ်သွားမယ် ဆိုတဲ့သဘောပါ။

ဗီယက်နမ်အနေနဲ့ ဒီအကြပ်အတည်းကို တစ်ကိုယ် တော် ကြိတ်တာထက်စာရင် သူ့ဘက်က ရပ်တည် နိုင်မယ့် တခြားအစိုးရတွေကို ပါဝင် ပက်သက်စေ ချင်ပုံ ရပါတယ်။ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံနဲ့ ထိပ်တိုက် တွေ့တော့မှာမို့ စာရွက်တွေပေါ်က စစ် ရေး၊ နိုင်ငံရေး ထောက်ပံ့မှုကို လိုအပ်နေပါတယ်။

ဗီယက်နမ်ရော၊ တရုတ်ရော တစ်ပါတီစနစ်နဲ့ မောင်းနှင်နေတဲ့ ကွန်မြူနစ်နိုင်ငံတွေပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအတွင်း စီးပွားရေးတစ်ဟုန်ထိုး တိုးတက်လာကြပြီး ဒေသတွင်းနဲ့ နိုင်ငံတကာကပါ အာရုံစိုက်ခံလာရတဲ့ နိုင်ငံနှစ်ခု ဖြစ်ပါတယ်။

နိုင်ငံခြောက်နိုင်ငံလောက် သူပိုင်ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ တောင်တရုတ်ပင်လယ်ထဲက ရေပြင် ပိုင်နက်မှာ ဗီယက်နမ်ဘူမိ တိုင်းတာရေးသဘောင်္ကို တရုတ်ငါးဖမ်းလှေတွေက ၀င်တိုက်ခဲ့လို့ နှစ်နိုင်ငံ တင်းမာမှုတွေ စတင်ခဲ့တာဖြစ်ပြီး အခုဆို ဗီယက်နမ်ရဲ့ ဟနွိုင်းနဲ့ ဟိုချီမင်းမြို့ကြီးတွေမှာ တရုတ်ဆန့် ကျင်ရေးဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။ ဗီယက်နမ် ကွန်မြူနစ်အစိုးရက အဲဒီဆန္ဒပြမှုတွေကို ခွင့်ပြုထားပြီး တိုင်းပြည်တွင်းမှာ နေထိုင်ကြတဲ့ တရုတ်မျိုးနွယ်တွေနဲ့ တရုတ်အစိုးရကိုပါ ရည်ရွယ် ချက်ထားတဲ့ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။

နှစ်နိုင်ငံစလုံးက သူတို့ရဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာလိုက်ပြီး ဗီယက်နမ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ သေနတ်ကျည်ဆံ အစစ်တွေကို အသုံးပြု သွားတယ်လို့လည်း နောက်ဆုံးသိရှိရပြီး တရုတ်စစ်တပ်က ဒီလကုန် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်မှာ လေ့ကျင့်မှုတွေ စတင်မှာ ဖြစ်ပါတယ်။

ခွင့်ပြုချက်မရဘဲ ရေနံရှာဖွေဖို့ကို လက်သင့်မခံနိုင်ဘူးလို့ တရုတ်က ပြောဆိုလိုက်ပြီး သံသယဖြစ်ဖွယ် မရှိတဲ့ အချုပ်အချာအတွက် သေချာပေါက် ကာကွယ်သွားရလိမ့်မယ်လို့ ဗီယက်နမ်က တုန့်ပြန် လိုက်ပါတယ်။ အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ အရေးကို အာဆီယံ အသင်းကြီးက ဘယ်လို သဘောထားပေး ပါဝင်ပက်သက်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဗီယက်နမ်- တရုတ်အရေးကို မြန်မာပြည်သူတွေလည်း နားစွင့်နေကြပြီး ဘယ်သူလွန်တယ် ဘယ်သူ မလွန်ဘူးဆိုပြီး သုံးသပ်သံတွေ ထွက်ပေါ်လာပါတယ်။ အများစုက ဗီယက်နမ်ဘက်က ရပ်တည်ကြပြီး တရုတ်လှေတွေက အသားလွတ် သွားတိုက် ရန်စတာလို့ ထင်မြင်နေကြပါတယ်။ အားနည်းတဲ့ နိုင်ငံဘက်က ဖေးမတဲ့စိတ်အပြင် တရုတ်နိုင်ငံနဲ့ ပက်သက်လို့ မြန်မာလူမျိုးတွေရဲ့ ရှုထောင့်က တစ်မျိုးတစ်မည် ဖြစ်လာပုံလည်း ရပါတယ်။

မြန်မာနဲ့ တရုတ်အစိုးရတို့ မဟာဗျူဟာမြောက် ဆက်ဆံရေးအဆင့် တိုးမြှင့်လိုက်ပြီး မကြာခင် ဗီယက်နမ် ၀န်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဒု- ၀န်ကြီးချုပ်လည်း မြန်မာနိုင်ငံကို ရောက်လာပါတယ်။

စီးပွားရေးစာချွန်လွှာ မြောက်များစွာကို လက်မှတ်ရေးထိုးသွားကြပါတယ်။ မြန်မာနဲ့ တရုတ်ဟာ အစိုးရချင်း နီးနီးကပ်ကပ် ဖြစ်လွန်းတဲ့အပြင် တရုတ်ကွန်မြူနစ်ပါတီနဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီ တို့လည်း အပြန်အလှန် ကူညီဆက်သွယ်မှုတွေ လုပ်လာတာကို တွေ့ရပေမယ့် အာဆီယံ တစ်နိုင်ငံဖြစ်တဲ့၊ ဘက်မလိုက် မူဝါဒ ချမှတ်ထားတဲ့ မြန်မာနိုင်ငံအနေနဲ့ ဗီယက်နမ်- တရုတ် ရေပြင်ပိုင်နက် အရေးအခင်းမှာ ကြားနေပြီး မျှမျှတတ ရပ်တည်သွားတာကို မြန်မာပြည်သူတွေက မျှော်လင့်နေကြပါတယ်။

အာဆီယံနိုင်ငံတွင်း အဖွဲ့ဝင်ဖြစ်လာဖို့ မြန်မာနိုင်ငံကို ဗီယက်နမ်က နိုင်ငံရေးအရ ကျားကန်ပေးခဲ့ ဖူးပါတယ်။ အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့်၊ အမေရိကန်ရဲ့ မြန်မာနိုင်ငံ အပေါ်ထားတဲ့ မူဝါဒတွေကြောင့် မြန်မာဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကြီးနဲ့ အခုလို ပူးကပ်လွန်းသွားရတာလို့ ဝေဖန်ကြတဲ့ နိုင်ငံရေးသမားတချို့ ရှိပါတယ်။ တရုတ်နိုင်ငံကြီး အခုလို စီးပွားရေး ကြီးထွားလာပြီး နိုင်ငံရေးနဲ့ စစ်ရေးမှာ ကမ္ဘာ့ရှေ့တန်းကို တမုဟုတ်ချင်း ချဉ်းနင်းလာတာကို သွားရည်တမြားမြားနဲ့ အားကျနေကြတဲ့ နိုင်ငံရေးသမားတချို့ ရှိပါတယ်။

တရုတ်ရဲ့ စီးပွားရေး အားကောင်းမောင်းသန် ဖြစ်လာရတာဟာ လွန်ခဲ့တဲ့ (၂၅) နှစ်လောက်က စပြီး တရုတ် အစိုးရ ခေါင်းဆောင် အဆက်ဆက်ရဲ့ တရုတ်ပြည် တရုတ်သားတွေ အပေါ်ထားတဲ့ တကယ့်ရိုးသားတဲ့ စိတ်ရင်း စေတနာကြောင့်ပါ။ ဗီယက်နမ်လည်း ထို့အတူပါဘဲ။ အခုလောက် မြန်မြန်ဆန်ဆန်ကြီး ကွန်မြူနစ်စနစ်အောက်မှာ စီးပွားရေး အင်မတန် သန်စွမ်းခဲ့ရတာ ဗီယက်နမ် ခေါင်းဆောင်တွေရဲ့ ဉာဏ် အမျှော်အမြင်ကြီးမှုနဲ့ ပြည်သူတွေ အပေါ် ထားတဲ့ ရိုးစင်းဖြောင့်မှန်တဲ့ စိတ်ကောင်းစေတနာကြောင့်ဘဲ ဖြစ်ပါတယ်။

ဒီနှစ်နိုင်ငံစလုံးမှာ တူညီတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ သူတို့ အမျိုးသားအကျိုးစီးပွားအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ယူဆထားတဲ့ အချက်က အမေရိကန်နိုင်ငံနဲ့ စိမ်းလန်းတဲ့ဆက်ဆံရေး ရှိနေဖို့ပါဘဲ။ မြန်မာပြည်သူတွေ အနေနဲ့ မြန်မာ- အမေရိကန်ဆက်ဆံရေး အထူးကောင်းမွန်ဖို့ လိုလားနေကြ တာဟာ ယုတ္တိရှိသလို ချိန်ခါလည်း သင့်နေပါပြီ။ သိသိကြီးနဲ့ ခံနေရတဲ့ ဘ၀များမှ လွန်မြောက်လိုပါပြီ။

အောင်မျိုးထွန်း
၁၄- ၆- ၂၀၁၁
(Weekly Eleven News - Vol 6 , No 37 မှ ကာတွန်းပုံဖြစ်ပါသည်)

No comments: