အချိန်မကျဘဲ ကြေမွသွားတဲ့ ပန်းတပွင့်

          “ ညဏ်လင်းထက်”
ရှေ့ကို ထွက်ခဲ့စမ်းဆိုတဲ့ ဆရာမ စကားသံ အဆုံးမှာ ကျနော်ဟာ မ၀ံ့မရဲ တုန်ရီစွာနဲ့ အတန်းရှေ့ကို ထွက်သွားလိုက်ပါတယ်။
“ပုံနှိပ်စာအုပ်ဖိုးနဲ့ ကျောင်းက အလှူအတွက် နင့်ဆီက ငွေမရလို့ တောင်းတာ ဘယ်နှခါ ရှိပြီးလည်း။ လူလေး ကြည့်တော့ ငါးတန်းဘဲ ရှိသေးတယ်။ ငါ့ကိုတောင် အာခံချင်တာလား။”
“ကျနော့်တို့အိမ်က အဆင်မပြေသေးလို့ မပေးနိုင်သေးတာပါ ဆရာမ” ဆိုတဲ့ဖြေရှင်းချက်ကို သိပ်ကြိုက်ပုံ မရတဲ့ ဆရာမက
“ဘာပြောတယ်၊ ကျောင်းတော့ထားပြီး စာအုပ်ဖိုးမှ မတတ်နိုင်ရင်လည်း ကျောင်းမထား ချင်နဲ့လို့ နင့်မိဘတွေကို ပြောလိုက်။ ဘယ်လို မိဘတွေလည်း မသိပါဘူး။ ကျောင်းထားပြီး ကျောင်းက တောင်းတဲ့ငွေတော့ မပေးနိုင်ဘူး။ စိတ်ပျက်ဖို့ တကယ်ကောင်းတယ်။”
“နင် ဒီနေ့ တနေကုန် မတ်တတ်ရပ်နေရမယ်၊ ငါက ထိုင်ဆိုမှ ထိုင်။ ကဲ အားလုံး စာအုပ်ထုတ်”
ဆရာမရဲ့ စကားသံ အဆုံးမှာ ကျနော့် အတန်းဖော် သူငယ်ချင်းများရဲ့ စူးစိုက်ပြီး ကြည့်နေတဲ့ အကြည့်များကို ရင်မဆိုင်ရဲလို့ မျက်နှာကို ခေါင်းငုံ့ထားရင်းက ကျလာတဲ့ မျက်ရည်များကို သုတ်ပစ်ဖို့တောင် အားမရှိတော့ပါဘူး။ ဖြစ်နိုင်ရင် ကျနော် ဒီနေရာက ဝေးရာကို ထွက်သွားချင်ပါတယ်။ ဒီနေ့ ကျောင်းဆင်းချိန်ကလည်း ကြာလိုက်တာနော်၊ တွေးမိရင်းက ဒုက္ခိတ အဖေနဲ့ ဈေးသည်အမေရဲ့ မျက်နှာကို ပြန်မြင်ယောင်ကာ ၀မ်းနည်းစွာ သက်ပြင်း ချကာ ကျောင်းဆင်းချိန်ကိုဘဲ စောင့်စား နေလိုက်ပါတော့တယ်။
ဒီတခါတော့ အမေ့ဆီက ပိုက်ဆံရအောင် တောင်းမယ်လို့ စိတ်ကူးနဲ့ ပြန်လာရင်း အိမ်အရောက်မှာ အဖေနဲ့ အမေရဲ့ အသံတိုးတိုးနဲ့ တိုင်ပင်သံကို ကြားမိပါတယ်။
“ရှင် ဒီအတိုင်း ဆက်သွားရင်တော့ သိပ်မခံလောက်တော့ဘူး ထင်တယ်နော်။ ဆေးခန်းကို သွားပြပါလား ကိုမြင့်ရယ်”
“မင်းလည်း ငွေရှိတာမှ မဟုတ်ဘဲ မပြချင်ပါဘူး မိန်းမရယ်။ ငွေမပါတဲ့ လူနာကို ဒေါသထွက်နေတဲ့ ကြည့်နေတဲ့ ဆရာဝန်ကို ရင်ဆိုင်ရတာထက် ငါ့ဟာငါဘဲ အသေခံလိုက်ပါတော့မယ်ကွာ” ဆိုတဲ့ အဖေ့ပြောစကား အဆုံးမှာ အမေဟာ ကျနော်တို့ အိမ်ရဲ့ တခုတည်းသော ပစ္စည်းထိန်းသိမ်းရာနေရာ သေတ္တာစုတ်လေးကို ဆွဲဖွင့်ကာ သူအင်မတန် မြတ်နိုးတဲ့ ဆွဲကြိုးလေးကို အဖေ့အတွက် အသက်ဆက်နိုင်အောင် ဆေးကုပါရစေလို့ အကြိမ်ကြိမ် တောင်းပန်နေပါတယ် ။
“သားသမီးတွေ ပညာရေး အတွက် သိမ်းထားလိုက်ပါ မိန်းမရယ်။ ငါသားလေးလည်း အရွယ်ရောက်နေပြီ။ သမီးလေးကလည်း ကျောင်းစနေပြီဆိုတော့ သူတို့အတွက် အရေးပေါ်ရင် သုံးဖို့ သိမ်းထားလိုက်ပါနော်”
မိဘ နှစ်ပါးရဲ့ အပြန်အလှန် ပြောဆိုမှုတွေကြောင့် ကျနော့်စိတ်ထဲမှာ ၀မ်းနည်းလွန်းလို့ ငိုချင်ပေမယ့် ကျစရာ မျက်ရည်ခမ်းခြောက်ခဲ့ရပါပြီ။ ငွေမပါရင် ကျောင်းမလာနဲ့ဆိုတဲ့ ဆရာမရဲ့ စကားသံကို ပြန်ကြားမိတိုင်း သောကပွားနေရတဲ့ ကျနော့်ရဲ့ ခံစားချက်ကို မိဘနှစ်ပါးကို ဘယ်လိုနည်းနဲ့မျှ ရင်မဖွင့်ပြလိုတော့ပါဘူး။
ခြေဦးတည့်ရာ လျှောက်သွားနေရင်း ကျနာ့်အရွယ် ကလေးငယ်တွေ တုတ်လေးတွေ ကိုယ်စီနဲ့ အိတ်တလုံးကို ကိုယ်စီထမ်းကာ အမှိုက်ပုံမှာ ထိုးဆွနေတဲ့ မြင်ကွင်းလေးက တွေ့မြင်နေကြ ဖြစ်ပေမယ့် တခါမှ မစူးစမ်းမိခဲ့ပါဘူး။ သိလိုဇောနဲ့ သူတို့အနား အသာချဉ်းကပ်ကာ မင်းတို့ ဘာလုပ်နေကြတာလည်းကွ ဆိုတော့ ကျနော့်ထက် ငယ်ပေမယ့် သွက်လက် ချက်ချာတဲ့ ကောင်လေးက “အမှိုက်ကောက်နေတာလေကွာ၊ မင်းကလည်း ဒါများ အထူးအဆန်းမှတ်လို့။ ဒီက အမှိုက်ရောက် ရလာတဲ့ စက္ကူ၊ ပလပ်စတစ်၊ ဒန်အိုး၊ ဒန်ခွက်တွေကို ဆိုင်မှာ သွားရောင်းရင် ပိုက်ဆံရတာပေါ့”
ပိုက်ဆံ ဆိုတဲ့ စကားလုံးက ကျနော့်ကို များစွာ ဆွဲဆောင်ထားလိုက် သလို ခံစားရလို့
“ငါလည်း အဲဒီလို လုပ်လို့ ရလားကွ”
ရတာပေါ့ကွဟု ပြောလျှက် သူကိုင်ထားတဲ့ ဒုတ်လေးနဲ့ လွယ်ထားတဲ့ ပလပ်စတစ်လေးကို ညွှန်ပြကာ ဒီနှစ်ခု ရှိရင် မင်းအလုပ်လုပ်လို့ ရပြီတဲ့။
“ဒါဆို ငါ မနက်ဖြန် မင်းတို့ဆီ လာခဲ့မယ်ကွာ”
နောက်တနေ့ မနက် အိမ်ကနေ ပုံမှန်အတိုင်း လွယ်အိတ်လွယ်ပြီး ကျောင်းသွားသလို ပုံစံမျိုးနဲ့ ထွက်လာခဲ့ပြီး လွယ်အိတ်ကို စိတ်ချရတဲ့ နေရာမှာ ထားခဲ့ပြီး ကျနော့် သူငယ်ချင်းတွေနဲ့ ချိန်းထားရာ နေရာကို သွားခဲ့ပါတယ်။ သူတို့ အသင့်ပြင်ပေးထားတဲ့ သံချွန်တပ် ဒုတ်လေး တချောင်းနဲ့ မြွေရေခွံအိတ်ကို လွယ်ကာ အမှိုက်ပုံများ ရှိရာနေရာ၊ လမ်းကြိုလမ်းကြားမှန်သမျှ လှည့်လည်သွားပြီး ငွေရဖို့ ကြိုးစားခဲ့ပါတယ်။
အစပထမကတော့ အထာသိပ်မနပ်တော့ ဘယ်လို လုပ်ရမယ်ဆိုတာ မသိပေမယ့် ရက်အနည်းငယ် ကြာလာတော့ သဘောပေါက်လာတယ်။ ဘယ်နေရာ အမှိုက်ပုံက ပစ္စည်းရဖို့ လွယ်တယ်၊ ဘယ်အချိန်ဆို ဘယ်အိမ်က အမှိုက် လွှင့်ပစ်တယ်ဆိုတာ သဘောပေါက်လာ တယ်။ ဒီလိုနဲ့ တလလောက် လုပ်လိုက်တော့ ဆရာမကို ပေးဖို့ ငွေလေး စုဆောင်းမိလာတဲ့ အပြင် အဖေ့အတွက် လိုအပ်တဲ့ ဆေးလေးတွေ ၀ယ်ပေးနိုင်ခဲ့ယုံသာ မကဘူး ညီမလေး သိပ်ကြိုက်တဲ့ ရေခဲမုန့်လေးကို နေ့စဉ် ၀ယ်ကျွေးနိုင်ပါတယ်လို့ ကျောင်းဘက်ကို ခြေဦး ပြန်လှည့်ခဲ့ပါတယ်။
ငွေကြေးချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ အတန်းဖော် သူငယ်ချင်းများကို သား၊ သမီးဆိုပြီး ခေါ်ဆိုတတ်တဲ့ ဆရာမဟာ ကျနော့်ကိုတော့ နင်ဆိုတဲ့ အသုံးအနှုန်းက လွဲပြီး ပြောင်းလဲသုံးဖို့ စိတ်ကူး မရှိဘူးလား မသိပါဘူး။ သူသင်တဲ့ ကျူရှင် မတတ်နိုင်တဲ့ ကျောင်းသားတွေဆို အမြဲလိုလို ဒေါသထွက်နေတတ်တဲ့ ဆရာမကို ရင်ဆိုင်နေရတာ သိပ်ကို ၀မ်းနည်းစရာ ကောင်းလွန်းလှပါတယ်။
ကျောင်းက ပြန်လာတာနဲ့ လွယ်အိတ်ကို အသာချပြီး အမှိုက်ပုံကို ပြေးသွားရတဲ့ ဘ၀တွေက လွတ်မြောက်ချင်လှပြီ။ ကျောင်းက အပြန်ဆော့ကစားနေတဲ့ သူငယ်ချင်းတွေကို မြင်တိုင်း သူတို့လို ကစားချင်ပေမယ့် အိမ်က ဆန်အိတ်ထဲမှာ မနက်စာဘဲ ကျန်တော့တာကို သိထားတဲ့ ကျနော် အတွက် ကစားမက်လို့ မဖြစ်ပါဘူးဆိုပြီး ဆုံးဖြတ်ချက်ချကာ အရပ်တကာ လည်ပြီး အမှိုက်ကောက်ခဲ့ရတဲ့ ရက်တွေ တဖြည်းဖြည်း ပိုမို များပြားလာပါတယ်။
တနေ့တနေ့ လမ်းကြိုလမ်းကြားထဲ ၀င်ပြီး အမှိုက်ကောက်နေတဲ့ ကျနော့်ကို သနားစရာ အကြည့်နဲ့ ကြည့်သူတွေထက် မယုံသကာင်္စိတ်နဲ့ ကြည့်ကြတဲ့ လူတွေရဲ့ မျက်ဝန်းမှာ မနှစ်မြို့ခြင်းတွေ ပါနေတတ်တယ်။ အထူးသဖြင့် တိုက်ကြို တိုက်ကြား ၀င်ကောက်တဲ့ အချိန်တွေဆို အော်ဟစ်မောင်းထုတ်တာကို ခံရပါများလာတော့ ဒီဘ၀ကို တကယ် စိတ်နာလာပါပေမယ့် ကျနော့် ငွေရမှ အဖေ့အတွက်ဆေးဖိုး၊ ညီမလေး သိပ်ကြိုက် တတ်တဲ့ မုန့်လေးတွေ ၀ယ်ပေးနိုင်မှာဆိုတော့ မလုပ်ချင်လည်း လုပ်နေရအုံးမှာပါဘဲ။
ညနေဘက် ကျနော် ပြန်လာရင် ထွက်ကြိုတဲ့ ညီမလေးကို မုန့်လေးပေး၊ အဖေ့အတွက် အာဟာရပြည့်စေမယ့် အစားအစာ တခုခုပေးရတဲ့ အချိန်ဟာ ကျနော့်ဘ၀ အတွက် အပျော်မြူးရဆုံး အချိန်ပါဘဲ။ ကိုယ်တိုင်က ငွေမရှာနိုင်လို့ သားဝယ်လာတာလေးကို စားနေရတဲ့ ကျနော့်အဖေ့မျက်လုံးမှာ အမြဲလိုလို မျက်ရည်တွေစို့နေတာကို သတိထားမိတယ်။
အဖေ့အတွက် ဆေးကုပေးဖို့ အမေကိုပြောတော့ “ငါ့သားရယ်၊ ဆေးကုဖို့က ငွေမနည်းဘူး ကုန်မှာ၊ အမေ့မှာလည်း စားဖို့တောင် အနိုင်နိုင်ဆိုတာ သားလည်း သိသားဘဲ” ဆိုပြီး ၀မ်းနည်းနေတဲ့ အမေ၊ ဝေဒနာကို ကြိတ်မှိတ် ခံစားနေရတဲ့ အဖေ၊ မိဘနှစ်ပါးကို ကြည့်ကာ မျက်ရည်ကျနေတဲ့ ကျနော်တို့ ညီမလေးအတွက် ကျနော် ကျောင်းထွက်လိုက်တော့ မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ရက်ကွက်ထဲက သူငယ်ချင်းတချို့ ညဘက် ပန်းကောက်ပြီး မနက်အစောကြီး ဈေးမှာသွားသွင်း၊ တခါတလေ ကားဂိတ်တွေမှာ ရောင်းတာ အဆင်ပြေတယ်ဆိုလို့ ကျနော် သူတို့နဲ့ အတူလိုက်ပြီး ၀မ်းရေးအတွက် ဖြေရှင်းခဲ့ရတယ်။ နေ့လည် အချိန်အားရင် အမှိုက်ပုံဘက် ပြေးသွားပြီး ငွေရှာပါမှ ထမင်းနပ်မှန်ဖို့ သာမကဘူး အဖေနဲ့ ညီမလေးအတွက် လိုအပ်တာလေးတွေ ဖြည့်စည်းပေးနိုင်မှာ။
အလုပ်နှစ်ခုလုပ်တော့ ငွေပိုလေး နည်းနည်းရလာလို့ ရပ်ကွက်ထဲက ဆရာဝန်နဲ့ အဖေ့ကို ပြနိုင်ခဲ့တယ်။ သူညွှန်ပြတဲ့ ဆေးကို အဖေ ပုံမှန်စားနိုင်အောင် ကျနော် ပိုပြီး ကြိုးစားရအုံးမယ်။
ဘာလိုလိုနဲ့ သင်္ကြန်နားတောင် နီးလာပြီဘဲ။ လူတော်တော်များများ ပျော်ရွှင်ကြတဲ့ သင်္ကြန်ပွဲ ကျနော်လည်း ပျော်ချင်တာပေါ့ဗျာ။ သင်္ကြန်အတွက် ဘာအစီအစဉ်ရှိလည်း သူငယ်ချင်းတွေနဲ့ တိုင်ပင်တော့ သူငယ်ချင်း တယောက်က “သင်္ကြန်ဆိုတာ ငါတို့အတွက် ဂွင်ဘဲကွ။ အဲဒီနေ့မှာ ငါတို့ ကြိုးစားလိုက်ရင် မြိုးမြိုးမျက်မျက်လေး ရနိုင်တယ်” တဲ့။ ဘာလုပ်ရမှာလည်း ဆိုတော့ “အရက်လည်း ရောင်းမယ် ရေသန့်ဘူးတွေ၊ အချိုရည်ဘူးတွေလည်း ကောက်လို့ ရတယ်” ဆိုလို့ ကျနော် အရမ်း စိတ်ဝင်စားသွားတယ်။
မြန်မာရိုးရာ အတာသင်္ကြန်ပွဲကြီး စတင်ကျင်းပတဲ့ နေ့က စပြီး ကားဂိတ်လေးမှာ ရေပုံးလေးတွေ ကိုယ်စီကိုင်ပြီး အရက်ဆိုင်လေးတွေ ကိုယ်ပိုင်ဖွင့်ခဲ့ကြတယ်။ ဆိုင်လို့သာ ပြောတာပါဗျာ၊ ထိုင်ခုံတလုံးပေါ်မှာ ရေပုံးတလုံး၊ အရက်တပုံးနဲ့ ရေသန့်ဘူး အဟောင်းလေးတွေဘဲ ရှိတာပါ။ အရက် တဗူးကို တထောင်နဲ့ အော်ဟစ်လို့ ရောင်းခဲ့ရတာ ပျော်စရာ မကောင်းပေမယ့် ၀င်ငွေ ကောင်းကောင်းရလို့ အဖေ့အတွက် ဆေးကုပေးနိုင်မယ် ဆိုပြီး စိတ်ကူးနဲ့ ကြည်နူးခဲ့ရပါတယ်။ သူငယ်ချင်း တယောက်က ဆိုင်ထိုင်ရင် နောက်တယောက်က ကားပေါ်က ပစ်ချလိုက်တဲ့ ရေသန့်ဗူးနဲ့ အချိုရည်ဗူးလေးကို လိုက်စုရတယ်။ ကောက်တဲ့ လူကများတော့ နည်းနည်းတော့ စွန့်စားရတယ်ဗျာ။
သင်္ကြန်အတက်နေ့ ဆိုတော့ လူတွေကို ပိုပျော်နေကြလို့လား မသိဘူး ရောင်းလို့ကလည်း ကောင်းပဗျာ။ နောက်ဆုံးနေ့ ဆိုတော့ သူတို့ အားခဲပြီး ဖြုန်းပြနေလို့ သူတို့ ပစ်ချသမျှ လိုက်ကောက်ရတာတောင် နည်းနည်းမောလာသလိုပါဘဲ။ ဒီနေ့တော့ နေ့တွက် တော်တော်ကိုက်နေပြီ ဆိုတာသိပေမယ့် ဆက်စောင့်ပြီး ကောက်လို့ များများရရင် မနက်ဖြန် မနက် အမေ ဘုန်းကြီးကျောင်းသွားရင် မောင်နှမ နှစ်ယောက်လုံး လိုက်မယ်လို့ စဉ်းစားထားတယ်။
ကားတစီးပေါ်က ပစ်ချလိုက်တာ အချိုရည်ဗူးခွံတွေဗျာ၊ အများကြီးဘဲ ကားလမ်း လယ်မှာ သွားကောက်ရင် အန္တရာယ်များမှန်း သိပေမယ့် သူတပါး မဦးခင် အမြန်ဦးအောင် ကားလယ် အလယ်ကို ပြေးအသွားမှာ အရှိန်ပြင်းစွာ မောင်နှင်းလာတဲ့ကား တစီးကြောင့် လေထဲကို မြောက်သွားပြီး ပြန်အကျမှာ သူ့ခန္ဓာက ဖြာဆင်းလာတဲ့ သွေးစက်တွေက မြင်ရက်စရာမရှိအောင် ကျဆင်းပေမယ် ကျနော် အိမ်ပြန်ဖို့ အားခဲထားဆဲ ပါဘဲ။
သူ့ကိုယ့်သူ မသယ်နိုင်တဲ့ ခန္ဓာကိုယ်ကို အတင်းကြိုးစားပြီး ရုန်းထနေပုံလေးက မြင်ရသူအပေါင်းရဲ့ နှလုံးသားကို ကွဲကြေပျက်သလို ခံစားလိုက်ရလို့ လူအများက ဆေးရုံပို့ဖို့ ကြိုးစားပေမယ့် “အဖေနဲ့ ညီမလေး စောင့်နေလို့ အိမ်ကိုသာ ပြန်ပို့ပေးကြပါ” ဆိုတဲ့ စကားကို သနားစဖွယ် အမူအရာနဲ့ နောက်ဆုံးစကားအဖြစ် ကြိုးစားပြောပြီး အချိန်မကျသေးဘဲ ဘ၀တပါးကို သနားဖွယ်ရာ ကူးပြောင်းသွားရှာပါပြီ။
မိဘက ဆင်းရဲ နွမ်းပါးလို့ ကျောင်းနေချိန်မှာ ပညာမသင်ရဘဲ အနာဂတ်တွေ ပျောက်ဆုံးကာ စာသင်ခန်းကို ကျောခိုင်းပြီး ၀မ်းရေးအတွက် အခုလို ကြိုးစားရှာဖွေနေတဲ့ ကလေးငယ်တွေ သိပ်ကို များလာတာကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရလို့ မိတ်ဆွေများကို သတိပေးတဲ့ အနေနဲ့ လေးစားစွာ တင်ပြပေးလိုက်ပါတယ်။
အကယ်၍များ မိတ်ဆွေတို့မှာ ကိုယ်ချင်းစာတရားနဲ့ မျှဝေခံစားလိုကြကာ မိမိတို့ တတ်နိုင်သလောက်လေး ပါဝင်ကူညီဆောင်ရွက်ပေးကြရင် အနာဂတ် မြန်မာနိုင်ငံမှာ အခုလို ကလေးငယ်တွေ တဖြည်းဖြည်း နည်းပါးသွားနိုင်တယ်ဆိုတဲ့ ခံယူချက်လေးထားပြီး သူတို့ဘ၀ အတွက် တချက်လောက် စဉ်းစားပေးကြပါလားလို့ သူတို့ကိုယ်စား ကျနော်ကဘဲ တောင်းပန် စကား အရင်ပြောကြားချင်ပါတယ်။
အုပ်ချုပ်သူ နေရာကို ယူထားပြီး တိုင်းပြည်ဘဏ္ဍာကို စီမံခန့်ခွဲနေကြသူများက လှစ်လှူရှုထားလို့ ဒုက္ခမျိုးစုံ ခံစားနေရတဲ့ လူအများကို ပြည်သူလူထုကဘဲ ကိုယ်ထူကိုယ်ထ စနစ်ကို ကျင့်သုံးပြီး နိုင်ရာ တာဝန် ထမ်းကြကာ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးမှသာ အနာဂတ်ကမ္ဘာမှာ လူငယ်မျိုးဆက်သစ်တွေ အခုလို ဒုက္ခတွေ ကြုံတွေ့ရတဲ့ ဘ၀က လွတ်မြောက်လာမှာ အမှန်ပါဘဲ ဆိုတာကို ယုံကြည်စွာနဲ့ လက်ခံထားပြီး တတ်နိုင်သလောက်လေး ကြိုးစားဆောင်ရွက်ပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျာ။
ကိုယ်ပိုင် အိမ်မှာ နေခွင့်မရလို့ သူတပါးအိမ်မှာ ခတ္တ ဧည့်သည် အဖြစ်နေကြရကာ စီးပွားရှာနေရတဲ့ ပြည်ပရောက် ညီအစ်ကို မောင်နှမများ အနေဖြင့်လည်း အချိန်တန်လို့ အိမ်ပြန်ရရင် သာယာလှပတဲ့ ကိုယ်ပိုင်အိမ်လေးမှာ ပြန်နေနိုင်အောင် ၀ိုင်းဝန်း ကြိုးစား ပေးစေလိုပါတယ်။ သူတပါးအိမ်မှာ ဧည့်သည် ဘ၀နဲ့ ထာဝရ နေထိုင်သွားမယ့် အစား ပျက်စီးနေတဲ့ ကျနော်တို့ ကိုယ်ပိုင်အိမ်လေးကို နေထိုင်ချင်စဖွယ် ဖြစ်အောင် တည်ဆောက် သွားဖို့အတွက် ၀ိုင်းဝန်းကြိုးစားပေးကြပါလို့ အနူးအညွတ် မေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။
ခင်မင်လေးစားလျှက် -
ဗမာ့သွေး

No comments: