မတူရင် မတုနဲ့ (၁၀) နှစ်

မရေးဘူးလို့ စိတ်ကို ထိမ်းချုပ်ထားပါတယ်။ ကိုယ်ယုံကြည်တဲ့ ခေါင်းဆောင်ကို စော်ကားနေတဲ့ ကိစ္စ သူ့ရာဇ၀င်နဲ့ သူပဲလေလို့ ဘာအစဉ်အလာမှ မရှိတဲ့သူရဲ့ တစ်ကျပ် တစ်မတ် တိုက်ကွက်ပဲ ဆိုတာ ကျမတို့ကြား သတ်မှတ်ပြီးသားမို့ နေပါစေလို့ ထားလိုက်တော့မလို့ပါ။ ဒါပေမဲ့ ကျမ ပါဝင်တဲ့ အများစု မေး(လ်) ဂရုထဲ ကို ဒီည ကိုလွဏ်းဆွေ ကိုယ်တိုင် ထပ်ပို့လာတာတော့ သူရဲ့အဲဒီ အမြင်တွေကြောင့် ဆူညံပေါက်ကွဲသံတွေနဲ့ အက်ကြောင်းဖြစ်ခဲ့ရတဲ့ အင်အားတရပ် အဲဒီအင်အားထဲက သူကိုလက်ခံနိုင်သူလက်ခံ ဒါပေမဲ့ လုံးလုံး လက်မခံနိုင်တဲ့ ကျမကို စော်ကားလိုက်သလို ခံစားရပါတယ်။ ခြေလက်အေးစက်ပြီး လူသတ်ချင်စိတ်တောင် ကျမဖြစ်မိတယ်။ ဒါလည်း မောင်လွဏ်းဆွေရဲ့ တိုက်ကွက် တခုဆိုတာ သိကိုသိပါတယ်။

ဒီတော့လည်း ရဲဘော်တွေကြား ပြောနေကြ စကားလို “အမုန်းမခံဘူးဟေ့၊ ယုန်သူငယ် နှာစေးလိုက်ဦးမယ်” ကွယ်ရာမှာဆဲပြီး တွေ့ရင် မင်းအဖေ နေကောင်းလားဆိုတာ အိရွှေစင်ညွန့်တော့ တသက်လုံး မကျင့်သုံးဖူးလို့ ရန်သူအကြိုက်လိုက်တဲ့ သူတွေ မုန်းချင် မုန်းပါစေ၊ သူတို့ချစ်တာ ခင်တာ ခံနေရရင် ကိုယ်တောင် သိက္ခာမဲ့သေးလို့ တွေးပြီး ကိုလွဏ်းဆွေရေ မတူရင် မတုပါနဲ့လို့ ပြောပါရစေ။ ကျော်ဖြတ်တာခြင်း ယုံကြည်ချက်ခြင်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရမှုခြင်း တူတဲ့သူတွေသာ ကိုယ်ချင်းစာ နားလည်ပေးနိုင်မဲ့ အခြေအနေ အရပ်ရပ်မို့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရ ကျော်ဖြတ်နေရ လှုပ်ရှားနေရတာကို
ကိုယ့်စိတ် ကိုယ့်ခန္ဓာ ကိုယ့်အသက်နဲ့ ကိုယ်ချင်းစာပြီး ကျမတို့ နားလည်ခံစားနိုင်တယ်။

ဒေါက်တာလွဏ်းဆွေ ရေးထားတဲ့ အားလုံးပဲ ဟောင်းနွမ်းလို့ အသစ်က ပြန်စဖို့ဆိုတဲ့ ရမ်းကားမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကို သာမက ရှစ်လေးလုံးအရေးတော်ပုံကစတဲ့ တော်လှန်ရေး အင်အားစုကို စော်ကားတာ၊ စမ်းသပ်ကြည့်တာ၊ သူများ ၀င်ဆန့်နိုင်မလားဆိုပြီး တိုးကြည့်တာ အသေအချာပါ။ ဒါ့ကြောင့် အယဉ်ကျေးဆုံး စကားလုံးနဲ့ ကျမ တုန့်ပြန်ရမယ်ဆိုရင် ဒူးနေရာဒူး၊ တော်နေရာတော်၊ တန်ရာတန်ရာ ဝေဖန်ပါလို့ ပြောချင်ပါတယ်။ ဘာကြောင့် ပြောရလဲ ဆိုရင် ၁၉၈၈ မှာ မောင်လွဏ်းဆွေ ၁၈ နှစ် အရွယ်ပါ၊ ဖြူစင်တဲ့ လူငယ်အရွယ်မဟုတ် မခံတဲ့လူငယ်အရွယ် အဲဒီအရွယ်မှာ၊ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်တာ သူဘယ်နေရာမှာမှ မပါခဲ့ပါဘူး။ ၈၉ မှာ ကျမထောင်ထဲရောက် ပြီးပါပြီ မောင်လွဏ်းဆွေထက် ကျမ ၂ နှစ်ငယ်ပါတယ်။

၁၉၉၆ မှာ ကျောင်းသားတွေက ကျောင်းသားသမဂ္ဂ တောင်းဆိုလို့ မီးသတ်ပိုက်နဲ့ထိုး အမှောင်ချ ရိုက်နှက်ပြီး ထောင်ထဲထဲ့တဲ့ အချိန်မှာ မောင်လွဏ်းဆွေ ဆေးတက္ကသိုလ်မှာပါ။ သူဘယ်နေရာမှာမှ မပါခဲ့ပြန်ပါဘူး။ ကျမထောင်ထပ်ကျပါတယ်။ ကျမ ၁၀ တန်းနဲ့ ကျောင်းက ရာသက်ပန်ထုတ်လို့ ၁၀ တန်းစာမေးပွဲကို အပြင်ကဖြေခဲ့ ရပါတယ်။ ပြည်ပ ထွက်လာတော့ လည်း တော်လှန်ရေးနဲ့ ဘာမှ မဆက်စပ်တဲ့ကိစ္စနဲ့ ထွက်အလာ မဲဆောက်ဒေသရဲ့ ထုံးစံ
အရ ပြည်တွင်းမှာ ကဗျာလေးတစ်ပုဒ်လောက် ပေါက်လည်း တကယ့်စာပေသမားကြီးပမာ ကြိုဆို နေရာပေးတက်တဲ့ အသိုင်းအ၀န်းတစ်ခု ရှိနေလေတော့ ထမင်းမငတ်ဘူးပေါ့။ ထမင်းမငတ်ရာက ထမင်းဝလာတော့ လူပါးလေးပါဝ ချင်လာတော့တာပါပဲ။ အဲလိုပြောတော့ တော်လှန်ရေးမှာ မပေးဆပ်သူ မပါဝင်သူက စာပေမဝေဖန်ရဖူးလားလို့ စောဒကတက်စရာရှိပါ
တယ်။ ဝေဖန်ရေးဟာ စော်ကားရေး မဟုတ်ပါဘူး။ သူ့အရေးအသားတွေ ဘယ်လိုဖတ်ဖတ် တချို့ဟာ ဘာသမိုင်းမှမသိ ဘာမှ လက်တွေ့မကြုံဖူး မတွေ့ဖူးတာတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ NLD ရဲ့ ဘယ်လို အကြတ်အတည်းမျိုးနဲ့ ရင်ဆိုင် လုပ်နေရ တာတွေ ဗဟုသုတ (အသိတရား) ဘာမှမရှိပဲ ရေးထားတော့ လက်တွေ့ ကျော်ဖြတ်ခဲ့
ရတဲ့ ကျမတို့က ဟားမိတာတွေ ဟာ ဒီကောင် မိုက်ရိုင်းလှချည်လားလို့ သြချရတာတွေ တွေ့လာရပါတယ်။

တလောကပဲ စာပေနယ်ထဲက ဆရာစိုးနေလင်းက သူ့ကို နာမည်မထဲ့ပဲ ဆုံးမခဲ့ပါသေးတယ်။ ဘယ်သူ့ကိုရေးတယ်ဆိုတာ လူမှန်ရင် သူသိပါလိမ့်မယ်။ အဲဒီတော့ ကျမမေးချင်တယ် သူ့ရဲ့ ဒေ၀ဒတ် ဉာဏ် တိုက်ကွက်ကိုထား၊ (၁) ထောက်လှန်းရေးနဲ့ လက်နက်ကိုင်တွေ ရှိနေတဲ့ နေရာကို နေ့စဉ် မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး နိုင်ငံရေးစကားတွေ ပြောဖူးလား၊ ပြောရဲလား (ကျမတို့ နှစ်ပေါင်းများစွာ ထောက်လှန်ရေးနဲ့ စိန်ပြေးလိုက်တမ်းကစားသလို ကျင်လည် ခဲ့ရတယ်) (၂) ရိုက်သတ်မယ်၊ ပစ်သတ်မယ် သိသိနဲ့ အာဏာပိုင်ရှေ့မှာ စစ်တပ်နားမှာ တရားဟောဖူးသလား ကျမတို့ဂွတ်တလိပ်လမ်းဆုံမှာ နံပါတ်တုတ်နဲ့ အရိုက်ခံခဲ့ရတယ်။ စစ်ကားနဲ့ လိုက်တိုက်တာခံခဲ့ရတယ်။ (၃) အသက်သေမယ် ထောင်ထဲ ခုနာရီပိုင်းအတွင်း ရောက်မယ်ဆိုတာ သိသိကြီးနဲ့ ဆန္ဒပြဖူးသလား (၄) ယုတ်စွအဆုံး ကိုယ်လုပ်နေတဲ့ စာပေ့ရေးရာနဲ့တောင် စစ်အုပ်စုကို ဝေဖန်စာ ရေးဖူးသလား၊ အဲဒီလို မကျော်ဖြတ်ခဲ့စေဦး မတော်တဆ ခလုပ်တိုက်လို့တောင် ထောင်ထဲရောက်ဖူးရင် ကျမ အော် မတော်တဆလည်း
တော်ပါသေးတယ်လို့ ယူဆပေးလို့ရပါတယ်။ အဲဒီလို ပေးဆပ်မှုကလည်းမရှိ ကျော်ဖြတ်ခဲ့တဲ့ သမိုင်းကြောင်းကလည်းမရှိ ပေါ်ပျူလာဖြစ်နိုးနဲ့ ရေးချင်တာကိုရေး ပြောချင်တာကို ပြောနေတာကို အောက်ပိုင်း ပျက်လုံးပျက်တဲ့ လူရွင်တော်ကို ညံ့တဲ့ ပရိတ်သတ်က အူတက်အောင်ရီပြီး အားပေးနေပေမဲ့ အကြားမတော် အမြင်မတော်တာကို ဆုံးမဖို့ ကျမတို့မှာ တာဝန်ရှိပါတယ်။

ကျမတို့ ထောင်ထဲမှာတချို့ ၀ါဒါမတွေက ကျမတို့ပုဒ်မနဲ့ လုပ်ရပ်ကြောင့် ရာဇ၀တ်သားတွေနဲ့ ကျမတို့ကို သီးခြားထားပြီး လေးစားမှုတွေနဲ့ ဆက်ဆံတဲ့အခါ တာတီးဒီ ပုဒ်မနဲ့ ထောင်ကျတဲ့ အကျင့်ပျက် မိန်းကလေးတဦးက ကျမတို့ကို ပုခုံးချင်းယှဉ်ချင် လာပါတယ်။ ကျမတို့ သီးသန့်တိုက်မှာ နေနေရတာကိုက သူတို့က မိလ္လာချပေးနေရတယ်ဆိုပြီး ကျမတို့ ၅ ည တွေကြားထဲ ရန်တိုက် ၅ ညတွေစကားကို ၀ါဒါမတွေကို အင်္ဂလိပ်ခေတ် ပုလိပ်ခွေးလို ဖား၊ ချွန် အဲလိုတွေလုပ်တော့ ကျမ အဲဒီ့ တာတီးဒီ ကောင်မလေးကို မတူရင်မတုနဲ့ (၁၀)
နှစ်
ကြိုးစားလိုက်ဦးလို့ ပြောလိုက်ပါတယ်။ ဒါ ခုချိန်မှာ ပြန်တွေးမိတော့ ကိုလွဏ်းဆွေက ၁၀ နှစ်လောက်ကြိုးစားပြရင်တောင် ခုလို စိတ်စေတနာညံ့ပုံမျိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်မပြောနဲ့ ကျမကိုတောင် ပုခုံးချင်းယှဉ်လို့ မရဘူးလို့ အတိအလင်း ပြောချင်ပါတယ်။

အဲဒီလိုပြောလို့ နောက်မှနိုင်ငံရေးလုပ်တဲ့ သူတွေ၊ ခုမှ ပါဝင်လာချင်တဲ့သူတွေကို အရင့်အရင် လုပ်ခဲ့သူတွေက နှိမ်တယ်၊ ချိုးတယ်၊ သူတို့လေးတွေ ဘယ်လိုတက်တက်ကြွကြွ ပါလာနိုင်ပါ့ မလဲ မပြောသင့်ဘူး၊ ဘာညာ ပြောလာပါမယ်။ စုစုနွေးနဲ့ ဖြူဖြူသင်းက မြန်မာ့ဒီမိုကရေစီ အင်အားစုရဲ့ ပြယုဂ်တခုဖြစ်လာတာ သူတို့ စိတ်စေတနာနဲ့ ကြိုးစားလုပ် လို့ပါ။ ၈၈မျိုးဆက် ပါလို့ သူတို့မပြောဘူး။ ၈၈ အရေးတော်ပုံမှာ ဘယ်နေရာ ဘယ်ဒေါင့်ကရယ်လို့ သူတို့မပြောဘူး။ သူတို့ စတင်ဝင်ရောက်လုပ်ကိုင် ကတည်းကိုကာ စေတနာဇော ရှိခဲ့လို့ သူရဲကောင်းမလေးတွေ ဖြစ်ခဲ့တာပါ။ ဒါကိုကြည့်ရင် အချိန်ကာလနဲ့ ကျော်ဖြတ်မှုက ရှိဖို့ လိုအပ်ပေမဲ့ စိတ်ရင်းစေတနာကလည်း အခရာပါပဲ။ အကယ်၍သာ သူဟာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို စေတနာရှိတယ်၊ ပြည်သူအပေါ်လည်း စေတနာမှန်တယ် ဆိုရင် NLD E-mail တွေ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက်ဖတ်နိုင်မဲ့ NLD- သတင်းပြန်ကြားရေးဌာနတွေ ရှိပြီးသားပဲ။ ထောက်ပြ ဝေဖန်သုံးသပ်ပြီး အားနည်းချက် အားသာချက်ကို ပေးပို့လို့ရပါတယ်။ တော်လှန်ရေးရှည်ကြာနေလို့ တပ်ဦးပါတီကို အားမလို အားမရ ဖြစ်နေကြချိန်မှာ အချွန်နဲ့ လိုက်မပေးလိုက်တာကိုက ညစ်နွမ်းတဲ့ ပြယုဂ်ပါပဲ။

နောက်ဆုံးပိုဒ် (၇) မှာ အဖျားရှူးသွားတာကိုကြည့်ရင် ကိုလွဏ်းဆွေကိုယ်တိုင် ဘာအိုင်ဒီယာမှ မရှိတာ အသေအချာပါ။ ကိုလွဏ်းဆွေကို ဆရာမကြီးဆိပ်ကမ်းဒေါ်စန်းစန်း ပင့်ဖိတ်မှု ဆော်သြခေါ်ဆောင်မှုကြောင့် ကျမတို့နဲ့ ကာလတခု မျက်နှာချင်းဆိုင်ထိုင်ပြီး နိုင်ငံရေးတွေ တိုင်းပြည်နဲ့ ခေါင်းဆောင်တွေရဲ့ လိုအပ်ချက်တွေ အားနည်းအားသာချက်တွေ ဆွေးနွေးကြ တာ ကျမတို့ထက် အစဉ်အလာကြီးတဲ့ နောင်တော်တွေရဲ့ ယူအဆရေးရာ ဆွေးနွေးနေမှု တွေကို သံယောက်လိုက်အတုခိုးပြီး အဆိုးမြင်ဝါဒနဲ့ ဒီလို ရန်သူ့ အကြိုက် လော်ဘီ လုပ်နေနိုင်တာကိုက ကျမတို့ ဘက်ရွေးမှားခဲ့တာပါပဲ။

တရက်မှာ ကျမတို့ ထက်အစဉ်အလာကြီးတဲ့ လက်တွေ့ တိုက်ပွဲဝင်နေတဲ့ နောင်တော်တချို့နဲ့ ကျမစကားပြောဖြစ်ပါတယ်။ တစ်ယောက်က ပြောတယ် ဒီလိုရေးနေတာ တို့တတွေမှာ တာဝန်ရှိတယ်တဲ့။ ကျမကလည်း ၀င်ပြောလိုက်တယ်၊ ကျမနဲ့တွဲပြီး အင်တာဗျူးတခု တက်ဖူးတော့ မြန်မာပြည်ထဲက လူတွေက ကျမနဲ့ တစုတည်းလားဆိုလို့ ကျမအတော်ရှင်းယူ
နေရတယ်၊ အကိုတို့ ပြောကြပါဦးလို့ ပြောမိတဲ့အခါ နောက်ထပ် အကိုတစ်ယောက်က ကိုလွဏ်းဆွေကို ပြောလို့ရမယ်လို့ တွေးတာကိုက ခင်ဗျားတို့ အမှားဗျတဲ့။ ဟာ ဟုတ်တာပေါ့။ ဒီလူက အက်စစ် ဆောင်းပါးမှာထဲက ကျမနဲ့ အတော် အတိုက်အခံဖြစ်ခဲ့ရတာပဲ သူက စာပေမူဝါဒလို့ ပြောတယ်ဗျဆိုတော့၊ စာပေမူဝါဒ ဆိုလို့ အဲဒီ့တုန်းက ကျမအက်စစ်ကို ဖြုတ်ခိုင်းခဲ့တာ ကိုလွဏ်းဆွေက ဖြုတ်မပေးနိုင်ဘူး ဒါစာပေးအခွင့်အရေးလို့ ဆိုခဲ့ပေမဲ့ အဲဒီတုန်းက အက်စစ်ဟာ သူမဟုတ်ဘူးငြင်းခဲ့လို့ ကျမမပြောဖြစ်ခဲ့တာ တခုပြောပြပါမယ်။
နိုက်တင်ဂေးမှာလည်း သူအယ်ဒီတာပဲ၊ အဖွဲ့ဝင်လား၊ အချုပ်လား ကျမသေချာမသိဘူး။ အဲဒီ့ဂျာနယ်ကို ၂၀၀၆- ၇ လောက်မှာ ကျမ စာမူတွေပို့ ပါတယ် ကျမစာမူကို ကိုလွဏ်းဆွေဆီ ကျမပို့ပေးပါတယ်။ အရွေးခံရပါတယ်။ ထဲ့သွင်း ဖေါ်ပြတာတွေရှိပါတယ်။ တနေ့မှာ ကျမပို့ထားတဲ့ နိုင်ငံမဲ့ရဲ့ မီးဖွါးခြင်းဆိုတဲ့ ကျမကိုယ်တိုင် မဲဆောက်ဆေးရုံပေါ်မှာ ဗိုက်နာ
နေစဉ် ထိုင်း နာ(စ်) တွေရဲ့ ပြုမူဆက်ဆံပုံတွေ၊ ကျမ ဘေးက ဗိုက်နာလို့ အော်နေသူကို ထိုင်းဆေးရုံတာဝန်ကျ နာ့(စ်) က ပါးစပ်ကို ပေတံနဲ့ ရိုက်တာတွေကို ကျမက မီးဖွါးနိုင်ဖို့ သေမင်းနဲ့ စစ်ခင်းနေချိန်မှာ နိုင်ငံမဲ့ ဖြစ်နေတဲ့ကျမတို့ ဘ၀ကို သရုပ်ဖေါ်ထားတဲ့ ဆောင်းပါးကို ကိုလွဏ်းဆွေဆီ ပို့ပါတယ်။ တလလောက်ကြာတော့ ကျမဆောင်းပါးကို သူရွေးချယ်
လိုက်တယ် အပြီးသတ်နေပြီမို့ ပါလာတော့ စာမူခ လာယူပေါ့။ စာမူခ က ၃၀၀ ဘတ်ပါ။ အဲဒီလိုနဲ့ အဲဒီအပတ်ရဲ့ နိုင်တင်ဂေး ဂျာနယ် ထွက်လာပါတယ်။ အယ်ဒီတာ ကိုလွဏ်းဆွေ ရွေးချယ်ပြီးပြီဖြစ်တဲ့ ကျမရဲ့ နိုင်ငံမဲ့ရဲ့ မီးဖွါးခြင်း စာမူပါမလာပါဘူး။ ကိုလွဏ်းဆွေကို ကျမ မေးလိုက်ပါတယ်။ အဲဒီ့အခါ စာပေရဲ့မူဝါဒကို အသက်နဲ့ ကာကွယ်မယ်ဆိုတဲ့ အယ်ဒီတာ ကိုလွဏ်းဆွေက မရွှေစင်ရဲ့ ဆောင်းပါးကို ဒေါက်တာစင်သီတာမောင်က ဖြုတ်ခိုင်းပါတယ်တဲ့ ဖြုတ်ခိုင်းရတဲ့ အကြောင်းရင်းက ဆေးခန်းကို ထိခိုက်မှာစိုးလို့တဲ့ ဘာကြောင့်လဲဆိုရင် မဲဆောက်ဆေးရုံပေါ်က မတရားမှုကို ကျမက ရေးထားလို့တဲ့လေ။ ကဲ စာဖတ်ပရိတ်သတ် ဒီလောက်ဆိုစဉ်းစားနိုင်ပါပြီ ဒေါက်တာစင်သီတာမောင်က ဖြုတ်ခိုင်းလို့ အယ်ဒီတာ လွဏ်းဆွေက ကျမစာမူကို ဖြူတ်ပေးရတယ်ဆိုရင် ဘယ်မှာလဲ စာပေမူဝါဒ။ မဲဆောက်လို ဒေသမှာတောင် ဆင်ဆာကိုတောင် မကျော်လွားရဲတဲ့ ဒေါက်တာအယ်ဒီတာ တစ်ယောက်က ကျမတို့တတွေ အသက်နဲ့ ဘ၀နဲ့ အချိန်တွေ မြောက်များစွာနဲ့ ပေးဆပ်တိုက်ပွဲ ၀င်နေရတဲ့ တော်လှန်ရေးမှာ ဘာတွေများ ညွန်ကြားချင်ရတာလဲ။ ကိုယ့်နေရာ ကိုယ်နေပါလို့ပဲ အဆုံးသတ်ပြောပါရစေ။ စာဖတ်ပရိတ်သတ် သတိအထူးထားစေ့ချင်တာက သူ့ဘလော့ကို လူတွေ ၀ိုင်းကြည့်၊ ၀င်ဆဲ ပွက်လောရိုက်နေတာကို သူက တကယ့်ကို နိုင်ငံရေးလို့ ထင်နေတာမို့ အကုသိုလ်ကင်းဝေးလိုရင် ကိုယ့်အလုပ်တွေ အချိန်မဖင့်စေလိုရင် ကိုလွဏ်းဆွေ ဘလော့ကို မကြည့်ဖြစ်တဲ့ နည်းနဲ့ ရှောင်ဖို့ကျဉ်ဖို့ ဆန္ဒတူသူတွေကိုသာ တိုက်တွန်း လိုက်ပါတယ်။

မည်သူမဆို နာမည်ရင်းနဲ့ ဝေဖန်သုံးသပ်နိုင်ပါတယ်။
အိရွှေစင်ညွန့်

No comments: