အင်္ဂလိပ်စကားမှာ Abstract (အက်ဘ်စထရက်) ဆိုတဲ့ စကားလုံး တခုရှိပါတယ်။ အဲဒီ စကားလုံးဟာ နယ်ပယ် ကိုလိုက်ပြီး အခြေအနေ အမျိုးမျိုး၊ အကြောင်းအရာ အထွေထွေပေါ်မှာ သွယ်ဝိုက်တင်စားလိုတဲ့ အခါမျိုးမှာ ပိုပြီးအသုံးများလေ့ ရှိပါတယ်။
ဥပမာ တချို့ကို တင်ပြပါရစေ။ ပန်းချီကား တချပ်ဟာ မြင်လိုက်တာနဲ့ လူအများ ထင်ထင်ရှားရှား သိနိုင်အောင် ဒါဟာ ယမ်းခိုးတွေဝေနေတဲ့ တောင်တန်း၊ ဒါဟာ သွေးအိုင်ထဲမှာ လဲကျနေတဲ့ လူတွေ၊ ဒါဟာ ခမ်းခြောက်နေတဲ့ စမ်းချောင်းနဲ့ အပိုင်းပိုင်း ကျိုးပြတ်နေတဲ့ သစ်ပင်တွေ အစရှိသဖြင့် တိုက်ရိုက်ဆွဲထားတာမျိုး မဟုတ်ဖူးဆိုပါစို့။ သို့သော်လည်း အဲဒီ အခြေအနေကို ပန်းချီဆရာက သူရဲ့ တင်စားလိုမှုအတွက် တိုက်ရိုက် ရေးဆွဲခြင်း မပြုဘဲ တခြားတနည်းနဲ့ ရေးဆွဲ တင်ပြထားတယ်။ သေသေချာချာ အချိန်ယူပြီး ကြည့်တဲ့အခါကြမှ ဒီပန်းချီကားဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်၊ စစ်ပွဲတွေကြောင့်၊ အကြမ်းဖက်မှုတွေကြောင့် ဖြစ်ပျက်နေရတာတွေကို သွယ်ဝိုက်ပြီး ရေးဆွဲ ထားတာကိုးလို့ မြင်လာပါတယ်။ ဒီလို ပန်းချီကားမျိုးကို အက်ဘ်စထရက်နဲ့ တင်ပြရေးဆွဲ ထားတယ်လို့ ဆိုနိုင်ပါတယ်။ စိတ္တဇနာမ် ဆံတဲ့ တင်ပြမှုမျိုးလို့ ပြောမယ်ဆိုလည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် နောက်ထပ် ပန်းချီကား တချပ်မှာကြတော့ အနုပညာ ဖန်တီးမှု လက်ရာက ကောင်းသော် ညားလည်း ပြဿနာ တခုက ဘာတုန်းဆိုတော့ အက်ဘ်စထရက်တွေ သိပ်များလွန်းနေတယ်။ ဒီပန်းချီကားဟာ ဘာကို ဆိုလိုတယ် ဆိုတာ ကြည့်ရှုသူ ပရိတ်သတ်အတွက် နားလွယ်ဖို့ မလွယ်လှပါဖူး။ ကာယကံရှင် ပန်းချီဆရာပဲ နားလယ်ပါ လိမ့်မယ်။
နောက်တခုကတော့ ပန်းပုဆရာတဦးက ကျောက်တုံးကြီး တခုကို ထွင်းထုထားတယ်။ ပရိတ်သတ်အဖို့ စတွေ့တွေ့ ခြင်းမှာ ဒီရုပ်ထုဟာ ဘာကိုဆိုလိုမှန်း ရုတ်တရက် နားလည်ရ ခက်နေတယ်။ ဒါပေမဲ့ ကြည့်ရင်း ကြည့်ရင်းကနေ မြင်လာတာက နို့စို့ရွယ် သားငယ်ကို နို့ချို တိုက်ကျွေးနေတဲ့ မိခင်ရဲ့ ပုံသဏ္ဍန်ကို ဆိုလိုမှန်း သဘောပေါက် လာတယ်။ အဲဒီကနေတဆင့် ဆက်ပြီး ခံစားလာရတဲ့ အချက်ကတော့ မိခင်မေတ္တာနဲ့ ငြိမ်းချမ်း ခြင်းဆိုတဲ့ ရသပါပဲ။ ဒါမျိုးကိုလည်း အက်ဘ်စထရက်နဲ့ ဖန်တီးတဲ့ အနုပညာလို့ ပြောလို့ရပါတယ်။ သို့သော်လည်း နောက်ထပ် ရုပ်ထုတခုမှာကတော့ ဘဲ ဥပုံ အဝိုင်းကြီးတွေလည်း ပါ၊ လေးထောင့်တွေလည်းပါ၊ အချွန်အတက် တွေ ဆူးတောင်လို ဟာမျိုးတွေလည်းပါ၊ ကြယ် တွေနဲ့ လခြမ်းလိုလို ဟာတွေလည်းပါ၊ နောက်ဆုံးမှာ ခန္ဓာကိုယ် မပါတဲ့ ကြောင်တကောင်ရဲ့ ဦးခေါင်းကို ရုပ်ထုရဲ့ ထိပ်မှာထုလုပ်ထားတယ်။ အဲသလို ရုပ်ထုမျိုးဟာ အနုပညာ ဖန်တီးမှုအရ လက်ရာ မြောက်ကောင်း မြောက်နိုင်ပေမယ့် အက်ဘ်စထရက်က များလွန်းနေတယ်။ ပြောရရင် ဖွက်ပြီးတင်ပြ ထားတာက သိပ်များနေတဲ့အတွက် လူအများအတွက် ဘာကို ဆိုလိုချင်မှန်း နားလည်ရ ခက်တယ်။ ဒါမျိုးမှာလည်း ကာယကံရှင် ပန်းပုဆရာက ရှင်းမပြမခြင်း ဘယ်သူမှ နားလည်ဖို့ မလွယ်ပါဖူး။ သူကလည်း ရှင်းမပြဖူး ဆိုရင် ကိုယ့်ဘာသာကိုယ်ပဲ ကိုယ်နားလည် တဲ့ ရှုထောင့်ကနေ ခံစားပေတော့။ ဒါကြောင့် အက်ဘ်စထရက်ကို ရံဖန်ရံခါ “စိတ်ကူး သက်သက်” ဆိုပြီး အနက်အဓိပ္ပါယ် ဖွင့်ဆိုပါသေးတယ်။
အနုပညာ ဖန်တီးမှုတွေဟာ တဦးတယောက်ရဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေသာ ဖြစ်ပါတယ်။ အနုပညာရှင်ရဲ့ ကိုယ်ပိုင် အတွေးများ ကနေ သူဖန်တီးလိုတဲ့ အတိုင်း သူရဲ့အလုပ်ကို လုပ်တယ်လို့ ဆိုနိုင်ပါတယ်။ သူရဲ့ ဖန်တီးမှု အနုပညာကို လူတိုင်း နားလည်စေရမယ် လို့လည်း အာမမခံပါဖူး။ ခံစရာလည်း မလိုပါဖူး။ ဒါကြောင့် အက်ဘ်စထရက် များချင်လည်း များနေမယ်၊ နည်းချင်လည်း နည်းနေမယ်။ ပရိတ်သတ် ကြိုက်သလိုသာ ခံစားပေတော့။ သို့သော်လည်း နိုင်ငံ သူနိုင်ငံ သားတွေ အတွက် အလုပ်လုပ်မယ်၊ လူ့အဖွဲ့အစည်းကို မြှင့်တင်မယ်ဆိုတဲ့ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေမှာတော့ အက်ဘ်စထရက် များလွန်ရင် မကောင်းပါ အလုပ်လည်း မဖြစ်ပါ။ လူကြားကောင်းအောင် အက်ဘ်စထရက် သဘောမျိုးနဲ့ ပြောတာသက်သက်ပဲ ဖြစ်နေပါလိမ့်မယ်။
ကြည့်ကြရအောင်ပါ။ သမ္မတသစ် ဦးသိန်းစိန်က တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် စနစ်သစ်နဲ့ ချီတက်မယ်လို့ တလောလေးက လူသိရှင်ကြား ပြောခဲ့ပါတယ်။ စိုက်ပျိုးရေးကိုလည်း တိုးတက်အောင်လုပ်မယ် ပြီးရင် စက်မှုထွန်းကားတဲ့ တိုင်းပြည်ကြီး ဖြစ်အောင် ဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။ သူပြောတဲ့ စနစ်သစ်နဲ့ ချီတက်မယ်ဆိုတာ ဘာတုန်း ဆိုတာကိုတော့ ရေရေ ရာရာ ရှင်းမပြပါ။ အဲသလိုပါပဲ စနစ်သစ်နဲ့ ချီတက် မယ်ဆိုတော့ အရင်ဟာက စနစ်ဟောင်းပေါ့။ စနစ်ဟောင်းဆိုတာကလည်း သူက ဘာကို ဆိုလိုပါသလဲ။ ဦးသိန်းစိန် ဘာတွေကို ဘယ်လို ဆိုလိုခြင်သလဲ ဆိုတာ မရှင်းပါ။ နားလည်း မလည်ပါ။ လွှတ်တော်သစ်ကြီး တခုလုံး၊ အစိုးရသစ်ကြီး အဖွဲ့တခုလုံးမှာ လူဟောင်းစစ်ဗိုလ်ဟာင်း တွေကိုပဲ မင်းမူခိုင်းပြီး စနစ်သစ်နဲ့ သွားမယ်ဆိုတာ ဘာကို ဆိုလိုတာ ဖြစ်ပါသလဲ။ တခါ သမတ အကြံပေးအဖွဲ့မှာ ပါနေတဲ့ အသင်းခေါင်းဆောင် သုံးဦးမှာလည်း ပါမောက္ခ ဦးမြင့် တယောက်ကလွဲလို့ ကျန်တာတွေက စစ်ဗိုလ်ဟောင်းတွေ ချည်းပါပဲ။ သမ္မတသစ် ဒါပေမယ့် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် ပြောနေတာတွေမှာ အက်ဘ်စထရက်တွေ များလွန်းနေတယ်။
တခါ လူအကြည့်များတဲ့ ဘလော့တခုရဲ့ ဘလော့ဂါ တဦးကလည်း အဟောင်းတွေက ဟောင်းလွန်းနေ၍ အသစ်ကနေ ပြန်စဖို့ ဆောင်းပါး အခန်းဆက်တွေ ရေးနေပါတယ်။ အဟောင်းတွေကို ဖယ်ရှားပြီး အသစ်ကို ထူထောင်ကြစို့ဆိုတော့ နားထောင်လို့ ကောင်းပါတယ်။ ဘယ်လို အသစ်မျိုးကို ဆောင်းပါးရှင် ဆိုသလိုလဲ ဆိုတာကိုတော့ နားမလည်ပါ။ ဘယ်လိုဟာမျိုးကို အသစ်လို့ ခေါ်တယ် ဆိုတာကိုလည်း သူက ရှင်းပြမထားပါ။ နောက် ဘယ်လိုဘယ်ပုံ ပြန်စတဲ့ဟာကို အသစ်လိုခေါ်နိုင်တယ်၊ ဘယ်လိုဘယ်ပုံ ပြန်စတဲ့ ဟာကိုတော့ အသစ်လို့ မခေါ်နိုင်ဖူး စတာတွေကိုလည်း ရေရေ ရာရာ တင်ပြထားတာ မတွေ့ရပါဖူး။ အက်ဘ်စထရက်တွေ များနေပါတယ်။ နောက်ပြီး သူ့ရဲ့ ဝေဖန်ရေးသားမှု စတိုင် ကိုက အဟောင်းပုံစံ ဖြစ်နေပါတယ်။ စတိုင်သစ် ဟန်သစ်နဲ့ ဝေဖန်ထောက်ပြ တာမျိုး မဟုတ်ဖူး ဆိုတာ ဖတ်မိသူတွေ သတိထား မိမှာပါ။ သို့သော် နောက်ဆုံးတော့ သူဆိုလိုချင် တာကို ပြန်ကြည့်လိုက်ရင် အန်အယ်ဒီနဲ့ ဒေါ်စုရဲ့ ခေါင်း ဆောင်မှု ချာတူးလန်တယ်လို့ ပြောတာကိုပဲ တွေ့ရပါတယ်။
နောက်တခုကတော့ တချိန်တုန်းက မြန်မာပြည်မှာ ဒုတိယ အင်အားအကြီးဆုံး ဖြစ်ခဲ့တဲ့ နိုင်ငံရေးပါတီက အခုပြည်ပ ရောက် စုဖွဲ့မှုအတွင်းမှာ ရှိနေတဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ကလည်း ဒေါ်စုအနေနဲ့ ရဲရဲကြီး ဖောက်ထွက်ဖို့ လိုတယ်လို့ ရေဒီယို အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။ သို့သော်လည်း ဘယ်လို ဖောက်ထွက် တာမျိုး လုပ်ရမှာလဲ ဆိုတာကို သူက ရှင်းပြမသွားပါ။ ဖောက်ထွက်ပါ၊ ဖောက်ထွက်ရမယ် ဆိုတဲ့ စကားလုံး တွေဟာ အခက်အခဲကြားကနေ လွတ်မြောက်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့ သဘောကို ဆောင်ပါတယ်။ လှပါတယ်။ အားကောင်းတဲ့ စကားလုံးများ လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လို ဘယ်ပုံ ဘယ်နည်းလမ်းကို အသုံးပြုပြီး ဘယ်လိုအချိန်မှာ ဘယ်လိုလူတွေနဲ့ ဘယ်လိုလက်တွဲပြီး ဘယ်အပေါက် ဘယ်ထောင့်ကနေ ဖောက်ထွက်ရမယ် ဆိုတာကိုတော့ တွဲဖက်ကြီးက ရှင်းပြ မသွားပါ။ နောက်တခုက ဖောက်ထွက်ရေး အောင်မြင်ဖို့ ဆောင်ရန်ရှောင်ရန်နဲ့ ဘာတွေလိုအပ်သလဲ ဆိုတာကိုလည်း သူက မပြောခဲ့ပါ။ ဖောက်ထွက်ဖို့ တခုထဲသာ ပြောခဲ့ပါတယ်။ သူ့မှာလည်း အက်ဘ်စထရက်တွေ များနေတာကို တွေ့ရပါတယ်။
အန်အယ်ဒီမှာလည်း ဟောင်းနေတာတွေ ရှိခဲ့ပါတယ်။ အဲဒီ အဟောင်းတွေကို ပြောင်းပြစ်ဖို့ ဒေါ်စု အပါအဝင် အခြားသော ခေါင်းဆောင်များ ကြိုးစားနေတာကို တွေ့ရပါတယ်။ စတိတ်မန့်ထုတ်၊ တောင်းဆိုချက်တွေ ထုတ်နေတဲ့ အဆင့် ကနေ ကျော်လွန်နိုင်ဖို့ လုပ်နေပါတယ်။ ဒေါ်စုလွတ်လာတာ အခုဆို ငါးလကျော်ပါပြီ။ အဲဒီ ကာလတိုအတွင်းမှာ လူ ငယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးတယ်၊ လူငယ်ကွန်ယက်တွေဖွဲ့တယ်။ နောက် လယ်သမားကွန်ယက်တွေ ဖွဲ့တယ်၊ လယ် သမားတွေ အတွက် သင်တန်းတွေ ဖန်တီးပေးတယ်။ အမျိုးသမီး ကွန်ယက်တွေ ဖွဲ့စည်းတယ်။ သဘာဝ ဘေးရန် ကြောင့် ဒုက္ခတွေ့နေတဲ့ လူတွေကို တတ်နိုင်သလောက် အကူအညီတွေ ပေးနေတယ်။ ဝေဒနာရှင်တွေကို တွေ့ဆုံ အားပေးတယ်။ ဆင်းရဲသားတွေအတွက် အတိုးမယူဘဲ အသေးစားချေးငွေ လုပ်ငန်းတွေ စတင် ဆောင်ရွက်နေတယ်။ အန်အယ်ဒီ အဖွဲ့ဝင် မဟုတ်တဲ့ လူမှုရေး အကူအညီ ပေးနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ဆက်ဆံတယ် ဆွေးနွေးတယ်။
ဒါတွေဟာ အဟောင်းထဲကနေ အသစ်ဆီကို ဦးတည်လာနေတာလို့ ပြောနိုင်ပါတယ်။ လူမှုအဝန်းအဝိုင်းကို အား ကောင်း လာအောင် ကြိုးစားနေတယ်လို့ ဆိုရမှာပါ။ လူမှုအဝန်းအဝိုင်း အားကောင်းလာမှ နိုင်ငံရေး နိုးကြားမှု ပိုမိုအား ကောင်းမှာ ဖြစ်ပါတယ်။ လူမှုအဝန်းအဝိုင်းအတွင်း နိုင်ငံရေး နိုးကြားမှု မြင့်မားလာမှ နိုင်ငံရေး ခေါင်းဆောင်တွေ လို အပ်တဲ့ အားကိုး ရလောက်တဲ့ အင်အားကို ရလာမှာ ဖြစ်ပါတယ်။ ဒီအချက်ကို မမေ့သင့်ပါ။ အထွေထွေ ဖိစီးမှုကြောင့် စုတ်ပြတ်သတ်နေတဲ့ လူ့အဖွဲ့အစည်းကို အာဏာနိုင်ငံရေးတိုက်ပွဲ တခုထဲတိုက်ဖို့ ဆွဲခေါ်မယ်ဆိုရင် ဒါဟာ မသင့်တော် ဖူးလို့ မြင်ပါတယ်။ ဒါကို ဒေါ်စုလည်း မြင်ပါတယ် သဘောပေါက်ပါတယ်။ ဒါကြောင့် ဒေါ်စု ကနေ့လုပ်နေတာဟာ အ ဟောင်းထဲကနေ “အသစ်” တွေဆီရောက်ဖို့ “ဖောက်ထွက်” နေ တာပါ။ ဆရာကြီး လုပ်ချင်သူတွေ၊ တဖက်စောင်းနင်း ဝေဖန်သူတွေ ဖြစ်စေချင်တဲ့၊ လုပ်စေချင်တဲ့ ဖောက်ထွက်မှု မျိုးတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။
ဆက်ပြီးရေးရရင် အများကြီးရေးဖို့ ကျန်ပါသေးတယ်။ ဒါပေမယ့် ဒီထက်ပိုပြီး ဆက်ရေးမယ်ဆိုရင် ကျနော် ကိုယ်တိုင် လည်း အက်ဘ်စထရက်တွေ များလာတော့မှာမို့ ဒီမှာပဲ ဒီလောက်နဲ့ ရပ်လိုက်ပါတယ်။
ဇော်မင်း
၂၉ ရက်၊ ဧပြီလ၊ ၂ဝ၁၁ ခုနှစ်
၂၉ ရက်၊ ဧပြီလ၊ ၂ဝ၁၁ ခုနှစ်
ရွက်မွန် မှ ကူးယူဖေါ်ပြသည်။
1 comment:
ရှင်းရှင်းလေးပြောရရင် ... ဒေါ်စု က NLD မှာ ဘာ မှ သုံးစား လို့  မရတော့ တဲ့ ဦးအောင်ရွှေ ကို တောင် မရှင်း ထုတ်နိုင် ပဲ တိုင်းပြည် ကို ဘာ လုပ်ပေးနိုင် မလဲ လို့  ...... ဘာမှ ပြတ်ပြတ်သားသား မလုပ် ရဲရင် ... သူ ကိုယ်တိုင် ပါ ဒိုး သင့် ပြီ။
Post a Comment