အီနိုလာဂေး၊ မိုးစက်ပွင့်ဖြူဖြူ ဟီရီုရှီးမား ညချမ်း


'အီနိုလာဂေး' ဟူသော အမည်သည် ထိုနေ့မနက်က စူပါဖို့ထရက်လေယာဉ်ကြီးကို မောင်းနှင်လာသည့် လေယာဉ်မှူး၏ အမေ့နာ မည်ဖြစ်သည်။ လေယဉ်မှူးဗိုလ်ကြီး ဝါးဖီးတစ်ဗက်က သူ့လေယာဉ်ကို သူ့မိခင်နာမည် ပေးထားခြင်းသည်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ မနက်တွင် အမေရိကန် လေတပ်မှ လေယာဉ်တစ်စင်းဖြစ်သည့် 'အီနိုလာဂေး' သည် ဂျပန်ပြည် ဟီရိုရှီးမားမြို့ကြီးကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်များကို အရှေ့အနောက်သို့ ကျော်၍ ပျံသန့်လာခဲ့သည်။ ထို့နောက် ၈ နာရီ ၁၅ မီနစ်အချိန်တွင် ဝမ်းဗိုက်မှ အခန်းတစ်ခန်းကို ဖွင့်လိုက်သည်။ အခန်းထဲမှ ဗုံးတစ်ဗုံးသည် ဟီရိုရှီးမားမြို့ကြီးပေါ်သို့ ကျလာခဲ့သည်။
 
အီနိုလာဂေးသည် ဗုံးကိုဖြုတ်ချလိုက်ပြီးနောက် လေယာဉ်မှူး ဗိုလ်မှူးကြီး ဝါးဖီးတစ်ဗက်က လေယာဉ်ကို အမြင့်သို့ ပျတက်လာခဲ့ သည်။ ဘာမျှ မကြာလိုက်။ စက္ကန့် ၆၀ မပြည့်မှီမှာပင် တောက်ပသော ဟီရိုရှီးမားမနက်ခင်းတွင် နေလုံးကြီး ပေါက်ကွဲသွားသကဲ့သို့ ပင် ဝမ်းလျှပ်ဖြူဖွှေးသော အလင်းရောင်ကြီးတစ်ခု ပြက်လိုက်သည်ကို မြင်ရသည်။
 
အလင်းရောင်က ပြင်းထန်စူးရှလွန်းသဖြင့် အီနိုလာဂေး စူပါဖို့တရက် လေယာဉ်ကြီးပေါ်တွင် လိုက်လာသည့် လေယာဉ်အဖွဲ့သား အားလုံးသည် နေကာမျက်မှန်တွေ တပ်ထားသည့်တိုင် မျက်လုံးတွေ ပြာဝေကာ ကြက်မျက်သင့်သကဲ့သို့ ဖြစ်ကုန်ကြသည်။
 
စက္ကန့်အတန်ကြာတွင် ဗုံးပေါက်ကွဲမှု၏ တုန်ခါမှုသည် မိုင်ပေါင်းများစွာ အကွာတွင် ပျံသန်းနေသည့် အီနိုလာဂေးဆီသို့ ရောက်လာ ကာ အောက်မှ လေယာဉ်ပစ်အမြောင့် ပစ်လိုက်သကဲ့သို့ တုန်ခါလှုပ်ရမ်းသွားသည်။ တွဲဖက်လာသော လေယဉ်မှူးဖြစ်သည့် ဗိုလ်ကြီး ရောဗက်လူဝီသည် အောက်သို့ ငုံ့ကြည့်ကာ 'ဘုရားရေ၊ ကျွန်တော်တို့ ဘာတွေ လုပ်မိသလဲ မသိဘူး' ဟု ယောင်၍ အော်သည်။
 
အမှန်ကတော့ သူတို့သည် ဘာမျှ ထူးထူးဆန်းဆန်း မလုပ်ခဲ့ကြပါ။ လုပ်ရိုးလုပ်စဉ်အတိုင်း ဗုံးတစ်လုံး ကြဲချခဲ့ကြခြင်းသာ ဖြစ်သည်။
သို့ရာတွင် သူတို့ကြဲချခဲ့သော ဗုံးသည် ကမ္ဘာတွင် ပထမဆုံးသော အဏုမြူဗုံးဖြစ်သည်။
 
သတင်းစာဆရာ ဂျွန်ဟာဆီက 'ပတ်ဝန်းကျင်တစ်ခုလုံး ဖြူဖွေးဝင်းလျှပ်သော အလင်းရောင်ကြီးတစ်ချက် ပြက်လိုက်ပြီးနောက် ဟီ ရိုရှီးမားမြို့ကြီးသည် စက္ကူချပ်ကလေး တစ်ချပ်လို ပြားချပ်လောင်ကျွမ်းသွားစေခဲ့လေပြီ' ဟု သူ၏ နာမည်ကျော် 'ဟီရိုရှီးမား' စားအုပ်တွင် ရေးခဲ့သည်။
 
ထိုဝင်းလျှပ် ဖြူဖွေးသော အလင်းရောင်ကြီး ပြက်သည့်အချိန်မှစ၍ ကမ္ဘာကြီးသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။ ဟီရိုရှီးမား မြို့သူ မြို့သားတို့ ကံကြမ္မာ၊ ဒုတိယကမ္ဘာစစ်ကြီး၏ လမ်းကြောင်း၊ နောက်ဆက်တွဲပေါ်ပေါက်လာသည့် ငြိမ်းချမ်းရေး ပြဿနာ၊ သိပ္ပံပ ညာ၏ အနာဂတ်၊ စစ်သေနင်္ဂဗျူဟာ အတတ်ပညာ၏ အခန်းကဏ္ဍ၊ နိုင်ငံတကာ သံတမန်ဗေဒ၊ အသိပညာ၊ အနုပညာနှင့် ယဉ် ကျေးမှုတို့၏ သဘာဝ၊ နေထိုင်မှုစနစ်နှင့် ဘဝအမြင်တို့သည် ပြောင်းလဲသွားခဲ့ကြသည်။
 
သမိုင်းတလျှောက်မှ သမိုင်းခေတ်များအား သူတော်စင်များ၊ ဒဿနဆရာများ၊ အာဇာနည်များ၊ စစ်သူရဲကောင်းများ၊ အတွေးအခေါ် များကို သင်္ကေတပြု၍ ခေါ်ခဲ့ကြသည်။ ဗုဒ္ဓခေတ်၊ ယေရှုခေတ်၊ ပလေတိုခေတ်၊ အယ်လက်ဇန္ဒရာခေတ်၊ အသောကခေတ်၊ တန်မင်း ဆက်ခေတ်၊ အနော်ရထာခေတ်၊ နပိုလီယန်ခေတ်၊ ဝိတိုရိယခေတ်၊ စက်မှုတော်လှန်ရေးခေတ်၊ ဒီမိုကရေစီခေတ်၊ ဆိုရှယ်လစ်ခေတ် စသည့်….။
 
သို့ရာတွင် အဏုမြူခေတ်ကား လကနက်တစ်ခု၊ ခြိမ်းခြောက်မှုတစ်ခု၊ အန္တရာယ်တစ်ခုကို အစွဲပြု၍ ခေါ်သည့်ခေတ်ကြီး ဖြစ်လာ ခဲ့သည်။ ၁၉၄၅ ခု သြဂုတ်လ ၆ ရက်နေ့က ကြဲချခဲ့သည့် အဏုမြူဗုံး၏ တိမ်တိုက်အရိပ်ကြီးသည် ယနေ့တိုင် ကမ္ဘာကို ယှက်မိုးနေ သေးသည်။ ထိုအချိန်မှစ၍ သမိုင်းဆရာ၊ နိုင်ငံရေးသိပ္ပံပညာရှင်များနှင့် စာရေးဆရာများသည် ကျွန်တော်တို့ ခေတ်ကြီးကြီးကို အဏုမြူခေတ်ကြီးဟု ခေါ်ဝေါ်သမုတ်ခဲ့ကြသည်။ အမေရိကန် ကဗျာဆရာ အော်ဒင်က အဏုမြူဗုံးကြဲချပြီး ကမ္ဘာသူကမ္ဘာသားတို့ အထိတ်ထိတ်အလန့်လန့် စိုးရိမ်တကြီးဖြင့်နေရသည့် အခြေအနေကြီးကို ကြည့်ကာ ကျွန်တော်တို့ ခေတ်ကြီးကို 'သောကခေတ် ကြီး' ဟု ခေါ်ခဲ့သည်။
 
ဟီရိုရှီးမားကို အဏုမြူဗုံး ကြဲချခဲ့သည့် မနက်က အသက် ၁၁ နှစ်အရွယ်ရှိ ယူရှိတာကာ ကာဝါမိုတိုသည် ရပ်ကွက်တစ်ခုရှိ အလယ်တန်းကျောင်းသို့ လာခဲ့သည်။ ကျောင်းသို့ရောက်လျှင် သူတို့ဆိုနေကျ သီချင်းကို သူငယ်ချင်းများနှင့် ဝိုင်းဆိုကြသည်။
 
ဟီရိုရှီးမားရဲ့ ဆည်းဆာညချမ်းမှာ
မိုးစက်ပွင့်ဖြူဖြူ သွန်ကျလာ
ပန်းပွင့်လွှာပေါ်က အရောင်လွင့်ပြယ်ကာ
နွေဦးကုန်ဆုံးတော့မှာ
ဒါပေမယ့် တို့တတွေ ကြံ့ကြံ့ရပ်တည်ကာ
သာတူညီမျှ ကောင်းစားရေးအိမ်မက်များ
အကောင်အထည်ပေါ်စပြုလာ
 
ကာဝါမိုတိုနှင့် သူငယ်ချင်းများသည် ကျောင်းတက်လျှင် သူတို့မဆိုမနေရ ပြဋ္ဌာန်းထားသည့် စိတ်အား တက်ကြွဖွယ် သီချင်းတစ်ပုဒ် ကို ဆိုကြသည်။ သူတို့သီချင်း မဆုံးမီ လေယာဉ်ပျံသံများကို ကြားရသည်။
 
'သီချင်းဆိုပြီးလို့ ကျွန်တော်တို့တစ်တွေ ကိုယ့်ခုံတန်းမှာ ပြန်ထိုင်မယ်လုပ်တုန်းမှာ ကျွန်တော့သူငယ်ချင်း အိုတာက 'ဟေ့ ကြည့်စမ်း ဘီ ၂၉ ဗုံးကြဲလေယာဉ်ကြီးကွ' လို့ ကျွန်တော့်ကို လှမ်းပြောတယ်၊ ကျွန်တော်က စပ်စုချင်တဲ့ကောင်ဆိုတော့ ပြတင်းပေါက်နားကို ထလာခဲ့တယ်၊ ပြတင်းပေါက်နား မရောက်ခင်မှာပဲ အလင်းရောင်ကြီးတစ်ခု လင်းကနဲ လက်ခနဲ ဖြစ်သွားပြီး အသံတစ်သံကို ကြား လိုက်ရတယ်၊ အလင်းရောင် လျှပ်စီးလက်လိုက်သလိုပဲ၊ ရုပ်မြင်သံကြားစက် ပျက်သွားလို့ လင်းခနဲ ဖြစ်သွားသလို လေထဲမှာ လင်း သွားသလို ထင်လိုက်ရတယ်၊ ပြီးတော့ ကျွန်တော်လည်း သတိလစ်သွားတာပဲ' ဟု ကာဝါမိုတိုက ပြောသည်။
 
ထိုအချိန်မှာ ၁၉၄၅ ခု သြဂုတ်လ ၆ ရက်၊ နံနက် ၈ နာရီ ၁၅ မိနစ်။
ထိုစဉ် အသက် ၁၁ နှစ်သာရှိသေးသည့် ကာဝါမိုတိုသည် ယခု ဟီရိုရှီးမားမြို့ ငြိမ်းချမ်းရေး ပြတိုက်မှာ ပြတိုက်မှူး လုပ်နေသည်။
 
'အလင်းရောင်ကြီးကို မြင်လိုက်ရတော့ ကျွန်တော် သတိမေ့သွားတယ်၊ ပြီးတော့ ဟီရိုရှီးမား ညနေဆည်းဆာက မိုးစက်ပွင့်ဖြူဖြူ ဆိုတဲ့ သီချင်းကို ကျွန်တော်သတိရတယ်၊ ပြီးတော့ ကျွန်တော် သူငယ်ချင်း အိုတာကို သတိရတယ်။'
 
'အဲဒီတုန်းက ကျွန်တော် အလယ်တန်းကျောင်း ရောက်တာ လေးလပဲ ရှိသေးတယ်၊ ဒီတာ့ မိတ်ဆွေ သူငယ်ချင်းရယ်လို့ များများ စားစား မရှိသေးဘူး၊ အိုတာနဲ့ ကျွန်တော်ကတော့ ချက်ချင်းခင်သွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နှစ်ယောက်စလုံးက ဂျပုလေးတွေကိုး၊ အတန်းထဲမှာဆိုရင် ကျွန်တော်နဲ့ သူက တစ်ခုံတည်း ထိုင်ရတယ်၊ ကျောင်းမှာ ကျွန်တော်က အိုတာကို အထင် ကြီးတယ်၊ ကျွန်တော်က တောသား၊ အိုတာက ရည်မွန်တယ်၊ ယဉ်ကျေးတယ်၊ ကျွန်တော်ဖြစ်ချင်တဲ့ မြို့ကြီးသားဟန်မျိုး အပြည့်ရှိ တယ်၊ အသားလည်းဖြူတယ်၊ ရုပ်ကလည်း ချောတယ်၊ ကျွန်တော့်လို နှာခေါင်းပြားပြားမဟုတ်ဘူး၊ အနောက်နိုင်ငံသားတွေလို နှာ တံပေါ်ပေါ်၊ မျက်လုံးတွေကလည်း တောက်လို့၊ အသံကလည်း ခပ်သြသြ၊ ယောက်ျားပီသတဲ့ အသံမျိုး၊ မျက်ခုံးကောင်းကောင်းနဲ့၊ ကျွန်တော်တို့အတန်းသားတွေ အားလုံးက သူ့ကို အားကျကြတယ်။'
 
ကျွန်တော်တို့နေတဲ့ ကျောင်းအဆောက်အအုံကို မီးလောင်နေတော့ ကျွန်တော်လည်း အပြင်ကို ပြေးထွက်လာခဲ့တယ်။ အိုတာက တော့ အထဲကို ကျန်ခဲ့တယ်။ အပြင်ဘက်ကျောင်းကစားကွင်း တစ်ခုလုံးကလည်း မီးခိုးတွေနဲ့ မည်းမှောင်နေတယ်၊ ကွင်းပြင်ထဲ ရောက်တော့ ကျွန်တော် ဘယ်ပြေးရမှန်း မသိဘူး၊ ဘေးပတ်လည်မှာ မီးတောက်တွေ ဝိုင်းနေတယ်၊ ပေါက်ကွဲသံတွေ ပြိုလဲသံ တွေကလည်း ဆူညံနေတယ်၊ ဒီတုန်းမှာ လေညာကိုပြေး လေညာကိုပြေးဆိုတဲ့ အောသံတစ်သံကို ကြားလိုက်ရတယ်။ ကျွန်တော် က သဲတစ်ဆုပ်ကို ကောက်ပြီး အထက်ကို မြှောက်လိုက်တယ်၊ ဘာဖြစ်လို့ ဒီလို သဲကို ကောက်ပြီး မြှောက်လိုက်တာဆိုတာ ကျွန် တော် ခုထက်ထိ စဉ်းစားလို့မရဘူး။ အလိုလို ကောက်လုပ်လိုက်တာပဲ၊ ကစားကွင်းတစ်ခုလုံးမှာလည်း သေနေတဲ့လူတွေ၊ ဒဏ်ရာ ရပြီး အောဟစ်နေတဲ့လူတွေနဲ့ ပြည့်နေတယ်။
 
'ဒီတုန်းက ကျွန်တော်တို့ ကျောင်းအုပ်ကြီးကို လှမ်းမြင်လိုက်တယ်၊ သူ့တကိုယ်လုံးမှာ မီးတွေ လောင်ထားလိုက်တာ ရစရာမရှိဘူး။ ကျွန်တော် သူ့ရုပ်ကို မမှတ်မိတော့ဘူး၊ သူ့အသံကိုပဲ မှတ်မိတော့တယ်၊ သူ့တစ်ကိုယ်လုံးမှာ အဝတ်အစားဆိုလို့ အောက်ခံဘောင်း ဘီတိုကလေးပဲ ကျန်တော့တယ်၊ သူက လှည်းတစ်စီးကို တွန်းလာတယ်၊ လှည်းပေါ်မှာ ဒဏ်ရာရနေတဲ့ ကျွန်တော့အတန်းသား တွေကို တင်လာတယ်၊ ဒါပေမယ့် လှည်းတွန်းစရာ လမ်းမရှိဘူး၊ တချို့နေရာတွေမှာ အလောင်းတွေပေါ်က ကျော်ပြီး လှည်းကို မ လာခဲ့ကြတယ်။ တချို့လူနာတွေက လှမ်းအတင်း လိုက်ဆွဲကြတယ်၊ ကျွန်တော်တို့ ခြေထောက်ကို အတင်းဖမ်းဆွဲကြပြီး ကယ်ပါ ယူပါ အော်နေကြတယ်၊ ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို မကယ်နိုင်တော့ဘူး၊ လှည်းပေါ်မှာ လူတွေပြည့်နေပြီ၊ နောက်တော့ ကျွန်တော်တို့ မီးတွေကြားထဲက လွတ်လာပြီး မီးလွတ်တဲ့ နေရာတစ်ခုကို ရောက်သွားကြတယ်၊ အဲဒီနားက ဆီထည့်ထားတဲ့ ဆီသံ ပုံးတွေ တွေ့တာနဲ့ ကျွန်တော်ပါလာတဲ့ မျက်နှာသုတ်ပုဝါတစ်ထည်ကို ဆီထဲနှစ်ပြီး အဲဒီဆီတွေနဲ့ မီးလောင်တဲ့ ဒဏ်ရာရတဲ့ ကျွန် တော့်သူငယ်ချင်းတွေကို ဆွတ်ပေးတယ်၊ မြေကြီးကလည်း ပူလိုက်တာ မပြောနဲ့တော့၊ ပြာပူတွေထဲမှာ သွားနေရလား ထင်ရတယ်၊ ဗုံးပေါက်လိုက်တော့ အဲဒီဗုံးက အပူချိန် စင်တီဂရိတ် ဒီဂရီ ၃၀၀၀ ဒါမှ မဟုတ် ဖာရင်ဟိုက် ဒီဂရီ ၅၄၀၀ လောက်ရှိတဲ့ အပူကို ထုတ်လိုက်တာကိုး၊ ဒီအပူရှိန်ဟာ သံရည်ကျိုဖို့ လိုအပ်တဲ့ အပူရှိန်တဲ့ နှစ်ဆများနေတယ်'
 
ကာဝါမိုတိုက ထိုနေ့ ဟီရိုရှီးမား ငရဲခန်းကို အသေးစိတ်ပြောပြသည်။ သူတို့သည် အပူရှိန် ပြင်းထန်လွန်းသဖြင့် မြစ်ဘက်သို့ ပြေး လာခဲ့သည်။ သူဆရာ ဘယ်မှာ ကျန်ရစ်ခဲ့သည်မသိ။ လမ်းတွင် အလောင်းတွေ၊ ဒဏ်ရာရပြီး အော်ဟစ်နေသူတွေ၊ မီးလောင်ပြီး လဲကျနေသူတွေ၊ တချို့က သူ့ခြေကျင်းဝတ်ကို လိုက်ဆွဲကြသည်။ တချို့က ကယောင်ကတမ်းဖြင့် ထလိုက်လာခဲ့ကြသည်။ သူတို့ တစ်ကိုယ်လုံး အဝတ်အစားတွေ စုတ်ပြတ်လျှက်။ တစ်ကိုယ်လုံး ပြာမှုန့်တွေ လိမ်းကျံလျက်။ သေနေသော မိခင်နို့ကို စို့နေသည့် ကလေးငယ်ကလေးတစ်ယောက် သူမြင်ရသည်။ သုံးလေးနှစ်ခန့်ရှိ ကလေးငယ်တစ်ယောက်က လဲကျနေသော သူ့အမေကို လက် သီးဆုပ်ကလေးဖြင့် ထု၍ နှိုးနေသည်။
 
'မာယူကီ တံတားနားရောက်တော့ ကျွန်တော့်သူငယ်ချင်း ကီမူရာကို တွေ့တယ်၊ ဗုံးချတော့ သူက လမ်းမှာပဲ ရှိသေးတယ်၊ သူ့မျက် နှာ တစ်ခုလုံး မည်းနက်နေတယ်၊ သူက ဟီရိုရှီးမား အနောက်ပိုင်းမှာ နေတာ၊ သူက သူ့အိမ်ကို ပြန်မလို့တဲ့၊ ဗုံးတည့်တည့်ကျတဲ့ နေရာတဝိုက်ကို ပြန်မယ်ဆိုတဲ့ သဘော၊ ဒီတော့ ကျွန်တော်က မသွားနဲ့၊ အဲဒီနေရာကို သွားလို့မရတော့ဘူး၊ မီးတွေ ဟုန်းဟုန်း တောက်နေပြီ၊ အနားတောင် ကပ်လို့ရမှာ မဟုတ်တော့ဘူးလို့ ပြောတယ်၊ ဒါပေမယ့် သူက သွေးရူးသွေးန်းဖြစ်နေပြီလေ။ အိမ်ကို ပြန်မယ်လို့ အော်ရင်း အဲဒီဘက်ကို ထွက်သွားလေရဲ့၊ နောက်တော့ သူဟာ သူ့မိသားစုရဲ့ ပြာရှိတဲ့ နေရာကိုတောင် ရှာလို့ မတွေ့ တော့ဘူး'
 
စစ်အတွင်းတုန်းက မီးကင်းကိစ္စအတွက် ရပ်ကွက်တွေထဲတွင် ရေလှောင်ကန်ကြီးတွေ ရှိသည်။ ရေလောင်ကန်ကြီးများမှာ တစ်နှစ် လုံး လှောင်ထားသဖြင့် ညစ်ပတ်နေသည်။ ကာဝါမိုတိုသည် ရေဆာလာသည်။ ထို့ကြောင့် ရေလှောင်ကန်ကြီးတစ်ခု အနီးသို့ ပြေးလာခဲ့သည်။ သို့ရာတွင် ရေလှောင်ကန်းနားရောက်တော့ ရေထဲတွင် တစ်ပိုင်း၊ ကုန်းပေါ်တွင် တစ်ပိုင်း လဲကျသေဆုံးနေသူများ ကို သူတွေ့ရသည်။ ထို့ကြောင့် ထိုရေကန်ထဲက ရေကို မသောက်တော့ဘဲ တံတားကြီးဆီသို့ လာခဲ့သည်။ တံတားကြီးနားကို ကျောက်တုံးလှေကားထစ်တွေပေါ်မှာလည်း လူတွေ လူတွေ အတုံးအရုံးလဲကျလျက်။ သူသည် လှေကားထစ်များပေါ် လဲကျသေ ဆုံးနေသော အလောင်းတွေကို ကျော်နင်းပြီး၊ အောက်ရေစပ်သို့ ဆင်းလာခဲ့သည်။ ရေသောက်သည်၊ သို့ရာတွင် သောက်၍မရ၊ ရေက ပူလောင်ပုပ်စပ်နေသည်။ ထို့ကြောင့် ကုန်းပေါ် လေးဖက်တွား၍ တက်လာခဲ့သည်။
 
'ကမ်းပေါ်ရောက်တော့ ကျွန်တော် ပက်လက်လန်လဲကျသွားတယ်၊ မြေကြီးကလည်း ပြာပူတွေလို ပူလောင်နေတယ်၊ အပေါ်ကို မော့ကြည့်လိုက်တော့ မည်းမှောင်နေတဲ့ တိမ်တိုက်ကြီးတွေကို မြင်ရတယ်၊ အဲဒီတိမ်တိုက်ကြီးတွေမှာလည်း လျှပ်စီးလက်သလို မီးတွေဝင်းခနဲ ဝင်းခနဲ တောက်နေတယ်၊ ဒီတော့ အမေတို့ အဖေတို့ကို ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်တော့ဘူးလို့ ကျွန် တော် အောက်မေ့လိုက်တယ်၊ မကြာခင် ကျွန်တော် သတိလစ်သွားတယ်'
 
ထိုနေ့ တစ်နေ့လုံး သူသည် သတိလစ်သွားခဲ့သည်။ ည ခုနှစ်နာရီလောက်မှ သတိပြန်ရလာသည့်အခါ သူသည် ဆေးရုံလုပ်ထား သည့် ဂိုဒေါင်ပျက်တစ်လုံးထဲတွင် ရောက်နေသည်ကို တွေ့ရသည်။ မိဘတွေ ဘယ်ရောက်ကုန်သည် မသိ။ သေသည် ရှင်သည်ကို သူမကြားရ။
 
သြဂုတ်လ ၁၁ ရက်နေ့ လူနာစခန်းနားက တဲပျက်အမှောင်ထဲတွင် ထိုင်နေစဉ် သူ့အမေ ရုတ်တရက် ရောက်လာကာ သူတို့နှစ် ယောက် တစ်ယောက်ကို တစ်ယောက် ဖက်ငိုကြသည်။
 
'အဲဒီအခါကျမှ ကျွန်တော် ပထမဆုံးအကြိမ် ငိုမိတယ်' ဟု ကာဝါမိုတိုက ပြောသည်။
 
သူသည် ယခုအချိန်တွင် ဟီရိုရှီးမားမြို့ရှိ ငြိမ်းချမ်းရေးပြတိုက်တွင် ပြတိုက်မှူးအဖြစ် အမှုထားနေသည်။
 
ထိုစဉ်က ဟာရိုအဂ္ဂညူးသည် အသက် ၂၄ နှစ်သာ ရှိသေးသည်။ သူသည် ဟီရိုရှီးမားကို သွားရောက်ဗုံးကြဲသည့် 'အီနိုလာဂေး' လေယာဉ်နှင့်အတူ လေ့လားရေး လေယဉ်အဖြစ် လိုက်ပါသွားခဲ့သည် 'ဂရိတ်အားတိစ်' လေယာဉ်ကြီးပေါ်မှ သိပ္ပံပညာရှင် လူငယ် တစ်ဦးဖြစ်သည်။ အမှန်အားဖြင့် သိပ္ပံပညာရှင်တစ်ဦး ပင် မဖြစ်သေး။ တက္ကသိုလ်တွင် ရူပဗေဒကျောင်းသားအဖြစ် ကျောင်းတက် နေစဉ် ပါမောက္ခက သူ့ကို ရွေးထုတ်ကာ နျူကလီးယား ကွင်းဆက်တုံ့ပြန်မှုများအကြောင်းကို လေ့လာရန် တာဝန်ပေးသည်။ သို့ဖြင့် သူ့အသက် ၂၁ နှစ်သားတွင် အဏုမြူဗုံးကြဲချမည့် လေယာဉ်မှူးကြီး တစ်ဗက်နှင့် အဖွဲ့သားများ လျှို့ဝှက်လေ့ကျင့်ရာ အူတားနယ်ရှိ သင်တန်းစခန်းတစ်ခုသို့ ပို့လိုက်သည်။ ထိုအချိန်မှ စ၍ သူသည် သိပ္ပံပညာနှင့် စစ်ရေးစစ်ရာတို့ ဆက်နွယ်နေကြပုံကို တွေ့မြင်လာ ခဲ့ရသည်။
 
'ဟင့်အင်း၊ အဲဒီတုန်းက ကျွန်တော်က အီနိုလာဂေး လေယာဉ်ကြီးပေါ်မှာ ပါမသွားဘူး၊ သူနဲ့အတူ ကပ်လျက်ပါသွားတဲ့ ဂရိတ် အားတိစ် လေယာဉ်ကြီးပေါ်မှာ ပါသွားတာ၊ အဲဒီလေယာဉ်မှာ ပေါက်ကွဲမှုကို တိုင်းတာဖို့၊ ရလာဒ်တွေကို တိုင်းထွာဖို့အတွက် ကိရိ ယာတွေ တပ်ဆင်ထားတယ်၊ ကျွန်တော်တို့ လေယာဉ်က အီနိုလာဂေးနောက်က ကပ်လျက်ပါလာတယ်၊ သူက ဗုံးကြဲချလိုက်တော့ ပေါက်ကွဲပြီး မြင်ကွင်းတွေကို ကျွန်တော်ပဲ ဓာတ်ပုံရိုက်ယူခဲ့တာပဲ၊ ကျွန်တော်တို့ လေယာဉ်တွေ ဟီရိုရှီးမားကို ရောက်အောင် ၁၃ နာရီပျံသန်းခဲ့ကြတယ်။ ကျွန်တော်တို့ ရှေ့ ရာသီဥတုကင်းထောက် လေယာဉ်ပျံရှိတယ်၊ သူက အားလုံး ကောင်းတယ်လို့ သတင်း ပို့တယ်၊ မနက် ၈ နာရီ ၁၅ မိနစ် မတိုင်ခင်ကလေးမှာ ဟီရိုရှီးမား အထက် ကောင်းကင်ပေါ်မှာ အားလုံးရှင်းနေပြီလို့ သတင်းပို့တယ်၊ အီနိုလာရေးက ပစ်မှတ်ကို ရွေးနေတယ်၊ ကျွန်တော်တို့လေယာဉ်နဲ့ အီနိုလာဂေးဟာ ဟီရိုရှီးမားမြို့ပေါ်မှာ နှစ်ဖာလုံလောက်စီ ခွာပြီး ဝဲကြည့်နေကြတယ်၊ ဒီနောက်မှ ကျွန်တော်တို့ အီနိုလာဂေးဆီက အချက်ပြ သတင်းပို့ချက် ရတယ်၊ သဘောက ဗုံးအောက်ကို ဆင်းသွားပြီဆိုတဲ့ သဘောပဲ၊ ဒါနဲ့ ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ တိုင်းထွာရေး ကိရိယာလေးတွေကို ချလိုက်တယ်၊ အဲဒီ တိုင်းထွာရေး ကိရိယာလေးတွေဟာ ဗုံးလေးတွေပဲ၊ တစ်ခဏ အတွင်းမှာ အလင်းရောင်ကြီး လက်သွားတာကို မြင်လိုက်ရတယ်၊ ကျွန်တော်တို့ ကင်မရာကလည်း ရိုက်နေတယ်၊ ဟီရိုရှီးမားကနေ ပြန်ထွက်လာလို့ ခုနှစ်မိုက်လောက် အကွာရောက်တော့ အောက် က ပေါက်ကွဲမှုကြောင့် တုန်ခါသွားတဲ့ လှိုင်းလုံးက လေယာဉ်ကို ဝင်ဆောင့်တယ်၊ ကျွန်တော်တို့တစ်တွေဟာ အဲဒီဟီရိုရှီးမား နယ်နိ မိတ်ထဲက ချက်ချင်း ထွက်လာခဲ့ကြတယ်' ဟု သိပ္ပံပညာရှင် ဟာရိုးအဂ္ဂညူးက စားမြုံ့ပြန်သည်။
 
သတင်းစာဆရာ ဒေးဗစ် ဗာဂါမီနီက အောက်အတိုင်း မှတ်တမ်းတင်ခဲ့သည်။
'၁၉၄၅ ခု၊ သြဂုတ်လ ၆ ရက်နေ့တွင် အမှတ် ၅၀၉ လေတင်အုပ်စုမှ အီနိုလာဂေးလေယာဉ်သည် လူပိန်ကလေးဟု ခေါ်ကြသည့် ရှည်မျောမျော ဘူးရှည်တစ်ခုကို သယ်ဆောင်၍ ထွက်လာခဲ့သည်။ ထိုဘူးရှည် တစ်ဖက်တွင် လူရေနီယန် ၂၃၅ အပိုင်းအစကလေး များစွာကို ထည့်ထားသည်။ ယင်းမှာ အဏုမြူဗုံးပင် ဖြစ်သည်။ တန်နီယန်းစခန်းမှ ထွက်ခွာလာပြီး ခြောက်နာရီခွဲအကြာ ဟီရိုရှီးမား စံတော် ၈ နာရီ ၁၇ မိနစ် အချိန်တွင် အထူးစီမံ ပြုလုပ်ထားသည့် ဗုံးခန်တံခါးသည် ပွင့်ထွက်လာကာ လေထီးနှင့် ဗုံးသည် အောက် သို့ ကျသွားသည်။ လေယာဉ်မှူး ဗိုလ်မှူးကြီး ပေါတစ်ဗက်သည် ဗုံးကြဲလေယာဉ်မှူး ဗိုလ်မှူးဖာရီဗီးထံမှ လေယာဉ်ထိန်းခလုတ်ကို ပြန်ယူပြီး လောယာဉ်ကို နောက်ပြန်လှည့် စက်ကုန်ဖွင့်၍ ဟီရိုရှီးမား နယ်နမိတ်အပြင်ဘက်သို့ ထွက်လာခဲ့သည်။ နောက်နှစ်မိနစ် အကြာ ၁၅ မိုင်အကွာတွင် အပြင်းထွက်ပြေးလာခဲ့သော အီနိုလာဂေးသည် ကိုင်လှုပ်လိုက်သလို သိသိသာသာကြီး လှုပ်ယမ်းတုန်ခါ သွားသည်။ တွဲဖက်လေယာဉ်မှူး ဗိုလ်ကြီး ရောဗတ်လူဝစ်က သူ့ပျံသန်းမှု မှတ်တမ်းစာအုပ်တွင် 'ဘုရား၊ ဘုရား' ဟူသော စာလုံးကို သာ ရေးနိုင်သည်။'
 
'ဗုံးသည် ဟီရိုရှီးမားမြို့ အနောက်မြောက်ပိုင်းအထက်ပေ ၁၅၀၀ က ပြာလဲ့ကြည်လင်နေသော ကောင်းကင်ထဲတွင် ပေါက်ကွဲသွား သည်။ အချင်းပေ ၂၅၀ ခန့်ရှိသော မီးလုံးကြီးတစ်ခုသည် နေမှ ပဲ့ထွက်လာသော အလုံးကြီးတစ်လုံးကဲ့သို့ အထက်ကောင်းကင်တွင် အတန်ကြာ တွဲလွဲချိတ်နေသည်။ နောက်တစ်ခဏအတွင်းတွင် ဂျပန်အမျိုးသား ၆၄,၀၀၀ တို့သည် မီးလောင်ကျွမ်းသွားခဲ့ကြသည်။ သို့မဟုတ် ကြေမွသွားခဲ့ကြသည်။ နောက်ထပ် ဂျပန်လူမျိုး ၂၆,၀၀၀ တို့သည်လည်း မီးလောင်ကျွမ်းသွားကြသည်။ ဒဏ်ရာများ ရခဲ့ကြသည်။ နျူထရွန်နှင့် ဂမ္မာရောင်ခြည်တို့ ဖြာထွက်သွားမှုကြောင့် မိနစ်ပိုင်း၊ နာရီပိုင်း၊ ရက်ပိုင်း၊ လပိုင်း၊ နှစ်ပိုင်းများတွင် သေဆုံးခဲ့ကြသည်။ (ယခုတိုင်လည်း သေဆုံးနေကြဆဲ ဖြစ်သည်။)'
 
'ထိုဗုံးကြောင့် မိုင်တစ်ရာ ပတ်လည်တွင် ကြီးမားဝင်းလျှပ်သော မီးရောင်တစ်ခု လက်ခနဲ ပြက်သွားခဲ့သည်။ ဆယ်မိုင်အကွာမှ ကြားရသော ပေါက်ကွဲသံကြီးကြောင့် ဟီရိုရှီးမားမြို့မှ အဆောက်အအုံ တိုက်တာ ၆၈၄၀ တို့သည် လှုပ်ခါ ပြိုကျသွားကြသည်။ မြို့လည်ခေါင် တစ်မိုင်ပတ်လည်တွင် မီးတောက်ကြီး တဟုန်းဟုန်း တောက်နေသည်။ မြေပြင်တွင် လောကျွမ်းသွားသော လူများ၊ တိုက်တာ၊ အဆောက်အအုံများ၏ ပြာများသည် ပန်းထုတ်လိုက်သည့်နှယ် အထက်သို့ ထိုးတက်လာပြီး ဟင်းလင်းပြင် အောက် ခြေနှင့် သွားတိုးမိသည့်အခါတွင် ပြားချပ်သွားသော မှိုထီးဆောင်းသကဲ့သို့ ဖြစ်နေသည်။ မီးလောင်ကျွမ်းသွားသော တိမ်တိုက်များ အောက်ခြေရှိ လွတ်လပ်လေဟာနယ်ထဲသို့ လေအေးကြီး တိုးဝင်လာခဲ့ကာ ထိုလေအေးစီးကြောင်းကြီးသည် အရှိန်ကောင်းလာခဲ့ ကာ တစ်နာရီလျှင် မိုင်လေးဆယ်ခန့်တိုက်သည့် လေပြင်းကြီးတစ်ခု ဖြစ်လာခဲ့သည်။ မီးမုန်တိုင်းကြီးနှင့် လေမုန်တိုင်းကြီး အစွမ်း ပြခြင်းဖြစ်တော့သည်။ မီးမုန်တိုင်းကြီး အပြင်ဘက်တွင် စုတ်ဝဲမှုတ်ဝဲများ တစ်ဝိုက်တွင်မူ အပူလှိုင်း ပြင်းထန်လှသဖြင့် အရာဟူသမျှ ပြာမှုန့်များအဖြစ် ပြောင်းကုန်တော့သည်။ တဏခအတွင်းတွင် မြေကြီးပေါ်မှ မီးလောင်ပြင်သည် ၄ မိုင်ပတ်လည်ကျယ်သည့် မီးပင် လယ်ပြင်ကြီးအဖြစ်သို့ ပြောင်းသွားခဲ့သည်။
 
ပေါက်ကွဲပျက်စီး ပြိုကျသွားသော အရာမှန်သမျှသည် အောက်မှ ပင့်တင်လိုက်သော လေပြင်း၏ အရှိန်ကြောင့် အပျက်အစီး၊ အစ အန၊ အကျိုးအပဲ့၊ အပိုင်းအစဖြစ် အထက်သို့ တဟုန်ထိုး ပျံတက်လာခဲ့ကြကာ အောက်တွင် ကျိုးကျိုးကျွမ်းကျွမ်း မြည်နေအောင် မီးလောင်နေသော မြင်ပြင်အထက်တွင် တွဲလွဲဆိုင်းနေကြသည်။ ဟီရိုရှီးမားမြို့တစ်ဝိုက်ရှိ မြစ်များမှ ရေတို့သည် အပူရှိန်ကြောင့် အငွေ့ဖြစ်ကာ ပျံတက်လာခဲ့ကြပြီး ကောင်ကင်သို့ အရောက် မိုးသီးကြီးများအရွယ် မိုးစက်မိုးပေါက်ကြီးအဖြစ် ရွာချကြပြန်သည်။ အိုင်အိုးနစ်ဓာတ် ပြွမ်းနေသော လေထုသည် မိုးကြိုးပစ်သည့် နေရာအနီးမှ အနံ့ကဲ့သို့လည်းကောင်း၊ လျှပ်စစ်နံမွှန်နေသည်။ အ လယ်မှ မုန်တိုင်းကြီးအနီးတွင် မုန်းတိုင်းငယ်ကလေးတွေ ဝိုင်းပတ် တိုက်ခတ်နေသည့်အတွက် သစ်ပင်များသည် အမြစ်မှ ကျွတ် ထွက်လဲပြိုကာ အပျက်အစီးများသည် လေထဲတွင် ပျံဝေနေကြသည်။'
 
'ကယောင်ကတမ်းဖြစ်နေသော အသက်ရှင် ကျန်သူများသည် မီးလောင်ကျွမ်းနေသော တစ္ဆေသရဲများသဖွယ် အပျက်အဆီးပုံများ ကြားထဲမှ ထွက်လာကြပြီး ဦးတည့်ရာကို ပြေးလွှားနေကြသည်။ အပူရှိန်မိရုံ၊ အနည်းနယ် လောင်ကျွမ်းရုံမျှသာ ဒဏ်ရာရသူများ သည် ထိုငရဲမီးကြီး ပေးပတ်ပတ်လည်တွေ ဟိုဟိုသည်သည် သွားလာကာ ဆွေမျိုးသားချင်းများကို လိုက်ရှာနေကြသည်။ ဟီရိုရှီး မားမြို့အလယ်ကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်သုံးစင်းစလုံးတွင် နေရာလပ်မရှိအောင် အလောင်းတွေ တင်ကျမ်းပြည့်နေသည်။ အပူရှိန်ပြင်းလွန်းသဖြင့် မြစ်ရေထဲသို့ ဆင်းပြေးရာမှ ရေနစ်သေကြခြင်း ဖြစ်သည်။
 
'တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များသည် တဖြည်းဖြည်းဖြင့် ပြန်၍လာသည်။ အဆောက်အအုံပျက်တွေထဲတွင် ပိတ်မိနေသူတို့က သူတို့ကို မီးထဲမှ ကယ်ရန် အော်ပစ်အကူအညီ တောင်းကြသည်။ တချို့ပြေးလွှားနေသူများက အကူအညီပေးကြ သည်။ တချို့ကလည်း ကမ္ဘာမီးလောင်နေချိန်တွင် မည်သူ့ကိုမျှ မကယ်နိုင်။ မြို့တော်ရှိ တချို့ရပ်ကွက်များမှ မီးတွေပတ်လည် ဝိုင်း လောင်နေသဖြင့် အထဲသို့လည်း ဝင်မရ၊ အပြင်သို့လည်း ထွက်၍မရဘဲ ဖြစ်နေကြသည်။ ဒုက္ခသည်များသည် ပန်းခြံများ၊ ကွက်လပ် များထဲတွင် စုရုံးနေကြရသည်။ သို့တိုင် မီးဒဏ်မခံနိုင်တော့ဘဲ သေကုန်ကြသည်။ မသေဘဲ ကျန်ရစ်သူတို့က မိမိတို့အနီးသို့ တဖြည်းဖြည်း ရောက်လာ မီးတောက်များကို ငြိမ်းသတ်ကြသည်။ အားလုံး အော်ဟစ်လျက်၊ ငိုယိုလျက်၊ ဆဲရေးတိုင်းထွာလျက်၊ မြည်တမ်းလျက်၊ ထင်မြင်ချက်များကို တစ်ယောက်တစ်ဖုံ ပြောဆိုလျက်၊ လေယာဉ်တစ်စင်း နိမ်နိမ့် ပျံဝဲနေသည်ကို စစ်သေနတ်ဖြင့် လိုက်ပစ်နေသည်ဟု ပြောသူက ပြောကြသည်။ အငွေ့ပျံ၍ မိုးရွာချသည်ကို ဓာတ်ဆီလောင်း၍ မီးရှို့နေခြင်းဖြစ်သည်ဟု ထင်မြင် ချက်ပေးသူကပေးသည်။
 
'ကျန်ရစ်သူများသည် ပထမနာရီ သုံးဆယ်လုံးလုံး မီးလောင်နေသော မြို့ပျက်ကြီးထဲတွင် တစ္ဆေများလို လျှောက်သွားနေကြသည်။ ကြောက်ဖွယ်လိလိ အပျက်အစီးများကို အထိတ်တလန့်ကြည့်ကြသည်။ ပြာပုံတွေထဲကို တူးရှာကြသည်။ အဆောက်အအုံပျက် တွေကို လှန်လှောကြသည်။ ရသမျှပစ္စည်း၊ ရသမျှ စားသောက်ဖွယ်တို့ကို ယူကြသည်။ လျှပ်စစ်ဓာတ်မရှိတော့။ ရေပိုက်တွေ ကျိုးပျက်သွားကြပြီ။ ဆေးရုံပေါင်း ၄၅ ရုံ ရှိသည့်နက် သုံးရုံသာ မပျက်မစီး ကျန်ရစ်ခဲ့သည်။ ထိုဆေးရုံများမှ ဆရာဝန် ၂၉၀ အနက် ၂၈ ယောက်သာ ကျန်ရစ်သည်။ သူနာပြု ၁၇၀၀၀ အနက် ၁၆ ယောက်သာ ကျန်ခဲ့သည်။
 
'နောက် ခြောက်လအကြာတွင် စုဆောင်းရရှိသော သတင်းများအရ အရပ်သား ၉၀,၀၀၀ နှင့် စစ်သား ၁၀,၀၀၀ သေဆုံးခဲ့ပြီး နောက်နှစ်ပေါင်းများစွာ ကြာသည်အထိ သွေးကင်ဆာရောဂါနှင့် ဓာတ်ရောင်ခြည် ဖြာထွက်မှုကြောင့် ဖြစ်သည့် ရောဂါတို့ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ကြသည်။
 
သြဂုတ်လ ၉ ရက်နေ့တွင် နာဂါဆာကီမြို့ပေါ်သို့ နောက်ထပ် အဏုမြူဗုံးတစ်လုံး ကြဲချခဲ့သည်။ ဟီရိုရှီးမားနှင့် နာကာဂါဆာကီမြို့ နှစ်မြို့တွင် အဏုမြူဗုံး နှစ်လုံးဒဏ်ကြောင့် စုစုပေါင်း လူဦးရေ ၁၄၀,၀၀၀ သေဆုံးခဲ့ကြရသည်။
 
အသက် ၆၀ ကျော်အရွယ်ရှိ အဘွားအို ဆူဇူကိုနုမာတာသည် သေးသေးညှက်ညှက်ကလေးဖြစ်သည်။ အဏုမြူ ဗုံးချလိုက်စဉ်က သူသည်လည်း ကာဝါမိုတိုကဲ့သို့ပင် ဗုံးပေါက်ကွဲမှုစက်ဝန်း ဗဟိုချက်မထဲ ရောက်နေသည်။ သူသည် ဟီရိုရှီးမားမှာ မွေးပြီး ဟီရိုရှီး မားမှာ ကြီးပြင်လာသဖြင့် ဟီရိုရှီးမားမြို့သူ စစ်စစ်ဟု ဆိုနိုင်သည်။ နုမာတာသည် ထိုစဉ်က အသက် ၂၁ နှစ်ရှိပြီး စစ်ဘက်ဆက် သွယ်ရေးဌာတစ်ခုတွင် အလုပ်လုပ်နေသည်။ ဗုံးကျစဉ် ပေါက်ကွဲမှုကြောင့် သူအလုပ်လုပ်နေသည့် အဆောက်အအုံသည် ပြိုကျ သွားကာ သူ့ခြေထောက်တစ်ဖက်သည် ပြတ်သွားခဲ့သည်။ ထိုနေ့ညတွင် သူ့ကို ဆေးရုံသို့ ပို့လိုက်သော်လည်း သုံးရက်လုံးလုံး ဆေးရုံတွင် ဆရာဝန်မရှိ၊ ဆေးမရှိ၊ သူနာပြုမရှိ ဝေဒနာကို ခံစားနေရသည်။ သူ့ဘယ်ခြေထောက်သည် သွေးဆိပ်တက်စပြုနေပြီ။ မကြာမီ သူသေတော့မည်ကို နုမာတာ သိလေပြီ။ သူ့ချစ်သူသည် သူ့ကို လာတွေ့လိမ့်မည်ဟု သူမျှော်သည်။ (သို့ရာတွင် သူ့ချစ် သူမှာ တိုက်ပွဲတွင် ကျဆုံးသွားပြီကို နောင်ရက်နည်းငယ်အကြာတွင် သိခဲ့ရသည်။) တတိယမြောက်နေ့တွင် ဆရာဝန်တစ်ယောက် လာကြည့်ပြီး သူ့အသက်ရှင်စေရန်အတွက် ခြေထောက်ကို ဖြတ်ပစ်ရမည်ဟု နုမာတာကို ပြောသည်။
 
"ဒီတော့ ကျွန်မက ဒေါက်တာရယ်၊ ကျွန်မခြေထောက်ကို ဖြတ်လိုက်ရင် ကျွန်မတစ်သက်မှာ ဘယ်အိမ်ထောင်ပြုလို့ရတော့မှာလဲ၊ ဘယ်မှာ အလုပ်လုပ်လို့ရတော့မှာလဲလို့ ပြောတယ်၊ ဒီတော့ ဒေါက်တာက ဒီမှာ မင်းတစ်ယောက်တည်း ဒီလို လူနာရှိတာမဟုတ်ဘူး၊ မင်းလို လူနာတွေ အများကြီးပဲ၊ မင်းစဉ်းစားထားလေလို့ ပြောပြီး ဆရာဝန် တခြားလူနာတွေကို လိုက်ကြည့်နေတယ်၊ စိတ်ပျက် လိုက်တာ မပြောပါနဲ့ရှင်၊၊ တစ်ချက်တည်းနဲ့ သေသွားပါစေလို့ပဲ ဆုတောင်းမိတယ်၊ သေပစ်လိုက်ချင်တယ်"
 
အမှောင်ထဲတွင် စကားပြောနေသည်ကို သူ့လို လူနာသုံးယောက်၏ အသံကို သူကြားရသည်။ သူတို့က သူ့ကို အကြံပေးနေခြင်း ဖြစ်သည်။ သူတို့ အသံများမှာ သဲသဲကွဲကွဲမရှိ။ မပီမသဝိုးတိုးဝါးတားတွေဖြစ်သည်။ ပထမအသံမှာ ထွေးနေသည်။
 
'ကျွန်မတော့ ယောက်ျားသံလား၊ မိန်းမသံလားဆိုတာတောင် ခွဲခြားလို့မရတော့ဘူး' ဟု သူက ပြောသည်။ ဒုတိယအသံမှာ စကား လုံးတော့ ကွဲသည်။ သို့ရာတွင် သူ့အသံမှာ လေသံကလေးမျှသာ ကြားရသည်။ ဘာပြောနေသည်ကိုလည်း သူကောင်းကောင်း နားမလည်။
 
"နောက်တစ်သံလည်း မောပြီး ဟောဟဲလိုက်နေတဲ့ အသံရှင်၊ ဒါပေမယ့် သူ့စကားလုံးတွေကိုတော့ သဲသဲကွဲကွဲ ကြားရတယ်၊ သူက တို့သုံးယောက်က မကြာခင် သေတော့မှာတဲ့၊ ဒါပေမယ့် နင်က ဘာမျှ မဖြစ်သေးဘူးတဲ့၊ အကောင်းကြီး ရှိသေးတယ်တဲ့၊ နင်ခြေ ထောက်ကလေး တစ်ဖက်ကို ဖြတ်လိုက်ရင် အသက်ရှင်နေဦးမှာတဲ့၊ ဘာဖြစ်လို့ အသေခံမှာလဲ၊ မသေနဲ့ဦး၊ နေဦး၊ မသေနဲ့ဦး၊ မသေ နဲ့ဦး၊ ခြေထောက်ကို ဖြတ်လိုက်၊ မသေနဲ့လို့ ပြောနေတယ်၊ ဒီတွင် ဖြတ်ပစ်မယ်လို့ ဆုံးဖြတ်ပြီး ဆရာဝန်ကို ခေါ်ပေးပါလို့ လှမ်း ပြောက်လိုက်တယ်။"
 
ဤသည်မှာ သြဂုတ်လ ၆ ရက်နေ့က ဟီရိုရှီးမား၏ ရုပ်ပုံလွှာအချို့ ဖြစ်သည်။ ကာဝါမိုတိုနှင့် နုမာတာတို့မှာ ကံကောင်းထောက်မ၍ မသေမပျောက် ကျန်ရစ်ခဲ့သူများ ဖြစ်ကြသည်။ သြဂုတ်လ ၉ ရက်နေ့တွင် နာဂါဆာကီကို နောက်ထပ် ဗုံးတစ်လုံး ကြဲချပြန်သည်။ နှစ်မြို့ပေါင်း လူ ၁၄၀,၀၀၀ လောလောဆယ် သေဆုံးခဲ့ရပြီး ဓာတ်ရောင်ခြည်မိသည့် နောင်အမျိုးဆက်များအထိ တဖြုတ်ဖြုတ်သေ နေကြ ဆဲ ရှိသေးသည်။
 
ယခုအချိန်၌ ဟီရိုရှီးမားတွင် ချခဲ့သည့် အဏုမြူဗုံးသည် အလွန်ခေတ်နေကျသွားက ထိုထက်အဆများစွာ ပြင်းထန်သည့် ဟိုက်ဒရို ဂျင်ဗုံးတွေ ပေါ်နေလေပြီ။
 
သိပ္ပံပညာရှင်များ၊ ဒဿနဆရာများ၊ စာရေးဆရာများ၊ ဘာသာရေးခေါင်းဆောင်းများ၊ သမိုင်းဆရာများက ဟီရိုရှီးမားအဖြစ်ဆိုးနှင့် ပတ်သက်၍ ကျင့်ဝတ်အရ မည်သူတွေမှာ တာဝန်ရှိသနည်းဟု ဆွေးနွေးငြင်းခုံခဲ့ကြသည်။
 
အမေရိကန် ကဗျာဆရာ ရောဗတ်ပဲင်းဝါးရင်းက 'အရုဏ်သစ်' ဆိုသည့် ကဗျာတစ်ပုဒ်စပ်သည်။ ထိုကဗျာတွင် တင်နီယွန်ကျွန်း လေတပ်စခန်းမှ အီနိုလာရေး လေယာဉ်ကြီးတက်လာပုံ၊ အေအီအိုအီ တံတားပေါ်သို့ ရောက်လာပုံ၊ ဗုံးကြဲချပုံတို့ကို ဖွဲ့ခဲ့သည်။ 'ကမ္ဘာကြီး၏ အလင်းရောင်း / ပြောင်းသွားခဲ့ပြီး / အိပ်မက်တစ်ခုလို အရောင်းပြောင်းသွားခဲ့ပြီ' ဟု ဖွဲ့ကာ အီနိုလာဂေး လေယာဉ် ပေါ်မှ အဖွဲ့သားများ၏ အောင်ပွဲကျင်းပပုံတို့ကို ဖွဲ့ပြီးနောက် အောက်ပါစာကြောင်းများဖြင့် အဆုံးသတ်ထားသည်။
 
အိပ်မပျော်ခင်မှာ တချို့လူတွေ စဉ်းစားမယ်ဆိုတာ ဘာမျှ ယုံမှားဖွယ်မရှိ
တစ်ယောက်ကတော့ တွေးမိတယ်။
ငါ့တစ်ယောက်တည်းမှာ (တာဝန်ရှိတယ်။)
ဒါပေမယ့် တချို့ကျတော့လည်း
ဘုရင်းသခင်နဲ့ ကရုဏာတော်နဲ့
သူရာမူးယစ်မှုထဲမှာ
မည်းနက်တဲ့ မျက်နှာကျက်ကြီးကို
ကြာကြာငေးစိုက်ကြည့်မနေဘဲ (အိပ်ပျော်သွားတယ်)
ရောဗတ်ပဲဝင်းဝါရင်းသည် ဟီရိုရှီးမား၊ အီနိုလာဂေးလေယာဉ်အဖွဲ့သားများ၏ အိပ်မပျော်သော ညများနှင့် အိပ်မပျော်သော ညများ တွင် မြင်မက်သည့် ခြောက်အိပ်မက်များအကြောင်းကို ရေးပြသွားခဲ့သည်။
 
အဏုမြူဗုံးကြဲချရန် ဆုံးဖြတ်ပေးခဲ့သည့် သမ္မတထရူးမင်းက မိမိ ထိုဆုံးဖြတ်ချက်ကို ပေးရခြင်းမှာ အလွန်ရိုးစင်း၍ ရှောင်လွှဲမရ သော အကြောင်းကြောင့် ပေးရခြင်းဖြစ်သည်။ ထိုအကြောင်းမှာ ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်ရေးဖြစ်သည်ဟု မကြာခဏ အ လေးအနက် ထုတ်ဖော်ပြောဆိုခဲ့သည်။ အဏုမြူဗုံးကို ထုတ်လုပ်ရာတွင် ခေါင်းဆောင်ခဲ့သည့် နျူကလီးယား သိပ္ပံပညာရှင် အိုပင် ဟိုင်းမားက "ခပ်ရှင်းရှင်း ပြောရရင် ကျွန်တော်တို့ သိပ္ပံပညာရှင်တွေဟာ မဟာပြစ်မှု ဒုစရိုက်ကို နားလည်ခဲ့ကြပြီ၊ အဲဒီအသိကို ကျွန် တော်တို့ ဘယ်တော့မှ ဖျေက်ပစ်လို့ ရတော့မှာ မဟုတ်ဘူး" ဟု သိပ္ပံပညာရှင်များ၏ ကွန်ဖရင့်တစ်ခုတွင် ပြောခဲ့သည်။ သိပ္ပံပညာရှင် များသည် လူသားများအနေဖြင့် ယခင်က ပြစ်မှုဒုစရိုက်၏ သဘောကို မသိခဲ့ကြောင်း၊ အဏုမြူဗုံး ထုတ်လုပ်ပြီးမှ ပြစ်မှုဒုစရိုက် သဘောကို နားလည်လာခြင်းဖြစ်ကြောင်း အိုပင်ဟိုင်းမားက ဖြောင့်ချက်ပေးသွားခြင်းဖြစ်သည်။
 
အီနိုလာဂေးလေယာဉ်ပေါ်မှ အဖွဲ့သား တစ်ဦးက "ဘုရားရေ ကျွန်တော်တို့ ဘယ်လိုလုပ်လိုက်တာလဲ မသိဘူး" ဟု မြည်တမ်းကာ နောက်တစ်ယောက်မှာ စိတ္တဇဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။
 
သို့ဖြစ်လျှင် 'အစွယ်လိုချင်သူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧရာဇ်၊ လေးပစ်သူ ကျွန်တော်မျိုး' တို့အနက် မည်သူ့တွင် ကျင့်ဝတ် ရေးရာအရ တာဝန်ရှိသနည်း။
 
ကမ္ဘာကြီးသည် လွန်ခဲ့သည် ရာစုနှစ်တစ်ဝက်လုံးလုံး ထိုမေးခွန်းကို မေးခဲ့ကြသည်။
 
သို့ရာတွင် ဟီရိုရှီးမား အဖြစ်ဆုံး ပြီးသည်နောက် မကြာမီတွင် အမေရိကန်စာရေးဆရာ ဂျိမ်းအဂီးက ဟီရိုရှီးမားအဖြစ်ဆိုးအတွက် လူပုဂ္ဂိုလ်တစ်ဦးစီတွင် တာဝန်ရှိကြောင်းဖြင့် ချက်ချင်းထောက်ပြခဲ့ပါသည်။
 
သူ့အဆိုသည် မှတ်သားဖွယ်၊ သင်ခန်းစာယူဖွယ်၊ ဆင်ခြင်ဖွယ် ဖြစ်ပါသည်။ သူ့အဆိုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
'အဏုမြူဗုံးသည် စကြဝဠာကြီးကို ထက်ခြမ်းခွဲလိုက်ပြီးနောက် လောက္က အတိုင်းအဆမရှိသော အံ့ဖွယ်သရဲတို့သည် ဖြစ်နိုင်ဖြစ် တတ်ကြကုန်၏' ဟူသော သဘောကို ဖွင့်လှစ်ပြခဲ့လေသည်။ တစ်ချိန်တည်းမှာပင် လူတိုင်း၊ လူတိုင်းသည် မိမိတို့၏ ဝိညာဉ် (လိပ်ပြာ) အတွက် တာဝန်ရှိကြောင်းကိုလည်း ဖွင့်လှစ်ပြခဲ့လေသည်။

မြသန်းတင့်
သမိုင်းစကား ပန်းစကားစာအုပ်မှ ကူးယူဖော်ပြသည်။

No comments: