နိုင်ငံရေးဟူသည်မှာ

ကျနော်တို့မှာ ဖောက်ပျက်ခြင်းငှာ မရနိုင်သော တာဝန်တရပ်အဖြစ် ဆောင်ရွက်ရမည့် လုပ်ငန်းကို ကျွန်တော်တို့ မိဘ- ဘိုးဘွားများထံမှ အမွှေခံရထားခဲ့ကြပါပြီ။ ဤတာဝန်ကို ကျေပွန်အောင် ကျွန်တော်တို့မည်သို့ ဆောင်ရွက် ကြပါမည်နည်း။ ဤပုစ္ဆာကိုအဖြေမီ အဖြေကို ရရှိနိုင်မည့် လမ်းညွှန်များကို ရှာရန်သင့်သည်ဟု ကျွန်တော်ထင်မြင်ပါသည်။ လူသားတရပ်လုံးအား ယနေ့ ရင်ဆိုင်နေသည့် ပြဿနာရပ်များမှာ တဆက်တစပ်တည်း ဖြစ်နေသောကြောင့်လည်း ဖြစ်သည်။ ပုံသဏ္ဏာန်များ အမျိုးမျိုး ပြောင်းလဲနေသော ယနေ့ကမ္ဘာ၏ အခြေအနေမှာ ဤအတိုင်းဖြစ်နေသည်။ လူမျိုးစုံဝါဒနှင့် အမျိုးသားရေးဝါဒသည်၎င်း၊ စီးပွားရေးနှင့် နိုင်ငံရေးသည်၎င်း၊ နိုင်ငံရေးနှင့်လူမှုရေးသည်၎င်း၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဘာသာတရား- ဓလေ့ထုံးစံတို့သည်၎င်း ရှုပ်ထွေးသော အခြင်းအရာတခု၏ သီးခြား အစိတ်အပိုင်းများသာ ဖြစ်ပေသည်။ ၎င်းတို့မှာလည်းတစ်ခုနှင့် တစ်ခုဆက်စပ်လျက် ရှိပြီး အနှစ်သာရရော၊ ပုံသဏ္ဏာန်ပါ အမြဲတစေ ပြောင်းလဲနေပေသည်။ ကျွန်တော်တို့သည် အလုံပိတ်ထားသော အခန်းများထဲတွင် စားသောက်နေထိုင် တွေးခေါ်နေ၍ မဖြစ်ပါ။ ခေတ်ကာလနှင့် မကိုက်ညီတော့သော ပုံသေ ကားချပ် အယူအဆတို့ကို တရားသေကိုင်စွဲထား၍ မရပါ။ ကျွန်တော်တို့တိုင်းပြည်မှာ ယနေ့အထိ လူ့ဘ၀နှင့် လူ့ဘောင်အကြောင်းကို ကောင်းစွာ မသိသေးသူ အများအပြားရှိကြပါသေးသည်။ 

အချို့သော သူတို့မှာ- သိလျက်နှင့်၎င်း၊ မသိ၍၎င်း ညစ်ပတ်သော နိုင်ငံရေးကို ဆက်လုပ်လျက် ရှိကြပါသေးသည်။ သို့သော် နိုင်ငံရေး ဆိုသည်မှာ တကယ်ပင် ညစ်ပတ်လေသလား၊ မညစ်ပတ်ပါ။ နိုင်ငံရေးက ညစ်ပတ်သည်မဟုတ်၊ နိုင်ငံရေးကို ညစ်ပတ်အောင် လုပ်နေသူများသည်သာ ညစ်ပတ်ခြင်း ဖြစ်ပါသည်။ နိုင်ငံရေးဆိုတာ ဘာလဲ-ကျွန်တော်တို့ အနေနှင့် ပါဝင်ဆောင်ရွက်ခြင်းငှါ မအပ်သော၊ ကျွန်တော်တို့က တရိုတသေ- တအံ့တသြ မော့၍သာကြည့်နေရ မည်ဖြစ်သော အခြင်းအရာလော။ သို့မဟုတ်- ကျွန်တော်တို့ နိုင်ငံချောင်ကြို ချောင်ကြားတို့ကို လည့်ပတ် သွားလာကာ ယုံလွယ်တတ်သော ပြည်သူအချို့ကို ညာဝါးနေကြသည့် သူများပြောသလို၊ ပုံပြင်များ၊ ဒဏ္ဏာရီများ ပြောပြရုံနှင့် အရာခပ်သိမ်း ပြီးငြိမ်းသည်ဆိုနိုင်သည့် အခြင်းအရာလော။ ကျွန်တော်တို့ မသွားအပ်၊ ရှောင်ရှားနိုင်က ရှောင်ရှားအပ်သော အန္တရာယ်ပြွမ်းသည့် နယ်မြေပင်လော။ ကျွန်တော်တို့တစ်ခါက ပြောခဲ့ကြ သလို လူမျိုးရေး၊ ဘာသာရေး၊ စာပေအရေးမျှသာ ဖြစ်သလော။ သို့မဟုတ်-နိုင်ငံရေးဆိုသည်မှာ ဘာလဲ၊ အမှန်မှာ နိုင်ငံရေးဆိုသည်မှာ အမြင့်တွင်ရှိသည်လည်းမဟုတ်၊ အနိမ့်တွင် ရှိသည်လည်းမဟုတ်၊ မျက်လှည့် လည်းမဟုတ်၊ ဗေဒင်ဟောခြင်းလည်း မဟုတ်၊ အဂ္ဂိရတ်ပညာလည်း မဟုတ်၊ မသွားအပ်သော အန္တရာယ်ပြွမ်းသည့် နယ်မြေလည်း မဟုတ်၊ ကိုယ့်ကိုယ်ကို အထင်ကြီးနေရသည့် အမျိုးသားရေး ကိစ္စလည်းမဟုတ်၊ နိုင်ငံရေး သည် အစဉ်သဖြင့် တိုးတက်ဖြစ်ပေါ်နေသော ဖြစ်ရပ်များနှင့် ကိုက်ညီရမည်။ အတိုချုပ်ပြောရမည်ဆိုလျှင် နိုင်ငံရေးဆိုသည်မှာ ရဲဘော်တို့၏ ဘ၀ဖြစ်သည်။ အမှန်မှာ နိုင်ငံရေးဆိုသည်မှာ ရဲဘော်ပင်ဖြစ်သည်။ 

ရှေးပဝေဏီကပင် အရစ်(စ်)တိုတယ်လို ပြောခဲ့သလို၊ ရဲဘော်သည်ပင် နိုင်ငံရေး သတ္တ၀ါဖြစ်သောကြောင့်ပင်၊ ရဲဘော်၏ စားရေး၊ အိပ်ရေး၊ နေရေး၊ အလုပ်လုပ်ရေးသည်ပင် နိုင်ငံရေးဖြစ်သည်။ ရဲဘော် နိုင်ငံရေးအကြောင်း စဉ်းစားချင်မှ စဉ်းစားမည်၊ သို့သော် နိုင်ငံရေးကရဲဘော် အကြောင်းကို စဉ်းစားပေးလိမ့်မည်။ ရဲဘော်က နိုင်ငံရေးကို ရှောင်ချင် ရှောင်ပေလိမ့်မည်၊ သို့သော် နိုင်ငံရေးက ရဲဘော်ကို အိမ်မှာ၎င်း၊ ရုံးမှာ၎င်း၊ အလုပ်ရုံမှာ၎င်း၊ တွယ်ကပ်နေပေလိမ့်မည်။ နေ့စဉ်နှင့်အမျှ ရဲဘော်သည် နိုင်ငံရေးကိုလုပ်နေရသည်၊ ကိုင်တွယ်နေရသည်၊ ရုန်းကန်နေရသည်၊ အလုပ်သမားက လုပ်ခအတွက် အလုပ်လုပ်ရ၍ လယ်သမားက စားသောက်နေထိုင်နိုင် ရေးအတွက် လယ်ထွန်ကာ၊ စာရေးစာချီအရာရှိ အရာခံတို့က လစာအတွက် အလုပ်လုပ်ကြရကာ၊ ကုန်သည်ပွဲစားတို့မှာလည်း ငွေဝင်ကောင်းအောင် ရုန်းကန်နေကြရသည်။ အသက်ရှင် နေထိုင်ရေးဆိုသည့် ပြဿနာပင်ဖြစ်သည်။ အလုပ်သမားက လုပ်ခများများလိုချင်၍ ကောင်းကောင်းနေချင်သည်။ လယ်သမားက သူ့မြေနှင့်သူ့ ဘ၀တိုးတက်ချင်သည်။ စာရေးစာချီအရာရှိ အရာခံတို့ကလည်း ပျင်းရိငြီးငွေ့ဘွယ်ကောင်းသော ရုံးလုပ်ငန်းမျိုးထက် ပိုမိုခိုင်မြဲမှု၊ ပိုမိုပြည့်စုံမှု၊ ပိုမိုလွပ်လပ်မှုကို လိုချင်သည်။ ကုန်သည်ပွဲစားတို့မှာ ကုန်သွယ်ရေး လုပ်ငန်းအတွက် သင့်တင့်မျှတသော အခွင့်အလမ်းများကို လိုချင်သည်။ ဤသို့အားဖြင့် ရဲဘော်မှာ အသက်ရှင် ရပ်တည်နေရန်လိုသည်။ အသက်ရှင် တည်နေနိုင်ရေးအတွက် ရုပ်ဝတ္ထုပစ္စည်းလိုသည်။ ဤသည်ပင် နိုင်ငံရေး ဖြစ်သည်။ ဤသည်ပင် ရဲဘော်၏ဘ၀ဖြစ်၍ ရဲဘော်၏ ဘ၀ပြောင်းသလို၊ နိုင်ငံရေးကလည်း ပြောင်းလိုက်သည်။ ရဲဘော်တို့ အသက်ရှင်နေနိုင်ရေး ပိုမိုကောင်းမွန်စွာ နေနိုင်ရေးအတွက် လွတ်လပ်ရေးရှိရမည်။ နေနိုင်မှုအတွက် လွတ်လပ်ရေး၊ တစ်ဦးချင်းအလိုက် တမျိုးသားလုံးအလိုက် ဖန်တီးနိုင်မှု- ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်မှုအတွက် လွတ်လပ်ရေး၊ အခြားသူ၏အခွင့်အရေးကို အထိခိုက်စေဘဲ ရဲဘော်တို့ ကျွန်တော်တို့၏ အဆင့်အတန်း တိုးတက်နိုင်မှုအတွက် လွတ်လပ်ရေးရှိရမည်ဟု ကျွန်တော်တို့ပြောဆိုနေကြခြင်းဖြစ်သည်။ ဤသည်ပင်လျှင် နိုင်ငံရေးဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေးဆိုသည်မှာ နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စပင်ဖြစ်သည်။ 

နိုင်ငံရေးသည် ညစ်ပတ်သည်မဟုတ်။ နိုင်ငံရေးသည် အန္တရယ်ပြွမ်းသည်မဟုတ်။ နိုင်ငံရေးသည် ကျဉ်းမြောင်းသော အလုပ်မဟုတ်။ နိုင်ငံရေးသည် မျက်လှည့်လည်း မဟုတ်။ သဘာဝ၏ အထက်ကလည်း မဟုတ်။ နိုင်ငံရေးသည် နားလည်ရခက်သည်လည်း မဟုတ်။ သို့သော် တချို့သောပညာရှိတို့က ဤသို့ ဗျာဒိတ်တော် မချမှတ်ကြ။ သူတို့က နိုင်ငံရေးသည် ညစ်ပတ်သည်။ နိုင်ငံရေးသည် ဘာသာရေးဖြစ်သည် စသည်ဖြင့် တဆက်ထဲမှာပင် မမြီးအမောက်မတည့် ပြောဆိုနေကြသည်။နိုင်ငံရေးသည် ဘာသာရေးလား- မဟုတ်ပါ။သို့သော်ညစ်ပတ်သော နိုင်ငံရေးသမားများက ဤစကားကို “နိုင်ဖဲ” သဘောထားကာ သုံးစွဲနေကြသည်။ ဤနည်းအားဖြင့် ပြည်သူလူထု ခေါင်းရှုတ်ကုန်အောင်၊ တကဲ့ပြဿနာများ ဖုံးကွယ်သွားအောင် ကြိုးပမ်းလိုကြခြင်းဖြစ်သည်။ သူတို့နည်းမှာ အချောင်သမားတို့၏ နည်းသာဖြစ်၍၊ နိုင်ငံရေးမဟုတ် ဘာသာရေးဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးစီ တဦးစီ၏ အသိတရားဖြစ်၍ နိုင်ငံရေးဆိုသည်မှာ လူမှုရေးသိပ္ပံဖြစ်သည်။ လူမှုရေးသိပ္ပံ ပညာတရပ်အနေနှင့် လူပုဂ္ဂိုလ်လိုက်သည် လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့် အပါအ၀င် အခြားအခွင့်အရေးများရှိကြောင်း၊ နိုင်ငံရေးက အသိအမှတ်ပြုရမည်။ သို့သော် ဤနေရာတွင်ပင် နိုင်ငံရေးနှင့် ဘာသာရေးကို စည်းခြားရမည်။ နိုင်ငံရေးနှင့် ဘာသာရေးသည် အတူတူ မဟုတ်သောကြောင့်ပင်၊ ကျွန်တော်တို့ ဘာသာရေးကို နိုင်ငံရေးနှင့် ရောထွေးပစ်ပါ လျှင်၊ ဘာသာရေးကိုပင် ဆန့်ကျင်ရာရောက်သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးဆိုသည်မှာ တမလွန် ဘ၀အကျိုးအတွက် သည်ပိုးရွက်ဆောင်ခြင်းသာဖြစ်၍ နိုင်ငံရေး အသိုင်းအ၀ိုင်းဖြစ်သော မျက်မှောက် ဘ၀အရေးတို့နှင့် သာမန်အားဖြင့်မသက်ဆိုင်။ နိုင်ငံရေးဆိုသည်မှာကား ပုထုဇဉ်တို့၏ သိပ္ပံပညာရပ် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း
ဘားမားချဲလင်းခ်ျ စာအုပ်မှာ ထုတ်နှုတ်တင်ပြသည်။

No comments: