ဒီနေ့မနက်စောစော နိုးထဖြစ်တယ်။ မနက် ၇:၀၀ နာရီခွဲလောက်ဘဲ ရှိဦးမယ်။ ရ၀တ ရုံးရှေ့က ဖြတ်လျှောက်တော့ ညက သတင်းတွေ နားထောင်ထားတဲ့ အရှိန်နဲ့ ရုံးဆိုင်းဘုတ်ကို မော့ကြည့်လိုက်ပါတယ်။ ဆိုင်းဘုတ် ပြောင်းသွားပါပြီ။ ညကတည်းက ပြောင်းထားလိုက်တယ်လို့ ယူဆရပါတယ်။ ထို့အတူပါဘဲ။ မြို့နယ်ရုံးလည်း ဆိုင်းဘုတ်ပြောင်းထားတာ တွေ့ရပါတယ်။ “စမ်းချောင်းမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှုးရုံး” လို့ အမည်ရပါတယ်။ ခရိုင်တို့ တိုင်းတို့လည်း ဆိုင်းဘုတ်တွေ ပြောင်းလိုက်ပြီ ထင်ပါတယ်။ ညနေပိုင်းကစပြီး သတင်းဌာနတွေရဲ့ အဆိုအရ “နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ” ဆိုတာ နိဋ္ဌိတံခဲ့ပြီလို့ သိရပါတယ်။
ရပ်ကွက်ရုံးတွေထဲမှာ အရင် နအဖဥက္ကဌရဲ့ ဓာတ်ပုံကြီးတွေကို ဒီနေ့ ညအထိ တွေ့နေရပါသေးတယ်။ ဘယ်လိုသဘော သက်ရောက်တယ်ဆိုတာ မသိနိုင်ပါဘူး။ ညွှန်ကြားချက် ရောက်မလာလို့ မဖြုတ်သေးတာ ဖြစ်နိုင်သလို တခြားအကြောင်းအရာ အမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်နေ့တွေကို စောင့်ကြည့်ရပါဦးမယ်။ ကာကွယ်ရေးဦးစီးချုပ်လည်း အသစ်ခန့်အပ်လိုက်ပါပြီ။ သမ္မတသစ်လည်း ကျမ်းကျိန်ပြီးပါပြီ။ ယနေ့မှစ အရပ်သားအစိုးရ အုပ်ချုပ်ပါပြီ။ ကြိုက် မကြိုက် ခဏထား၊ ဖြစ်နေသည်ကိုလက်ခံရပါမယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ပထမဆုံးသမ္မတ စပ်ရွှေသိုက်ရဲ့ ဓာတ်ပုံကို အာဏာပိုင်အဖွဲ့အစည်းများရဲ့ ရုံးတွေမှာ ချိတ်ဆွဲခဲ့ပါတယ်။ နောက်သမ္မတတွေ အသီးသီး ဖြစ်လာကြတဲ့ ဦးဘဦး၊ မန်းဝင်းမောင်တို့ရဲ့ ပုံတွေကိုလည်း ရုံးတွေမှာ တွေ့ခဲ့ရပါတယ်။ သန့်ရှင်း အစိုးရလက်ထက် ပါလီမန်က ရာထားတဲ့သမ္မတ သမ္မတဆမားဒူးဝါး ဆင်ဝါးနောင်ရဲ့ ဓာတ်ပုံကိုတော့ မြင်ခွင့် မရလိုက်ကြပါဘူး။ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းသွားလို့ ဖြစ်ပါတယ်။ ဒီသမ္မတအားလုံးနဲ့ အတူယှဉ်ပြီး အမြဲမြင်ရတာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံဖြစ်ပါတယ်။
နောက်ဆုံး မဆလခေတ်အထိ ဗိုလ်ချုပ်ဘေးမှာ ဦးနေ၀င်း ရှိခဲ့ရပါတယ်။ ဒီအကြောင်းတွေကို သက်ကြီးစကား သက်ငယ်ကြားလို့ သိခွင့်ရတာပါ။ ဒီကနေ့ သမ္မတသစ်ရဲ့ ဓာတ်ပုံကို ဌာနဆိုင်ရာရုံးတွေနဲ့ အာဏာပိုင် အဖွဲ့အစည်း အသီးသီးမှာ ချိတ်ဆွဲထားသင့်တယ်လို့ ပြောကြပါတယ်။ အရင် နအဖဥက္ကဌရဲ့ ဓာတ်ပုံကို ဆက်ပြီးထားမယ်ဆိုရင် အဓိပ္ပါယ် မရှိပါဘူး။ ပြည်သူတွေရဲ့ အမြင်မှာ မေးခွန်းတွေ ထုတ်လာနိုင်ပါတယ်။ ထို့အတူပါဘဲ အရင်ပါလီမန်ခေတ်တွေကလို ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ယှဉ်ပြီး အခုသမ္မတသစ်ရဲ့ပုံကို ရုံးတွေမှာ ချိတ်ဆွဲပြလိုက်ရင် ဘာတွေ ဘယ်လို တုန့်ပြန်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။
အောင်မျိုးထွန်း
၃၀- ၃-၂၀၁၁
No comments:
Post a Comment