မသိလို့ မိုးလင်း မသိလို့ မိုးချုပ်

မနက် မိုးလင်းလို့ မျက်စိနှစ်လုံး ပွင့်တာနှင့် စွယ်စုံရ ဇာတ်လိုက်ကျော်ကြီး အကြောင်းကို လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်သွယ် နားမခံ သာအောင် ပြောရဆိုရ ပါတော့သည်။ ဘယ်သူ ရှိမတုံး၊ ကိုကိုငွေခေါ် မစ္စတာ မန်းနီးခေါ် အသပြာ တစ်ဖြစ်လဲ မောင်ပိုက်ဆံပင် ဖြစ်တော့သည်။

ကုန်ပစ္စည်းများ ဖလှယ်ရာတွင် လွယ်ကူ ချောမွေ့ စေရမည် ဆိုသော ရည်ရွယ်ချက် ကောင်းဖြင့် တီထွင် ခဲ့ကြကုန်သည်။ ခုတော့ဖြင့် ကိုယ့်အတတ်နှင့် ကိုယ်စူး ဆိုသလို ဆေးအတွက်ကြောင့်ပဲ လေးရတော့ မလိုလို။

“ဝေလွင် ငါ့ကို ပိုက်ဆံတစ်ရာ ပေးခဲ့ဦးနော်၊ မေ့မနေနဲ့”
ဒေါ်အေးမြင့် ခြင်ထောင်ထဲကနေ ထွက်ထွက်ချင်း ပြောလိုက်သည့် အသံ။ သူမ၏ ကျိုးနေသော ညာဘက် လက်ကလေးကို ရင်ဘတ်တွင် အသာကပ်ပြီး အိမ်မှုန် စုံမွှားဖြင့် ထလာလေ၏။ အရင် နေ့တွေနှင့်စာရင် ဒီနေ့မနက် အိပ်ရာထ နည်းနည်းစော၏။ ညက ကောင်းစွာ အိပ်ရဟန် တူသည်။


“အမေ ညက အိပ်ပျော်ရဲ့လား”

သမီးဖြစ်သူ ဝေလွင် ရေတစ်ခွက် ခပ်ပေးရာကနေ မေးလိုက်တာပါ။ လိုအပ်လျှင် ဆေးခန်းကို အချိန်မီ သွားဖို့အထိ တွေးပူရသေးသည်။ ဒေါ်အေးမြင့် ပြန်ဖြေသည် အထိ စောင့်မနေနိုင်၊ အိမ်နောက်ဖေး ဟင်းအိုးဆီက တူးနံ့ ပေးနေသဖြင့် ပြေးရ သေးသည်။ သူမ၏ အချစ်တော် ကြောင်ကလေးသည် တညောင်ညောင် အသံပေးကာ တကောက်ကောက် လျှောက်လိုက်နေ၏။ သင်းကို မနင်းမိအောင် ရှောင်ရှောင် နေရတာကိုက အလုပ်တစ်ခု။

“ဝေလွင် ငါ့ဖိနပ် မတွေ့မိဘူးလား”

ထိုအချိန်မှာ ကိုထွန်းလွင် အိမ်ပေါ်ကနေ ဆင်းမလို့ လုပ်ကာ ဟိုရှာ၊ ဒီရှာ လုပ်နေ၏။ ဒေါ်အေးမြင့်သည် ခပ်လှမ်းလှမ်းက ရေတိုင်ကီတွင် သွားတိုက်နေ၏။ ဝေလွင် သူ့အစ်ကိုလေး စကားကို အာရုံ မစိုက်အား၊ မကြာမကြာ ဆိုသလို သူ့ဟင်းတွေ ငန်ငန်နေလို့ ဟင်းအိုးကို ဂရုစိုက် နေရ၏။ အသံကိုတော့ ကြားလိုက်သည်။

“ဘာဖိနပ်လဲ၊ နောက်ဖေးမှာ နေမှာပေါ့”

ဒေါ်အေးမြင့် မျက်နှာ သစ်ပြီးလို့ အတန်ငယ် မောသွားဟန်ဖြင့် အိမ်ပေါ်ပြန် မတက်သေးဘဲ ခုံတန်းလျား ပေါ်တွင် အမော ဖြေနေ၏။

“အမေ ပိုက်ဆံတစ်ရာ ဘာလုပ်မလို့လဲ၊ ဒီမှာ ငါးရာတန်”

ဝေလွင် ကမ်းပေး လိုက်သည့် ငါးရာတန်ကို ဒေါ်အေးမြင့် ယူဖို့နေနေသာ သာ လှည့်တောင်မကြည့်။ အသက်ကို အားစိုက် ရှူနေရ သည်။
“ငါ့ဟာငါ ဘာလုပ် လုပ် ငါးရာတန် မလိုချင်ဘူး၊ တစ်ရာတန် ရှာပေး”

“အမေကလည်း တစ်ရာတန် မရှိလို့ပေါ့”

ဒေါ်အေးမြင့် ကောင်း နေသည့် လက်ကလေးကို ထောက်ပြီး ထလာခဲ့သည်။ ကျန်းမာရေး ညံ့ဖျင်းခြင်းက ပင် ဒေါသတွေကို ဆွဆွပေး သလား မဆိုနိုင်။ တစ်နေ့ တခြား ဒေါသကြီးလာ၏။ ထိုဒေါသတွေကနေ ရောဂါ ပြန်မဖြစ်လာပါစေနှင့်။
“အစ်ကိုလေး ပိုက်ဆံ တစ်ရာတန် မရှိဘူးလား”

ကိုထွန်းလွင်၏ မျက်စိများ ခုထိ ဂနာ မငြိမ်သေးချေ။ အိတ်ကပ်ထဲက နှစ်ရာတန်ကို ဆတ်ခနဲ ဆွဲထုတ်ကာ ဝေလွင်အား ကမ်းပေးလိုက်၏။
“တစ်ရာတန်တော့ မရှိဘူး။ ရော့ဒီမှာ နှစ်ရာတန်ပဲ ရှိတယ်”

ဒေါ်အေးမြင့်သည် ဒီ တစ်နေ့တာမှာ ပထမဆုံး ကွမ်းရာကို စတင် ယာနေ၏။ ဝေလွင်ကတော့ ရေချိုးဖို့ရန် ပြင်ဆင်နေ၏။ ကိုထွန်းလွင် အိမ်အောက်ထဲ ငုံ့ကြည့်နေ ပြန်သည်။ လက်ဖက်ရည် ဆိုင် မသွားဖြစ်သေး။


ပိုက်ဆံ တစ်ရာတန်ကို ဘာဖြစ်လို့ ဒီလောက်တောင် ဒေါ်အေးမြင့် တစာစာ တောင်းနေရသလဲ ဆိုရင် မနေ့တုန်းက အမှိုက်ထဲက ရှာလို့ရသည့် ရွှေတွေကို ငွေသား ဖြစ်အောင် အလဲအလှယ် ပြုလုပ်သည်။ အဲဒီအချိန်မှာ သားတွေ၊ သမီးတွေ အိမ်မှာ ရှိမနေကြဘူး။

“ကော်ပုလင်း၊ ကော်ခွက်၊ ကော်ဖိနပ် အပျက်၊ ရေသန့်ဘူးခွံ၊ စီဒီပြား အဟောင်းတွေ ၀ယ်တယ်”

ဆယ့်သုံး၊ လေး၊ ငါး နှစ်အရွယ် ကောင်မလေး တစ်ယောက်၏ အော်သံဖြစ်သည်။ လူကြီးတွေနှင့် အပြိုင် စီးပွား ရှာနေသည့် ထိုလူ မမည်လေးကို ဒေါ်အေးမြင့် သဘော ကျသွားလေ၏။ ဂုဏ်ပြုချင်စိတ်လည်း ဖြစ်ပေါ်မိသည်။

“ကော်ပုလင်း၊ ကော်ခွက်”

ကလေးမလေးက ဒေါ်အေးမြင့်ကို တစ်ချက် ကြည့်ရုံဖြင့် အတပ် သိလိုက်၏။ အော်နေကျ အမျိုးအမည်တွေကို ဆုံးအောင်မအော်။ လူကဲ ခတ်ပညာ တော်ရှာသူလေး။ အိမ်ရှေ့တွင် ခြေစုံ ရပ်လိုက်၏။

“ဟေ့ ကလေးလေး လာဦး”

ဒေါ်အေးမြင့် အိမ်ရှေ့ ကွပ်ပျစ်ပေါ်ကနေ ထိုင်ပြီး လှမ်းခေါ်လိုက်တာပါ။ သူမ၏ ခြေထောက်နားတွင် ဆွဲခြင်းတစ်လုံး ရှိနေ၏။ ထိုဆွဲခြင်းထဲမှာက ရေသန့်ဘူး လေး၊ ငါးဘူးနှင့် ခွက်တို၊ ခွက်စိ့။

“အဘွား ဘာရောင်းစရာ ရှိလို့လဲ”

ခြံထဲသို့ တန်းဝင် လာသော်လည်း ထိုကောင်မလေးသည် ဒေါ်အေးမြင့် အနားသို့ မသီ၊ ရေအိုးစင် ရှိရာသို့ ခပ်သွက်သွက် လျှောက်သွားလေ၏။
“ဟဲ့ ဟဲ့ ဒီမှာလေ”

“ရေလေး သောက်ပါရ စေဦး အဘွားရဲ့”

မှုန်ဝါးဝါး မျက်စိ အားကိုးဖြင့် ဒေါ်အေးမြင့် ထိုဈေးရောင်းဈေးဝယ် အငယ်စားလေးကို စေ့စေ့စပ်စပ် လိုက်ကြည့် နေမိ၏။ အသားက နေလောင်အမည်း။ သနပ်ခါး မပါ။ ဆံပင်က ဆေးကြောင့် အနီ။ အရောင်ဖျော့ မျက်စိများက ကလေးပီပီ တောကြည့်၊ တောင်ကြည့်။ဝတ်ထားသည့် အက်ႌေလးက မန္ယူအက်ႌ အနီ။ သူ့အစ်ကိုဆီက လက်ဆင့်ကမ်းလာဟန် တူသည်။ စကောစက ဘောင်းဘီလေး ကလည်း ခေတ်နှင့်အညီ။ ခပ်ကြီးကြီး မြွေအရေခွံ အိတ်ကြီးကို ခေါက်ခက်ပြီး ချိုင်း ကြားထဲ ညှပ်ထားလိုက် သေး၊ လေးစားလောက်ရဲ့။

မိုးတိမ်တိုက်ကြားကနေ အလစ် ထွက်ထွက်ပြီး ချုံ ခို တိုက်ခိုက်လေ့ ရှိသည့် ပြောက်ကျား နေလုံးကြီး ကြောင့် အရိပ်ထဲက လူတွေတောင် ချွေးတောက်တောက် ယိုသကို။ သင်းလေး ရေငတ် ရှာမပေါ့။
“အေး အေး သောက်ပါ ကွယ့်၊ သောက်ပါ”

ရေနှစ်ခွက်ဆင့် သောက်နေသည့် ကလေးမကို ကြည့်ပြီး ဒီကလေးလေး ထမင်းမှ စားနိုင်ပါတော့ မလားဟု ဒေါ်အေးမြင့် စာနာစိတ်ဖြင့် တွေး၏။ ငါ့လို အိုနာကျိုးကန်းမှ မဟုတ်ဘဲလေ။ ကိုယ့်ကိုယ်ကို တရား ပြရ၏။

“ဘွားဘွားတို့ ရေက အေးလိုက်တာနော်။ ဘွား ဘွား ဘာတွေ ရောင်းမှာလဲ”

“ဒီဆွဲခြင်းထဲမှာလေ၊ ဘယ်တွေ လျှောက်ကြည့် နေတာလဲ”

ဆွဲခြင်းထဲက ပစ္စည်း ပစ္စယတွေကို ကြည့်ပြီး ချာတိတ်မလေး မျက်စိ အ၀ိုင်းသား၊ ပါးစပ်လေး ဟသွား လေ၏။ ဒီလောက် နည်းနေရင် ဈေးပေးရ ခက်သည်။ အတိုင်းသား မြင်နေရသည့် ဘူးခွံ၊ ပုလင်း ခွံလေးတွေကို လက်ဖြင့် တို့ထိ ကစားနေ၏။ စိတ်ကတော့ သိပ်မပါ။

“ဟင် အဘွားဟာက ဒါလေးပဲလား”

“အေးပေါ့ဟဲ့။ ငါ့ရှိတာ ငါရောင်းတာပဲ”

တွေတွေလေး ငေးနေရာက လူမမည် ပုလင်းဝယ်လေး လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။ မျက်လုံးလေးတွေ တောင် အရောင် ထွက်လာပါ တော့သည်။
“ဒါလေး ရောင်းလို့ အဘွား ဘာရမှာလဲ။ သမီး အိမ်ပေါ် တက်ရှာပေးမယ်လေ။ ရောင်းစရာ ပုလင်းခွံ၊ ဘူးခွံတွေ ရှိမှာပါ”

ပါးစပ်ကတင် သွက်တာမဟုတ်။ လူကလည်း အိမ်ပေါ်ကို ကုတ်ကက်တက် နေပြီ။ ယောက်ျားစီး အော ကတီ်္တပါ ဖိနပ်လေးကို တက်နင်းလိုက်သေးသည်။
“သမီး လာလာ၊ ရှာမနေနဲ့၊ ဒါပဲရောင်းမယ်၊ ရသ လောက်ပေါ့အေ”

ချက်ချင်း ပြန်ဆင်း မလာဘဲ အိမ်ထဲကို ငေးနေပြန်သည်။ ငေးချင်စရာ၊ ရောင်းလို့ဝယ်လို့ ရမည့် ပစ္စည်းတွေက မျက်စ ပစ်နေတာကိုး။
“ပုစွန်တွေ ရမယ်၊ ပုစွန် ကျော့ကြီးတွေ အမေ ယူဦးမလား”

ဒီမြို့လေးမှာက ဒါမျိုး ခေါင်းရွက် ဈေးသည်လေးတွေကို အားကိုးအားထား ပြုရ၏။ ပုစွန်သည်က ၀ယ်နေကျ ပုစွန်သည် ဖြစ်နေလို့ ဒေါ်အေးမြင့် စဉ်းစားရပြန်သည်။ ကြောင်စာလောက်တော့ ၀ယ်ဦးမှပဲလို့ အဖြေရ၏။
“လာပါဦး သမီးရယ်၊ ကြောင်စာလေး ၀ယ်ရအောင်”

ပုစွန်သည်သည် သူ့ဇလုံလေးကို သူ့ဘာသာ သူချပြီး ခြံပေါက်ဝ၌ ထိုင်ချလိုက်၏။ ကြောင်စာ ဖြစ်နိုင်လောက် သည့်ပုစွန်လေးများကို ဇလုံထောင့်တွင် သီးခြား ပုံထား၏။ ပုစွန် ညှီနံ့ကြောင့် ကြောင် ငပျင်းလေး ခေါင်းထောင် ကြည့်၏။ ဒေါ်အေးမြင့် ပုလင်းသည်လေးကို မေ့သွားပါတော့သည်။

“အမေ ဒါလေးအကုန် ယူထားလိုက် သုံးရာပဲပေး”

“အမလေး သုံးရာ လျှော့ပါဦးဟယ်”

ဒေါ်အေးမြင့် ချွေးခံ အင်္ကျီ အိတ်ထဲကနေ ငါးရာတန်လေး တစ်ရွက်ကို တုံချိ တုံချိဖြင့် နှိုက်ယူလိုက်၏။ ထို့ နောက် တစ်ခုခုကို သတိရ သွားဟန်ဖြင့် မျက်နှာလေး ၀င်းပသွား၏။
“ဟဲ့ကလေးလေး၊ ငါ့ ပုလင်းတွေ ရောင်းတာ ဘယ်လောက်ရလဲ ပေးဦးလေ”

ဒေါ်အေးမြင့် အသံကြောင့် ချာတိတ်မလေး ဆတ်ခနဲ တုန်သွားလေ၏။ ငေးချင်ရာငေး၊ တွေးချင်ရာ တွေးနေပုံပဲ။
“တစ်ရာ၊ တစ်ရာ။ အဘွားဟာက နည်းနည်းလေး တစ်ရာပဲ ရမယ်။ အဘွား ဒီမှာ နှစ်ရာတန်”
ဒေါ်အေးမြင့် နှစ်ရာ တန်လေးကို ကျိုးနေသည့် ညာလက်လေးဖြင့် လှမ်းယူ၏။ စိတ်သွားတိုင်း ကိုယ်မပါ ဆိုတာ ဒါမျိုးပါလား။ လက်က တုန်နေပြန်သည်။

“အမေ ယူမှာလား နှစ်ရာပဲ ပေးတော့။ အချိန် မရှိဘူး၊ ရောင်းစရာတွေ ကျန်သေးတယ်”

ဒေါ်အေးမြင့် တုံ့ဆိုင်း မနေတော့ပါ။ ပြီးပြီးရော သဘောထားကာ လက်ထဲက နှစ်ရာတန်ကို ပုစွန်သည် လက်ထဲ ၀ကွက်အပ်လိုက်၏။ စက်လောက်နီးနီး မြန်သည့် ပုစွန် သည်လက်များက ပုစွန်များကို ထုပ်ပိုးပေးပြီး သုတ်ခနဲ ထသွားလေ၏။

“ကလေးလေး နင့်ကို တစ်ရာ ပြန်အမ်းဖို့က ငါ့မှာ ငါးရာတန်ပဲ ရှိတယ်။ ဘယ်လို လုပ်ကြမလဲ”

ဒေါ်အေးမြင့်ကဲ့သို့ ကလေးမလေးက မတွေဝေ၊ သူမ သယ်သွားရမည့် အထုပ် ကြီးကို ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ပြုပြင်နေပါသည်။
“အဘွား ဟိုလေ သမီး ညနေကျမှ ၀င်ယူတော့မယ်။ အဘွား တစ်ရာတန် အမ်းထား လိုက်ပေါ့”

“အေးအေး အမ်းထား လိုက်ပါ့မယ်။ ဒီအထုပ်လေးက”

ချိုင်းကြားထဲကို ဆတ်ခနဲ ညှပ်လိုက်သော အထုပ်ကို လက်ညှိုး ညွှန်ပြပြီး ဒေါ်အေးမြင့် မေးလိုက်တာ ပါ။ ဘာရယ်တော့ မဟုတ်။

“သမီး လာကတည်းက ပါလာတဲ့ အထုပ်ပါ”

“သြော် အေး အေး”
ဒေါ်အေးမြင့် အသေအချာကို သတိ ထားမိလိုက်သည်။ ဒီကလေးမလေး အလာတုန်းက ဒီလောက် ခြေလှမ်းတွေ မသွက်။ ခေါင်းပေါ်က ဘူးတွေ၊ ခွက်တွေကနေ ရောင်းချလို့ ရလာမည့် အမြတ်အစွန်းတွေ အတွက် မာန်တက်နေတာ ဖြစ်မည်။ အလုပ် ဟူသမျှ ဂုဏ်ရှိစွ။

ကိုထွန်းလွင် အိမ်ရှေ့ ထွက်လာလိုက်၊ နောက်ဖေး ဘက်ဝင်သွားလိုက်ဖြင့် ဒေါင် ချာစိုင်းနေ၏။ ခေါင်းကို နာနာကုတ်လို့ မျက်မှောင်ကြုတ်ကာ ဒေါသထွက်နေ၏။
“အမေ ကျွန်တော့် ဖိနပ် မတွေ့ဘူးလား”

ဒေါ်အေးမြင့် အိမ်အ၀င် တံတားပေါ်ကနေ ညာဘက်ကို ကြည့်လိုက်၊ ဘယ်ဘက်ကို ကြည့်လိုက် လုပ်နေ၏။ ခပ်လှမ်းလှမ်းကို မြင်ရတာလည်း မဟုတ်ဘဲနဲ့။
“ဘာဖိနပ်လဲ၊ ဘယ်မှာ ထားလို့လဲ”

ငါမေးလိုက်တာ မှားပြီ ထင်တယ်ဟု စိုးရိမ်စိတ်ဖြင့် ဒေါ်အေးမြင့်အား ကိုထွန်းလွင် မရဲတရဲလေး ခိုးကြည့်နေ၏။
“ဒီအိမ်ရှေ့ အဆင်း အတက်မှာ ထားတာလေ။ မနေ့ကတောင် ရှိသေးတယ်”

“ရှိမှာပေါ့ သေသေချာ ချာလည်း ရှာကြည့်ပါဦး။နင်တို့ မျက်စိတွေက လျှမ်းက လျှမ်းနဲ့”

ကိုထွန်းလွင် စိတ်ပျက် လက်ပျက်ဖြင့် ကွပ်ပျစ်ပေါ် တွင် ခွေခွေခေါက်ခေါက် ထိုင်ချလိုက်၏။ အမေလုပ်သူ ထံက အပြစ်တင် စကားတွေ နားစွင့်နေ၏။ ဝေလွင် မျက်နှာ မကောင်းလှ။
“ခွေးတွေ ဘာတွေ ချီများသွားသလား၊ ကြည့်ပါဦး အစ်ကိုလေးရယ်”

“ခွေးချီတယ် ဆိုရင် တစ်ဖက်တော့ ကျန်မှာပေါ့ဟ”
ဒေါ်အေးမြင့် လှုပ်လှုပ် ရှားရှား ဖြစ်လာ၏။ စိတ်တွေ ယောက်ယက် ခတ်လာ၏။ ထို့ နောက် အိမ်ရှေ့အိမ်သို့ တရွေ့ ရွေ့ ထွက်ခွာသွား၏။
“လိုက်ရှာနေတာလည်း နှံ့နေပါပြီ။ အိမ်ကို ဘယ်သူ လာသေးလဲ”

“မလာပါဘူး၊ လာလည်း အစ်ကိုလေး ဖိနပ်တော့ ရွေးမခိုးပါဘူး။ ဘယ်တုန်းက ၀ယ်ထားတာလဲ”

“စနေနေ့ကမှ ၀ယ်ထား တာ၊ လေးထောင် ပေးရတယ်”

ဒေါ်အေးမြင့် လမ်းလယ်ခေါင်ကနေ စဉ်းစားရ ပြန်သည်။ မနေ့ညနေက ငွေ တစ်ရာ လာယူမည် ဆိုပြီး လာမယူ ဖြစ်သည့် ကောင်မလေးကို သံသယ ဖြစ်လာမိ၏။
ဥစ္စာပျောက် ငရဲရောက် ဆိုတာကြီးကိုလည်း ပြေး အမှတ်ရမိပြန်သည်။ ကိုယ် လည်း တပ်အပ် သေချာ မြင်တာမှ မဟုတ်ဘဲလေ။ ကောင်မလေး ချိုင်းကြားထဲ ညှပ်သွားသည့် အထုပ်လေး ကိုလည်း ပြေးမြင်မိပြန်သည်။ ဘာပဲဖြစ်နေဖြစ်နေ နှစ်ရက်၊ သုံးရက်တော့ ဒီကလေးမ လာမလာကို စောင့်ကြည့်ရဦးမည်။ မလာ လို့ကတော့ ဟုတ်ပြီပေါ့။

“အမေ ဆေးခန်းသွား မယ်လေ၊ တော်ကြာ မနေ့ည ကလို အမေ မောနေဦးမယ်”

“မသွားဘူး မသွားဘူး။ ပိုက်ဆံကုန်တယ်”

ဒေါ်အေးမြင့် နောက်ကို လှည့်မကြည့်။ အိမ်ရှေ့အိမ်က ခြံစည်းရိုးလေးကို ကိုင် ပြီး အမောဖြေနေ၏။ အမေ လုပ်သူကို ကြည့်၍ ဝေလွင် မျက်ရည်ဝဲကာ သက်ပြင်းချ လေ၏။
“ငါ့ဖိနပ်ခိုးတဲ့ လူကို ငါ မကျေနပ်ဘူး။ ဆေး ဖယောင်းတိုင်ထွန်းမယ်။ သေအောင်ကို လုပ်ပစ်မယ်”
ကိုထွန်းလွင် ဒေါနှင့် မောနှင့် အိမ်ပေါ် တက်သွားလေ၏။ သူ့မှာ နတ်ဆရာ ယောင်ယောင်၊ သိုက်ဆရာ ယောင်ယောင် အသိအကျွမ်းများ ရှိလေ၏။
“ကိုလေးနော် မဟုတ်က ဟုတ်ကတွေ လျှောက် မလုပ်နဲ့၊ မဆိုင်တဲ့ လူတွေ ဒုက္ခ ရောက်ကုန်မယ်”

မိန်းကလေးပီပီ ဝေလွင် စိုးရိမ်စိတ် ၀င်လာ၏။ မနေ သာတော့ ထထက်ပြီး ၀ိုင်း ကူရှာပေးပါတော့သည်။ကိုထွန်းလွင် အိမ်ပေါ်က ဆင်းမလာသေး။
“ကိုလေး ဒီဖိနပ်လား၊ ဒီမှာ လာကြည့်ဦး”

မနေ့က ပုလင်းသည်လေး တက်နင်းသွားသည့် အောကတီ်္တပါ ဖိနပ်လေး ဖြစ်ပါသည်။ ဖိနပ်လေးသာ စကား ပြောတတ်ခဲ့ရင် ကောင်းလေစွ။
“အေးဟုတ်၊ နင်ဘယ် က တွေ့တာလဲ”

“မေးမနေပါနဲ့၊ ပြန်တွေ့ရင် ပြီးတာပဲ။ သေသေချာချာ တော့ မရှာဘဲနဲ့”
ကိုထွန်းလွင်၏ အပြုံးသည် သံသယ အရိပ်တွေ စွဲ ထင်နေ၏။ ကြည်ကြည်လင် လင် မရှိလှပါ။ ဝေလွင် မျက်နှာချင်းမဆိုင် ကျောခိုင်းနေလိုက်၏။
“မလစ်သေးလို့ မခိုး သေးတာ ဖြစ်ရမယ်။ ထုတ်တောင် ထုတ်ထားပြီးပြီ။ ဒီဖိနပ် သွားရောင်းလို့ ဘာရ မှာလဲ။ ဟာ လူတွေ လူတွေ”
အလုပ်မည်မည်ရရ မရှိသူ ကိုထွန်းလွင် ပြော ပြောဆိုဆိုဖြင့် လက်ဖက်ရည် ဆိုင်ဘက်သို့ ချီတတ်သွား လေ၏။ ဝေလွင့်အသံကို ကြားဟန်မတူ။

“လူတွေ လူတွေ ပူပင် သောကကို မရှိကြဘူး ဟီ ဟီး”
တစ်နေ့တစ်နေ့ စားဖို့ သောက်ဖို့၊ အမေ့ဆေးဖိုး၊ အိမ် လခ၊ ငိုနေလို့ ပြည့်စုံ လာမှာမှ မဟုတ်ဘဲလေဟု တွေးကာ ဝေလွင် အလုပ် သွားဖို့ရန် ပြင်ဆင်ရပါတော့သည်။
သွင်ဆန်းမောင်

 ရွှေအမြုတေ ရသစုံမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။

No comments: