အက်ဆစ်ရဲ့ ဆောင်းပါး (ပုပ်ချစာ) ရယ်၊ ရဲဘော်ကျော်သန်းရဲ့ ဒေါက်တာလွဏ်းဆွေထံ အိတ်ဖွင့်ပေးစာနဲ့ ဒေါက်တာလွဏ်းဆွေရဲ့ ပြန်လည်ဖြေကြားစာများနှင့် ပတ်သက်ပြီး အကျွန်ုပ် မေးလ်ထဲကိုရောက်လာတဲ့ ကိုဗလိုင် (ဒိန်းမတ်) နဲ့ ကိုဧရာတို့ အမြင်၊ သဘောထားတို့ကို တင်ပြလိုက်ပါတယ်။
ဖိုးပါ။
မောင်လွဏ်းဆွေအနေနဲ့ ထင်နေတာက လူတချို့ဟာ မျက်လုံးစုံမှိတ်ပြီး “ဘုမသိ ဘမသိနဲ့” ဒေါ်စုအပေါ် ထောက်ခံနေတယ်လို့ ထင်နေပါတယ်။ ဘယ်သူကမှ စင်းလုံးချော မရှိပါဘူး မောင်လွဏ်းဆွေ၊ ခင်ဗျား-ကျနော် ဦး(၃) ကြိမ်ချနေတဲ့ “ဘုရား” တောင် အလောင်းတော်ဘဝမှ အမှားနဲ့ မကင်းခဲ့ပါဘူး။ ဒါပေမယ့် ဝေဖန်ထောက်ပြ အကြံပြုတာဟာ အပြုသဘော ဘောင်ထဲကပဲ ကောင်းပါတယ်။ တဖက်သားကို မိမိဖြစ်ချင်တဲ့ဆန္ဒ မလုပ်ရနိုး ဆိုပြီး ပြစ်တင်သံနှောပြီး အပျက်သဘောနဲ့ ရေးသား ဝေဖန် ထောက်ပြတာဟာ၊ မိမိအဆင့်တန်းကို မိမိကိုယ်တိုင် “ငါ” ဘာလဲ ဆိုတာ “မီးမောင်း” ထိုးပြလိုက်သလိုပါပဲ။ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု ရပ်တန့် မသွားရေးနဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံတကာမှာ ခြေချပြီး ရပ်တည် နေနိုင်တာဟာလည်း ဒေါ်စုရဲ့ နိုင်ငံရေး လုပ်ဆောင်မှုနဲ့ မကင်းဘူးဆိုတာ လက်ခံနိုင်ရမယ်။ လူ အနည်းကျဉ်းလောက်သာ မိမိ အရည်ချင်းနဲ့ တတိယနိုင်ငံကို ရောက်နေပြီး မိမိနိုင်ငံရေးကို ရိုးရိုးသားသား လုပ်ကိုင်ကြတာပါ။ ဒီအထဲမှာတော့ မောင်လွဏ်းဆွေ ပါမယ်မထင်ဘူး။ ရဲဘော်ကျော်သန်းဆီ အိမ်မက်လိုလို ဘာလိုလိုနဲ့ ဇတ်ကွက်ထွင်ပြီး ဇတ်လမ်းရေးတာ ဝတ္ထုတို့၊ ရုပ်ပြစာစောင်တွေမှာပဲ ကောင်းပါတယ် မောင်လွမ်းဆွေ။ ဒါကို ရဲဘော်ကျော်သန်းလည်း ရိပ်မိလောက်မှာပါ။ အောက်မှာပါတဲ့ စာသားတပုဒ်ကို ကြိုက်လို့ မောင်လွဏ်းဆွေသိအောင် ထပ်လောင်းဖြည့်စွက်ပြီးရေး လိုက်ပါရစေ။
“ကျည်လွတ်နယ်မြေ၊ အချုပ်နှောင်နဲ့ အဖမ်းအဆီး၊ ညှင်းပမ်း၊ နှိပ်စက် သတ်ဖြတ်ခြင်း မရှိတဲ့ နယ်မြေကနေ တိုက်ပွဲထဲက ခေါင်းဆောင်တွေကို ဖြစ်ကတတ်ဆန်း ရေးသား ဝေဖန်တာဟာ မြင်သူမရှက် ယိုသူရှက်တဲ့။” အမြင်သစ်နဲ့ လောကကြီးကို ဆန်းသစ်လာအောင် ကြည့်နိုင် မြင်နိုင်ပါစေ။
ကိုဗလိုင်(ဒိန်းမတ်)
--------------------------------------------------------------------------------------------------------
သို့ 
ဒေါက်တာလွဏ်းဆွေ (သို့ မဟုတ်) အက်ဆစ် ဆိုသူသို့ 
စေတနာဆိုပြီး အရမ်း မပြောပါနဲ့ဗျာ။ စာနဲ့ စိတ်၊ တထပ်တည်းကျမှ တာရှည် ခံမှာပါ စေတနာမှန်မှလည်း တာရှည်ခံနိုင်မယ်။ ဝေဖန်တယ်ဆိုရာမှာလည်း အခြေအနေမှန်ကို တွက်ပြီး ဝေဖန်မှ သမာသမတ်ကျတယ်။
ဘာသာရေးပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးပဲ ဖြစ်ဖြစ် မိစ္ဆာဒိဋ္ဌိတွေရှိတယ်။ ကျနော်တို့  လူထုကြီးကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုကို မျက်စိမှိတ်ပြီး ယုံနေတယ်။ ဒါကြောင့်မို့လည်း ဒေါ်စုလွတ်တော့ ပြည်သူထောင်ပေါင်းများစွာ သွားရောက် အားပေးခဲ့တယ်။ မြန်မာပြည်မှာ ခေါင်းဆောင်ရှားလို့ မဟုတ်ပါဘူး။ ဒီမိုကရေစီ တိုက်ပွဲစဉ်ကြီးက မှတ်ကျောက်တင်ပြီး ဒေါ်စုကို ရွေးချယ်ခဲ့တာပါ။ တော်လှန်ရေးတရပ် ကျဉ်းထဲကျပ်ထဲကို ရောက်တဲ့အချိန်မှာ တရားခံ ရှာတက်ကြတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ကျည်လွတ်နယ်မြေတွေ၊ လွတ်မြောက်နယ်မြေတွေကနေ တိုက်ပွဲထဲက ခေါင်းဆောင်တွေကို ဝေဖန်တယ်ဆိုပြီး စော်ကားနေတာကတော့ ယိုသူမရှက်၊ မြင်သူရှက် ဆိုသလို ဖြစ်နေတယ်။ ဒီကနေ့  တော်လှန်စစ်မှာ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကတောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ယုံကြည် ထောက်ခံကြကြောင်း DKBA ခေါင်းဆောင် တဦးက ယခုလိုပြောလိုက်ပါတယ်။ ကိုဇော်သူရ (မဲဆောက်) မှ HRM သို့ ပေးပို့လာသော ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ DKBA ဗိုလ်မှူးချုပ် စောလှဘွယ်၏ အမှာစကားကို ပြန်လည်မျှဝေ ပေးလိုက်ပါသည်။
ဗိုလ်မှူးချုပ် စောလှဘွယ်၏ အမှာစကား
“ဒီမိုကရေစီ စနစ်သာလျင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လွတ်လပ်မှုနဲ့ တန်းတူမှုကို အာမခံချက် ပေးနိုင်တယ်၊ ဒီမိုကရေစီရဖို့က ကျနော်တို့ တိုင်းရင်းသားအဖွဲ့ အစည်းတွေက တက်ညီလက်ညီ တပြိုင်တည်း ဒီစစ်အာာရှင် စနစ်ကို တိုက်မှရမယ်၊ ဟိုတပေါက် ဒီတပေါက် လုပ်လို့မဖြစ်ဘူး၊ ညီညီညွတ်ညွတ် လုပ်မှရမယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ထောက်ခံတယ်၊ ကျနော်တို့ ထောက်ခံတယ်ဆိုတာ တိုက်ပွဲနဲ့ အသက်နဲ့ရင်းပြီး ထောက်ခံတာ ဖြစ်တယ်၊ တိုက်ပွဲပုံစံ မတူပေမယ့် စိတ်တူကိုယ်တူ တထပ်တည်းပဲ၊ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ ပြန်စုစည်းမှ ရမယ်၊ ဘယ်နည်းနဲ့ဘဲ တိုက်တိုက် ဒီစစ်အာရှင် စနစ်က တိုက်မှရမယ်၊ ဒါကြောင့် ကျနော်တို့ တိုက်ပွဲဝင်တဲ့ အင်အားစု အားလုံး စုစည်းညီညွတ်ဖို့ လိုတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲကိုဘဲ တာဝန်ပေးလို့ မဖြစ်ဘူး၊ ကျနော်တို့ တိုင်းရင်းသားတွေ ကလည်း အပြည့်အဝ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဝန်းရံ ပံ့ပိုးပေးရမယ်။
နောက်ပြီး နိုင်ငံတကာမှာ ရှိကြတဲ့ ကျနော်တို့ အင်အားစုတွေကလည်း အဲ့ဒီနိုင်ငံတွေမှာ ရှိနေတဲ့ နအဖ သံရုံးတွေကို ဝိုင်းဝန်း ပိတ်ဆို့ပြီး အပြင်းအထန် ဆန္ဒပြကြဖို့ လိုပါတယ်။ အဲဒီလို ဘက်ပေါင်းစုံက တက်ညီလက်ညီ လုပ်ရင် ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီ။ လွတ်လပ်မှုနဲ့ တန်းတူမှု အခွင့်အရေးတွေ အမြန်ဆုံးရမှာ သေချာတယ်လို့ ကျနော်ယုံကြည်တယ်။
ဗိုလ်မှူးချုပ်စောလှဘွယ်
အချုပ်ဆိုရရင် မြန်မာပြည်သူတွေဟာ သတင်းနဲ့ အလင်းကို နှစ်ပေါင်းများစွာ ငတ်မွတ်နေလို့ အမှန်တရားကို ဇောင်းပေးတဲ့ စာတွေ၊ သတင်းတွေကိုပဲ လိုလားပါတယ်။
၆၊၂၊၂၀၁၁
No comments:
Post a Comment