ဇူလိုင်လ ညတည၌ မြင်းစီးယောက်ျား လေးဦးသည် ဥရုကာနယ် ရွာတရွာမှ ထွက်ကာ ပေတရာ လမ်းမကြီး အတိုင်း မြင်းကိုယ်စီဖြင့် ထွက်လာခဲ့ကြသည်။ ထိုမြင်းစီး ယောက်ျား လေးဦးသည် စန်အန်တိုနီယို လမ်းခွဲသို့ ရောက်လျှင် မြင်းများကို ရပ်တန့်စ်လိုက်ကြသည်။
”ကဲ ဒီနေရာမှာ ကျုပ်တို့ လမ်းခွဲကြရလိမ့်မယ်ဗျ” တယောက်က ပြောသည်။ ”အားလုံး ချောချောမောမော ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ” ထိုလူက လက်ဆွဲနှုတ်ဆက်ရန် မှောင်ထဲတွင် သူ့မိတ်ဆွေ၏ လက်ကို စမ်းနေသည်။
”ဆာဝေဒိုရေ သွားပြီဗျို့” တယောက် ပြန်ဖြေသည်။ ထိုလူ၏ အသံသည် အနည်းငယ် တုန်ရီလျက်ရှိသည်။ သူတို့နှစ်ယောက်သည် ဆုပ်ထားသော လက်များကို မလွှတ်ကြသေးဘဲ ခြေနင်းကွင်းချင်းထိသည်အထိ အနီးသို့ ရောက်အောင် တိုးလာကြကာ အားရပါးရ ပွေ့ဖက် နှုတ်ဆက်ကြသည်။
”သွားပြီဗျို့”
နောက်ဆုံးအကြိမ် စိမ်ပြေနပြေ ပွေ့ဖက်နှုတ်ဆက်ပြီးနောက် မြင်းစီးယောက်ျား နှစ်ယောက်သည် တယောက်တလမ်းစီ ခွဲထွက်သွားကြသည်။ သူတို့နောက်တွင် ခွဲခွာကာနီး ရှုခင်းကို မြင်လိုက်ကြရသော မြင်းစီးယောက်ျား တယောက်စီ ပါသွားကြသည်။ ပေတရာလမ်းမကြီးအတိုင်း စီးသွားသည့် မြင်းစီးယောက်ျား နှစ်ယောက်တို့ ခရီးဝေးဝေး မရောက်ကြ။ စိရုလမြစ်ကမ်း အရောက်တွင် စစ်တပ်ကင်းများက သူတို့ကို ဖမ်းမိသွားကြသည်။ စစ်သားများက သူတို့နှစ်ယောက်ကို အလေဂျူလာ စစ်တပ်စခန်းသို့ ခေါ်သွားကြသည်။ အခြား ဝါးရမ်းပြေးနှစ်ဦးမှာ ဘေးအန္တရာယ်တစုံတရာ မတွေ့ရဘဲ စန်အန်တိုနီယို ပေတရာလမ်းမကြီးအတိုင်း ဆက်စီးလာခဲ့ကြသည်။ ပိန်းပိတ်အောင် မှောင်လျက်ရှိသဖြင့် လမ်းကို ကောင်းကောင်း မမြင်ရ။ လမ်းမမှားရန် ချိုင့်ထဲမကျင်းထဲ မကျရန်အတွက် မြင်းနှစ်ကောင်ကိုသာ အားကိုးလာခဲ့ကြရသည်။ မိုးရွာလျှင် ခရီးဖင့်မည်မုချဖြစ်သည်။ ခရီးဖင့်လျှင် ဆာလ်ဝေဒိုအဖို့ အခြေအနေ သိပ်မှလှ။ မနေ့ညတုန်းက ဆန်ဂျိုးစ်ရှိ မြို့စောင့်တပ်ကို ဝင်၍ တိုက်ခဲ့သဖြင့် သူ့ကို လိုက်ရှာနေကြပြီ မဟုတ်လား။ သို့သော် ကံကောင်းသည်ဟု ဆိုရမည်လော မသိ။ ထိုညက မိုးတစက်မှ မရွာ။ မူလက အစီအစဉ်မှာ သူတို့က ဆန်ဂျိုးစ်မြို့စောင့်တပ်ကို ဝင်တိုက်နှင့်မည်။ အချို့တော်လှန်ရေး တပ်များက အနီးအနားရှိ မြို့များမှ လူအင်အားစု၍ ဆန်ဂျိုးစ်သို့ လာမည်။ ဆန်ဂျိုးစ်မြို့က လက်နက်ချလျှင် ထိုလူသစ်များကို ဆန်ဂျိုးစ်မှ လက်နက်များဖြင့် တပ်ဆင်ပေးပြီး အခြားမြို့များကို ဆက်တိုက်မည်။ သို့သော် သူတို့ အနီးအနားမြို့များမှ တပ်ကူများ မရောက်လာသဖြင့် သူတို့လက်နက်ကိုင် ပုန်ကန်ထကြွမှု အရေး နိမ့်ခဲ့ရသည်။
သူတို့က ဆန်ဂျိုးစ်မြို့စောင့်တပ်ကို ဝင်တိုက်နေသည့် အရေးကြီးဆုံး အချိန်တွင် တူကူဆို၍ တယောက်မျှ ပေါ်မလာ။ အိပ်ပျော်နေသည့် မြို့စောင့်တပ်ကို ညနာရီပြန်နှစ်ချက်တွင် သူတို့က လူနည်းနည်းကလေးဖြင့် ရဲရင့်စွာ တိုက်ခဲ့ကြသည်။ အကျအဆုံးများစွာဖြင့် မြို့ကို သိမ်းနိုင်ခဲ့သော်လည်း တပ်ကူမရောက်လာသဖြင့် လင်းအားကြီးတွင် ဆုတ်လာခဲ့ကြရသည်။
သူ့နောက်မှ မြင်းစီးရဲဘော်က ဆာလ်ဝေဒိုကို မေးခွန်းတွေ တခုပြီး တခုမေးသည်။ သို့သော် ဆာလ်ဝေဒို မဖြေ။ သူ့စိတ်သည် မနေ့ညက ဖြစ်ပွားခဲ့သော တိုက်ပွဲသို့ ပြန်ရောက်နေသည်။ မနေ့ညတုန်းက ဆန်းဂျိုးစ်မြို့ရှိ သူတို့ ရဲဘော်တယောက်အိမ်တွင် စည်းဝေးကြသည်။ တပ်ကူများကို စောင့်ခဲ့ကြသည်။ မည်သူ သစ္စာဖောက်လေမည်နည်းဟု တထိတ်ထိတ် ဖြစ်ခဲ့ရသည်။ တိုက်ပွဲစမည့် အချိန်ကို စိုးရိမ်ကြောင့်ကျကြီးစွာဖြင့် မျှော်ခဲ့ကြရသည်။ ထိုနောက် မြို့စောင့်တပ်အနီးသို့ ကပ်လာခဲ့ကြသည်။ တပ်ထဲက သူတို့ လူတယောက်က တပ်ဝင်းတံခါးကို ဖွင့်ပေးသဖြင့် တပ်ထဲသို့ ဝင်နိုင်ခဲ့ကြသည်။ အစောင့်များနှင့် လက်တကမ်းတိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ အချို့စစ်ဗိုလ်များက တလက်မမျှ နောက်မဆုတ်ဘဲ ရဲရဲရင့်ရင့် အသေခံ ကာကွယ်သွားခဲ့ကြသည်။ ဤအရာ အားလုံးကို ဆာလ်ဝေဒို မြင်ယောင်နေသည်။
အထိုအရာများထက် သူ့မျက်စိထဲတွင် ဖျောက်ဖျက်မရသည့် မြင်ကွင်းတခု ရှိသည်။ ခပ်ငယ်ငယ် ဒုတိယ ဗိုလ်ကလေးတဦး၊ သူ့ရဲဘော်များကို ကူညီရန် ဓားလွတ်ကိုကိုင်၍ ပြေးတက်လာသည်။ လက်တကမ်းအကွာသို့ အရောက်တွင် သူက သေနတ်ဖြင့် လှမ်းပစ်လိုက်သည့်အခါတွင် ထိုဗိုလ်လေး လဲကျသွားခဲ့သည်။ ထိုမြင်ကွင်းကိုမူ ဆာလ်ဝေဒို မမေ့။ ဖျောက်ဖျက်ပစ်၍ မရ။
စစ်ဆိုသည်မှာ သည်အတိုင်းဖြစ်သည်။ လူမသတ်ချင်သော်လည်း သတ်ရသည်။ မတတ်နိုင်။ ဆာလ်ဝေဒို သူ့ကိုယ်သူ ဤသို့အားတင်းသည်။ သူ့ရင်ထဲ အသည်းထဲက သွေးထက်သံယိုဖြစ်ခြင်း၊ လူသတ်ရခြင်းကို ဆန့်ကျင်သည်။ ဆာလ်ဝေဒိုသည် အေးအေးနေတတ်သူဖြစ်သည်။ အကြမ်းဖက်မှုကို ရွံမုန်းသူဖြစ်သည်။
အမိတိုင်းပြည်၏ ဂုဏ်သိက္ခာအတွက် လက်စားချေခြင်းလည်း ဖြစ်သည်။ လွတ်လပ်မှုအတွက် တိုက်ပွဲလည်းဖြစ်သည်။ ဤအရာများ အားလုံးရဖို့ လူ့အသက်ကလေးတချောင်းကို စွန့်လွှတ်ရခြင်းမှာ ဘာမျှ ပြောပလောက်သည် မဟုတ်။
ယခုမူ သူ ယူကျုံးမရ ဖြစ်ရပြီ။ အိပ်ရာမှ လန့်နိုးသည့်အခါတွင် ပျောက်ကွယ်သွားရသည့် အိပ်မက်တခုလို သူ့ရင်ထဲ ပြည်ချစ်စိတ်ဓာတ်သည်လည်း ပျောက်ကွယ်သွားပြီ။ ပုန်ကန်ထကြွမှု ကျဆုံးရသည့် အခြေရောက်အောင် သူရဲဘောနည်းသော သူ့လူများကိုလည်း သူနာကြည်းသည်။ အကျိုးမဲ့ အချည်းနှီး ကျဆုံးသွားရသည့် သူ့ရဲဘော်များကို နှမြောသည်။ ဒဏ်ရာကြီးဖြင့် သေလုဆဲ ဖြစ်နေသဖြင့် တပ်ထဲမှာ သူပွေ့ထုတ်လာခဲ့ရသော လူငယ်ရဲဘော်ကလေး တယောက်အတွက် သူ စိတ်မကောင်းဖြစ်သည်။
ပြီးခဲ့သော် တိုက်ပွဲအဖြစ်အပျက်များသည် သူ့စိတ်ထဲတွင် အထင်းသား ပေါ်လာကြသည်။ အချို့အဖြစ်အပျက်များသည် ရက်စက်ကြမ်းကြုတ်သည်။ အချို့အဖြစ်အပျက်များသည် ရိုင်းစိုင်းသည်။ အချို့အဖြစ်အပျက်များသည် ရယ်စရာကောင်းသည်။ ဥပမာ ခပ်ကြွားကြွား ရဲဘော်တယောက်ဆိုလျှင် တင်ထဲသို့ ဝင်စီးကာနီးမှ ခြောက်လုံးပြူး မေ့ချင်ယောင်ဆောင်ပြီး ခြောက်လုံးပြူး ယူဦးမည်ဟုဆို၍ ပြန်ထွက်သွားသည်။ ရင်ဝကို လက်ဖြင့်ဖိကာ လဲကျသွားသည့် အစိုးရတပ် စစ်ဗိုလ်ကလေးကို သူ မြင်ယောင်သည်။ အရေးနိမ့်ပြီးနောက် လင်းအားကြီးတွင် တိတ်ဆိတ်သော လမ်းမများ တလျှောက် သူတို့ ဆုတ်ခွာလာခဲ့ရပုံကို မြင်ယောင်သည်။ မိတ်ဆွေတဦး၏ အိမ်မှ အိတ်တွေကြားထဲတွင် သူနှင့် ဆိုလာရီတို့ နှစ်ဦး ပုန်းနေကြရသည်။ အာဏာရှင်ကလည်း သူတို့ကို ဒေါသအမျက်ချောင်းချောင်းထွက်ေ နသည်။ သူတို့၏ အနာဂါတ်သည် ဘာမျှ ရေရာခြင်းမရှိ။ ရန်သူတို့ မျက်ချည်ပြတ်သွားစေရန်အတွက် သူတို့တသိုက်သည် လူစုခွဲ၍ ထွက်ပြေးလာခဲ့ကြရသည်။ သူက ပွန်တာရီနာမြို့ဘက် သွးသော လမ်းအတိုင်း ထွက်သည်။ စန်အန်တိုနီယိုကို ဖြတ်၍ ကားမင်း လွင်ပြင်တွင် ခိုမည်။ ရေမွန်ဆာလိုဂျီက ဆန်ကာလို မြို့ဘက်သို့ သွားသည့်လမ်းအတိုင်း ထွက်သည်။ ထိုမှတဆင့် နီကာရာဂွာသို့ ကုန်းလမ်းအတိုင်းဝင်မည်။ သူတို့နှစ်ဦး ချောချောမောမောဖြစ်လျှင် နီကာရာဂွာပြည်တွင် ဆုံမည်။
သူတို့နှစ်ယောက်စလုံးတွင် စိတ်ချရသည့် ရဲဘော်တယောက်စီ ပါလာသည်။ ရဲဘော်များက တောလည်းကျွမ်းသည်။ သတ္တိလည်းကောင်းသည်။ အပွဲပွဲတွင် အစမ်းသပ်ခံခဲ့ပြီးသူများ ဖြစ်ကြသည်။
သူတို့နှစ်ယောက်၏ ဇာတ်လမ်းတွင် ဇာတ်ဆရာမှာ ကံတရားဖြစ်သည်။ ကံဇာတ်ဆရာသည် ဆာလိုဂျီကို ရန်သူလက်တွင်းသို့ ပို့ပေးပြီး ဆာလ်ဝေဒိုကိုမူ လိုရာခရီးသို့ ချောချောမောမော ပို့ပေးလိုက်သည်။
ဆာလ်ဝေဒိုသည် လမ်းတွင် လူသူတယောက်မျှ မတွေ့ရဘဲ ညနာရီပြန် တချက်တီးအချိန်တွင် ပွန်တာဂျီနာ လမ်းဆုံးသို့ရောက်သည်။ ထိုအချိန်တွင် အချုပ်ထဲသို့ ရောက်နေသည့် ဆာလိုဂျီသည် သူ့ရဲဘော်ကြီး ဆာလ်ဝေဒို လွတ်ပါစေကြောင်း ဆုတောင်းလျက်ရှိသည်။
ဆာလ်ဝေဒိုသည် နံနက် သုံးချက်တီးတွင် မက်တီနာ ရွာကို ဖြတ်ကျော်လာခဲ့ပြီး နံနက် ခြောက်ချက်တီး၌ စန်မတ်တီယို ရွာတံခါးဝသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ မြင်းများလည်း မောလှပြီ။ သူတို့အစီအစဉ်မှာ ဆူရူဘရဲ တောင်ရိုးရှိ စိတ်ချလုံခြုံရသော အိမ်တအိမ်တွင် တနေခိုပြီး ညတွင် ခရီးဆက်ရန်ဖြစ်သည်။ သို့ရာတွင် မြင်းများကလည်း မောလှပြီ။ တောသားတယောက်အဖြစ် ရုပ်ဖျက်ထားသည့်အတိုက် ရွာထဲက ဖြတ်လာလျှင် သူ့ကို လူတွေက မှတ်မိကြဦးမည်။ ထို့ကြောင့် ရှေ့ခရီးဆက်ရန် မဖြစ်နိုင်တော့။ တမျိုးတဖုံ စီစဉ်ရတော့မည်။
”ရှေ့ကိုသုံးရာလောက်မှာ ကျွန်တော့်မိတ်ဆွေတယောက်ရဲ့ လယ်တဲတခုရှိတယ် ဗိုလ်မှူး။ စိတ်ချရတယ်။ အဲဒီမှာ နားပြီး ညကျမှ ရွာထဲကို ဖြတ်ရရင် မကောင်းဘူးလား”
သူ့ရဲဘော်က ဆာလ်ဝေဒိုကို မေးသည်။
”ကောင်းသားပဲ။ အဲဒီ သွားရအောင်”
သူတို့နှစ်ယောက် မြင်းကို ခပ်သုတ်သုတ် စီးလာခဲ့ကြသည်။ ခဏကြာသော် ပေတရာလမ်းနှင့် မလှမ်းမကမ်းရှိ လယ်တဲတခုသို့ ရောက်ကြသည်။ လယ်တဲဝင်းတခါးက ဖွင့်ထားသည့်။ သူတို့ဝင်သွားသည့်အခါတွင် အမွေးကျိုးတိုးကျဲတဲ ခွေးပိန်သုံးကောင်က ဆီးဟောင်သည်။ ခွေးဟောင်သံကြောင့် ခပ်ဝဝ လယ်သမားကြီးတယောက် တဲရှေ့သို့ ထွက်လာသည်။
”ဂျိုဆေ” ဟု အတူပါလာသူ ရဲဘော်က ခေါ်သည်။
”ပီဒရိုလား” ဟု လယ်သမား အဘိုးကြီးက ပြန်အော်သည်။ ”အခြေအနေ ဘယ့်နှယ်လဲ”
”ကောင်းတယ်၊ ကောင်းတယ်။ ခဏ မြင်းဖြုတ်ပြီး နားကြဦးလေ”
အဘိုးကြီးက ပြန်ပြောသည်။
”မြင်းစီး ယောက်ျား နှစ်ယောက်သည် မြင်းပေါ်မှ ဆင်းကြသည်။ ဆာလ်ဝေဒိုသည် ပင်ပန်းလွန်းသဖြင့် ဘုန်းခနဲ လိမ့်ကျသွားသည်။ ခြေထောက်တွေ တောင့်နေသည်။ သူက ခြေထောက်များကို ဆန့်နေစဉ် ဂျိုဆေနှင့် ပီဒရိုတို့က မြင်းကုန်းနှီးများကို ဖြုတ်နေကြသည်။ ပီဒရိုက သူတို့နှစ်ယောက် တခြားတိုင်းပြည်သို့ ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း လယ်သမားကြီး ဂျိုဆေကို ပြောပြသည်။ တချို့ကို အမှန်အတိုင်း မပြောဘဲ ဖုံးထားသည်။ တချို့ကို လုပ်ဇာတ်ထိုး၍ ပြောသည်။
လယ်သမား အဘိုးကြီးက စစ်စစ်ပေါက်ပေါက် မေးခြင်းမရှိ။ သူ့အိမ်တွင် သူတို့ တည်းခိုသွားကြောင်း မည်သူ့ကိုမျှ အသိမပေးဟု ကတိပေးသည်။
ပီဒရိုက မြင်းများကို စားကျက်သို့သွား၍ လွှတ်။ ဆာလ်ဝေဒိုက ဂျိုဆေ၏ သမီးငယ် ဖျော်ပေးသော ကော်ဖီကို အားရပါးရသောက်သည်။ လယ်သမား အဘိုးကြီးတွင် ရဲအရာရှိ သမက်တယောက်ရှိသည်။ ထိုသမက်မျိုးကိုရ၍ ကျေနပ်သည်။ သမီးကြီးက ချောသည်ဟု ပြောကြသည်။ ဆာလ်ဝေဒို အိပ်ငိုက်နေပြီ။ ထို့ကြောင့် သူ နားနားနေနေ အိပ်စက်ရန် ခုတင်တလုံးဆီသို့ ခေါ်သွားသည်။
ငါးမီနစ်လောက် ကြာလျှင်ပင် သစ်တုံးကြီးတတုံးလို ဆာလ်ဝေဒို အိပ်ပျော်သွားပြီ။ တညလုံး ဆာလ်ဝေဒို တရေးမျှ မနိုး။ အရိုးတွေ အဆစ်ကလည်း ကိုက်သည်။ ပင်ပန်းလည်း ပင်ပန်းသည်။
ပီဒရိုက မြင်းတွေကို အနီးရှိ မြစ်ထဲသို့ ဆင်း၍ ရေတိုက်သည်။ ပြောင်းဖူးဝအောင် ကျွေးသည်။ ဤကိစ္စအားလုံးပြီးမှ နာရီအနည်းငယ်ခန့် မှေးသည်။ ဤမျှလောက် မှေးရလျှင် တော်ပြီ။ လိုအပ်သည့် ခွန်အားတွေ ပြည့်လာပြီ။ ညနေ နှစ်ချက်တီးသည့်အခါတွင် နှစ်ယောက်သား ရှိသမျှကလေးဖြင့် ညစာစားကြသည်။
စန်မတ်တီယိုရွာရှိ ဘုရားရှိခိုးကျောင်း ခေါင်းလောင်းသံများကို ကြားသည်၌ ဆာလ်ဝေဒိုကို နှိုးချိန်တန်ပြီဟု သူ သဘောရသည်။ ဆာလ်ဝေဒိုက အိပ်လျှင် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်တတ်သဖြင့် သူ့ကို နှိုးရသည်က မလွယ်။ တကိုယ်လုံးကို ကိုင်ခါ၍ လှုပ်သည့်တိုင် တော်တော်နှင့် အိပ်ချင်မပြေ။ အိပ်မှုန်စုံမွှား ဖြစ်နေသည်။ အတန်ကြာမှ မျက်လုံးများကို ဖွင့်ကာ ပတ်ဝန်းကျင်ကို ကျီးကြည့်ကြောင်ကြည့် ကြည့်နေသည်။ ဘယ်ရောက်နေသည်ကို သူ့ဘာသာသူ ဝေခွဲမရ ဖြစ်နေပုံရသည်။ ပီဒရိုက ခပ်မြန်မြန်လုပ်ရန် လောတော့မှ သူတို့ အခြေအနေကို ပြန်အမှတ်ရလာသည်။
ဆာလ်ဝေဒိုသည် ခပ်လေးလေး ထသည်။ လှုပ်ရှားတိုင်း ခန္ဓာကိုယ်က နာကျင်နေသည်။ ကောညက် အရက်တခွက်ကို မော့ချလိုက်မှ ခန္ဓာကိုယ်က နာကျင်မှုတွေ သက်သာသွားသည်။ ညစာစားပွဲက အနံ့အသက်တွေရသည့် အခါတွင် နာရီပေါင်းများစွာ သူအစာမစားခဲ့ရသည်ကို အမှတ်ရလာသည်။
ဆာလ်ဝေဒိုက ကြက်ကလေးကြောက် တဖဲ့ကို ဝါးနေသည်။ ပီဒရို၏ တောင်းပန်ချက်အရ အိမ်ရှင် ဂျိုဆေ၏ သမီးက ကြော်ပေးခြင်းဖြစ်သည်။ ဂျိုဆေသည် ဆာလ်ဝေဒို စားနေသည်ကို ခပ်လှမ်းလှမ်း ခုံတခုံပေါ်မှ ထိုင်၍ ကြည့်နေသည်။ ဆာလ်ဝေဒို ဝတ်ထားသည့် အင်္ကျီသည် လယ်သမားများ ဝတ်ထားသည် အင်္ကျီဖြစ်သည်။ သို့ရာတွင် ဆာလ်ဝေဒိုသည် ထိုအင်္ကျီမျိုးကို ဝတ်နေကျ လူမျိုးမဟုတ်ကြောင်း ဂျိုဆေအကဲခတ် လိုက်မိသည်။ ပီဒရိုက ဆာလ်ဝေဒိုကို ဂရုတစိုက် ပြုစုနေခြင်း၊ တရိုတသေ စကားပြောခြင်းတို့ကို ထောက်သော် ဆာလ်ဝေဒိုသည် လယ်သမား အဝတ်အစားကို ဝတ်ထားသော်လည်း အထက်တန်းကျသည့် ပုဂ္ဂိုလ်တယောက် ဖြစ်သည်ဟု ဂျိုဆေသိပုံရသည်။ သို့ရာတွင် ဂျိုဆေအဖို့ ဆာလ်ဝေဒို ဘယ်လို လူစား ဖြစ်နေပေစေ၊ သူ့ကိစ္စမဟုတ်။ သူ့ကိစ္စမှာ ရောက်လာသည့် ဧည့်သည်ကို ဝတ္တရားကြေအောင် ပြုစုဧည့်ခံဖို့ မဟုတ်လော။
ဆာလ်ဝေဒို ဂျိုဆေ၏ လက်ထဲသို့ ငါးဒေါ်လာတန် စက္ကူတရွက် ထည့်သည်။ သေချာပြီ။ သူထင်သည့်အတိုင်း ဤသူသည် အနုံညာတတယောက်မဟုတ်မှန်း ဂျိုဆေသိသည်။
ခဏကြာတော့ ပီဒရိုဝင်လာကာ ”မြင်းများ အဆင့်သင့် ပြင်ပြီးပြီ” ဟုပြောသည်။ ဆာလ်ဝေဒိုက နှုတ်ဆက်သည့် အနေဖြင့် အိမ်ရှင်ဂျိုဆေ၏ လက်ကို အားပါးတရ ဖျစ်ညှစ်သည်။
ဆာလ်ဝေဒိုက အားပါးတရ ဖျစ်ညှစ်သဖြင့် ဂျိုဆေကံကောင်း၍ မလဲခြင်းဖြစ်သည်။ လမ်းခရီး ချောမောပါစေကြောင်းကိုပင် အနိုင်နိုင် ဆုတောင်းရသည်။
သူတို့ ထွက်ကြတော့မည့် ဆဲဆဲတွင် လူငယ်တယောက် ပြေးလာက ဂျိုဆေ၏ သမီးကြီး အကြီးအကျယ် နာမကျန်းဖြစ်နေသည်ဟု လာပြောသည်။ ကိုယ်လေး လက်ဝန်ကြီးဖြင့် ချော်လဲခြင်းဖြစ်သည်။
ဂျိုဆေ အစိုးရိမ်လွန်နေသဖြင့် ဆာလ်ဝေဒိုက ဖျောင်းဖျနှစ်သိမ့်ကာ ဆရာဝန်ပင့်ရန် ပြောရသည်။
”ဒီနားမှာ ဆရာဝန်မရှိဘူး။ အလေဗျူလာအထိ သွားခေါ်ရမှာ။ အဲဒီထိအောင် သွားခေါ်နေရင်လည်း ဆရာဝန် ဒီမရောက်ခင်တွင် လူနာက သေမှာ”
ဂျိုဆေက ပြောသည်။
ဆာလ်ဝေဒိုသည် ကိုယ်ချင်းစာတတ်သူဖြစ်သည်။ ထို့ကြောင့် ပါးစပ်မှာ စကားတလုံး လွှတ်ခနဲ ထွက်သွားသည်။
”ကဲ ဒါဖြင့် လာဗျာ။ ကျွန်တော်တို့ သွားကြည့်ကြမယ်။ ကျွန်တော် ဆရာဝန်ပဲ”
ဂျိုဆေသည် အံ့အားလည်း သင့်နေသည်။ ဝမ်းလည်း သာသွားသည်။ ဘာပြန်ပြောရမှန်းပင် မသိ။
”ဘုရားသခင် စောင်မပါစေဗျာ၊ ဘုရားသခင် စောင်မပါစေ”
ဂျိုဆေက အသံတုန်တုန် မျက်ရည်ဝဲဝဲဖြင့် ဆုတောင်းသည်။ ပီဒရိုက မျက်နှာပျက်နေပြီ။ ဂျိုဆေ ဦးထုတ်ကို ဆောင်းကာ သမီးကို အခေါ်ထွက်သွားသည့်အခါ၌ ယခု ကိုယ်ဝန်ပျက်ကျသည့် ဂျိုဆေသမီးမှာ ပုလိပ်အရာရှိ၏ ဇနီးဖြစ်ကြောင်း၊ သူတို့ကို ဖမ်းရန် ထိုပုလိပ်အရာရှိတွင် ဝါးရမ်းရှိမည် ထင်ကြောင်းဖြင့် ပီဒရိုက ခပ်တိုးတိုးပြောသည်။
”ကိစ္စမရှိဘူး ပီဒရို၊ ရောဂါသယ် မိန်းမတယောက် အသေမခံနိုင်ဘူး၊ ကျွန်တော့်မှာ ဆေးကုပေးဖို့ ဝတ္တရားရှိတယ်၊ လာ သွားကြည့်ကြမယ်”
သမီးအိမ်မှ ပြန်လာသည့် ဂျိုဆေသည် နောက်ဆုံးစကားလုံးများကို ကြားလိုက်သည်။ ”ဘုရား ကယ်တော်မူပါ” ဟု ခပ်တိုးတိုး မြည်တမ်းလျက်ရှိသည်။ ပီဒရိုက လယ်သမားအဘိုးကြီး ဂျိုဆေကို မြင်းကုန်းနှီးနောက်က တင်၍ ဆာလ်ဝေဒိုက ဂျိုဆေ၏ သမီးငယ်ကို သူ့မြင်းပေါ်သို့ တင်လာခဲ့ကြသည်။ ဆယ့်ငါးမီနစ်ခန့် ခပ်သုတ်သုတ် စီးလာခဲ့ကြသည်တွင် သူတို့လေးယောက်သား ပုလိပ်အရာရှိ နေထိုင်ရာ ဂါတ်တဲရှေ့သို့ ရောက်ကြသည်။
ပုလိပ်အရာရှိအိမ်တွင် အိမ်နီးနားချင်းတွေ ရှုပ်ယှက်ခတ်နေကြသည်။ တယောက်တမျိုး ဆေးမီးတိုတွေ ပေးကြသည်။ ပုလိပ်အရာရှိ၏ မိတ်ဆွေများက ထမင်းစားခန်းထဲရှိ စားပွဲတွင် ရမ်အရက်ဖြူ တလုံးဖြင့် ဝိုင်းဖွဲ့ကာ အလားတူ အဖြစ်မျိုးကို တွေ့ခဲ့ဖူးကြောင်း၊ ဘာမျှ စိုးရိမ်ဖွယ်မရှိကြောင်း၊ သက်သာသွားကြကြောင်းဖြင့် ပုလိပ်အရှာရှိမင်း စိတ်သက်သာအောင် ပြောလျက်ရှိကြသည်။
အဖေနှင့် ညီမငယ် ရောက်လာပြီ ဆိုသောအခါ လူမမာက ညည်းသည်။ ပထမကိုယ်ဝန်ဖြစ်၍ ထိတ်လန့်လျက်ရှိသည်။
”ကြွပါဆရာ ကြွပါ”
ဂျိုဆေက ဝါးရမ်းပြေး ဆာလ်ဝေဒို တရိုတသေ ဖိတ်ခေါ်သည်။ အားလုံး အလုပ်များလျက်ရှိသဖြင့် ဆာလ်ဝေဒိုကို မည်သူကမျှ သတိမထားမိကြ။ တချို့ကမူ ဆာလ်ဝေဒို ဝတ်ထားသည့် အဝတ်အစားကို ကြည့်၍ မသိနားမလည်သည့် လယ်သမားများကို ညာဝါးကုနေသည့် ”ဒေါက်တာ ရမ်းကု” တဦးအဖြစ် သဘောထားကြသည်။
ဆာလ်ဝေဒိုက လူမမာကို ကြည့်သည်။ လူမမာအခြေအနေက သိပ်မကောင်း။ သို့သော် ကုလျှင် ရနိုင်သည့် အခြေအနေတွင် ရှိသေးသည်ဟု ယူဆသည်။ ဆာလ်ဝေဒို အချိန်မဖြုန်းနိုင်။ လုပ်စရာရှိသည်ကို မြန်မြန်လုပ်သည်။ ထိုအချိန်မှစ၍ ဆာလ်ဝေဒိုသည် တခြားဘာကိုမျှ စိတ်ဝင်စားခြင်း မရှိ။ သူ့လက်ထဲတွင် ရောက်နေသည့် အသက်တချောင်းကို ကယ်ရေးအတွက်သာ စိတ်ရောက်နေသည်။ ပီဒရိုက ဂါတ်တဲဝင်းထဲတွင် သူတို့ရောက်နေခြင်းဖြစ်ကြောင်း၊ သူတို့အတွက် အန္တရာယ်ကြီးကြောင်း သတိပေးသေးသော်လည်း ဆာလ်ဝေဒို ဂရုမစိုက်တော့။
ဆရာဝန်၏ ထင်မြင်ချက်ကို ကြားရသည့် အခါ၌ ဂျိုဆေနှင့် သူ့သမက် ပုလိပ်အရာရှိသည် အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။ အရက်တပုလင်း ကုန်နေသည့် အရက်ဝိုင်းသို့ သွားကြသည်။ ဒုတိယပုလင်း ဖွင့်သည့်အခါတွင် အားလုံးလျှာချောင်လာကြသည်။ ခပ်စောစောတုန်းကလို အရက်ဝိုင်းသည် တိတ်ဆိတ်မနေတော့၊ ဆူညံစပြုလာသည်။
အရက်ဝိုင်း၌ တနေ့က ဆန်ဂျိုးစ်တွင် ဖြစ်ပွားသော လက်နက်ကိုင် ပုန်ကန်မှုအကြောင်းသို့ စကားရောက်သွားကြသည်။ လယ်သမားဂျိုဆေသည် ဆန်ဂျိုးစ်မြို့တွင် ဖြစ်ပွားသည့် လက်နက်ကိုင် တော်လှန်ရေး အကြောင်းကို ဘာမျှမသိသေး။ ထို့ကြောင့် သူတို့ထံ မေးမြန်းရသည်။ ရင်တထိတ်ထိတ်ဖြင့် နားထောင်သည်။ မြို့စောင့်တပ်ကို သူပုန်တို့ ဝင်တိုက်သည်ဟု ကြားရသော အခါတွင် မြို့စောင့်တပ်ထဲရှိ သူ့သား ရာဖဲ၏ သတင်းကို သူ့သမက်ထံ မေးမြန်းကြည့်သည်။
”ရာဖဲရဲ့ သတင်းတော့ ဘာမှ မကြားသေးဘူး အဖေရဲ့” ပုလိပ်အရာရှိက ပြောသည်။ ”ခုချိန်ထိ ကျွန်တော့်ဆီကို ဘာသတင်းမှ ရောက်မလာသေးဘူး။ ကိစ္စမရှိဘူးလေ၊ ကျွန်တော် ဆန်ဂျိုးစ်ကို သံကြိုးနဲ့ လှမ်းမေးကြည့်မယ်”
ပုလိပ်အရာရှိက သံကြိုးစာရေးပြီး စာတိုက်သို့ အပို့ခိုင်းလိုက်သည်။
ဆာလ်ဝေဒိုသည် အပါးမှ တဖဝါးမျှ မခွာဘဲ လူနာကို စောင့်ကြည့်သည်။ ဒဏ်ကို ခံနိုင်ရန် လူမမာကို အားပေးစကားပြောသည်။ ပီဒရိုက ဂနာမငြိမ် ဖြစ်နေပြီ။ မြင်းများ အနီးတွင် ရပ်ကာ လမ်းမဘက်ဆီသို့ တကြည့်ကြည့်လုပ်နေသည်။
ည ၁၀ နာရီတွင် ပုလိပ်အရာရှိထံသို့ ကြေးနန်းရှည်ကြီးတစောင် ဆန်ဂျိုးစ်မှ ရောက်လာသည်။ သံကြိုးစားကို ဖတ်ရင်း သူ့လက်များသည် တုန်ယင်စ ပြုလာကြသည်။ ချက်ချင်း ပါးစပ်မှ အာမေဋိတ်သံ ထွက်လာသည်။
အနားက လူများက ပုလိပ်အရာရှိထံ အကျိုးအကြောင်း မေးကြသည်။ သို့ရာတွင် ပုလိပ်အရာရှိသည် စကားတခွန်းမျှ မပြောနိုင်။ သူ့ယောက္ခမကို အခန်းတခုထဲသို့ ခေါ်သွားသည်။ အခန်းထဲရောက်သော် သူ့သားရာဖဲသည် ယမန်နေ့က တိုင်ပွဲတွင် ကျဆုံးသွားပြီဖြစ်ကြောင်း၊ သူ့သားရာဖဲသည် ဒေါက်တာဆာလ်ဝေဒိုဆိုသူ သူပုန်ခေါင်းဆောင်၏ လက်ချက်ဖြင့် ကျဆုံးသည်ဟု ထင်ရကြောင်း၊ ဒေါက်တာဆာလ်ဝေဒိုသည် ပြည်ပသို့ ထွက်ပြေးရန် ကြံစည်နေကြောင်းဖြင့် ဆိုင်းမဆင့် ဗုံမဆင့် ပြောပြသည်။
လယ်သမားဘိုးအို ဂျိုဆေသည် ကုလားထိုင်ပေါ်သို့ ပစ်ထိုင်ကာ သားအတွက် ရှိုက်ကြီးတငင်ငိုသည်။ ခဏကြာတော့ ဒေါသတကြီးဖြင့် ဝုန်းခနဲထထိုင်လိုက်သည်။ သူ့မျက်လုံးများတွင် မျက်ရည်တွေ ခမ်းခြောက်သွားပြီ။ သူ့မျက်လုံးများသည် မီးကျီခဲလို နီရဲတောက်ပနေသည်။
”ဆာလ်ဝေဒို ဟုတ်လား၊ ဒီနာမည်ကို တသက်မမေ့ဘူး၊ မှတ်ထား ငါ့သားကို သတ်တဲ့ကောင်”
”ဒီနာမည်ကို ကျွန်တော်လည်း ကြားဖူးတယ်“ ပုလိပ်အရာရှိက ပြောသည်။
“ဥရောပ ပညာသင် ပြန်လာတဲ့ ဆရာဝန်ကလေးရဲ့ နာမည်မဟုတ်လား”
ထိုစဉ် သူတို့ခန်းသို့ မိန်းမတယောက် ပေါက်လာကာ လူမမာတွင် သားယောက်ျားလေးတယောက် မျက်နှာမြင်ကြောင်း ကလေးရော လူကြီးပါ ကျန်းမာကြောင်းဖြင့် လာပြောသည်။ ဂျိုဆေနှင့် သူ့သမက်သည် အခန်းထဲသို့ ဝင်ကြည့်မည် ပြုကြသည်။ သို့ရာတွင် ဝင်ခွင့်မရသေး။
အောက်က စောင့်နေရသည့် ပီဒရိုကား စိုးရိမ်လှပြီ။ ဆာလ်ဝေဒို ကိစ္စမြန်မြန်ပြီးအောင် လုပ်ရန် သတိပေးရသည်။ ထိုကြောင့် ပြေားခိုင်းရန် ဂျိုဆေကို လိုက်ရှာသည်။
”ဂျိုဆေ၊ ဆာလ်ဝေဒိုကို သွားပြောချည်ဗျာ၊ အချိန် သိပ်နောက်ကျနေပြီ အောက်မှာ ကျွန်တော် စောင့်နေတယ်လို့”
ပီဒရိုသည် ဆာလ်ဝေဒို၏ နာမည်ဝှက်ကို ပြောရန် သတိမရတော့။ ဆာလ်ဝေဒို နာမည်ကို ကြားရသောအခါ လယ်သမား ဂျိုဆေသည် ထိတ်လန့် တုန်လှုပ်သွားသည်၊ ထို့နောက် ဒေါသတကြီးဖြင့် မေးသည်။
“ဆာဝေဒို ဒါ ဆရာဝန်ရဲ့ နာမည် မဟုတ်လား”
“ဟုတ်တယ်၊ သူ ခင်ဗျားကို ပြောပြသလား”
ဂျိုဆေသည် ဘာမျှ ပြန်မပြော၊ ဓားတလက်ထောင်ထားရင် နံရံထောင့်သို့ တဟုန်ထိုး ပြေးထွက်သွားသည်။ ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်ပြီးနောက် တင်းမာသုန်မှုန်သော မျက်နှာထားဖြင့် လူမမာ သမီးကြီး အခန်းဘက်ဆီသို့ ပြေးသည်။
ထိုစဉ် လူမမာ၏ အခန်းတံခါး ပွင့်လာသည်။ အိပ်ရာပေါ်တွင် လူမမာသည် ပက်လက်လှန် မှိန်းနေသည်။ တကိုယ်လုံး ဖြူရော်လျက် ရှိသော်လည်း သူ့နှုတ်ခမ်းများနှင့် မျက်လုံးများက ပြုံးနေကြသည်။
ဆာလ်ဝေဒိုသည် အင်္ကျီလက်ကို ပင့်ကာ ကလေးငယ်ကို အင်တုံတခုထဲတွင် ရေးချိုးပေးနေသည်။ အခြားဘာကိုမျှ စိတ်မဝင်စားနိုင်။ သူ့အလုပ်ထဲတွင် အာရုံရောက်နေသည်။ ဤမြင်ကွင်းကို မြင်သည့်အခါ၌ ဒေါသဖြင့် မွှန်ထူနေသော ဂျိုဆေ၏ ရင်ထဲတွင် ကရုဏာစိတ် တဖွားဖွား ပေါ်လာသည်။ ဤလူသည် သူ့သား ရာဖဲကို သတ်ခဲ့သူဖြစ်သည်။ ဤအချက်သည် တကယ့်အပြစ်ဖြစ်သည်။ သို့ရာတွင် သူ့သားကို သတ်ခဲ့သည့် ဤလူငယ်သည် ယခုလွတ်လပ်မှုနှင့် အသက်ပင်စွန့်လွှတ်ကာ သူ့ဝိညာဉ်၏ တစိတ်တပိုင်းကို ကယ်တင်ပေးသူ ဖြစ်နေပြန်ပြီ။
ဂျိုဆေသည် ကြည်နူးဖွယ် မြင်ကွင်း ငေးကြည့်နေသည်။ ပျော်ရွှင်ကြည်နူးလျက်ရှိသည့် ကလေး၏ မိခင်။ စိုးရိမ်ကြောင့်ကြ ဖြစ်နေသည့် အိမ်နီးချင်းများ။ ကလေးငယ် ပွေ့ပိုက် ယုယလျက်ရှိသည့် ဆရာဝန်။ ကလေးငယ်က သူ့အမေကို ကယ်တင်ခဲ့သူအား ခွင့်လွှတ်ရန် တောင်းဆိုသည့်နှယ် အော်ဟစ်ငိုယိုလျက်။
ဂျိုဆေသည် ခန်းပေါက်ဝမှ တလှမ်းချင်း ပြန်ဆုတ်လာခဲ့သည်။ လက်ထဲက ဓားကို လွှတ်ချလိုက်သည်။ လက်ဝါးကြမ်းကြီးဖြင့် သူ့မျက်နှာကို လေးကန်စွာ ပွတ်လိုက်သည်။ ထိုနောက် ဝါးရမ်းပြေး ဆရာဝန် ဆာလ်ဝေဒို အနီးသို့ ကပ်၍-
”ဆာလ်ဝေဒို မြန်မြန်ပြန်တော့၊ ပြန်တော့၊ ဒီအိမ်မှာ ကြာကြာနေရင် ခင်ဗျားအတွက် အန္တရာယ်ကြီးတယ်” ဟူ၍ ကွဲအက်တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။
[Ricado Fernandez Garcia’s Chivalry]
မြသန်းတင့် ဘာသာပြန်သည်။
No comments:
Post a Comment