ဦးသန်းရွှေကို ထောက်ခံခြင်း

မြန်မာနိုင်ငံတွင် မဖွံ့ဖြိုးသည့်ကဏ္ဍ မရှိဟု ဗိုလ်သန်းရွှေမှ သင်တန်းဆင်းပွဲ အခမ်းအနားတစ်ခုတွင် ခပ်တည်တည် ပြောကြားသွားခဲ့သည်။ ကျွန်ုပ် အနေနှင့်လည်း တာဝန်သိ အမျိုးချစ်ပြည်သူတယောက် ပီသစွာ ခပ်ပြောင်ပြောင် ဖော်လို လိုက်ရသည်ရှိသော်-

စက်မှုလယ်ယာ။ ။ လယ်ယာသုံး စက်ပစ္စည်းများကို မယူမနေရ အိမ်တိုင်ယာရောက် လက်ငင်း အကြွေး အဆင်ပြေသလို ဝေငှပြီးသဖြင့် လယ်ယာသမားတိုင်း အနည်းဆုံး စက်တစ်လုံး ပိုင်ဆိုင်နေကြပြီဖြစ်သည်။

လက်မှုလယ်ယာ။ ။ စာရွက်စာတမ်းနှင့် စာရင်းဇယားပေါ်တွင် လျာထားချက်ထက် ကျော်လွန်၍ ထွက်ရှိ နေလျက်ရှိသည်။

စိုက်ပျိုးရေး။ ။ UNODC မှပင် အသိအမှတ် ပြုရသည်အထိ ဘိန်းစိုက်ပျိုးရေးတွင် အထူးဖွံ့ဖြိုးတိုးတက် နေသည်။ နောင်အနာဂတ်တွင် ကမ္ဘာ့နံပါတ်တစ် ဘိန်းစိုက်ပျိုး ထုတ်လုပ်ရာဒေသ အဖြစ်ရောက်ရှိအောင် အစွမ်းကုန် ဆောင်ရွက်သွားမည်ဟုလည်း သက်ဆိုင်သူများမှ ကတိပြု ပြောကြားထားသည်။

စွမ်းအင်။ ။ နောက်ချေးမှ လျှပ်စစ်ဓါတ်အား ထုတ်ယူသုံးစွဲခြင်း။ ကြက်ဆူဆီမှ လောင်စာဆီ ထုတ်ယူ သုံးစွဲခြင်းဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများကပင် လက်ဖျား ခါသွားရသည်အထိ တိုးတက်လျက်ရှိသည်။ သို့သော် သနားကြင်နာတတ်သော မြန်မာနိုင်ငံသားများသည် တိရိစ္ဆာန်များကို မနှိပ်စက်လိုသဖြင့် အစိုးရမှ ဖြန့်ဖြူးပေးသော ဓါတ်အားကိုသာ သုံးစွဲကြသော်လည်း နိုင်ငံနှင့် အ၀ှမ်း မီးလာချိန်တွင် ထိန်ထိန်လင်း နေသည်ကို တွေ့ရသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားသဖြင့်လည်း ကြက်ဆူအစားထိုး ဒီဇယ် ဓါတ်ဆီများကိုသာ အများဆုံး သုံးစွဲနေကြလျက်ရှိသည်။

ကာကွယ်ရေး။ ။ ဂျီသရီး မီးကျိုးမောင်းပျက် သေနတ်မှသည် အဏုမြူလက်နက် တပ်ဆင်ရန် ကြိုပမ်းသည်အထိ ကြောက်ခမန်းလိလိ တိုးတက်လျက်ရှိသည်။ နှစ်စဉ် တပ်မတော် အရာရှိများ အများအပြား မွေးထုတ်နိုင်နေသဖြင့် နောင်အနာဂတ် တပ်မတော်တွင် စစ်ဆင်ရေး ဆင်နွဲရာ၌ ဗိုလ်အဆင့်ကို အနိမ့်ဆုံးအဖြစ် သတ်မှတ်နိုင်လာတော့မည်ဖြစ်သည်။ ပြည်တွင်းရေး တည်ငြိမ်မှုကို ဖျက်ဆီးနိုင်သော အေးချမ်းစွာ ဆန္နပြမှုများကို ဖြိုခွင်းရန် ဖွင့်လှစ်သော တိတ်တိတ်ပုန်း တုတ်သိုင်း သင်တန်းများတွင်လည်း နေ့စားလပေး စွမ်းအားရှင်များ တက်တက်ကြွကြွ တက်ရောက်လျက် မခံမရပ်နိုင်သော ပြည်သူများ အမည်ကိုခံယူရန် အဆင်သင့် ဖြစ်နေကြလျက်ရှိသည်။

ပညာရေး။ ။ ဗိုလ်ချုပ်ကြီးများနှင့် စူပါ စီးပွါးရေးသမားများ၏ သားသမီးများအားလုံး နီးပါး နိုင်ငံခြား ကျောင်းများတွင် ပညာသင်ယူ နေနိုင်ကြပြီဖြစ်သည်။ ပြည်ပတွင် မတက်ရောက်နိုင်သူများကိုလည်း အေးချမ်းစွာ ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ တက္ကသိုလ်များကို မြို့ပြင် ရွာနီးချုပ်စပ်များသို့ ပို့ဆောင် ပေးထားပြီးဖြစ်သည်။ ပြည်တွင်းတွင်လည်း ၀ိဇ္ဖာ သိပ္ပံ နေ့တက်/ အဝေးသင်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ ဆရာဝန်၊ မဟာဘွဲ့၊ ပါရဂူဘွဲ့စသည့် ပညာတတ်များ စက်နှင့်လှည့်ထုတ် သကဲ့သို့ အရေအတွက်များစွာ နှစ်စဉ်ပေါ်ထွန်း နေပေသည်။ အထူးတိုးတက်သည့် အချက်မှာ ဘွဲ့ရပညာတတ် အားလုံးနီးပါး အမိမြန်မာစာကို ကောင်းစွာ ရေးတတ်၊ ဖတ်တတ်၊ ပြောဆိုတတ်ကြခြင်းဖြစ်သည်။ နိုင်ငံတ၀န်းလုံး အတိုင်းအတာအရ ဆိုလျှင် စာမသင်နိုင်သူများမှ လွဲ၍ အားလုံး စာတတ်မြောက်နေပြီ ဖြစ်ကြောင်း ၀မ်းမြောက်ဖွယ် တွေ့ရှိရပေသည်။

အလုပ်အကိုင်အခွင့်အလမ်း။      ။ သိသာထင်ရှားစွာပင် တိုးတက်နေပြီဖြစ်သည်။ ဘွဲ့ရ လူငယ်များ အနေဖြင့် ဆိုက်ကားသမား၊ ကွမ်းယာသည်၊ ဂျာနယ်လက်ပွေ့ရောင်းသူ အစရှိသဖြင့် တပိုင်တနိင် ကိုယ်ပိုင်လုပ်ငန်းကို လွတ်လွတ်လပ်လပ် ထူထောင်နိုင်သကဲ့သို့ အရောင်းစာရေး၊ စားပွဲထိုး၊ စပယ်ယာစသည့် လခစား အလုပ်များတွင်လည်း ထိုက်ထိုက်တန်တန် လစာများဖြင့် ၀င်ရောက် လုပ်ကိုင်နိုင်ကြပြီ ဖြစ်သည်။ အစိုးရ၀န်ထမ်း အပိုင်းတွင်လည်း အသိပညာ အတတ်ပညာများ လွန်စွာပြည့်စုံသည်ဟု ထင်ရသော အရပ်ဝတ်လဲ ပုဂ္ဂိုလ်များကို ထိပ်ပိုင်း ရာထူးများတွင် တာဝန်ယူစေပြီး ဖြစ်သည်။ ပညာမတတ်သူများ ပင်လျှင် အနှိပ်ခန်း၊ ကာရာအိုကေ၊ အလှပြင်ဆိုင်၊ နိုက်ကလပ်များတွင် လွယ်လင့်တကူ လုပ်ကိုင်နိုင်ရန် လမ်းဖွင့် ပေးထားလျက်ရှိသည်။ ကလေးသူငယ်များမှ အစ လ္ဘက်ရည်ဆိုင်တွင် စားပွဲထိုးနေပြီ ဖြစ်သဖြင့် မကြာမတင် ကာလတွင် ကမ္ဘာ့အလယ် အလုပ်လက်မဲ့ အနည်းဆုံး နိုင်ငံအဖြစ် ၀င့်ထည်နိုင်တော့မည် ဖြစ်သည်။

ဆန်၊ ဆီ၊ သားငါးရေထွက်ပစ္စည်း။ ။ အခြေခံ စားကုန်များအားလုံး ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးနိုင်မှုကြောင့် ငွေကြေးတတ်နိုင်သူ အားလုံး အလွယ်တကူ ၀ယ်ယူ စားသုံးနိုင်နေပြီ ဖြစ်သည်။ စားသုံးရန် မသင့်တော်သော ပုစွန်ထုပ်ကြီးများ၊ ငါးသလောက် အကောင်ကြီးများ၊ စံမီ ငါးရှဥ့်များကို နိုင်ငံတော်မှ အနစ်အနာခံကာ အခြား တိုင်းပြည်များသို့ တင်ပို့ရောင်းချ ပေးလျက်ရှိသည်။ ကုန်ဈေးနှုန်းများလည်း တည်ငြိမ်၍ ငွေကြေးဖောင်းပွမှုနှုန်း အလွန်နည်းသဖြင့် ပြည်သူ အများစုမှာ ကန်စွန်းရွက်နှင့် ငါးပိကဲ့သို့သော ဗီတာမင် ပြည့်ဝသည့် အစာများကို နေ့စဉ် စားသုံးနိုင်လျက် ရှိသြည်။

ဆက်သွယ်ရေး။ ။ ပြည်သူများ ကွန်ပြူတာ အင်တာနက်နှင့် ထိတွေ့ချိန် ပိုမိုများပြားစေရန် ရည်ရွယ်၍ အင်တာနက်လိုင်းများ နှေးကွေးစေခြင်းဖြင့်လည်းကောင်း၊ အကျော်အခွ ဗဟုသုတ တိုးပွါးစေရန် ရည်သန်၍ နိုင်ငံရေးဆိုဒ်များကို ဘန်းထားခြင်းဖြင့်လည်းကောင်း အဘက်ဘက်မှ စနစ်တကျ မြှင့်တင်လျက်ရှိသည်။ အခြေခံ ဆက်သွယ်ရေးဖြစ်သည့် တယ်လီဖုန်း ဆိုလျှင်လည်း အနှစ်နှစ်ဆယ်အတွင်း တဖြေးဖြေး ကြိုးပမ်းလာမှုကြောင့် အနိမ့်ဆုံးဈေးမှာ နိုင်ငံတကာနှင့် ယှဉ်လျှင် အဆတစ်ရာ ကျော်ကျော်လေးသာ မြင့်တက်နေတော့သည်။ ယခု အနှုန်းတိုင်းဆိုလျှင် နောက်ထပ် အနှစ်လေးဆယ်မှ ခြောက်ဆယ်အတွင်း နိင်ငံတကာနှင့် တန်းတူ ပြည်သူတိုင်း သုံးစွဲနိုင်မည်ဖြစ်ကြောင်း အားတက်စဖွယ် တွေ့ရှိရသည်။ ဖုန်းလိုင်းများ များပြားလာသကဲ့သို့ ခေါ်မရခြင်း၊ စကားသံ မကြားရခြင်း၊ မတ်ဆေ့ခ်ျ မှားယွင်းရောက်ရှိခြင်း ကဲ့သို့သော အသေးအဖွဲ ပြဿနာလေးများမှ လွဲ၍ ပြည်သူ အများစုမှာ စတိုင်ကျကျ ဖုန်းကို ပါးစပ်နားကပ်ပြီး ပြောတတ်နေပြီဖြစ်သည်။

လမ်း/ တံတား။ ။ လမ်းများ တံတားများကို ငွေအား လူအား မြောက်များစွာ အကုန်အကျခံ၍ တည်ဆောက် ပေးခဲ့သဖြင့် ပြည်သူများမှာ စိတ်အေးချမ်းသာစွာ ထိုက်ထိုက်တန်တန် အခွန်အခပေးပြီး ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်သည်။ တံတားများမှာလည်း မဟာဗျူဟာကျကျ တည်ဆောက်ထားသဖြင့် ဆူပူမှုရှိလာပါက ဖြတ်တောက် ပိတ်ဆို့လိုက်ခြင်းဖြင့် ပြည်သူများ အေးချမ်းစွာ ဘာမျှမသိရှိဘဲ နေနိုင်မည် ဖြစ်သည်။

သတင်းမီဒီယာ။ ။ မီဒီယာများ အနေဖြင့် သတင်းမှန်များကို ကြေးမုံနှင့် မြန်မာ့အလင်းကဲ့သို့ စောင်ရေ အများဆုံး ရိုက်နှိပ်ထုတ်ဝေသော သတင်းစာများတွင် ဖော်ပြခွင့် ရရှိနေကြပြီ ဖြစ်သည်။ အခြားသော ဂျာနယ်များတွင် ဖော်ပြသော သတင်းများကိုလည်း စာပေစိစစ်ရေးနှင့် သဘောမတွေ့သော စာမူများမှ အပ ကျန်သည့် ကြော်ငြာကဲ့သို့သော အရာများကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိနေပြီဖြစ်ရာ မကြုံစဖူး ထူးကဲသော မီဒီယာ လွတ်လပ်ခွင့်ကို ရရှိနေကြပြီ ဖြစ်သည်။ အနုပညာရှင်များကိုလည်း မသီဆိုရ၊ မရိုက်ကူးရ၊ မထုတ်လုပ်ရဟု ပိတ်ပင်သည်မှလွဲ၍ အသက်ကို ရန်မရှာဘဲ လွတ်လပ်စွာ ဖျော်ဖြေနိုင်သည် ဖြစ်ပေသည်။

နိုင်ငံခြားရေး။ ။ ၁၈ နှစ်ပြည့်ပြီး သူတိုင်း ပြည်ပထွက် အလုပ်လုပ်နိုင်ရေး အတွက် ပတ်စ်ပို့ရုံးတွင် နိုင်ငံသားတိုင်း ထုတ်ယူ ကိုင်ဆောင်နိုင်ရန် သိန်းဂဏန်းမျှသော ငွေကြေးဖြင့် စေတနဲာကြီးမားစွာ ထုတ်ပေးနေလျက်ရှိသည်။ နိုင်ငံတကာ ဆက်ဆံရေးတွင်လည်း တရုတ်နိုင်ငံနှင့် သားအဖ၊ မြောက်ကိုရီးယားနှင့် သမီးယောက်ဖသဖွယ် ရင်းနှီးခင်မင်စွာ ဆက်ဆံလျက်ရှိရာ ကမ္ဘာတလွှားတွင် ရောက်ရှိနေကြသော ရွှေမြန်မာများမှာ မိမိတို့၏ ပတ်စ်ပို့ အနီရောင်လေးများကို ပြသလိုက်သည်နှင့် တလေးတစား အရေးပေး ဆက်ဆံ ခံနေရလျက် ရှိပေသည်။

တွင်းထွက်နှင့် သယံဇာတ။   ။ ကျွန်းသစ်၊ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ပတ္တမြား၊ ကျောက်စိမ်း၊ သစ်မွှေး၊ ရာဘာ၊ ကြိမ် အစရှိသည့် ငွေရပေါက် ရလမ်းရှိသည့် အရာအားလုံးကို စီမံကိန်း လျာထားချက်ထက် ကျော်လွန်အောင် တင်ပို့ရောင်းချလျက် ရှိသည်။ ရရှိလာသော ဘဏ္ဍာငွေများမှာ လွန်စွာ များပြားသော်လည်း တိုင်းတပါးမှ မျက်စိကျ ကျူးကျော်မည်စိုးသောကြောင့် စာရင်းမပြဘဲ တာဝန်ရှိသူများက အနစ်နာခံ ထိန်းသိမ်းပေးထားလျက် ရှိသည်။

ကျန်းမာရေး။ ။ မိမိပိုင်ဆိုင်မှုနှင့် ညီမျှသည့် ကျန်းမာရေး ၀န်ဆောင်မှုကို ပြည်သူများ လွယ်ကူစွာ ရရှိနိုင်ကြနေပြီ ဖြစ်သည်။ ခုတင် ၁၀၀ ဆန့် ဆေးရုံ၊ ခုတင် ၃၀၀ ဆန့် ဆေးရုံ စသဖြင့် တိုင်းပြည်အနံ့ တည်ဆောက်ပေးပြီး ဖြစ်သဖြင့် ဆေးနှင့် ဆရာဝန် လုံလောက်စွာ မရှိသော်လည်း ပြည်သူများမှာ ထိုခုတင်များပေါ်တွင် အေးချမ်းစွာ ဝေဒနာ ခံစားရင်း သေရက်ကို စောင့်မျှော်နိုင်နေပြီ ဖြစ်သည်။ ကျန်းမာရေး အတွက် လွန်စွာ အန္တရာယ်ကြီးသော စားအုန်းဆီကို ရောနှော ရောင်းချခြင်းကို စီးပွါးရေး လိုအပ်ချက်အရ မသိချင် ယောင်ဆောင် နေရသော်လည်း ဓါတုဆိုးဆေးများ သုံးသော အစားအသောက်နှင့် ဆေးဝါးများကို လုံလောက်သော ငွေကြေး မရမချင်း ထုတ်ဝေခွင့် ပိတ်ပင်ထားခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်ပေးလျက် ရှိသည်။

လူမှုရေး။ ။ မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည် ဖြစ်သဖြင့် လူကုန်ကူးမှုကို တင်းကျပ်သော ဥပဒေများ ထုတ်ကာ တားဆီး နှိမ်နင်းခဲ့သဖြင့် အာဏာပိုင် အဖွဲ့အစည်းမှလွဲပြီး မည်သူမျှ မလုပ်ကိုင်ရဲကြသည်ကိုလည်း စိတ်ချမ်းမြေ့ဖွယ် တွေ့ရှိနေရသည်။ နိင်ငံ့လူဦးရေ တိုးတက်မှုနှုန်း နှေးကွေး သဖြင့် တရုတ်နိုင်ငံမှ ဆွေမျိုး ပေါက်ဖော်များကို တိုးတိုးတိတ်တိတ် နိင်ငံသား လက်မှတ်ထုတ်ပေးကာ အမြော်အမြင်ရှိရှိ ဆောင်ရွက်နေသဖြင့်လည်း မန္တလေး၊ လားရှို မြို့များတွင် မြန်မာစစ်စစ် ပြည်သူများမှာ မျက်စိရှုပ် နားရှုပ်သော မြို့တွင်း နေရာများကို စွန့်ခွါ၍ မြို့သစ်များကို ပြောင်းရွေ့ နေထိုင်ကာ မျက်စိအေး နားအေး နေထိုင်နိုင်လျက် ရှိပေသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး။ ။ မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် အလှုငွေများကို တက်တက်ကြွကြွ ထိန်းသိမ်းပေးထားခြင်း၊ စေတနာရှင်များမှ လှူဒါန်းသော ကယ်ဆယ်ရေး ပစ္စည်းများတွင် နာမည်တပ်၍ လှုဒါန်းခြင်း စသည်များကြောင့် နိုင်ငံတော်၏ စေတနာကို သေချာစွာ နားလည် သဘောပေါက်လာလျက် ရှိကြသည်။ အလှည့်ကျ မီးလောင်သော ဈေးများကိုလည်း အမြန်ဆုံး ကန်ထရိုက်ပေး၍ အဆင့်မြှင့်ဈေးသစ် တည်ဆောက်နိင်ခြင်းကြောင့်လည်း “ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဟူသော မေတ္တာပို့သံများကိုလည်း ဝေေ၀စည်စည် တိုင်းပြည်အနှံ့ ကြားသိနိုင်နေပြီ ဖြစ်သည်။

အားကစား။ ။ ဤကဏ္ဍတွင်လည်း အထူးတလည် ရှင်းပြစရာ မလိုအောင်ပင် တိုးတက်နေသည်မှာ မျက်မြင် ကိုယ်တွေ့ပင်ဖြစ်သည်။ မြန်မာနေရှင်နယ်အာဖရိကန်လိဂ်ကိုလည်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပကာ အရည်အသွေး ထက်မြက်သော နိုင်ငံ့ကိုယ်စားပြု ဘောလုံးသမားများ မွေးထုတ်ပေးနိုင်ခဲ့ခြင်းကြောင့်လည်း နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်ပွဲ အလီလီ ဆင်နိုင်လုနီးနီး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ နိုင်ငံတော်၏ ထောက်ပံ့ အားပေးမှုများကြောင့် အားကစားသမားများမှာလည်း တက်တက်ကြွကြွ ယှဉ်ပြိုင်ကြသည်မှာ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရန် လက်တကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားနေပေသည်။

ဘာသာရေး။ ။ မကြုံစဖူး ထူးကဲလှစွာသော ချီးမြှောက်မှုများကြောင့် ထောင်ကျ အကျဉ်းသားများပင် သံဃာတော်များကို အားရပါးရ ဖူးမြော်ခွင့် ရရှိနေသော အချိန်အခါဖြစ်သည်။ “လက်ညှိုးညွှန်ရာ ဘုရားဖြစ်စေ” ဟု ဆိုရမတတ် တည်ထားသော ဘုရားပုထိုးများကြောင့် ပြည်သူပြည်သားတို့မှာ ဘာသာရေးကို ပိုမိုကိုင်းရှိုင်းလာကြသည်မှာ ညဘက် တံခါးခေါက်သံ ကြားသည်နှင့် ဘုရားတပြီးဖြစ်နေသည် အထိပင်။

စီးပွါးရေး။ ။ သူတောင်းစားကြီးများပင် တိုက်ဆောက် ကားစီးနေနိုင်သဖြင့် လွန်စွာ ဂုဏ်ယူဖွယ် ကောင်းလှပေသည်။ တစ်ဦးချင်း ၀င်ငွေတွင်လည်း မြန်မာကျပ်ငွေဖြင့် တွက်ချက်လျှင်သော်လည်းကောင်း၊ အစိုးရ ငွေလဲလှယ်နှုန်းဖြင့် တွက်ချက်လျှင်သော်လည်းကောင်း လုံးဝနိမ့်ကျနေခြင်း မရှိပေ။ ပြည်သူများမှာလည်း စီးပွါးရေး ချောင်လည်ကြသဖြင့် အိမ်ထောင်စု တခုတွင် အိမ်ဦးနတ်က ဘောပွဲလောင်း၊  အိမ်ရှင်မက နှစ်လုံးထီထိုး၊ သားကြီက ကျူတံကိုင်၊ သမီးငယ်က ချိုင်းဖတ် ချဲတွက် စသဖြင့် အေးအေးလူလူ လုပ်ကိုင် စားသောက်နိုင်ကြပေသည်။ နိုင်ငံတ၀န်း လောင်းကစားလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် တရားဝင်၊ တရားမ၀င် လုပ်ဆောင်နိုင်ခြင်းကိုလည်း အိမ်နီးချင်း နိုင်ငံများကပင် အားကျ အတုယူလျက် ရှိနေပေသည်။

ထိုသို့ အဖက်ဖက် ကဏ္ဍစုံမှ လွန်မတန်စွာ ဖွံ့ဖြိုး တိုးတက်နေသော ရွှေမြန်မာနိုင်ငံကြီးကို မည်သူက “မတိုးတက်ပါ ဖွံ့ဖြိုးမှု နှေးကွေးဆုံးပါ” ဟု သတ်မှတ်ချင်ပါသလဲ။

ကောင်းကင်ကလူ (၁၅.၁၂.၁၀)

http://simpleviewsonmyland.blogspot.com မှကူးယူ ဖေါ်ပြသည်။

No comments: