နိုင်ငံရေး သံဝေဂရသူများ၊ နိုင်ငံရေး အသည်းကွဲသူများနဲ့ နိုင်ငံရေး ဆရာလုပ်သူများအကြောင်း

သံဝေဂရသူများ
နိုင်ငံရေးက 'အနားယူ' သွားတဲ့ သူတွေထဲမှာ 'သံဝေဂ' ရသူတွေက နိုင်ငံရေးဘဝမှာ အာဏာရရာက အာဏာမဲ့သွားသူတွေပဲ ဖြစ်တယ်။ သူတို့က 'တူ' ဖြစ်ခိုက်မှာ နာနာ နှက်ခဲ့ဖူးသူတွေပါ။ ဒါပေမဲ့ 'ပေ' အဖြစ် တလှည့်ကြုံတဲ့ အခါမှာတော့ အနာမခံဝံ့ဘူး။ အဲဒီတော့ နိုင်ငံရေး သံဝေဂစကား ရေးကြ ပြောကြတယ်။ နိုင်ငံရေးလောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း မရှိဘူး။

ပထမဆုံး နိုင်ငံရေးသံဝေဂရသူတွေကတော့ တည်မြဲ ဖဆပလ တွေပဲ။ သခင်သာခင် ဝရမ်းပြေးလုပ်နေတုန်းက ပထမဆုံးစပြီးကြားရ ဖူးတယ်။ နောက် ဗိုလ်ခင်မောင်လေး။ သူက လူထုဦးလှကို လာပြီးကန်တော့ရင်း နိုင်ငံရေးသံဝေဂစကား ပြောသွားတဲ့သူပဲ။ စာအုပ် အဖြစ်နဲ့ စပြီး ရေးထုတ်သူကတော့ မြန်အောင် သခင်ချစ်မောင်ပါ။ သူတို့တတွေဟာ 'တူ' ဖြစ်တုန်းက တကယ်ပဲ ရက်ရက်စက်စက် လုပ်ခဲ့ သူတွေပါ။ ဦးကျော်ငြိမ်း ကတော့ (သခင်တင်မြ အဆိုအရ) နိုင်ငံရေး သင်္ကာရှင်းပွဲ လုပ်တယ်။ သံဝေဂရဟန် မရှိဘူး။ 'ပေ' အဖြစ်တော့ ကြံ့ကြံ့ခံနိုင်စွမ်း မရှိတာ သေချာတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ သေကြောင်းကြံခဲ့တယ်။ (သူ့သားအဆိုအရ) ဗိုလ်နေဝင်းက ကြမ်းပြင်ပေါ်မှာ ခွေခွေလေးပုံလျက် လဲကျနေတဲ့ ဦးကျော်ငြိမ်းကို တွေ့ပြီး စိတ်လည်သွားလို့ ဆက်ပြီးမ နှိပ်စက်တော့ဘူးလို့ ဆိုတယ်။ ဒါပေမဲ့ သူ့သားသမီးတွေက မထုတ်ပြန်ဘဲ ထားတဲ့ (သူသေမှ ထုတ်ပြန်ဖို့ မှာခဲ့တဲ့) စာတမ်းမှာတော့ နိုင်ငံရေး သံဝေဂရတဲ့လေသံ မတွေ့ရဘူး။ သူ့နောက်ဆုံး အာဃာတက ဦးဗဆွေ အပေါ်မှာပဲ။

သန့်ရှင်း ဖဆပလ ထဲကတော့ ဦးနုက နိုင်ငံရေးသံဝေဂ ရသူပဲ။ "တာတေစနေသား" မှာ အနည်းအကျဉ်း တွေ့ရတယ်။ ပိုပြီးပွင့်လင်းတာက လူထုဦးလှနဲ့ ပတ်သက်ပြီး ရေးတဲ့ ဆောင်းပါးမှာကျတော့ နိုင်ငံရေးသံဝေဂသံ ပိုပြီးပါလာတယ်။ (သူက အဓိကနံပါတ် (၁) တရားခံ မဟုတ်ဘူးဆိုတာတော့ ထည့်ရေးတယ်။)

နိုင်ငံရေးသံဝေဂ မရကြသူများကတော့ (စစ်အုပ်စုထိပ်သီး) ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့ပဲ။ သူတို့ကတော့ သူတို့ရဲ့ အနေအထားအရ သံဝေဂစကား မပြောဘဲနေတာ ဖြစ်မှာပါ။ ပြောမိရင် နဝတ/ နအဖ ကို ထိခိုက်မှာ စိုးကြလို့ စစ်အာဏာရှင်စနစ်ကို ထိခိုက်မှာစိုးလို့ ဖြစ်တယ်။

အသည်းကွဲသူများ
သူတို့ရဲ့ ဘဝမှာ 'ပေ' အဖြစ်ပဲ နေခဲ့ရသူချည်း ဖြစ်တယ်။ ဗကပနဲ့ ပတ်သက်ခဲ့သူတွေပဲ။ ဗကပ ကလည်း အမြဲတမ်း ခံဘက်ကချည်းပါ။ ပါတီ မထောင်ခင် ၁၉၃၆ ကတည်းက စပြီး 'ပေ' အဖြစ်နဲ့ စခဲ့တာပဲ။ အခု ပါတီရဲ့အသက် '၇၀' ကျော်သည် အထိ 'ပေ' ဖြစ်နေတုန်းပဲ။ (၁၉၃၆ က စစ်ကိုင်းမှာ ကိုဗဟိန်းတို့နဲ့ ကျောင်းသားတချို့ သပိတ်တားတုန်းက အရိုက်ခံရတာကို ရည်ညွှန်းပါတယ်။

ရိုက်သူတွေထဲမှာ နောင်မြို့တော်ဝန် ဗိုလ်မHIးကြီးထွန်းစိန်အဖြစ် ထင်ရှားတဲ့ ကိုထွန်းစိန်ပါတယ်။) နောက်ပိုင်းကျတော့ ခံရတာများပြီ ဆိုပြီး တချို့ထိုင်သူထိုင်၊ အာဏာရအစိုးရဆီ ကပ်သူကပ် ဖြစ်ကုန်တယ်။

ခံရဲတဲ့သတ္တိ
'ပေ' ဖြစ်စဉ်မှာ အံကြိတ်ပြီး ခံရဲတဲ့သတ္တိ ရှိရမှာပါ။ 'တူ' ဖြစ်တဲ့အခိုက်ဆိုတာ 'ဗကပ' မှာ မရှိခဲ့ပါဘူး။ တကယ်လို့ ရှိခဲ့ရင်လည်း သဘောထား ကြီးရမှာပါ။ နိုင်တုန်းဖိထောင်းတဲ့ အကျင့်ကို အမြစ်ဖြတ်ရမှာပဲ။ ခံရဲတဲ့သတ္တိ မွေးရတာက (ဗကပ အဖို့) ကြာပါပြီ။ မဆန်းပါဘူး။

နိုင်ငံရေးအနားယူတာကို အပြစ်မပြောဘူး
အခု ဆောင်းပါးရေးတာက အနားယူသူတွေကို အပြစ်ပြောဖို့ မဟုတ်ဘူး။ အသည်းမကွဲကြ ပါနဲ့လို့ ပြောချင်တာပါ။ စိတ်ကူးစံ ရှိချင်ရှိ၊ မရှိရင်လည်းနေ ဘာမှ မပြောလိုပါ။ ပြောချင်တာက တဒင်္ဂလက်တွေ့ကို ထာဝရလက် တွေ့အထိ ဆွဲယူ မသွားစေချင်တာပဲ။ ၁၉၈၈ လက်တွေ့နဲ့ ၂၀၁၀ လက်တွေ့ မတူပါဘူး။ လက်တွေ့တွေဆိုတာ ပြောင်းတတ်ပါတယ်။ ၁၉၈၈ တုန်းက အထူးသဖြင့် မျိုးချစ်စစ်သည် ဟောင်းများ ပေါ်လာတုန်းက သူမနာကိုယ်မနာ (အခုအပြောများနေတဲ့ ၂ ဖက်စလုံးနိုင်တဲ့ ဖြေရှင်းမှု) ရပြီလို့ ဗကပ ထင်ခဲ့တာပဲ။ ၁၉၄၅ တုန်းက အခြေအနေမျိုး ပြန်ရတော့မယ် ထင်ခဲ့တာပဲ။ ဒါပေမဲ့ ၁၉၉၀ မှာကျတော့ မဖြစ်နိုင်တော့ဘူး ဆိုတာကို (တစတစ) သိလာတယ်။ လက်တွေ့က ပြောင်းနေပြီ။ ဒဘရင်း (ဒီပဲယင်း) ဖြစ်တော့ လက်တွေ့က တဆစ်ချိုး ပြောင်းသွားပြီ။ "ပျော်ရွှင်စွာဇာတ် ပေါင်းကြလေသတည်း" မဖြစ်နိုင်တော့တဲ့ "လက်တွေ့”လို့ သိလာပါတယ်။ လမ်းပြမြေပုံ (RM) ပေါ်ပြီး ကတည်းက '၁၉၄၈ ဇာတ်ဝင်ခန်းမျိုး' လာတော့မယ်ဆိုတာလည်း သိပါတယ်။ အခု လာနေပါပြီ။

ဒီခေတ်မှာ ဗကပက အဓိကဇာတ်ဆောင် မဟုတ်တာလည်း သိပါတယ်။ NLD ဟာ အဓိကဇာတ်ဆောင်ပါ။ သူဘာလုပ်မလဲ ဘယ်လို လက်တွေ့ လာမလဲဆိုတာကိုပဲ စောင့်ကြည့်နေပါတယ်။ သေချာတာက 'အသည်းကွဲ' တဲ့ထဲ ဗကပ ဘယ်တော့မှပါမှာ မဟုတ်ဘူး။

ပြည်တွင်းလက်တွေ့ ပြောင်းနေတယ်၊ နိုင်ငံတကာလက်တွေ့လည်း ပြောင်းနေတယ်

ပြည်တွင်းလက်တွေ့ကို မိမိတို့ (တစုံတရာ) ဖန်တီးနိုင်တယ်။ နိုင်ငံတကာ့ လက်တွေ့ကိုတော့ ရှေ့တန်းရောက်တွေပဲ ဖန်တီးကြမှာပါ။ ရှေ့တန်းရောက်တွေ ဘယ်လိုဖန်တီးမလဲ။ ဒါကိုလည်း စောင့်ကြည့်နေပါတယ်။ နိုင်ငံတကာ့ လက်တွေ့ကို (မိမိတို့ဘက်က) ပကတိ ဘာဝလို့ပဲ သဘောထားရမှာပါ။ ပြည်တွင်းလက်တွေ့ကိုတော့ အတ္တဘာဝလို့ သဘောထားနိုင်ပါတယ်။

နိုင်ငံရေးဆရာလုပ်သူများ
'ပေ' လည်းဖြစ်ဖူး၊ 'တူ' လည်းဖြစ်ဖူးတဲ့ သူတွေက 'ဆရာ' လုပ်လေ့ရှိတယ်။ သူတို့က အခုတလောမှာ 'နိုင်ငံရေးမှာ ငါဆရာ' လုပ်နေတာ တွေ့ရတယ်။ သူတို့က နိုင်ငံရေးလက်တွေ့ကို အကဲဖြတ်နေတာ မဟုတ်ဘူး။ ဆရာလုပ်နေတာပဲ။ အဓိကအားဖြင့် NLD ကို ဆရာ လုပ်နေတာပါ။ ဗကပ ကိုတော့ လောလောဆယ် ဆရာမလုပ်သေးပါဘူး။ ၂၀၁၀ လွန်ရင် သူတို့ကိုလည်း မသေသေးရင် အစိုးရကလည်း သူတို့ကို သုံးနေသေးရင်တော့ ဗကပကို ဗြောင်ဆရာလုပ်လာမယ် ထင်ပါတယ်။ အခုတော့ သွယ်ကာဝိုက်ကာ ဆရာလုပ်နေသေးတယ်။

ဗကပ ရဲ့ သဘောထား
နိုင်ငံရေးက အနားယူသွားသူတွေ များလှပြီ။ အနားယူပြီး ကိုယ်သန်ရာသန်ရာကို လုပ်နေကြတာမှာ ဗကပက ဘာမှ မပြောဘူး။ သူ့နယ်ပယ်မှာ ထွန်းထွန်းပေါက်ပေါက် ရှိရင်ပဲ မုဒိတာပွားရတယ်။

အနားယူတာ မဟုတ်ဘဲ မသည်းကွဲစကားပြောရင်၊ ဆရာလုပ်ရင်တော့ ဝင်ပြောရမှာပဲ။ ဘယ်အတိုင်းအတာနဲ့ ပြောမလဲ ဆိုတာကိုပဲ စဉ်းစားမှာပါ။ အသွားတတိုင်ရှိရင် အပြန်တတိုင်ရှိမှာပါ။

(၂၇ - ၂ - ၂၀၁၀)
www.cpburma.org

No comments: