လှပတဲ့အပြုံးတွေ ပြန်လည်ပိုင်ဆိုင်နိုင်ပြီဖြစ်တဲ့ အာဖဂန်သူအေရှာ

သူ့ဘ၀မှာ အလိုချင်ဆုံး ဆန္ဒတစ်ခုဖြစ်တဲ့ လှလှပပ ပြုံးနိုင်ခွင့်ကို အေရှာတစ်ယောက် ပြန်လည်ရရှိခဲ့ပါပြီ။ ဘီဘီလို့ ချစ်စနိုး ခေါ်ကြတဲ့ အာဖဂန်နစ္စတန်သူ ဆယ်ကျော်သက်လေးဟာ ပြီးခဲ့တဲ့ လပိုင်းက Time မဂ္ဂဇင်း မျက်နှာဖုံးမှာ ဖော်ပြခံရတဲ့ သူ့ရဲ့ဓာတ်ပုံနဲ့အတူ ကမ္ဘာကျော်လာခဲ့ပါတယ်။ အသက်(၁၉)နှစ်အရွယ် အေရှာဟာ ခင်ပွန်းသည်ရဲ့ မိသားစုက နှိပ်စက်ညှင်းပမ်းမှုတွေကို မခံနိုင်လို့ ထွက်ပြေးခဲ့ရာက သူ့ခင်ပွန်းနဲ့ အာဖဂန်က တာလီဘန် အကြမ်းဖက် တပ်ဖွဲ့တွေက လိုက်ဖမ်းပြီး အေရှာရဲ့ နှာခေါင်းကို ဖြတ်ပစ်ခဲ့ပါတယ်။ နှာခေါင်းမရှိတဲ့ သနားစရာ မိန်းကလေးရဲ့ပုံကို Timeက မျက်နှာဖုံးတင်ပြီး မဟာမိတ်တပ်တွေ အာဖဂန်ကို စွန့်ခွာခဲ့ရင် အဲဒီနိုင်ငံက မိန်းကလေးတွေ ဘ၀လုံခြုံရေးအတွက် ဘာတွေဖြစ်လာမလဲဆိုတဲ့ မေးခွန်းနဲ့ အာဖဂန်အခြေအနေ အစစ်အမှန်ကို မီးမောင်းထိုးပြခဲ့ပါတယ်။ ဒီမျက်နှာဖုံးဟာ အစဉ်အလာနဲ့ ရပ်တည်ခဲ့တဲ့ Timeမဂ္ဂဇင်းရဲ့ သမိုင်းတလျှောက် စိတ်ခံစားချက် အပေးနိုင်ဆုံး၊ ကြောက်စရာအကောင်းဆုံး မျက်နှာဖုံးတင်ဆက်မှု တစ်ခုလည်း ဖြစ်ခဲ့တာပါ။ ခုတော့လည်း အဆိုးဆုံး အခြေအနေတွေကို ရဲရဲရင့်ရင့် ကျော်ဖြတ်ခဲ့တဲ့ အေရှာတစ်ယောက် ပြုံးနိုင်ပျော်နိုင်နေပါပြီ။ သူဟာ အထူးစီမံပြုလုပ်ထားတဲ့ နှာခေါင်းတုတစ်ခုနဲ့ လူထုရှေ့ကို ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့ပါတယ်။

 အေရှာဟာ အိမ်ကထွက်ပြေးမှုကြောင့် နှာခေါင်းအပြင် နားရွက်တွေပါဖြတ်ခံရတဲ့ထိ ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ တာလီဘန်တွေက အဓမ္မစီရင်ချက် ချခဲ့တာပါ။ “အဲဒီတုန်းကများ ညဖက်ရောက်လာရင် ကျွန်မနားတွေ၊ နှာခေါင်းတွေထဲကို ရေခဲရေ လောင်းချနေသလိုမျိုး အေးပြီးကိုက်နေတာ”လို့ အေရှာက သူ့ရဲ့ ငရဲကာလတွေအကြောင်း ပြောပြခဲ့ပါတယ်။ “မျက်လုံးကို ဖွင့်လိုက်တယ်။ ဘာမှမတွေ့ရဘူး။ ဘာလို့လဲဆိုတော့ မျက်နှာပေါ်ကသွေးတွေ ကျွန်မရဲ့ မျက်လုံးထဲ စီးလာလို့ပါ”လို့ အေရှာက ဆိုပါတယ်။ ခုတော့ အမေရိကန်နိုင်ငံ လော့စ်အန်ဂျလိစ်မှာ အခြေစိုက်တဲ့ Grossman Burnဖောင်ဒေးရှင်းက ထောက်ပံ့ကူညီမှုနဲ့ အေရှာအတွက် နှာခေါင်းတုလေး ဖန်တီးပေးလိုက်နိုင်တာပဲ ဖြစ်ပါတယ်။
 
နှာခေါင်းတုကိုတပ်ပြီး အများနဲ့ ပထမဆုံး ပြန်လည်တွေ့ဆုံရာမှာ အေရှာကို ကယ်လီဖိုးနီယား ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသားဟောင်း အာနိုးရှဝါဇင်ဂျာရဲ့ ဇနီးသည်ကပါ တက်ရောက်အားပေးခဲ့ပါတယ်။ အဲဒီဖောင်ဒေးရှင်း အဖွဲ့ဟာ ဩဂုတ်လတုန်းက အေရှာ ကဘူးလ်မြို့တော်ကနေ အမေရိကန်ကို ရောက်လာနိုင်အောင် ကူညီပေးခဲ့ပါသေးတယ်။ ဒေါက်တာ ပီတာဂရော့စ်မန်းက လောလောဆယ် နှာခေါင်းတုပဲ တပ်နိုင်သေးပေမယ့် အေရှာရဲ့ ဒုက္ခအတွက် ပိုပြီးခိုင်မာတဲ့ ဖြေရှင်းမှုတစ်ခု လုပ်ပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း ပြောသွားခဲ့ပါတယ်။ ဒေါက်တာပီတာရဲ့ ဇနီးဖြစ်သူ ရေဘက်ကာက “အေရှာဟာ မှန်ကြည့်တိုင်း ခြောက်ခြားခဲ့ရတဲ့ အဖြစ်ကြောင့် အမြဲလိုလို စိတ်အားငယ်နေရတာပါ။ ခုတော့ သူ့အတွက် ရယ်နိုင်ပြုံးနိုင်လာပါပြီ။ ဆယ်ကျော်သက် ကလေးမလေးတစ်ယောက်အတွက် တစ်ဘ၀လုံး ခြောက်ခြားနေရမဲ့ မမျှမတ စီရင်မှုကြီးကတော့ တကယ့်ကို စက်ဆုပ်စရာပါပဲ”လို့ တာလီဘန်တွေကို ရှုတ်ချပြောဆိုသွားခဲ့ပါတယ်။
http://www.dailymail.co.uk/news/article-1319804/Afghan-girl-Bibi-Aisha-nose-ears-hacked-Taliban-rule-gets-new-face.html 
 
တဆင့်= Planet News မှ ကူးယူဖော်ပြပါသည်။ 

No comments: