ကျမတို့ လေလံပွဲ
ရန်ငြိမ်းအောင်
ခမ်းမ မှောင်မှောင်မဲမဲ
ဒစ်စကိုမီးရောင်တွေ အံကျ
နားနဲ့ မဆန့် တဲ့အသံတွေ ပြုတ်ကျ...
ကျမ ဘ၀မှာ....
မျက်စိရှုပ်တယ်ဆိုတာ မရှိဘူး
နားကြားပြင်းကပ်တာ မရှိဘူး
ခြေကိုလှုပ် ၊ ခေါင်းကိုလှုပ်
စီးမျှောပစ်လိုက်
မေ့သွားတယ်..
မနက်က အမေတောင်းတဲ့ ဆန်ဖိုးကိုမေ့သွားတယ်...
အငယ်ကောင်တောင်းတဲ့ ကျောင်းအုပ်ဆရာမကြီးကို ကန်တော့ဖို့ မေ့သွားတယ်..
မေ့သွားတယ်..
အဖေတောင်းတဲ့ အရက်ဖိုးကို မေ့သွားတယ်..
မမေ့ သေးတဲ့ အရာတွေကို အတင်းမေ့ဖို့  မေ့သွားတယ်....
ဒါဟာ တဏှာ ကုန်စည်ပြပွဲတစ်ခုပေါ့ ..
အသွေးသား ကြော်ငြာ တစ်ချပ်ပေါ့...
ရာဂ လေလံတင်ပွဲ တစ်ခုပေါ့...
ကဲ အသွေးအသား စားပွဲထိုးတွေရေ...
ဝီစကီပြင်းပြင်းလေး တခွက်လောက်..
ဒေါ်အောင်ဆန်းစုကြည်ဆုံးဖြတ်ချက်..
မှားမှား၊ မှန်မှန် မပြောမိဘူး..
ကျမက ဥရောပက စကော်လာကျောင်းသားမှ မဟုတ်ပဲ...။
ဒီမိုကရေစီလား...
မသိဘူး....
အမေရိကကို ပရိုပိုဆယ်တင်မယ့် အထဲမှာမှ မပါပဲ....၊
စီးပွားရေးပိတ်ဆို့ မှုလား..
ကန့်ကွက် ၊ ကြိုဆို ဘာမှ မလုပ်ဘူး..
အီးဂရက် သင်တန်းဆင်းမှ မဟုတ်ပဲ...။
ဒုက္ခသည်မူဝါဒ၊ လွတ်လပ်တဲ့ အတွေး ..
ယဉ်ကျေးသော လူ့အဖွဲ့အစည်း..
နားမလည်ဘူး...
အောက်စ်ဖိုဒ်မှာ နှစ်နှစ်သင်တန်း တက်ပြီး
အန်ဂျီအိုရာထူးနဲ့  ဗမာပြည်ပြန်လာမယ့်..
ပညာရှင်မှ မဟုတ်ပဲ..။
အချုပ်အခြာ အာဏာ၊ ပြည်ထောင်စု မပြိုကွဲရေး ...
ငါးပိရည်လိုပဲ ငန်တူးနေသလား...
စီးပွားရေးလုပ်ငန်းတွေအားလုံး မောင်ပိုင်စီးထားတဲ့..
ဗိုလ်ချုပ်ကြီးတွေရဲ့မိသားစုဝင်တစ်ယောက်မှ မဟုတ်ပဲ...
ဘာမှမှ မဟုတ်ပဲ
ဘာဆိုဘာမှ မဟုတ်ပဲ...
ကျမဆုတောင်းက ......
ဒီတစ်ည ခိုနားဖို့ ရင်ခွင်တစ်ခု ရှိပါစေ....
အဲ့ဒီ့ ရင်ခွင်မှာ သူရာရည်တွေ စိုရွှဲ မနေပါစေနဲ့ ....
သားရိုင်းတိရိစ္တာန်တွေ သောင်းကျန်းမနေပါစေနဲ့ ....
တွန့်ကြေနေတဲ့ အိပ်ယာလေးပေါ်...
လူလိုသူလို ပျော်တော်ဆက်ခွင့်ရပါစေ...
ညနက်နက်နဲ့  အာရုဏ်ဦးကြားက
ငရဲခန်းမှာ ....
ကျမ တမှေးလောက်ဖြစ်ဖြစ် မှေးလိုက်နိုင်ပါစေ..
အမေ့ဆန်ဖိုး
အဖေ့အရက်ဖိုး......
ကျမ ကူသလောက်နဲ့ ...
လုံလောက်ပါစေ။
ရန်ငြိမ်းအောင်
အညာနွေတမာမြေမှ ကူးယူဖော်ပြသည်။
No comments:
Post a Comment