အစိုးရမြေရှင် စနစ် - ဖျက်သိမ်းကြလော့

 “အစိုးရမြေရှင်စနစ် - ဖျက် သိမ်း ကြ လော့” 

မိတ္ထီလာ - NLD - မြင့်မြင့်အေး

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ကြီးများက တောင်သူလယ်သ္မားအရေး ဆောင်ရွက်တော့မဲ့ မီဒီယာသတင်းက တောင်သူလယ်သ္မားဦးကြီးများကို အားတက်စေတယ်။ လယ်သမား အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်အမိန့်ခံထားတဲ့ သတင်းကလည်း အားကိုးရာမဲ့ တောင်သူလယ်သမားများရဲ့ မျှော်လင့်ချက် ရောင်ခြည်ဦးပေပဲလားလို့ပါ။

“ပီသတဲ့ တပ်ဦးပါတီ”

ဒီ/ချုပ် NLD က တောင်သူလယ်သမားအရေး ဘယ်မူဝါဒလမ်းစဉ်နဲ့ ဆောင်ရွက်မယ်ဆိုတာတော့ မသိရသေးပါဘူး။ တောင်သူလယ်သ္မားတွေရဲ့ နစ်နာမှု၊ မတရားခံနေရမှုများကို ရှေ့ဆောင်ရှေ့ရွက် ဆောင်ရွက်ပေးတာလည်း ရှိရမှာပါဘဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို တပ်ဦးပါတီကြီးတရပ်အနေနဲ့ တောင်သူလယ်သမားအရေး ဒီမျှလောက်နဲ့တော့ မလုံလောက်သေးပါဘူး။ လယ်ယာမြေလမ်းစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်မှသာ တောင်သူလယ်သမားအရေးကို ဦးဆောင်ပါတီတစ်ရပ်က တာဝန်ထမ်းဆောင်တာ ပီပြင်ပါလိမ့်မယ်။

“မြေယာစနစ် (၃) ရပ်”

လယ်ယာမြေစနစ်ဟာ(၃) ရပ်ရှိပါတယ်။
(၁)ပဒေသရာဇ် မြေရှင်စနစ်
(၂)ဆိုရှယ်လစ် မြေယာစနစ်
(၃)အရင်းရှင် မြေယာစနစ် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပဒေသရာဇ်မြေရှင်စနစ်ကတော့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးရဲ့ နယ်ချဲ့ပဒေသရာဇ် ဆန့်ကျင်ရေး မဟာဗျူဟာအရ အပြီးသတ်ဖျက်သိမ်းပြီးဖြစ်တယ်။ ဖ.ဆ.ပ.လ အစိုးရက လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေပြဌာန်းပြီး လယ်လုပ်သူလယ်ပိုင်ရေး လမ်းစဉ်အရ တောင်သူလယ်သ္မားများအား ပုဂ္ဂလိကပိုင် မြေယာခွဲဝေပေးပြီးဖြစ်တယ်။

“လယ်သမားအစိုးရတဲ့”

နိုင်ငံတော်အာဏာကို ၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်း စစ်တပ်က သိမ်းယူလိုက်တယ်။ တော်လှန်ရေးကောင်စီအစိုးရလို့ ကြေငြာတယ်။ စစ်ကောင်စီအစိုးရက တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေး-ဥပဒေ ပြဌာန်းကြေငြာတယ်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ တောင်သူလယ်သမားများထံက လယ်ယာမြေများ လယ်ယာလုပ်ဖက်ကရိယာဖြစ်တဲ့ ကျွဲနွားများကိုသိမ်းယူခြင်း၊ မပြုရလို့ဖြစ်တယ်။ နှစ်စဉ်တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကြီးများကျင်းပပြီး တောင်သူလယ်သ္မားအရေးများ ဆွေးနွေးတယ်။ တောင်သူလယ်သ္မား ‘ငဘ’ များလို့ခေါ်ဝေါ်သုံးစွဲနေတာကို တောင်သူလယ်သ္မားဦးကြီးများလို့ ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင် တင်စားခေါ်ဝေါ်တယ်။ တော်လှန်ရေးကောင်စီအစိုးရဟာ တောင်သူလယ်သ္မားအစိုးရဖြစ်လို့ ၁၉၆၂-ခုနှစ် မတ်လ (၂)ရက် - စစ်တပ်ကအာဏာသိမ်းတဲ့နေ့ကို တောင်သူလယ်သ္မားနေ့လို့သတ်မှတ်လိုက်တယ်။ နှစ်စဉ် တောင်သူလယ်သ္မားနေ့ အခမ်းအနားများကျင်းပပါတယ်။




“အစိုးရမြေရှင်စနစ်”


မြန်မာနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံထူထောင်ရန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မဆလ (National Socialist Party) ဖွဲ့စည်းတယ်။ ၁၉၆၄-ခု မတ်လ ၂၈ရက်နေ့ နိုင်ငံရေးပါတီများ ဖျက်သိမ်းလိုက်ပြီး မဆလ တစ်ပါတီစနစ်ထူထောင်တယ်။ ဒီမှာ အမျိုးသားဆိုရှယ်လစ်သဘောသဘာဝအတိုင်း လယ်လုပ်သူလယ်ပိုင်ရေးဟာ တိုက်ပွဲကြွေးကြော်သံဖြစ်တယ်။ အခုလယ်သ္မားအစိုးရဖြစ်လို့ လယ်လုပ်သူလယ်ပိုင်ရေး မလိုအပ်တော့ဘူး။ လယ်လုပ်သူလယ်လုပ်ခွင့်ရရေး ဥပဒေပြဌာန်းတယ်။ အစိုးရမြေရှင်စနစ် ထူထောင်လိုက်တယ်။ တောင်သူလယ် သ္မားတို့ရဲ့ ပုဂ္ဂလိကမြေယာပိုင်ဆိုင်ခွင့်ကို ဖျက်သိမ်းလိုက်တယ်။ လယ်ယာမြေအားလုံးအစိုးရကပိုင်တယ်။ လယ်ယာအလုပ် လုပ်ကိုင်တဲ့ တောင်သူလယ်သမားများဟာ အစိုးရရဲ့ မြေကျွန်တွေဖြစ်လာတယ်။ ဆိုရှယ်လစ် နိုင်ငံတွေမှာ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အစိုးရကသိမ်းယူတာမရှိဘူး။ ပုဂ္ဂလိကပိုင်ဆိုင်ကြတဲ့ တောင်သူလယ်သ္မားတွေ စုပေါင်းပိုင်ဆိုင်တဲ့ ဘုံလယ်ယာမြေ တည်ဆောက်တာဘဲ ရှိပါတယ်။


“အမြတ်ကြီးစား”


မဆလအစိုးရက အစိုးရမြေရှင်စနစ် ထူထောင်လိုက်တဲ့ အဓိကအကြောင်းဟာ တောင်သူလယ်သ္မားများ
ထံမှသီးနှံကို အစိုးရက သူကြိုက်တဲ့ဈေးနဲ့ သူဖြတ်တဲ့ဈေးနဲ့ ဝယ်မရတဲ့အချက်က အခြေခံအချက်ဖြစ်တယ်။ အစိုးရဖြတ်ဈေးက လယ်ယာစိုက်ပျိုးကုန်ကျတဲ့ စရိပ်ကိုမကာမိဘူး။ ဒါ့ကြောင့် တောင်သူလယ်သမားတွေက အကြီးအကျယ်အရှုံးပေါ်နေလို့ အစိုးရကို ရောင်းမပေးနိုင်တာပါ။ အစိုးရကလည်း နိုင်ငံခြားသို့ရောင်းချရာမှာ အမြတ်များများရရှိရေးအတွက် စပါးဈေးနှုံးကိုကန့်သတ်ဝယ်ယူတာပါ။ ဒီနေရာမှာ အလျဉ်းသင့်လို့တင်ပြရရင် စက်မှုထွန်းကားတဲ့ ဂျပန်ပြည်မှာဆိုရင် လယ်သမားမျိုးရိုးမတိမ်ကောအောင် လယ်သမားသားသမီးထဲက အနဲဆုံးတဦးကတော့ လယ်ယာအလုပ်ကို လုပ်ကြရပြီး ထွက်ကုန်ဆန်စပါးကိုလည်း ကမ္ဘာ့ပေါက်ဈေးထက်ဈေးပိုပေးပြီး ဂျပန်အစိုးရက ဝယ်ယူခြင်းဖြင့် ဂျပန်တောင်သူတွေရဲ့ဘဝကို တိုးတက်အောင် ထိန်းကျောင်းပေးတယ်လို့ လေ့လာသိရှိရပါတယ်။


“ပိုဆိုးတဲ့ မြေရှင်”
မြန်မာပြည်မှာ အစိုးရမြေရှင်စနစ်ထူထောင်ပြီး အစိုးရက တောင်သူလယ်သမားများထံမှ ကန့်သတ်ဈေးနဲ့ တစ်ဧက သွင်းရမဲ့တင်းအရေအတွက်နဲ့ တာဝန်ကျေစပါးသီးနှံအဖြစ် သီးစားခကို လယ်သမားကပေးသွင်းရတယ်။ အစိုးရသတ်မှတ်ပေးတဲ့ သီးနှံကိုစိုက်ပျိုးရတယ်။ သီးနှံရောင်းဝယ်မှု၊ သယ်ယူမှု၊ ကြိတ်ခွဲမှု၊ သိုလှောင်မှုများကိုလည်း အစိုးရကကန့်သတ်ထားတယ်။ ယ္ခင်မြေရှင်စနစ်ထက်ပိုဆိုးတဲ့ မြေရှင်စနစ်ပါ။


“အချုပ်နဲ့ သီးစားခတောင်းခံ”


တောင်သူလယ်သမားတို့က ရာသီဥတုကြောင့်၊ အခြားအကြောင်းကြောင်းကြောင့်၊ သီးနှံမရလို့ တာဝန် ကျေသီးစားခကို အပြင်မှဈေးကြီးပေးဝယ်ယူပေးသွင်းရပါတယ်။ မပေးသွင်းနိုင်ရင် ပေးသွင်းနိုင်တဲ့အထိ မိမိစရိပ်နဲ့မိမိ (အိမ်ကအချုပ်ကို ထမင်းပို့ပေးရတာပါ။) ချုပ်နှောင်ထားခြင်းကိုခံရပါတယ်။ ကျန်ခဲ့တဲ့မိသားစုက ကျွဲနွားရောင်းချ ချေးငှားရှာဖွေပြီး တာဝန်ကျေသီးနှံသွင်းပါမှ အချုပ်ကလွှတ်ပေးတာပါ။ နောက်-လယ်ယာမြေ လုပ်ပိုင်ခွင့်ရုတ်သိမ်းခံရတယ်။ တောင်သူလယ်သမားများ လယ်ယာဆက်လက်လုပ်ခွင့် မရတော့ပါဘူး။


“ဘိတ်ချိတ် ဆန်ရောင်းနိုင်ငံ”
လယ်ယာမြေပုဂ္ဂလိကပိုင်ဆိုင်ခွင့်မရှိတော့ စိုက်ပျိုးခွင့်ရသူတို့က လယ်ယာမြေပြုပြင်ခြင်းမရှိတော့လို့ လယ်ကော၊ လယ်ရိုင်းတွေဖြစ်လာတယ်။ အစိုးရမြေရှင်စနစ်ကြောင့် ကျွမ်းကျင်တောင်သူလယ်သမားများ လယ်ယာစွန့်ခွါသွားကြတဲ့အတွက် ဆန်စပါးထွက်နှုံးကျဆင်းပြီး ကမ္ဘာမှာ ဆန်စပါးတင်ပို့ရောင်းချတဲ့ နံပါတ်တစ်နိုင်ငံအဖြစ်မှ လျှောကျခဲ့ရတာလည်းဖြစ်ပါတယ်။ တောင်သူလယ်သမားမျိုးဆက်ဟာလည်း လယ်ကူလီဘဝ ရောက်ရပါတော့တယ်။


“စနစ်မပြောင်း”


၁၉၈၈ - ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာပါတယ်။ စစ်တပ်က မဆလအစိုးရရဲ့ အာဏာကို သိမ်းယူပြီး တပ်မတော်အစိုးရ နဝတဖြစ်လာတယ်။ နဝတအစိုးရက “ပါတီစုံစနစ်ခွင့်ပြုမယ်။ ရွေးကောက်ပွဲ ကျင်းပပေးမယ်။ ဆိုရှယ်လစ်စနစ်ဖျက်သိမ်းတယ်။ ဈေးကွက်စီးပွါးရေးစနစ် ထူထောင်မယ်။ ရွေးကောက်ပွဲပြီးရင် အနိုင်ရပါတီကို အာဏာအပ်မယ်။ တပ်မတော်က စစ်တန်းလျားပြန်မယ်လို့ ကြေငြာတယ်။” ကြေငြာထားတဲ့ အတိုင်း ဆိုရှယ်လစ်စီးပွါးရေးစနစ် ဖျက်သိမ်းထားပါပြီ။ ဈေးကွက်စီးပွါးရေးစနစ်လည်း ကျင့်သုံးနေပါပြီ။ ဒါပေမဲ့ ဆိုရှယ်လစ်လယ်ယာမြေဥပဒေတွေ မဖျက်သိမ်းဘဲ တောင်သူလယ်သမားများအပေါ် ဆက်လက်ကျင့်သုံး နေပါတယ်။

“မြေကျွန်ဟာမြေကျွန်ပဲ”



တောင်သူလယ်သမားတွေဟာ နဝတ နအဖ တည်ဆောက်နေတဲ့ ဈေးကွက်စီးပွါးရေးစနစ်ကို မခံစားကြရပါဘူး။ အစိုးရမြေရှင် စနစ်အောက်မှာ မြေကျွန်ပဲဖြစ်နေရဆဲပါ။


“အရင်းရှင်မြေယာစနစ်ကျင့်”


ဈေးကွက်စီးပွါးရေးဆိုတာ အရင်းရှင်စီးပွါးရေးစနစ် (သို့) ဒီမိုကရေစီစီးပွါးရေးစနစ်ဖြစ်ပါတယ်။ ဒီစနစ်အောက်မှာ လယ်ယာမြေစနစ်ဟာလည်း အရင်းရှင်လယ်ယာမြေစနစ် (သို့) ဒီမိုကရေစီ လယ်ယာမြေစနစ် ဖြစ်ရပါမယ်။


ဒီမိုကရေစီ လယ်ယာမြေစနစ်ဆိုတာ မြေယာပိုင်ဆိုင်မှုကို ဆိုရှယ်လစ်လယ်ယာမြေစနစ်လို ကန့်သတ်မှု မရှိရပါဘူး။ လွတ်လပ်စွာပိုင်ဆိုင်ခွင့်၊ ရောင်းဝယ်ခွင့်၊ လွှဲပြောင်းခွင့်၊ ရောင်းချခွင့်၊ စိုက်ပျိုးခွင့်၊ သိုလှောင်ခွင့်၊ ကြိတ်ခွဲခွင့်၊ သယ်ယူခွင့် ရှိတဲ့စနစ်ပါ။ အစိုးရက တောင်သူလယ်သမားများ ပိုင်ဆိုင်မှုနဲ့ လုပ်ငန်းခွင်ကို ဥပဒေအရ အကာအကွယ်ပေးရမှာ ဖြစ်ပါတယ်။ အဓိကက ကုန်ပိုမိုထွက်ရှိရေးပဲဖြစ်တယ်။

“ဈေးကွက်လယ်ယာ”



ဆိုရှယ်လစ်စနစ်ဖျက်သိမ်းပြီးပါပြီ။ ဆိုရှယ်လစ်လယ်ယာမြေစနစ်လည်း ဖျက်သိမ်းရပါမယ်။ ဈေးကွက် စီးပွါးရေးစနစ်မှာ “အရင်းရှင်လယ်ယာမြေစနစ် (သို့) ဒီမိုကရေစီလယ်ယာမြေစနစ်” ထူထောင်ရပါမယ်။

“ဘာစနစ်လဲ?”

လက်ရှိကျင့်သုံးနေတဲ့ မြေယာစနစ်ဟာ ဆိုရှယ်လစ်မြေယာစနစ်လားလို့မေးရင် အဖြေက - အင်း ….. ဟင့်အင်းလို့ ဖြေရပါမယ်။
ဈေးကွက်-အရင်းရှင် လယ်ယာမြေစနစ်လားလို့ မေးရင်လည်း အဖြေက - အင်း …… ဟင့်အင်း ပါဘဲ။

“အခံရဆုံးလယ်သမား”



လက်ရှိတောင်သူလယ်သမားတွေအပေါ် ကျင့်သုံးနေတာက ဆိုရှယ်လစ်ဥပဒေပါ။ ဒီဥပဒေကို ဖျက်သိမ်းခြင်းမရှိသေးပါဘူး။ “လယ်လုပ်သူ လယ်လုပ်ခွင့်ရရေး” အစိုးရမြေရှင်စနစ်ပါဘဲ။ တောင်သူလယ်သမားတွေရဲ့ မြေယာတွေကို စစ်တပ်တိုးချဲ့လို့ စစ်စခန်းစစ်မြေပြင်အဖြစ်သိမ်းတယ်။


တပ်ရိက္ခာ စိုက်ပျိုးရေး အတွက်သိမ်းတယ်။ မြို့သစ်တည်ဖို့၊ လမ်းဖောက်ဖို့၊ လေယဉ်ကွင်းလုပ်ဖို့၊ ဆည်မြောင်းတည်ဆောက်ဖို့၊
စက်ရုံဆောက်ဖို့၊ အစိုးရ မွေးမြူရေး-စိုက်ပျိုးရေးလုပ်ဖို့၊ သကြားစက်အတွက် ကြံစိုက်ပျိုးဖို့၊ ကုမ္ပဏီတွေချထားပေးဖို့၊ သိမ်းယူပါတယ်။ လျော်ကြေးပေးတာမရှိပါဘူး။ ယတြာချေ၊ ဘုရားတည်ဖို့ အခါပေးဘုန်းကြီးက သိမ်းတယ်ဆိုတဲ့အထိ သတင်းတွေ ကြားနေရပါတယ်။

“ချစ်တီးမဟုတ်တဲ့မြေရှင်”



သူဌေးတွေ ၊ ကုမ္ပဏီတွေ ၊ အာဏာပိုင်အသိုင်းအဝိုင်းတွေက မြေဧကအမြောက်အများကို နည်းမျိုးစုံနဲ့ ပိုင်ဆိုင်နေပြန်တယ်။ ဘာစိုက်ပျိုးရေးအတွက်ချပေးတယ်။ သီးနှံပိုမိုထွက်ရှိဖို့ လယ်သမားထံမှသိမ်းဆည်းပြီး ကုမ္ပဏီကိုချပေးတယ်။ ရေနက်ကွင်းဖော်ထုတ်ဖို့ ချပေးတယ်ဆိုတာတွေနဲ့ ပိုင်ဆိုင်ခွင့်အမြောက်အများပေးထားတာဟာ ဈေးကွက်စီးပွါးရေး ၊ အရင်းရှင်လယ်ယာမြေစနစ်နဲ့ အကြုံးဝင်ပြန်ပါရော။ ဒီမှာပိုဆိုးတာက အဲဒီမြေယာ အမြောက်အများ ပိုင်ဆိုင်ထားသူတွေဟာ ကုန်ပိုမိုထွက်ရှိအောင် ထုတ်လုပ်ကြတာမဟုတ်ဘူး။ သူတို့ကိုယ်တိုင် လယ်လုပ်တာမဟုတ်ပဲ ၊ မြေရှင်စနစ်ကျင့်သုံးခဲ့တဲ့ တစ်ဧကစပါးဘယ်နှစ်တင်းနှုံးပေးရမယ်လို့ သီးစားချထားတာ တွေပဲဖြစ်တယ်။ ခေတ်စကားနဲ့ဆိုရင်တော့ “မှောင်ခိုမြေရှင်စနစ်” ပေါ်နေပြီလို့ ဆိုရမှာပါ။ ဥပမာ - ရေနက်ကွင်း ဖော်ထုတ်ရေး လယ်ကွင်းကြီးတခုလုံးကိုသိမ်းယူပြီး ကုမ္ပဏီတခုကိုချထားပေးလိုက်တယ်။ အဲဒီကုမ္ပဏီက ဟန်ပြ ရေနက်ကွင်းဖော်ထုတ်တယ်။ ရေနက်ကွင်းဆိုပေမဲ့ တစ်ကွင်းလုံးရှိ မြေယာအားလုံးရေနစ်တာ မဟုတ်ဘူး။ ရေမနစ်တဲ့ လယ်ယာတွေကို မူလလုပ်ကိုင်နေသူ တောင်သူလယ်သမားတွေက လုပ်ကိုင်တယ်။ အဲဒါ ဒီကုမ္ပဏီက သူရထားတဲ့ လုပ်ပိုင်ခွင့် အမိန့်စာရွက်နဲ့ ဒီတောင်သူလယ်သမားတွေထဲက တစ်ဧက စပါး ၁၅ တင်းနှုံးနဲ့ သီးစားခတောင်းခံရယူနေတာမျိုးတွေလည်း ဖြစ်ပေါ်နေပါတယ်။

“စနစ် (၃) ရပ်နဲ့ဖိ”



ဒီခေတ်မှာ တောင်သူလယ်သမားတွေဟာ မြေရှင်ပဒေသရာဇ်စနစ် ၊ ဆိုရှယ်လစ်မြေယာစနစ် ၊ အရင်းရှင်မြေယာစနစ်၊ ဒီစနစ်(၃)မျိုးအောက်မှာ ဘဝပျက်အောင် အဆိုးဝါးဆုံးခံစားနေကြရတယ်။ လယ်သမား လူတန်းစား ပျောက်ကွယ်တော့မှာလားလို့ ယူဆရတယ်။ ဒါ့ကြောင့် တောင်သူလယ်သမားအကျိုး ဘာဘာညာညာ လုပ်ပေးပါမယ်လို့ မက်လုံးပေးပြောဟောကြေငြာယုံနဲ့ တောင်သူလယ်သမားအကျိုး တကယ်လုပ်ပေး ရာမရောက်ပါဘူး။တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ မြန်မာပြည်သူလူထုရဲ့ ၈၀%လောက်ရှိတဲ့ တောင်သူလယ်သမား တွေကို ဖွံ့ဖြိုးအောင်လုပ်ပေးနိုင်ပါမှ တောကချမ်းသာမှ မြို့ကချမ်းသာမှာ။ အမှန်တကယ်တိုင်းပြည်တိုးတက်မှာလို့ ခံယူမိတယ်။


“လယ်သမားအကျိုးလုပ်မှာလား”


တပ်မတော်အစိုးရ (နဝတ၊ နအဖ) ကြေငြာထားတဲ့ ဈေးကွက်စီးပွါးရေးစနစ်(အရင်းရှင်စီးပွါးရေးစနစ်) အရ တောင်သူလယ်သမားအရေးအတွက် အရင်းရှင်လယ်ယာမြေစနစ်၊ ဒီမိုကရေစီလယ်ယာမြေစနစ်၊ ပီပီပြင်ပြင်ဖြစ်လာရန် မူဝါဒလမ်းစဉ်တစ်ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာ တောင်သူ လယ်သမားကိုယ်စားပြု နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်အဖြစ် အသိအမှတ်ပြုနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။


မိတ္ထီလာ - NLD - မြင့်မြင့်အေး ။


အညာနွေတမာမြေမှ ကူးယူဖော်ပြသည်။

No comments: