မလုံစကောင်း လုံစကောင်း (အပိုင်း- တစ်)
ကိုပေါက် (မန္တလေး)
ဟိုနေ့ကအိမ်မှာ တီဗွီစင်ဘေးနားက ကဒ်ထူပုံးထဲမှာ ထည့်ထားတဲ့ ရုပ်ရှင်ခွေတွေ၊ သီချင်းခွေတွေ ခွေပေါင်းစုံကို ပျင်းပျင်းရှိတာနဲ့ မွှေကြည့်နေရင်းက မထူးပါဘူးဆိုပြီး မကြည့်ချင်တော့တဲ့ ခွေတွေကို သိမ်းဘို့ လုပ်နေပါတယ်။ အဲဒီထဲကနေ ဘာအမှတ်အသားမှ မပါတဲ့ခွေလေးတစ်ခွေကို တွေ့တော့ ဘာခွေလဲဆိုတာကို သိရအောင် စက်ထဲကို ကောက်ထည့်လိုက်ပါတယ်။ ဖြစ်ချင်တော့ ဗိုလ်ထီး အခွေလေးဖြစ်နေပါတယ်။ နားထောင်ကောင်းကောင်းနဲ့ ဆက်ဖွင့်ထားလိုက်တာ " ကိုယ်တယောက်ထဲကြောင့်တော့ မဟုတ်ဘူး" ဆိုတဲ့ သီချင်းလေးရောက်လာတော့ ကြိုက်တာနဲ့ သီချင်းဆုံးတော့ နောက်တခေါက်ပြန်ဖွင့်လို့ နားထောင်မိပါတယ်။ အဲလိုနောက်တခေါက် နားထောင်မိတဲ့အခါမှာ (ခေါင်မိုးကမလုံတော့ -------------------) ဆိုတဲ့ စာသားလေးက နားထဲမှာ ပဲ့တင်ထပ်နေပါတယ်။
ပြီးခဲ့တဲ့ လေးငါးရက်လောက်တုန်းက ကိုဝင်းမောင်ဆိုတဲ့ မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ တရုတ်နယ်စပ်မှာ စာရင်းကိုင်လုပ်နေတယ်ဆိုတဲ့ သူ့သားလေးအကြောင်းမေးကြည့်တော့ အံ့ဖွယ်သုတတစ်ခုကို ကြားလိုက်ရပါတယ်။ လုပ်ငန်းတစ်ခုက နယ်မှာနေဘို့အတွက် စာရင်းကိုအလိုရှိသည်ဆိုပြီး သတင်းစာထဲမှာ လျှောက်လွှာခေါ်တာကို တွေ့တဲ့အခါ ကိုဝင်းမောင်သားကလဲ LCCI Level (3) အောင်ပြီးသားဆိုတော့ ဝင်လျှောက်တာ သူ့ကို အလုပ်ခန့်လိုက်ပါတယ်။ သူ့ကို ခန့်လိုက်တဲ့ အလုပ်ကတော့ မိတ်ဆွေတစ်စုက ရှယ်ယာတွေထည့်လို့ တရုပ်ပြည်ဘက်ရယ်၊ မန္တလေးရယ်၊ ရန်ကုန်ရယ်မှာ ရုံးခန်းတွေဖွင့်ပြီး အရောင်းအဝယ်လုပ်ကြမယ်ဆိုတဲ့ လုပ်ငန်းမှာပါ။
သူနဲ့ ရှယ်ယာဝင်တစ်ယောက်က တရုတ်ပြည်နယ်စပ် ကျယ်ဂေါင်ထဲမှာ သွားနေပြီး မန္တလေးဘက်က ပို့လာတဲ့ ကောက်ပဲသီးနှံ (ကင်းလွတ်ကုန်ပေါ့) ကို တရုတ်ပြည်ဘက်ကိုရောင်းမယ်။ တရုတ်ပြည်ဘက်ကနေ မြန်မာပြည်မှာ ပြန်ရောင်းလို့ တွက်ခြေကိုက်မယ်ထင်ရတဲ့ ကုန်တွေကို ပြန်သွင်းပြီး ရန်ကုန်အထိပို့မယ်ပေါ့။ မြန်မာ့ပြည်ဘက်ကနေ တရုတ်ပြည်ဘက်ကို ကုန်ပို့တာကတော့ ရှင်းပါတယ်။ ကားခက တပိဿာ ဘယ်လောက်နှုန်းဆိုတာ တွက်ပြီး တင်လိုက်ရုံဘဲ။ ရောက်လာတဲ့ ပစ္စကိုလည်း မြန်မာငွေနဲ့ ရောင်းရတယ်ဆိုတော့ သိပ်အလုပ်မရှုပ်ဘူးလေ။ တရုပ်ပြည်ဘက်ကျတော့ မြန်မာပြည်ထဲကို ပစ္စည်းတင်သွင်းမယ်ဆိုလဲ (အန်းနင်း) လို့ခေါ်တဲ့ အိတ်စ်ပို့တင်ခွင့်လက်မှတ် ဘာညာကွိကွတွေ ရှိရပါတယ်။ ဒီတော့လဲ ကိုယ်တင်ချင်တဲ့ ပစ္စည်းအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေမရှိရင် ဝယ်ပြီးတရားဝင်တင်ခွင့်ရအောင် လုပ်ရပါတယ်။ ဒီကိစ္စတွေကို ဆောင်ရွက်ပေးတဲ့ အကျိုးဆောင်တွေကလည်း သူဟာနဲ့သူရှိပြီးသားပါ။ (အန်းနင်း) ဝယ်ရတဲ့ ပေါက်ဈေးကလဲ တစ်ရက်နဲ့ တစ်ရက်မတူဘဲ အခြေအနေအရပ်ရပ်ပေါ်မှာ မူတည်လို့ တက်လိုက်ကျလိုက်ပါဘဲ။ နောက် အဲဒီမှာက တရုတ်ငွေ (ယွမ်) နဲ့ဘဲ ရောင်းကြဝယ်ကြပါတယ်။ ဒီဘက်မှာက တရုတ်ငွေနဲ့ဝယ်တယ်။ ဟိုဘက်မှာက မြန်မာငွေနဲ့ ရောင်းတယ်ဆိုတော့ ဒီဘက်မှာသုံးဘို့အတွက် မြန်မာအခေါ် (ငွေဈေး) တရုတ်အခေါ် (ချန်းစွေ) (မြန်မာငွေတစ်ရာကို တရုတ်ငွေ ယွယ်ဘယ်နှစ်ပြား) ဆိုတဲ့ သတ်မှတ်ချက်နဲ့ တိုင်းတာလို့ လဲကြရပါတယ်။ ဒီအတက်အကျမှာ မှန်ကန်စွာ မစီးမျောနိုင်ဘူး မလုပ်နိုင်ဘူးဆိုရင် ခံရတာဘဲ။
ဒီဘက်နဲ့ အရောင်းအဝယ် လုပ်ကြတဲ့သူတွေရဲ့ အရှုံးအမြတ်က ဒါတွေအပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့်လဲ မနက်မိုးလင်းတာနဲ့ (ဒီနေ့ ငွေဈေးက ဘယ်လောက်၊ အန်းနင်းဈေးက ဘယ်လောက်) ဆိုတာကို သိအောင်ကြိုးစားရပါတယ်။ အဲဒီမှာ စအလုပ်လုပ်စကတော့ နေ့စဉ်သုံးစွဲတဲ့ငွေကြေးအတွက် ဝယ်တာရောင်းတာတွေအတွက် သူနဲ့အတူနေ့တဲ့ ပိုင်ရှင်က ပြောတဲ့အတိုင်း စာရင်းထည့်ပေးပါတယ်။ တစ်ပါတ်တစ်ခါ အသုံးစားရိတ်ရှင်းတမ်းတွေကို တစ်ပါတ်တစ်ခါ ကားဂိတ်ကနေ တဆင့် မန္တလေးကို ပို့ပေးရပါတယ်။ ဒါပေမဲ့ သူနေတာ လေးငါးလလောက်ရောက်လာတဲ့အချိန် သူငွေဈေး အန်းနင်းဈေးတွေကို နားလည်လာတဲ့အချိန်မှာ သူသိလာရတာကတော့ သူ့ပိုင်ရှင်က နေ့စဉ်စာရင်းသွင်းပြီး ထည့်ခိုင်းတဲ့ စာရင်းထဲက ဈေးတွေက လက်ရှိပေါက်ဈေးမဟုတ်ဘူး ဈေးတွေက မမှန်ဘူးဆိုတာကို သိလာရပါတယ်။ သူ့အတွက် တကွက်ချန်ထားပြီး ထည့်ခိုင်းတဲ့ဈေးတွေဆိုတာ သိလာပါတယ်။ အဲဒီအချိန် တရုပ်ငွေ တစ်ကျပ်ဆိုရင် မြန်မာငွေ တစ်ရာ့ငါးဆယ် ပတ်ဝန်းကျင်လောက်ရှိတာကိုး။ သူတို့တစ်ရက်လုပ်တဲ့ ပမာဏက နေ့စဉ်သိန်းရာကြီးဂဏန်းအထက်မှာ ရှိတာကိုး။ ဒါကြောင့် ငွေလဲတာဖြစ်ဖြစ် အန်းနင်းဝယ်တာဖြစ်ဖြစ် တစ်ပြားကွာရင်ကို မြန်မာငွေ အများကြီးကွာသွားတာကိုး။
သူအစက မှားတယ်ထင်လို့ ပြောကြည့်ပါတယ်။ သူ့ပိုင်ရှင် သူ့ကို (တယ်ရှည်ပါလား) ဆိုတဲ့ လေသံနဲ့ ပြန်ပြောတာကို တစ်ခါမက ခံလာရတဲ့အချိန်မှာ ပိုင်ရှင်က သူ့ရှယ်ယာရှင်တွေအပေါ်မှာ မရိုးသားတော့ဘူးဆိုတာကို သေသေချာချာ သိလာပါတယ်။ အဲဒါတွေရဲ့ နောက်ဆက်တွဲကတော့ ထည့်ခိုင်းတဲ့ဈေးတွေ မမှန်ဘူးဆိုတာ သိလာတဲ့ ဝန်ထမ်းတွေကလည်း နေ့စဉ် အသုံးစရိတ်တွေမှာ သူတို့လုပ်ကိုင်ဆောင်ရွက်ရတဲ့အခါ သုံးစွဲလာတဲ့ စရိတ်တွေက လိုတာထက် ပိုနေတာကို တွေ့ရပါတယ်။ သူတို့ကို မေးလိုက်ရင် ပိုင်ရှင်ကို ပြောပြီးသား ဆိုပြီး ပြန်ပြန်ပြောတော့ သူလဲဘာမှ နောက်မပြောတော့ဘူး။ ဒါပေမဲ့ သူနဲ့အတူနေတဲ့ ပိုင်ရှင်ကိုတော့ သူတို့တက်လာတဲ့ စာရင်းတွေကို အမြဲပြပေးပါတယ်။ သူကကြည့်ရုံသာကြည့်ပြီး ဘာမှမပြောပါဘူး။ အဲဒီအချိန်မှာဘဲ အခြားဘက်ရှယ်ယာရှင်တွေက (ငွေဈေး- အန်းနင်းဈေး) ကို နည်းတယ်များတယ်ဆိုတာကို အသုံးစားရိတ်တွေကို လျှော့ပါဆိုပြီး နည်းနည်းလေး ဝေဖန်တဲ့အသံထွက်လာတဲ့အခါမှာ သူလဲ အဲဒီအလုပ်က ထွက်လိုက်ပါတယ်။ ဒါလေးက ခေါင်မိုးမလုံတဲ့ ဇာတ်လမ်း အမှတ်တစ်ပေါ့။
ဒါကတော့ ကျနော့်မိတ်ဆွေတစ်ယောက် ပြောပြလို့ သိလိုက်ရတာပါ။ တစ်ခါက ဆိုင်တစ်ခါမှာ အရောင်းစာရေးမ လုပ်တဲ့ ကောင်မလေးအပါအဝင် သုံးယောက်ကို ဆိုင်က ရောင်းကြေးငွေတွေကို အုပ်စုဖွဲ့ပြီး ယူလို့ဆိုပြီး သက်ဆိုင်ရာ ရက်ကွက်ရုံးကို ခေါ်လာပါသတဲ့။ အဲဒီဆိုင်က အထည်အလိပ်တွေ လက်လီလက်ကားဖြန့်တဲ့ဆိုင်ဆိုတော့ လူလဲရှုပ်သလို တစ်နေ့တစ်နေ့ရောင်းကြေးကလဲ တော်တော်လေးများပါတယ်။ ပိုင်ရှင်ရဲ့ ညီမလေးက (မနက်ပိုင်းက ကုန်သည်တစ်ယောက်ကလာပေးတဲ့ ပိုက်ဆံဆယ်သိန်းတစ်စီးကို အရောင်းကောင်မလေးက လက်ခံပြီး သူတို့နောက် ပိုက်ဆံထည့်တဲ့ သံပုံးထဲကို ထည့်သံကြားလိုက်ပါသတဲ့။ နောက် နေ့လည် တစ်နာရီလောက်ကြာတော့ ကန်လာသွင်းတဲ့ ကုန်သည်တစ်ယောက်ကို ငွေရှင်းမယ်လုပ်တော့ ဆယ်သိန်းစည်းရှာတာ မတွေ့တော့ပါဘူးတဲ့။ ရောင်းရငွေတွေဘဲဖြစ်ဖြစ် အကြွေးလာဆပ်တာဘဲဖြစ်ဖြစ် သူတို့နောက်က သံပုံးထဲကိုထည့်ပါတယ်။ နောက် သူများကို ပေးစရာရှိတယ်ဆိုရင်လဲ အဲဒီထဲကပဲ ယူပေးလိုက်ပါတယ်။ အဲဒီထဲက ငွေကို စာရင်းမှတ်ထားတာ မရှိပါဘူး။ သူတို့က ဒီဆိုင်မှာလုပ်တာ သုံးနှစ်လောက်ရှိပြီဆိုတော့ ယုံကြည်တာလဲ ပါပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်လသုံးလလောက်ကစပြီး ဆိုင်က ရောင်းလဲရောင်းရတယ် ရစရာအကြွေးတွေကလဲ ပုံမှန်လာပေးနေရဲ့သားနဲ့ ငွေသားလက်ကျန်က နည်းနည်းလာလို့ သတိထားကြည့်မိလို့ အခိုလိုသူတို့ ယူတာကို မိတာပါ) လို့ စီကာပတ်ကုံး ပြောပြပါတယ်။
သူတို့ကိုမေးတော့ ယူတာ ဟုတ်တယ်လို့ ဝန်ခံပါတယ်။ ဒီလိုယူနေတာ ဘယ်လောက်ကြာပြီလဲဆိုတော့ ငါးလလောက်ရှိပါပြီလို့ ပြောပါတယ်။ စုစုပေါင်း ရရင်ရသလိုယူတယ်ဆိုတော့ သိန်းလေးရာကျော်ကျော်လောက်ရှိပြီလို့ သိရပါတယ်။ သူတို့က ဘယ်လိုယူကြသလဲဆိုတော့ နှစ်ယောက်က ကောင်တာမှာထိုင်ပြီး ငွေပေးငွေယူလုပ်ရပါတယ်။ ကျန်တဲ့တစ်ယောက်ကတော့ အထည်တွေ သိမ်းတာ၊ သယ်ပေးတာ၊ ရှာပေးတာတွေ လုပ်ရတဲ့ ပစ္စည်းတွေစာရင်းကို ကိုင်ရတဲ့သူပါ။
ငွေအဝင်များတဲ့နေ့ဆိုရင် ထမင်းစားချိန်ဆိုင်ထဲမှာ ဝန်ထမ်းတွေ နည်းနေတဲ့အချိန်မျိုးမှာ ကောင်တာက ကောင်မလေးတွေက ငွေကို ပစ္စည်းကိုင်တဲ့ ကောင်မလေးလက်ထဲကို လူအလစ်ထည့်လိုက်ပါတယ်။ အဲဒီကောင်မလေးကလည်း အထည်တွေကို သိမ်းသလိုနဲ့ အဲဒီထဲကို ငွေဖွက်ယူပြီး သူ့စတိုခန်းထဲမှာ ထားတဲ့သူ့အိတ်ထဲကို သိမ်ထားလိုက်ပါတယ်။ သူတို့က ညနေပြန်ရင်လည်း တစ်ယောက်တစ်လမ်းစီ နေတဲ့နေရာကလဲ တစ်နေရာစီ ညကျမှ ငွေယူလာတဲ့ ကောင်မလေးနေတဲ့ အဆောင်ကိုသွားပြီး ခွဲယူကြပါတယ်။ သူတို့က အနေအထိုင် သိုသိပ်တော့ ဘယ်သူမှ မရိပ်မိပါဘူး။ သူတို့ထဲမှာ နှစ်ယောက်က အဆောင်နေပြီး တစ်ယောက်က မြို့ခံဆိုတော့ သူ့အိမ်မှာသူနေပါတယ်။ ဒါပေမဲ့ ယူတဲ့ငွေ ပမာဏက တစ်ကြိမ်ထက်တစ်ကြိမ် ပိုပိုများလာတော့မှ ရိပ်မိသွားတာပါ။ အဲဒီတော့ သူတို့လဲ ယူတာဝန်ခံပြီဆိုတော့ ငွေတွေပြန်ပေးမလားလို့မေးတော့ မပေးနိုင်ဘူးတဲ့။ ဒါဆိုရင် ရဲစခန်းပို့ပြီး အမှုဖွင့်မယ်လို့ ပြောလဲပြောရော ကောင်မလေးတွေက ဖွင့်ချင်တယ်ဆိုလဲ ဖွင့်လိုရတယ်။ ဒါပေမဲ့ ရှင်တို့အစ်ကို အကြီးဆုံးကို အရင်မေးလိုက်ပါ။ ရှင်တို့က ဖွင့်မယ်ဆိုရင် ကျမတို့ သုံးယောက်ကလဲ အမှုပြန်ဖွင့်မယ်လို့ ခပ်မာမာပြန်ပြောပါသတဲ့။ ဖြစ်ပုံက ဒီလိုပါ။
အဲဒီဆိုင်က မောင်နှမ ငါးယောက်ရှိပါတယ်။ ညီမတွေကလေးယောက် အကိုအကြီးဆုံးက တစ်ယောက်ပါ။ ညီမနှစ်ယောက်က ကျောင်းတက်တုန်း နှစ်ယောက်က ဆိုင်မှာဝင်လုပ်ပါတယ်။ လုပ်တယ်ဆိုတာကလဲ တကယ်ထဲထဲဝင်ဝင် လုပ်တာမဟုတ်ဘူး။ ညနေဆိုင်ပိတ်မှ ကျန်တဲ့ပိုက်ဆံကို သိမ်းတဲ့အဆင့်လောက် လုပ်တာပါ။ အကိုကြီးက မိန်းမနဲ့ ပတ်သက်ရင် စည်းမရှိဘူး။ စောစောကကောမလေး သုံးယောက်နဲ့ကလဲ မလွတ်ကင်းခဲ့ပါဘူး။
အစက ငွေကိုင်တဲ့ကောင်မလေးထဲက အလတ်မလေးကို ညမိုးချုပ်ရင် အဆောင်ပြန်ပို့ပေးတာတို့ ဥပုသ်နေု့ဆိုအဆောင်သွားခေါ်ပြီး လျှောက်လည်တာတို့ မုန့်လိုက်ကြွေးတာတို့ လုပ်ပြီးကြာလာတော့ ပြင်ဦးလွင်ကိုခေါ်သွားပြီး ညအတူတူအိပ်တာတွေ ဘာတွေဖြစ်လာပါတယ်။ ကောင်မလေးက ငယ်တော့ သာယာမိတာရယ် အဆောင်နေတော့ လွတ်လပ်တာရယ် ငွေကြေးလဲ ထောက်ပံ့တယ်ဆိုတော့ မရှောင်နိုင်ဖြစ်သွားပါတယ်။ အကြီးမကြီးကတော့တစ်မျိုး သူက သူ့အိမ်မှာနေတော့ အငယ်မတွေလောက် မလွတ်လပ်ဘူး။ တစ်ခါမှာ သူတို့ငှားနေတဲ့အိမ်က ဖယ်ပေးရမယ်ဆိုတော့ အိမ်ဝယ်ဘို့ငွေက လက်ထဲရှိတာနဲ့ မလောက်ဘူးဖြစ်နေပါတယ်။ (အဲဒီအိမ်က အခုလက်ရှိ နေနေတဲ့အိမ်လေးပေါ့) လိုတာက ဆယ်သိန်းကျော်ကျော်လောက်ပေါ့။ ပိုင်ရှင်အကိုကြီးကိုပြောတော့ ရှောရှောရူရူဘဲ ထုတ်ပေးပါတယ်။ နောက်လခထဲကနေ နှိမ်ယူမယ်ပေါ့။
ဒီလိုနဲ့ခြောက်လလောက်ကြာတော့ တစ်နေ့ အလုပ်ပိတ်တဲ့တစ်ရက် နယ်ကုန်သည်က ငွေလာရှင်းနေလို့ ဆိုင်ကိုလာခဲ့ပါလို့အိမ်ဘေးက PCO ဖုန်းဆိုင်ကနေ ကောင်မလေးအိမ်ကို ဖုန်းဝင်လာပါတယ်။ ဒါနဲ့ကောင်မလေးလဲ ဆိုင်ကိုသွားတော့ ဆိုင်တံခါးစေ့ထားတာနဲ့ အထဲကိုဝင်သွားလိုက်တော့ ကိုယ်တော်ချော တစ်ယောက်ဘဲတွေ့ပါတယ်။ အဲဒီမှာဘဲ ကောင်မလေးကို ချစ်ပါတယ် ကြိုက်ပါတယ်ဆိုပြီး သူ့အလိုကိုလိုက်ရင် ချေးငွေတွေပြန်ပေးစရာမလိုဘူး ဘာဘူးနဲ့ မြူလိုက်တော့ ကောင်မလေးလဲ မငြင်းနိုင်ဘူးဖြစ်သွားပါတယ်။ အဲဒီကစသူနဲ့ အကြိမ်ကြိမ် ညိပါတော့တယ် ဒါက လွန်ခဲ့သော 2နှစ်လောက်က စလိုက်တဲ့ ဇာတ်လမ်းက ဒုတိယကောင်မလေးကို သူမတွေ့ခင်ပေါ့။ အခုစတိုခန်းကိုင်တဲ့ ကောင်မလေးကတော့ နောက်ဆုံးသားကောင်ပေါ့။
ဖျက်ချလိုက်ပါသတဲ့။လွန်ခဲ့တဲ့ ကိုးလလောက်က စားနေကြ ကြောင်ဖား အကိုကြီးက အဆောင်မှာဘဲနေတဲ့ စတိုးခန်းကကောင်မလေးကို ဒုတိယမြောက်ကောင်မလေးလိုဘဲ သိမ်းသွင်းလို့ တော်ကောက်လိုက်ပါတယ်။ ကံဆိုးချင်တော့ သူနဲ့ ပိတ်ရက်တွေမှာ ပြင်ဦးလွင်ကိုလိုက်လိုက်အိပ်ရင်း ကိုယ်ဝန်ရှိလာပါသတဲ့။ ယူခိုင်းတဲ့အခါမှာ ခါးခါးသီးသီးငြင်းလို့ ငွေပေးပြီး ပြန်လွှတ်ဘို့စီစဉ်ပါတယ်။ အဲဒီအကြောင်းတွေကို သိသွားတဲ့ ပထမနှစ်ယောက်က ကလေးမလေး ကိုယ်ဝန်ကို ကိုယ်ဝန်နုတုံး အရပ်လက်သည်ဆီမှာသွားပြီး ဖျက်ချလိုက်ပါသတဲ့။ အဲဒီအချိန်ကစလို့ သူတို့သုံးယောက်ပေါင်းပြီး လက်စားချေမယ်ဆိုပြီး ငွေတွေကို ခိုးထုတ်တာကို စခဲ့ပါသတဲ့။
သူ့အကိုကြီးလဲ ရောက်လာရော ကောင်မလေး သုံးယောက်နဲ့လဲတွေ့ရော နားလည်စွာ ကျေအေးလိုက်ကြရပါသတဲ့။ ကောင်မလေးတွေ လုပ်ရပ်မှန်တာမမှန်တာ အပထား ဒါကလဲ ခေါင်မလုံတဲ့ဇာတ်လမ်းလေးပါ။
နောက်ဇာတ်လမ်းတပုဒ်ကတော့…………………………။
ရတနာပုံ နေပြည်တော် သတင်းစာမှ ကူးယူဖော်ပြသည်။
No comments:
Post a Comment