အလုပ်သမားတွေ လစာရရှိရေးအတွက် ကြိုးပမ်းပေးနေတဲ့ ရှေ့နေဦးဖိုးဖြူ ထိုးကြိတ်ခံရ

လွန်ခဲ့တဲ့ ဧပြီလက နေပြည်တော်မှာ နေထိုင်တဲ့ ပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ် သိန်းဆွေ၊ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီး ဗိုလ်ချုပ်လှထွန်း၊ စီးပွားရေးနဲ့ကုန်သွယ် ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်းတို့ အိမ်တွေကို မြန်မာအလုပ် သမားတွေက ဆေးသုတ်ခဲ့တာပါ။ ဒီလိုဆေးသုတ်ပေးခဲ့တဲ့ လုပ်အားခလစာကိုတော့ ဧဒင် ပြည်သူ့ဆောက် လုပ်ရေးကုမ္ပဏီ ကန်ထရိုက်တာက လစာမပေးဘဲ မမျှမတ လုပ်တာကြောင့် ရှေ့နေဦးဖိုးဖြူထံကို အလုပ်သမားတွေက တိုင်ကြားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အလုပ်သမားတွေ လစာရရေးအတွက် ကြိုးပမ်းခဲ့တဲ့ ဦးဖိုးဖြူက သက်ဆိုင်ရာ ကန်ထရိုက်တာကို သွားရောက်တွေ့ဆုံခဲ့ပေမယ့် ဒီကိစ္စကို ဖြေ ရှင်းမပေးဘဲ အရိုက်နှက်ခံခဲ့ရတယ်ဆိုပြီး ရှေ့နေဦးဖိုးဖြူက အခုလိုပြောပါ တယ်။

ဦးဖိုးဖြူ ။ ။ (၄) ရက်နေ့ ည (၉) လောက်မှာခင်ဗျ။ ကျနော် ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်က အလင်းရောင် (၃) လမ်း၊ အိမ်အမှတ် (၅၂၈) ကန်ထရိုက်တာ ဦးထွန်းဝေ ရှောင်နေတဲ့အိမ်ကို ကျနော် ရောက်သွားတယ်။ ကျ နော်ကလည်း ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကိုယ်စားလှယ်တယောက်အနေနဲ့ လုပ်ခလစာတွေ တောင်းဖို့အ တွက် အိမ်လိပ်စာကို စုံစမ်းရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၀ါဏိဇ္စပဋိက္ခရုံးတွေမှာ အလုပ်သမားဖြေရှင်းရေး ကြီးကြပ်ရေးကော်မတီမှာ တင်သွင်းနိုင်ဖို့အတွက်၊ သူတို့ကို သမ္မန်စာချနိုင်ဖို့အတွက်၊ လိပ်စာတင်ဖို့အတွက် ကြိုးစားရတယ်။ အဲဒီအခါမှာ လိပ်စာအမှန်ကို အလုပ်ရှင်က ပေးမထားဘူး။ ဒီ့အတွက်ကြောင့်မို့ လိပ်စာကို ရှာ ရင်းနဲ့ သူနေတဲ့ နေရာကို တွေ့သွားတယ်။ 
အဲလိုတွေ့သွားတဲ့အတွက် သူက မသိဘူး၊ အဲလုပ်သားတွေ မသိဘူး ဘာညာနဲ့ ပြောဆိုတဲ့အတွက် ကျနော်က ပြန်လာတယ်။ အိမ်နံပါတ်ကိုလည်း ကျနော် ရလာတယ်။ ပြီးလည်း ပြီးရော လမ်းထိပ်လည်း ရောက်လည်းရောက်ရော ကျနော့်ကို သူ့အိမ်က မိသားစုဝင်လည်းဖြစ်၊ အလုပ်သမား လည်းဖြစ်တဲ့သူက လိုက်ထိုးတာခင်ဗျ။

ဗွီအိုအေ ။ ။ နေပြည်တော်က ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်အားခလစာ မရခဲ့တဲ့ အလုပ်သမားတွေ လည်း အရင်တုန်းက ရှိခဲ့ဖူးပါတယ်။ ဒီလို စစ်အစိုးရက ချပေးခဲ့တဲ့ လုပ်ငန်းတွေမှာ မမျှမတ ခိုင်းစေခံနေရတဲ့ အ လုပ်သမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဦးဖိုးဖြူက ဆက်ပြောပြပါတယ်။

ဦးဖိုးဖြူ ။ ။ ဒီရဲ့နောက်ကွယ်မှာ ရှိနေတာက အဓိကက ဧဒင်ကုမ္ပဏီပဲ။ ဧဒင်ကုမ္ပဏီဆိုတာက ဗိုလ်ချုပ်တွေရဲ့ အိမ်တွေကို ဆေးသုတ်ပေးရတဲ့ construction လုပ်တဲ့ ကုမ္ပဏီခင်ဗျာ။ အဲဒီကုမ္ပဏီရဲ့ ကျောထောက်နောက် ခံနဲ့ ဒီကန်ထရိုက်တာက အလုပ်သမားတွေကို ဖိစီးနှိပ်စက်တာတွေ၊ အရမ်းအဓမ္မခိုင်းတာတွေ၊ ဒဏ်မခံနိုင်တဲ့ အတွက်ကြောင့်မို့လို့ ထွက်သွားတဲ့အခါမှာ ပိုက်ဆံမပေးဘဲ နေတာတွေ၊ နောက်တခုက တလပြည့်အောင် လုပ်ပေးရမယ်၊ မလုပ်ဘူးဆိုရင် ပိုက်ဆံမပေးဘူးဆိုတော့လည်း ကြိတ်မှိတ်ပြီး လုပ်ရတယ်။ လုပ်ပြီးပြန်တော့ လည်း မှတ်ပုံတင်မပေးဘူးဆိုပြီးတော့ နောက်နေ့မှလာဆိုပြီးတော့ ပြောတယ်။ ချိန်းတဲ့ရက်တွေမှာ မပေးဘူး။ (၆) လပိုင်း (၂၅) ရက်နေ့မှာ တကြိမ် ချိန်းတယ်။ (၇) လပိုင်း (၁၈) ရက်နေ့မှာ တကြိမ် ချိန်းတယ်။ အခု (၈) လပိုင်း (၁၁) ရက်နေ့မှာ တကြိမ် ထပ်ချိန်းတယ်။ ချိန်းတဲ့အခါတိုင်း မပေးခဲ့ဘူး။ ဒီလိုမျိုးလည်း မှတ်ပုံတင်တွေ ပါ သိမ်းထားတယ်။ လုပ်ခလစာတွေကို ယနေ့အချိန်အထိ ရှင်းမပေးသေးဘူး။ ဒါဟာ အာဏာပိုင် ကျော ထောက်နောက်ခံနဲ့ ဒီလိုမျိုး လုပ်သားတွေပေါ်မှာ ဖိစီးနှိပ်စက်နေတဲ့ဒဏ်ကို ခံရတယ်လို့ လုပ်သားတွေက အဲ သလိုပဲ ခံစားနေကြရတယ်။

ဗွီအိုအေ ။ ။ ရှေ့နေဦးဖိုးဖြူနဲ့ မြန်မာအလုပ်သမားသမဂ္ဂ မှတ်ပုံတင်ခွင့်ရရှိရေး ကြိုးပမ်းနေသူတွေက (၅) ရက် နေ့ကတော့ အလုပ်သမား ၀ါဏိဇ္စ ပဋိပက္ခဖြေရှင်းရေးကော်မတီကို တိုင်ကြားခဲ့သလို အိုင်အယ်လ်အိုကိုလည်း တိုင်ကြားခဲ့ပါတယ်။ အလုပ်သမား (၁၀) ဦးခန့်ဟာ သူတို့ရဲ့လုပ်အားခတွေ နစ်နာနေတဲ့အတွက် အလုပ်သမား (၂) ဦးက ကိုယ်စားပြုပြီး တိုင်ကြားခဲ့တာပဲ ဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ ဥပဒေအခွင့်အရေးအရ ကိုယ်စား လှယ် ဦးဖိုးဖြူက အလုပ်သမား ၀ါဏိဇ္စ ပဋိပက္ခဖြေရှင်းရေး ဥပဒေအရသာ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ အ လုပ်သမားတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ကြပြီး မြန်မာပြည်မှာ နာဂစ်မုန်တိုင်းဖြစ်လို့ အလုပ်လက် မဲ့ဖြစ်နေရသူတွေ ဖြစ်ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်ရှင်။

သတင်း - ဗွီအိုအေ

No comments: