ခရစ်သက္ကရာဇ် ၁၉၃၄ ခုနှစ်တွင် 'သမိုင်းကိုလေ့လာခြင်း' ဆိုသည့် သမိုင်းကျမ်းကြီးတစ်စောင် ပေါ်ထွက်ခဲ့သည်။ ပထမသုတ်အဖြစ် အတွဲ သုံးတွဲကို ၁၉၃၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ဒုတိယအသုတ်အဖြစ် အတွဲ သုံးတွဲကို ၁၉၃၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ တတိယ အသုတ်အဖြစ် အတွဲ လေးတွဲ (အတွဲ ၇ မှ၊ အတွဲ ၁၀) ကို ၁၉၅၄ ခုနှစ်တွင် အပြီးသတ်ထုတ်ဝေခဲ့သည်။ ပထမတွဲနှင့် နောက်ဆုံးတွဲ ထုတ်ဝေခဲ့သည့် ကာလသည် အနှစ်နှစ်ဆယ် ကွာခြားသည်။
အတွဲ ဆယ်တွဲရှိ ထိုကြမ်းကြီးသည် စာမျက်နှာပေါင်း ၆,၂၉၀၊ စာလုံးရေ ၃,၁၅၀,၀၀၀ ခန့်နှင့် အညွှန်း စာရင်း ၁၉,၀၀၀ ရှိပြီး အညွှန်း စာမျက်နှာချည်း ၃၃၂ မျက်နှာရှိသည်။
ထို 'သမိုင်းကို လေ့လာခြင်း' ကျမ်းကြီးကို ပြုစုသူမှာ ဗြိတိသျှသမိုင်းဆရာကြီး ပါမောက္ခ အာနိုး တွိုင်ဘီဖြစ်သည်။ သူ့သမိုင်းကျမ်းကို မတ်ဝါဒသမားများ၊ လက်ဝဲဝါဒကို လက်ခံကြသည့် သမိုင်းဆရာများက ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။ လစ်ဘရယ် ဒီမိုကရေစီဝါဒကို လက်ခံသည့် သမိုင်းဆရာများကလည်း ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။ အချို့သော ဗရင်ဂျီ ဘာသာဝင် သမိုင်းဆရာများက လက်ခံခဲ့ ကြပြီး အချို့သော ခရစ်ယာန် ဘာသာဝင် သမိုင်းဆရာများကလည်း ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။
တွိုင်ဘီသည် သမိုင်းကို ကြည့်မြင်ရာတွင် လူပုဂ္ဂိုလ်များကိုလည်း အရေးမထား။ သူ့အဖို့ နေဘူခက်နေဇာနှင့် နပိုလီယန်၊ ရှာလမိန်း နှင့် ရှီဟွန်တီ၊ အက်လက်ဇန္ဒြနှင့် အနော်ရထာ၊ ဟန်နီဘောနှင့် ဟီရိုဟီတို၊ လက်ကွန်းနှင့် လီနင်၊ ပီတာဘုရင်နှင့် ပုတ်ရဟန်းမင်း ကြီးစသည့် လူပုဂ္ဂိုလ်များသည် သမိုင်းက လေ့လာရမည့် ယူနစ်များ မဟုတ်။
သမိုင်းကလေ့လာရမည့် ယူနစ်မှာ ကမ္ဘာတွင် ပေါ်ထွန်းခဲ့သည့် ယဉ်ကျေးမှုကြီးများသာ ဖြစ်သည်ဟု ပါမောက္ခ တွိုင်ဘီယူဆသည်။ ကမ္ဘာပေါ်တွင် ယခုအချိန်အထိ ယဉ်ကျေးမှုကြီးပေါင်း ၂၉ ခု ထွန်းကားခဲ့သည်။ ယင်းတို့အနက် ယဉ်ကျေးမှုကြီး သုံးခုသည် ယဉ် ကျေးမှုကြီးအဖြစ် ထွန်းကားခြင်းမပြုမီ သန္ဓေသားဘဝတွင် ပျက်စီးသွားခဲ့ကြသည်။ ထိုယဉ်ကျေးမှု သုံးခုကို ပါမောက္ခတွိုင်ဘီက 'လျှောမွေး' ယဉ်ကျေးမှုဟု အမည်ပေးထားသည်။ နောက်ယဉ်ကျေးမှု ငါးခုမှာ ဖွေးဖွားလာခဲ့သောလည်း ဖွံ့ဖြိုးကြီးထွားခြင်း မရှိ တော့ဘဲ 'ရပ်တန့်' သွားသော ယဉ်ကျေးမှုဖြစ်သည်။ ထို့ကြောင့် 'လျှောမွေး' ယဉ်ကျေးမှု သုံးခုနှင့် 'ရပ်တန့်' သွားသော ယဉ်ကျေးမှု ငါးခုတို့ကို ဖယ်လိုက်လျှင် ကမ္ဘာ့သမိုင်းတွင် ထွန်းကားခဲ့သည့် ယဉ်ကျေးမှုကြီးပေါင်း ၂၁ ခုသာ ရှိသည်ဟု ပါမောက္ခတွိုင်ဘီက ရေ တွက်ပြသည်။
ပါမောက္ခ တွိုင်ဘီက ယဉ်ကျေးမှုကြီး ၂၁ ခုကို ရေတွက်ပြပြီးနောက် ထိုယဉ်ကျေးမှုကြီးများ၏ အတက်နှင့် အကျ၊ အဆန်းနှင့် အ ဆုတ်၊ အမြင့်နှင့် အနိမ့်တို့ကို ခြေရာခံပြသည်။ ယဉ်ကျေးမှုကြီးတိုင်းတွင် အပိုင်းအခြား လေးခုရှိကြောင်း၊ ယင်းတို့မှာ မွေးဖွားချိန်၊ ဖွံ့ဖြိုးချိန်၊ ပြိုကွဲချိန်နှင့် ပျက်စီးချိန်တို့ ဖြစ်ကြောင်းဖြင့် ယဉ်ကျေးမှုကြီးများ၏ ခန္ဓာဗေဒကို ခွဲခြားစိတ်ဖြာ ပြသွားသည်။
တဖန် ထိုယဉ်ကျေးမှုကြီး၏ ပျက်စီးကျဆုံးချိန် ကာလတွင်လည်း အဆင့်လေးဆင့် ရှိကြောင်း၊ ပထမ အဆင့်မှာ ဖရိုဖရဲ ဖြစ်ချိန်နှင့် စုစည်းချိန် ဖြစ်ပြီး ထိုအဖြစ်မျိုး သုံးကြိမ်ခွဲ ပြန်ဖြစ်ကြောင်း၊ ပထမစက်ဝိုင်း တစ်ပါတ်ခွဲသည် ယဉ်ကျေးမှု ကျဆင်းချိန်ဖြစ်ကြောင်း၊ ဒုတိယစက်ဝိုင်း တစ်ပတ်ခွဲသည် အတော်အတန် ငြိမ်သက်သော ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတော်အဆင့် ဖြစ်ကြောင်း၊ တတိယစက်ဝိုင်း တစ်ပတ်ခွဲသည် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတော်များ ပြိုကွဲသွားပြီး ယဉ်ကျေးမှု တစ်ခုလုံး ဗုန်းဗုန်းလဲ ကျဆုံးပျက်စီးသွားသည့် အဆင့် ဖြစ်ကြောင်း၊ မည်သည့် ယဉ်ကျေးမှုမဆို ထိုဖရိုဖရဲဖြစ်မှုနှင့် စုစည်းမှုစက်ဝန်း သုံးပတ်ခွဲကို ဖြတ်သန်းပြီးမှသာလျှင် ဗုန်းဗုန်းလဲ ပျက်စီးခြင်းသို့ ရောက်သွားကြောင်းဖြင့် သမိုင်း၏ နိယာမများကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားခဲ့သည်။
ပါမေက္ခ တွိုင်ဘီသည် သမိုင်းနိယာမများကို ရှာဖွေရန် ကြိုးပမ်းရာတွင် လက်တင်- ခရစ်ယန် ယဉ်ကျေးမှုဟု ခေါ်သော ယခု ကျွန် တော်တို့ ဖြစ်သန်းနေသည့် ခေတ်သစ်အနောက်တိုင်း ယဉ်ကျေးမှုကြီးကို ကြည့်၍ အခြားသော ယဉ်ကျေးမှုကိုလည်း ပုံစံငယ်များ တည်ဆောက်ကာ သက်သေပြသွားခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း ငါးရာခန့်ကစ၍ ကျွန်တော်တို့ ဖြတ်သန်းနေထိုင်ရာ အနောက်ပိုင်း ယဉ်ကျေးမှုကြီးသည် ပြိုကွဲကျဆုံးသည့် အ ဆင့်သို့ရောက်နေပြီဟု ပါမောက္ခတွိုင်ဘီက သတ်မှတ်သည်။ သူက ထိုအနှစ်ငါးရာအတွင်းတွင် အနောက်တိုင်း ယဉ်ကျေးမှုကြီး ဖြတ်သန်းသွားရသည့် စစ်နှင့် ငြိမ်းချမ်းရေး သံသရာ စက်ဝိုင်းများကိုလည်း ရေတွက်၍ ပြသွားသည်။ ထိုသို့ ပြဆိုရာတွင် သူက ဥရောပနိုင်ငံတော် စနစ်ကို အခြေခံ၍ စစ်နှင့် ငြိမ်းချမ်းရေး သံသရာစက်ဝိုင်း လည်ပတ်ပုံကို တင်ပြသွားခြင်းဖြစ်သည်။
သူ့အဆိုအရ ဥရောပနိုင်ငံတော် စနစ်ထဲတွင် အင်အားကြီး နိုင်ငံများရှိခဲ့ကြသည်။ ပြင်သစ်၊ သြစထရီးယား၊ ပရပ်ရှား၊ ဆွီဒင်၊ အင်္ဂလန်၊ နယ်သာလင်စသည့် တိုင်းပြည်တို့သည် ဥရောပနိုင်ငံတော် စနစ်ထဲမှ အင်အားကြီးနိုင်ငံတော်များ ဖြစ်ကြသည်။ ထိုနိုင်ငံ ကြီးများသည် အင်အားကို ချိန်ခွင်ညှကဲ့သို့ ညီအောင် ညှိသည့်နည်းဖြင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းခဲ့ကြသည်ဟု တွိုင်ဘီက တင်ပြ သည်။ ယင်းတို့အထဲမှ နိုင်ငံတစ်ခုခုက ဗိုလ်ကျ လွှမ်းမိုးခြင်းမပြုနိုင်ရန် ကျန်သည့် နိုင်ငံများက မဟာမိတ်ဖွဲ့၍ ထိန်းသိမ်းကြသည်။ 'ကျွန်ုပ်တို့၏ အကျိုးစီးပွားသာလျှင် ထာဝရနှင့် ရေရှည်ဖြစ်ပေသည်' ဟု ၁၈၄၈ ခုနှစ်တွင် ဗြိတိသျှနိုင်ငံရေး သုခမိန် တစ်ဦးဖြစ်သူ လော့ဒ် ပါမာစတန်က ပြောခဲ့ဖူးသည်။ ပါမောက္ခတွိုင်ဘီက ထိုစကားကို ကိုးကားကာ အင်အားချိန်ခွင်ညှာ ညှိခြင်းဖြင့် ငြိမ်းချမ်းရေး ကို ထိန်းသိမ်းနိုင်သည်ဟု တင်ပြသွားခဲ့သည်။
သို့ရာတွင် ထိုသို့ အင်အားချိန်ခွင်ညှာကို ညီအောင် ထိန်းထားသည့် ကြားမှ အင်အားကြီးနိုင်ငံ တစ်နိုင်ငံကသာလွန်သွားကာ ဗိုလ် ကျအနိုင်ကျင့်လာသည့် အခါမျိုးတွင် အခြား ကျန်အင်အားကြီးနိုင်ငံများက သူ့ကို ဝိုင်းဝန်တိုက်ခိုက် လာခဲ့ကြသည်။ ထိုအခါမျိုးတွင် 'အထွေထွေ စစ်ပွဲကြီး' ပေါ်ပေါက်လာခဲ့သည်ကို အထွေထွေ စစ်ပွဲကြီး ပြီးသွားသည့်အခါတွင် ကမ္ဘာသမိုင်းသည် ယာယီငြိမ်းချမ်း ရေး ကာလသို့ ပြန်ရောက်သွားခဲ့သည်။ ဗိုလ်ကျသည့်နိုင်ငံ ရှုံးသွားပြီ ကမ္ဘာတွင် ယာယီငြိမ်းချမ်းရေးကို ရနေချိန်ဟူ၍ ပေါ်လာ သည်။ ထိုအချိန်ကို ပါမောက္ခတွိုင်ဘီက 'အသက်ရှူပေါက် ရချိန်' ဟု အမည်ပေးသည်။ ထို့နောက် စစ်အတွင်းက ဖြစ်ပွားခဲ့သော ပြဿနာများ၊ စစ်နောက်ဆက်တွဲ ပြဿနာများက မပြေမလည် ကျန်ရှိနေသေးသည်။ ထိုအခါမျိုးတွင် တစ်ဘက်နှင့်တစ်ဘက် စစ်ပွဲ ကလေးတွေ ဖြစ်ကုန်ကြပြန်သည်။ ထိုစစ်ပွဲမျိုးကို သူက 'နောက်ဆက်တွဲ စစ်ပွဲကလေးများ' ဟု ခေါ်လိုက်သည်။ ထို နောက်ဆက်တွဲ စစ်ပွဲကလေးများ ပြီးဆုံးသွားသည့်အခါတွင်မှ 'အထွေထွေငြိမ်းချမ်းရေး' ကို ရရှိလာခဲ့သည်။ ထို့နောက်တွင် အထွေ ထွေစစ် ငြိမ်းချမ်းရေးကာလ ကုန်ဆုံးသွးကာ 'ရှေ့ပြေးစစ့်ွဲကလေးများ' ပေါ်ပေါက်လာကြပြန်သည်။ ထိုရှေ့ပြေး စစ်ပွဲကလေးများ မှာ တစ်ဆင့် 'အထွေထွေ စစ်ပွဲကြီး' တစ်ခု နောက်ထပ်ဖြစ်လာခဲ့ပြန်သည်ဟု ပါမောက္ခတွိုင်ဘီက နိယာမတစ်ရပ်အနေဖြင့် တင်ပြ သွားခဲ့သည်။
ဤသည်မှာ ပါမောက္ခတွိုင်ဘီ တင်ပြသော စစ်နှင့် ငြိမ်းချမ်းရေး စစ်ဝိုင်း လည်ပတ်ပုံဖြစ်သည်။
သူက အနောက်ပိုင်း ယဉ်ကျေးမှုကြီး ဖြစ်သန်းခဲ့သည့် သက္ကရာဇ် ၁၅၀၀ ခုနှစ်မှ ယနေ့အထိ စစ်နှင့် ငြိမ်းချမ်းရေး သံသရာ စက်ဝိုင်းလေးခုနှင့် အိုဗာချာ အကြိုကာလတစ်ခု ရှိသည်ဟုဆိုသည်။
သူ့အဆိုအရ ၁၄၉၄ မှ ၁၅၆၉ ခုနှစ်အထိ အိုဗာချာ အကြိုကာလ (၇၅ နှစ်)။
၁၅၆၈ ခုနှစ်မှ ၁၆၇၂ ခုနှစ်အထိ ပထမစက်ဝိုင်း (၁၀၄ နှစ်)။
၁၆၇၂- ၁၇၉၂ အထိ ဒုတိယစက်ဝိုင်း (အနှစ် ၁၂၀)။
၁၇၉၂- ၁၉၁၄ အထိ တတိယစက်ဝိုင်း (၁၂၂ နှစ်)။
၁၉၁၄ မှ ၁၉၅၄ ခုအထိ စတုတ္ထစက်ဝိုင်း (၄၀ နှစ်) တို့ဖြစ်သည်။
ပါမောက္ခတွိုင်ဘီ၏ သတ်မှတ်ချက်အတိုင်းဆိုလျှင် ခေတ်သစ် အနောက်တိုင်း ယဉ်ကျေးမှုကြီး ဖြတ်သန်းခဲ့သည့် နှစ်ပေါင်း ၅၀၀ အတွင်းတွင် အထွေထွေစစ်ပွဲကြီးများ ဖြစ်ပွားနေချိန် စုစုပေါင်း နှစ်ပေါင်း ၁၄၀ ရှိသည်။ အခြားသော စစ်ပွဲကလေးများကို ထည့် သွင်း တွက်ချက်လျှင် အနောက်တိုင်းယဉ်ကျေးမှုခေတ်တွင် စစ်အမျိုးမျိုးဖြစ်ပွားနေချိန်သည် ၂၅၂ နှစ်ရှိသည်။ အထွေထွေ ငြိမ်း ချမ်းချိန်ကာလသည် ၁၀၅ နှစ်ရှိသည်။ အသက်ရှူပေါက် ရချိန်ကာလများကိုပါ ထည့်တွက်လျှင် ငြိမ်းချမ်းချိန်ကာလ ၁၉၉ နှစ်သာ ရှိသည်။
ထို့ကြောင့် အနောက်တိုင်း ယဉ်ကျေးမှုကြီး၏ သက်တမ်း နှစ်ပေါင်း ၅၀၀ အတွင်းတွင် စစ်ဖြစ်နေချိန်သည် ငြိမ်းချမ်းချိန်ကာလထက် များနေသည်ဟု သူက တွက်ပြသည်။
ယခုကျွန်တော်တို့ ရောက်ရှိနေသည့် စစ်နှင့်ငြိမ်းချမ်းရေးစက်ဝိုင်း သံသရာ၏ စတုတ္ထစက်ဝိုင်းတွင် ၁၉၄၁ ခုနှစ်မှ ၁၉၁၈ ခုနှစ် လေး နှစ်ကာလသည် အထွေထွေ စစ်ပွဲဖြစ်ချိန်၊ ၁၉၁၈ ခုနှစ်မှ ၁၉၃၉ ခုနှစ်ကာလသည် အသက်ရှူပေါက်ရချိန်၊ ၁၉၃၉ ခုနှစ်နောက်ပိုင်း တွင်မူ နောက်ဆက်တွဲ စစ်ပွေဲလေးများ၊ ရှေ့ပြေးစစ်ပွဲကလေးများ ဖြစ်ပွားခြင်းမရှိတော့ပဲ အထွေထွေစစ်ပွဲအသွင် ဆောင်သော ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာခဲ့သည်။
ပါမောက္ခတွိုင်ဘီ၏ အလိုအရ ကျွန်တော်တို့သည် စစ်နှင့်ငြိမ်းချမ်းရေး သံသရာ၏ စတုတ္ထစက်ဝိုင်းထဲတွင် ရောက်နေကြပြီး ကမ္ဘာ လုံးဆိုင်ရာ နိုင်ငံတော်ခေတ်ကာလထဲသို့ ဝင်ရောက်နေပြီဟု ဆိုနိုင်သည်။
ထိုကာလများတွင် နိုင်ငံများသည် အနည်းနှင့်အများ ငြိမ်းချမ်းကြလိမ့်မည်။ အသက်ရှူပေါက် ရကြလိမ့်မည်။ အင်အားကြီးနိုင်ငံများ သည် အင်အားချိန်ခွင်ညှာ ညှိပေးခြင်းဖြင့် ဗိုလ်ကျလွှမ်းမိုးသော နိုင်ငံကို ဝိုင်း၍ ထိန်းကြလိမ့်မည်။ ထို့နောက်တွင် ရှေ့ပြေးစစ်ပွဲ ကလေးများလာလိမ့်မည်။ ထို့နောက်တွင် အထွေထွေ စစ်ပွဲပြီးဖြစ်လာကာ ခေတ်သစ်အနောက်တိုင်း ယဉ်ကျေးမှုစနစ်ကြီးသည် ပျက်သုဉ်းလိမ့်မည်ဟု ပါမောက္ခတွိုင်ဘီက ဟောကိန်းထုတ်ခဲ့လေသည်။
သူ့အလိုအတိုင်းဆိုလျှင် ယခု ကျွန်တော်တို့ ကမ္ဘာပေါ်ကြီးသည် ယာယီငြိမ်းချမ်းသော ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတော်အခြေအနေ တစ် ခုကို ဖြတ်သန်းနေသည်ဟု ဆိုရပေလိမ့်မည်။
မြသန်းတင့်
သမိုင်းစကား ပန်းစကား စာအုပ်မှ ကူးယူတင်ပြသည်။
No comments:
Post a Comment