ဖူကူးယားမားစာတမ်းနှင့် ခေတ်သစ်ဆန်းချိန်


၁၉၈၉ ခုနှစ် နွေရာသီက အမေရိကန် ပြည်ထောင်စုမှ ထုတ်ဝေသည့် လူသိလည်းနည်း၊ စောင်ရေလည်း နည်းသော 'အမျိုးသား အကျိုးစီးပွား' ဆိုသည့် စာစောင်တစ်ခုတွင် ဆောင်းပါးတစ်ပုဒ် ပါလာခဲ့သည်။ ထိုဆောင်းပါးကို အကြောင်းပြ၍ ကမ္ဘာအနှံ့ အသိ ပညာရှင်များကြားတွင် ငြင်းခုံဆွေးနွေးမှုများ အတောမသတ် ပေါ်ပေါက်လာခဲ့သည်။ ငြင်းခုံသူများထဲတွင် နိုင်ငံရေး သိပ္ပံပညာရှင်၊ သမိုင်းပညာရှင်၊ တက္ကပါမောက္ခ၊ သတင်းစာဆရာ၊ စာရေးဆရာ၊ နိုင်ငံရေးသမား၊ အုပ်ချုပ်ရေးအကြီးအကဲ၊ စာတမ်းရေးသူ၊ အယ် ဒီတာ စသူတို့ ပါဝင်ကြသည်။ သူတို့အထဲတွင် ဗြိတိသျှဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၊ အယ်ဒီတာ အားဗင်းခရစ္စတောလ်၊ ဝေါလမ်းမဂျာနယ်၊ နေရှင်းတသင်းစာ စသည်တို့မှ အယ်ဒီတာများလည်း ပါကြသည်။ သူ့စစ်တမ်းကို လက်ယာဝါဒရှူထောင့်မှလည်း ဆန့်ကျင်တိုက်ခိုက်ကြသည်။ အမေရိကန် ပြည်ထောင်စုတွင်လည်း သူ့ကို ဝိုင်းတိုက်ခိုက်ကြသည်။ ဥရောပတွင်လည်း သူ့စာတမ်း ကို ဝိုင်းဝန်းကန့်ကွက် ရေးသားကြသည်။ အာရှ (ဂျပန်ပြည်) တွင်လည်း သူ့စာတမ်းကို ဝေဖန်ကြသည်။
ထိုစာတမ်းပါသည့် စာစောင်သည် ချက်ချင်းကုန်သွားကာ ရောင်းမလောက်အောင်ဖြစ်ခဲ့ရသည်။ မကြာမီအတွင်းတွင် ထိုစာတမ်းကို ဂျပန်၊ အီတလီ၊ ဒိန်းမတ်၊ ဂျာမန်၊ ပြင်သစ် စသည့် ဘာသာများသို့ ပြန်ဆိုခဲ့ကြသည်။
၁၉၈၉ ခုနှစ်က ထိုစာတမ်းတွင် ဖော်ပြခဲ့သော အချက်အလက်များ၊ အယူအဆများသည် ၁၉၉၁ ခုနှစ်တွှု တကယ်ဖြစ်ပျက်လာခဲ့ သည့်အခါ၌ အားလုံး တအံ့တသြ ဖြစ်ကုန်ကြရသည်။
သူ့စာတမ်းကို ဝိုင်းဝန်း တိုက်ခိုက်ကြသည့် အခါတွင် စာတမ်းရေးသူကလည်း သူ့စာတမ်းကို ပြန်၍ ကာကွယ်သည်။ ထိုငြင်းခုံမှု သည် စစ်ပြီးခေတ်တွင် အကြီးကျယ်ဆုံး၊ အကျယ်လောင်ဆုံး၊ အဆူညံဆုံးသော အသိပညာဆိုင်ရာ ငြင်းခုံမှု ဖြစ်သည်ဟု ဆိုကြ သည်။
စာရေးသူမှာ အသက် ၄၆ နှစ်အရွယ်ရှိ အမေရိကန်- ဂျပန်အမျိုးသား ဖရန်းစစ် ဖူကူးယားမားဖြစ်သည်။ ဖူကူးယားမားသည် ဟား ဗတ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံနှင့် ပါရဂူဘွဲ့ရလာခဲ့သူဖြစ်သည်။ ဖူကူးယားမားသည် ဆိုဗီယက်ရေးရာနှင့် အရှေ့အလယ်ပိုင်း ရေး ရာများနှင့် ပတ်သက်၍ ဘွဲ့ယူစာတမ်း တင်သွင်းခဲ့သည်။ ထို့နောက် ကယ်လီဖိုးနီးယား ပြည်နယ်ရှိ 'အတွေးအခေါ်လှောင်ကန်' တစ်ခုဖြစ်သော ရန်းကော်ပိုရေးရှင်းတွင် ပေါ်လစီရေးရာ အကြံပေးသူတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့သည်။
ကမ္ဘာတစ်ဝှမ်းလုံးတွင် အသိပညာဆိုင်ရာ ငြင်းခုံမှုများကို ဖြစ်စေခဲ့သည်။ ဖရန်းစစ်ဖူကူးယားမား၏ စာတမ်းအမည်မှာ 'သမိုင်း နိဂုံး ချုပ်ပြီလော' (The Edn of History?) ဟူ၍ ဖြစ်သည်။
ဖူကူးယားမားက သူ့စာတမ်းကို ဤသို့အစချီသည်။
'ကမ္ဘာ့သမိုင်းတွင် အခြေခံကျသည့် အရာတို့သည် ဖြစ်ပေါ်လျက် ရှိလေပြီ။ မကြာသေးမီက ပေါ်ပေါက်ခဲ့သော အဖြစ်အပျက်များ၊ အထူးသဖြင့် ဆိုဗီယက်ယူနီယံနှင့် အရှေ့ဥရောပတိုက်တို့တွင် ပြုပြင် ပြောင်းလဲ လှုပ်ရှားမှုများ ပေါ်ပေါက်လာခြင်း၊ ကမ္ဘာတစ်ဝှမ်း တွင် စားသုံးသူ ယဉ်ကျေးမှု ပျံ့နှံ့လာခြင်း၊ စသည်တို့သည် အနောက်တိုင်း၏ အောင်မြင်မှု၊ အနောက်တိုင်း အတွေးအခေါ်၏ အောင်မြင်မှုကို ညွှန်ပြလျက်ရှိသည်။
ယနေ့ ကျွန်တော်တို့ ကြုံတွေ့နေရသော အရာသည် စစ်အေးတိုက်ပွဲ၏ နိဂုံးကမ္ပတ် အဆုံးသတ်မျှသာ မဟုတ်သေး။ စစ်ပြီးကာလ၏ သမိုင်းခေတ်တစ်ခုကို ဖြတ်သန်းမှုမျှသာ မဟုတ်သေး၊ သမိုင်းကြီးတစ်ခုလုံး၏ နိဂုံးကမ္ပတ် အဆုံးသတ်လည်း ဖြစ်ပေသည်။ တစ် နည်းပြောရလျှင် လူလောကကြီး၏ အယူအဆ၊ အတွေးအခေါ်ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်ကြီး၏ နိဂုံကမ္ပတ် အဆုံးသတ်လည်း ဖြစ် ပေသည်။ တစ်နည်းပြောရဦးမည်ဆိုလျှင် လူ့ဘောင်ကြီးကို စီရင်အုပ်ချုပ်ရာတွင် အနောက်တိုင်း လစ်ဘရယ် ဒီမိုကရေစီအား နောက်ဆုံးသဏ္ဍန်အဖြစ် တစ်ကမ္ဘာလုံးက လက်ခံလိုက်ခြင်းလည်း ဖြစ်ပေသည်။
ထိုသို့ဆိုခြင်းကြောင့် နိုင်ငံခြားရေးရာ စာစောင်၏ စာမျက်နှာများပေါ်တွင် နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်သော အဖြစ် အပျက်များကို ဖော်ပြရန် မရှိတော့ဟု ဆိုလိုခြင်း မဟုတ်ချေ။ ယခု လစ်ဘရယ် ဒီမိုကရေစီက အောင်မြင်မှု ရနေသည်ဆိုခြင်းမှာ အတွေးအခေါ် နယ်ပယ်၊ စိတ်ဓာတ်ဆိုင်ရာ နယ်ပယ်တွင်သာ ဖြစ်သေးသဖြင့် ပြည့်စုံခြင်းမရှိသေး။ တကယ့် အစစ်အမှန် ကမ္ဘာ၊ ရုပ်ကမ္ဘာကြီးတွင် အောင်မြင်မှုများ ရရှိအောင် ကြိုးစားရဦးမယ်သာ ဖြစ်ပေသည်။ သို့ရာတွင် ရေရှည်၌ အတွေးအခေါ်ကသာလျှင် ရုပ်ကမ္ဘာကြီးကို စိုးမိုးချုပ်ကိုင်သွားမည်ဟု ယုံကြည်ရန် အကြောင်းအချက်တွေ များစွာရှိနေသည်။
သမိုင်းသည် တစ်နေ့တွင် နိဂုံးချုပ်နိုင်သည်ဟူသော တင်ပြချက်ကို တအံ့တသြ ဖြစ်ကောင်းဖြစ်နေကြမည့် သူများလည်း အများ အပြား ရှိပေလိမ့်မည်။ စင်စစ် ထိုအချက်သည် ဘာမျှ အသစ်အဆန်း မဟုတ်ပါ။ ဟီဂယ်ဝါဒ၊ မတ်ဝါဒ အစဉ်အလာတို့ကို ကျွမ်းဝင် သူတို့သည် ထိုအချက်ကို အလွယ်တကူ သဘောပေါက်နိုင်ကြပါသည်။ ဟီဂယ်က အကျဉ်းမြောင်းဆုံးသော အဓိပ္ပါယ်ဖြင့် ပြောရ လျှင် သမိုင်းဆိုသည်မှာ အတွေးအခေါ်များ၏ သမိုင်း၊ အယူဝါဒများ၏ သမိုင်း၊ သို့မဟုတ် မူလအခြေခံတူများဖြစ်သော နိုင်ငံရေးနှင့် လူမှုရေးအဆောက်အအုံများကို ချုပ်ကိုင်နေသည့် အတွေးအခေါ်များကို သမိုင်းသာ ဖြစ်ပေသည်ဟု ပြောခဲ့ပါသည်။ ထို့ကြောင့် သမိုင်း၏ နိဂုံးဆိုသည်မှာ ကမ္ဘာ့အဖြစ်အပျက်များ အဆုံးသို့ ရောက်ပြီဆိုသည့် သဘောမဟုတ်ပါ။ အဆိုပါ မူလအခြေခံမူများနှင့် ပတ်သက်သော အတွေးအခေါ်များသည် အဆုံးသို့ ရောက်ပြီဟု ဆိုလိုခြင်းသာဖြစ်ပါသည်။ ဟီဂယ်၏ အမြင်၌ သမိုင်းကို မောင်း နှင်နေသောအရာသည် အတွေးအခေါ်ဖြစ်သည်ဟု ယူဆပါသည်။ ဟီဂယ်သည် လစ်ဘရယ် ဒီမိုဂရက်တစ် နိုင်ငံကျော်များ ဖြစ်ကြ သော ပြင်သစ်သမ္မတနိုင်ငံ ပေါ်ထွန်းလာခြင်းနှင့် အမေရိကန်တော်လှန်ရေးတို့ ပေါ်ပေါက်ခဲ့သည်ကို ကြည့်၍ သမိုင်းသည် နိဂုံးချုပ် လေပြီ (ဝါ) အတွေးအခေါ်တို့၏ သမိုင်းသည် နိဂုံးချုပ်လေပြီဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။ ကားလ်မတ်သည် ဟီဂယ်၏ သမိုင်းနိဂုံးချုပ် ပြီဆိုသည့် အယူအဆကို မူအားဖြင့် လက်ခံခဲ့သောလည်း (သူရှိနေစဉ် ကာလတုန်းက) သမိုင်းနိဂုံးချုပ်သည့် အချိန်သို့ မရောက် သေး။ နောင်တစ်နေ့တွင် ကွန်မြူနစ်ဝါဒက အောင်ပွဲခံပြီး လူတန်းစားမဲ့ လူ့အဖွဲ့အစည်းသို့ ရောက်မှသာလျှင် သမိုင်းနိဂုံးချုပ်ချိန်သို့ ရောက်ပြီဟု ယူဆခဲ့ပါသည်။ ယင်းမှာ ကားလ်မတ်၏ အမှားပင်ဖြစ်ပါသည်။
ဖက်ဆစ်ဝါဒသည် ဒုတိယကမ္ဘာစစ်ကြီးကြောင့် ပျက်စီးသွားခဲ့ပါသည်။ အလားတူပင် မတ်ဝါဒသည်လည်း မာနဂ္ဂါ၊ ပြုန်ယမ်း စသည့် နေရာများတွင် ယုံကြည်သက်ဝင်သူ အနည်းငယ် ရှိကောင်းရှိနေမည် ဖြစ်သော်လည်း အယူဝါဒ တစ်ခုအနေဖြင့် နိုင်ငံကြီးများတွင် ကျန်ရစ်နိုင်တော့မည် မဟုတ်ပါ။ သက်သေအဖြစ် ဂေါ်ဘာချော့၏ ပွင့်လင်းမှု ဝါဒအရ ထုတ်ဖော်ဝန်ခံပြီး ဖြစ်သော ဆိုဗီယက် ယူနီယံ၏ စီးပွားရေး ကျဆုံးမှုများနှင့် ဗျူရိုကရေစီ မင်းတိုင်းကျေ လုပ်မှုတို့ကြောင့် မော်စကိုတွင် ဖြစ်နေသည့် အဖြစ်တို့ကို ကြည့် လျှင် သိနိုင်ပါသည်။
သို့ဖြင့် ဖူကူးယားမားက သမိုင်းသည် အတွေးအခေါ်၏ သမိုင်းသာဖြစ်ပြီး အတွေးအခေါ်တို့ တစ်ခုနှင့် တစ်ခု ယှဉ်ပြိုင်ကြခြင်း မရှိ တော့သည်နှင့် သမိုင်းသည်လည်း နိဂုံးသို့ရောက်တော့မည်ဟု ဆိုလိုက်လေသည်။
သို့ရာတွင် အတွေးအခေါ်တို့ မရှိတော့သည့်အတွက် တစ်နည်း၊ သမိုင်းမရှိတော့သည့်အတွက် ကမ္ဘာလောကြီးသည် ချက်ချင်း သာ ယာရွှေပြည် ဖြစ်လာဦးမည် မဟုတ်။ အတွေးအခေါ် တိုက်ပွဲများနေရာတွင် 'စက်မှုနည်းပညာ ပြဿနာများကို ဖြေရှင်းရသည့် လုပ် ငန်း' သည် အစားဝင်ရောက်လာဦးမည်။ တတိယကမ္ဘာ့နိုင်ငံများတွင် အမျိုးသားရေးဝါဒနှင့် ဘာသာအယူဝါဒ ပြင်းထန်မှုများ ပြန် လည် ခေတ်စားဦးမည်။ နောင်တွင် အယူဝါဒသစ်များ၊ နိုင်ငံရေးစနစ်သစ်များ လုံးဝပေါ်ပေါက်ခြင်း မရှိတော့ဟု မပြောနိုင်သေး သည့်တိုင် မျှော်မှန်းနိုင်သည့် အနာဂတ် ကာလတွင် လစ်ဘရယ် ဒီမိုကရေစီကို အခြေခံသည့် အုပ်ချုပ်မှု ပုံသမဏ္ဍာန်များသာလျှင် ရှိ တော့မည်ဟု သူက ရေးခဲ့သည်။
အနာဂါတ် ကမ္ဘာကြီး၏ ပုံသဏ္ဍာန်နှင့် ပတ်သက်၍ သူက ရေးသားရာ၌
'နိုင်ငံရေးနှင့် စီးပွားရေး လစ်ဘရယ်ဝါဒသည် အောင်ပွဲခံလိမ့်မည်။ ထိုအခါ၌ ကမ္ဘာ့နိုင်ငံရေး ကိစ္စများတွင် စီးပွားရေးသည် ကျယ် ပြန့်ကြီးမားစွာ အရေးပါလာလိမ့်မည်။ အင်အားကြီးနိုင်ငံ ဆိုသော စကား၏ အဓိပ္ပါယ်သည် စစ်အင်အား၊ နယ်မြေ အကျယ်အဝန်း စသည့် ယခင်က သတ်မှတ်ခဲ့သော သမရိုးကျ အင်အားများကို ခေါ်ဆိုခြင်း မဟုတ်တော့ဘဲ စီးပွားရေး အင်အားကိုအမှီပြု၍ ခေါ်ဆို ခြင်းသာ ဖြစ်လာလိမ့်မည်။'
… သမိုင်းနိဂုံးချုပ်တွင် နိုင်ငံအချင်းချင်း ကြားတွင် ပဋိပက္ခများသည် ရှိကောင်းရှိနိုင်သေးသည်။ အထူးသဖြင့် လူမျိုးစုများနှင့် အမျိုး သားရေး အုံကြွဆူပူမှုများသည် ပို၍ အရှိန်မြင့်လာနိုင်သည်။ သို့ရာတွင် ပဋိပက္ခကြီးများသည် ရှိတော့မည်မဟုတ်။ နိုင်ငံကြီးများ သည်လည်း ရှုခင်းမှ တဖြည်းဖြည်း ကွယ်ပျောက်သွားကြပေလိမ့်မည်' ဟု သူက ရေးခဲ့သည်။
ထိုစာတမ်းကို သူတင်ခဲ့ချိန်မှာ ၁၉၈၉ ခု နွေရာသီဖြစ်သည်။ ထိုစဉ်က အရှေ့ဥရောပတွင် တစ်ပါတီ အာဏာရှင်စနစ်များ ကျဆုံး ခြင်း မရှိသေး။ ဆိုဗီယက် ယူနီယံတွင်လည်း မအောင်မြင်သော အာဏာသိမ်းမှု ပေါ်ပေါက်ခြင်း မရှိသေး။ ဘော်လ်တစ်သုံးနိုင်ငံတို့ သည်လည်း ခွဲထွက်ကြောင်း မကြေညာသေး။ ဘော်လကန် တိုင်းပြည်များတွင်လည်း ပြည်နယ်ခွဲထွက်မှုများ ပေါ်ပေါက်ခြင်း မရှိ သေး။ ယဲ့ဆင်သည်လည်း တင့်ကားပေါ်တွင် ရပ်၍ တရားမဟောသေး။ လီနင်ဂရက်မြို့သည်လည်း စိန်ပီတာစဘတ်မြို့ ပြန်မဖြစ် သေး။ ဇာဇင်းစကီး ကြေးရုပ်သည်လည်း ဖြိုးလှဲခြင်း မခံရသေး။ ဆိုဗီယက်ယူနီယံတွင် သီးခြားအမျိုးသားနိုင်ငံများလည်း မပေါ် ပေါက်ကြသေး။
ဖူကူးယားမားကမူ သမိုင်းဟူသည် အတွေးအခေါ်၏ သမိုင်းသာဖြစ်ကြောင်း၊ အတွေးအခေါ်တိုက်ပွဲတွင် အနောက်တိုင်း လစ်ဘရယ် ဒီမိုကရေစီက အနိုင်ရပြီဖြစ်ကြောင်း၊ ယနေ့မှစ၍ နောင်မျှော်မှန်း၍ရသော ကာလအထိ အတွေးအခေါ် တိုက်ပွဲဟူ၍ ရှိတော့မည် မဟုတ်ကြောင်း၊ ထို့ကြောင့် သမိုင်းသည် နိဂုံးချုပ်ပြီဖြစ်ကြောင်းဖြင့် သူ့စစ်တမ်းတွင် ရေးခဲ့သည်။
သူ့စစ်တမ်းကို လက်ယာဝါဒီများကလည်း ဆန့်ကျင်တိုက်ခိုက်ကြသည်။ လက်ဝဲဝါဒီများကလည်း ဆန့်ကျင်တိုက်ခိုက်ကြသည်။ ဖူကူ ယားမားသည် ထိုဝေဖန်ချက်များကို ပြန်လည် ချေပထားကာ နောက်ထပ် စာအုပ်တစ်အုပ် ထုတ်ဝေဦးမည်ဟု ဆိုသည်။
တိုင်းမဂ္ဂဇင်းကမူ ဖူကူယားမား၏ 'သမိုင်းနိဂုံးချုပ်ပြီလော' ဆိုသည့် အဆယူအသည် အဓိပ္ပါယ်မရှိသော အယူအဆ၏ နိဒါန်းဟု ကင် ပွန်းတပ်လိုက်လေသည်။

မြသန်းတင့် 
သမိုင်းစကား ပန်းစကားစာအုပ်မှ ကူးယူဖော်ပြသည်။

No comments: