သာစွ၊ ဆီးကြွေနှင်းခဲ၊ သာလွန်ကဲ၍၊ ရဲရဲ မိုးလေ၊ ဖဂ္ဂုဏနှင့် ပြည့်ပအညီ၊ မိန်ရာသီဟု….။
လူးတားဆရာ ဦးအောင်ကြီးက နွေကို ထိုသို့ဖွဲ့ခဲ့သည်။
သေနင်္ဂါမည်၊ နတ်စည်ဆော်ထံလှိုင်လို့လေး၊ သွန်းမည့်ရုပ်ပုံ၊ ပဇ္ဇုန်ဆင်၊ သင်တိုင်းငယ်နှင့်လေး၊ မိလ္လာရီ ဆိုင်းပြန်ပြီ၊ ပြာရီအုံ့မှိုင်းဝေ လို့မှောင်၊ အာကာဘောင် ဂဠန်တောင်ချိန်ပါလို့ ပန်းတိမ်လိပ်ရောင်…။
နှင်းယွန်းခါဟေမန်၊ လေပြန်သွင်းလှုံ ညင်းညံညံ၊ တိမ်ယံကွန့်ဆိုင်း၊ အိုလေမျှော်တိုင်း၊ မှိုင်းမှိုင်းပေ…။
ပြည်စည်မင်းသားက ဆောင်းကို ထိုသို့ဖွဲ့သည်။
ဆီသည် ရွာစား ဦးအောင်ကြီး၊ မြဝတီမင်းကြီးနှင့် ပြင်စည်မင်းသားတို့ သုံးဦးစလုံးသည် ၁၉ ရာစုနှစ်က ပေါ်ထွန်းခဲ့သော မြန်မာက ဗျာ ဆရာကြီးများ၊ မြန်မာတေးဖွဲ့ စာဆိုကြီးများ ဖြစ်ကြသည်။
သူတို့တွေတုန်းကတော့ ရာသီကိုဖွဲ့သည့် အဖွဲ့များသည် အလှဗေဒ သက်သက်၊ အလင်္ကာအဖွဲ့ သက်သက်မျှသာ ဖြစ်သည်။ ဆန်းစနွေကို ဆန်းနွေဦး၊ မိုးကို အသူရာ၏ စစ်သေနင်္ဂဗျူဟာ။ နှင်းယွန်းဟေမန်ဆောင်းကို မှိုင်းမှိုင်းဝေဆောင်း။ ထိုစကားလုံးများ သည် အလှဗေဒသဘောကို ဖေါ်ပြနေသည့် စကားလုံးများဖြစ်သည်။ အလင်္ကာသဘောကို ရည်ညွှန်းထားသော စကားလုံးများသာ ဖြစ်သည်။ အတ္တဗေဒကို ဖော်ကျူးထားသော စကားလုံးများသာ ဖြစ်သည်။
ယခုနှစ်ဆယ်ရာစုနှစ် ကုန်ခါနီး၊ စက်မှု သိပ္ပံတော်လှန်ရေးက အရှိန်အဟုန်ပြင်းစွာ ချီတက်နေစဉ်တွင်မူ ဥတုသုံးလီကို ဆိုညွှန်းသည့် စကားလုံးများသည် အလှဗေဒသက်သက်၊ အလင်္ကာသက်သက်၊ အတ္တဗေဒသက်သက်မျှသာမကတော့ဘဲ သိပ္ပံပညာသဘောကို လည်း ဆောင်လာခဲ့သည်။
မကြာသေးမီက အနောက်နိုင်ငံနိုင်များမှ သိပ္ပံပညာရှင်များ၊ စာရေးဆရာများနှင့် ကဗျာဆရာများသည် ဥတုသုံးလီကို သိပ္ပံပညာမှ အမည်များနှင့် ယှဉ်တွဲခေါ်လာခဲ့ကြသည်။
ခရမ်းလွန်နွေဦးတဲ့၊ အက်ဆစ်မိုးတဲ့၊ နျူကလီယားဆောင်းတဲ့။
စာပေပညာရှင်တို့က နှင်းယွန်းဂိမ္မာန်၊ ပဇ္ဇုန်မိုးနှင့် နှင်းမှုန်ဝေဆောင်းတို့ကို ခက်ဆစ်အဓိပ္ပါယ်ဖွဲ့ခဲ့ကြသည့် နည်းတူ သိပ္ပံပညာရှင်တို့ ကလည်း ခရမ်းလွန်နွေဦး၊ အက်ဆစ်မိုးနှင့် နျူးကလီးဆောင်းတို့ကို ခက်ဆစ်အဓိပ္ပါယ်ဖွင့်ခဲ့ကြသည်။
၁၉၈၅ ခုနှစ်က ဗြိတိသျှလူမျိုး အန္တာတိတ်ဒေသ လေ့လာရေးအဖွဲ့ဝင်များသည် တောင်ဝင်ရိုးစွန်း တဝိုက် အိုဇုန်းဓာတ် မရှိသော ဟင်းလင်းပြင် အပေါက်တစ်ခုကို တွေ့လာခဲ့ကြသည်၊ ထိုနေရာတစ်ဝိုက်တွင် ကမ္ဘာမြေကြီးကို ဖုံးထားသော အိုဇုန်းဓာတ် မရှိတော့ ဘဲ ဖြစ်သွားခဲ့သည်။
ထိုအဖွဲ့သည် ၁၉၈၇ ခုနှစ်တွင် အန္တတိတ်စက်ဝိုင်းသို့ ဒုတိယအကြိမ်သွားရောက်ကာ ကမ္ဘာပတ်လည်တွင် အိုဇုန်းဓာတ်များ ပါးလွှာ ပျောက်ကွယ်သွားပုံကို အသေးစိတ် လေ့လာခဲ့ကြပြန်သည်။ စက်တင်ဘာလမှ သြဂုတ်လအကုန်အထိ သူတို့သည် တိုင်းထွာရေး ကိရိယာများ တပ်ဆင်ထားသော လေယဉ်များကို အထက်အိုဇုန်း အလွှာထဲသို့ စေလွှတ်ကြည့်ခဲ့သည်။ ယင်းသို့ လေ့လာကြည့် လိုက်သည့် အခါတွင် အိုဇုန်းဓာတ်သည် ရက်သတ္တပတ် အနည်းငယ်အတွင်းတွင် ငါးဆယ်ရာနှုန်းခန့် ကျဆင်းနေသည်ကို တွေ့ရ သည်။ အိုဇုန်းဓာတ်များ ပါးလွှာသွားခြင်းနှင့် ပတ်သက်၍ ဒတ်ခ်ျအမျိုးသားတစ်ဦးဖြစ်သူ နျူကလီယားဗေဒပညာရှင် ကရုဇင်က အောက်ပါအတိုင်း ပြောခဲ့သည်။
'အောက်ဆီဂျင် အနုမြူ သုံးခုနဲ့ အိုဇုန်းဓာတ်ပါတဲ့ မော်လီကျူးကလေးတွေဟာ ကျနော်တို့ ကမ္ဘာမြေကြီး အသက်ရှည်တည်တံ့ရေး အတွက် အဓိကပစ္စည်းတွေ ဖြစ်တယ်။ အဲဒီဒြပ်စင်တွေပါတဲ့ တိမ်တိုက်ကြီးဟာ ကျွန်တော်တို့ ကမ္ဘာမြေကြီးရဲ့ အထက် ဆယ်မိုင် လောက်မှာ တိမ်လွှာထုကြီးအဖြစ် ဖုံးအုပ်နေတယ်။ အဲဒီတိမ်လွှာတုကြီးရှိနေတဲ့ နေရာကို ကျွန်တော်တို့က စထရာတိုစဖီးယားလို့ ခေါ်ကြတယ်။ နေရောင်ခြည်တွေကလာတဲ့ အပူရှိန် ဖြာထွက်မှုနဲ့ ခရမ်းလွန်ရောင်ခြင်တွေ ကျွန်တော်တို့ ကမ္ဘာမြေပြင်ကို တိုက်ရိုက် ကျမလာအောင် အဲဒီတိမ်လွှာထုကြီးက ကာကွယ်ပေးထားတယ်။ အိုဇုန်းဓာတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဲဒီတိမ်တိုက်ကြီးသာ မရှိခဲ့ရင် နေရောင်ခြည် ဖြာထွက်မှုနဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ ကျွန်တော်တို့အပေါ်ကို တိုက်ရိုက်ကျရောက်လာပြီး သေလောက် တဲ့ အရေးပြားကင်ဆာရောဂါတွေ ဖြစ်မယ်။ ကျွန်တော်တို့ အားလုံးဟာလည်း လောင်ကျွမ်းသွားပြီး အသက်ဇီဝကို ဖြစ်ပေါ်စေတဲ့ ဒီအင်အေ မော်လီကျူးများဟာလည်း ပျက်စီးသွားကြလိမ့်မယ်' ဟု သူက ပြောခဲ့သည်။
ကရုဇင်က အိုဇုန်းအလွှာများ ပျက်စီးရသည့် အကြောင်းနှင့် ပတ်သက်၍ သုတေသနပြုလုပ်ကာ စာတမ်းတင်ခဲ့သည်။ သူ့စာတမ်း တွင် အိုဇုန်းအလွှာများ ပျက်စီးသဖြင့် ခရမ်းလွန်ရောင်ခြည်တို့ကြောင့် လူမျိုးနွယ် တစ်ရပ်လုံးတွင် ကျရောက်နိုင်သော ရောဂါသည် များနှင့် အိုဇုန်းလွှာများ ပျက်စီးရသည့် အကြောင်းရင်းများကို ရှာဖွေတင်ပြသွားခဲ့သည်။
'အသံထက် လျင်မြန်တဲ့ လေယာဉ်ကြီးတွေက ထုတ်လွှတ်တဲ့ နိုက်ထရိုဂျင်အောက်ဆိုက် ဓာတ်တွေကြောင့် အိုဇုန်းအလွှာကြီး ပျက် စီးနိုင်တယ်။ တော်မီးတွေကထွက်တဲ့ မီးခိုးတွေကြောင့် ပျက်နိုင်တယ်။ နျူကလီးယား စမ်းသပ်မှုတွေကြောင့်လည်း ပျက်နိုင်တယ်။ နျူကလီယားစစ်ကြီး တစ်ခုသာ ဖြစ်လာခဲ့ရင် အိုဇုန်းအလွှာတစ်ခုလုံး ပျက်စီးပြီး ကျွန်တော်တို့ဟာ ဘာမှ အကာအကွယ်မရှိဘဲ နေရောင်ခြည် ဟင်းလင်းပြင်အောက် ရောက်စေလိမ့်မယ်။ ခရမ်းလွန်ရောင်ခြည်ဟာ ကျွန်တော်တို့ ကမ္ဘာကြီးကို သေလောက်တဲ့ အတိုင်းအတာအထိ ရောက်လိမ့်မယ်' ဟု သူက ပြောခဲ့သည်။
ခရမ်းလွန် နွေဦးကဲ့သို့ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော အရာတစ်ခုမှာ အက်ဆစ်မိုး ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ကနေ ဒါ၊ ဆွီဒင်၊ ဂျာမနီ၊ တရုတ်ပြည်တို့တွင် အက်ဆစ်မိုးများ ရွာချခဲ့သည်ဟု ဆိုသည်။ ထိုနေရာတစ်ဝိုက်ရှိ ကန်များထဲမှ ရေးသည် ရှာ လကာရည်ထက် နှစ်ဆနီးပါး အက်ဆစ်တွေ များနေသည်ကို တွေ့ရသည်ဟု ဆိုသည်။
အက်ဆစ်မိုးသည်လည်း လူလုပ်ပစ္စည်းများကြောင့် ပေါ်ထွက်ရခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြသည်။ ကျောက်ဖြစ် ရုပ်ကြွင်းလောက်စာများကို သုံးခြင်း၊ ကျောက်မီးသွေးများကို သုံးခြင်း၊ ယဉ်ရထားများမှ လွှတ်သော မိုးခိုးအဆိပ်သင့်ခြင်းတို့ကြောင့် လေထုသည် ညစ်ညမ်းလာခဲ့ကာ ဆာလ်ဖာဒိုင် အောက်ဆိုက်နှင့် နိုက်ထရိုဂျင်အောက်ဆိုက်ဓာတ်တို့ဖြင့် ပြွမ်းနေခဲ့သည်။
'အက်ဆစ်မိုးဟာ ပိုတက်ဆီယန်နဲ့ အလူမီနီယန်ဓာတ်တွေကို ထုတ်ပေးတဲ့အတွက် သစ်မြစ်တွေထဲကို ဝင်သွားပြီး သစ်မြစ်တွေကို အလူမီနီယမ်အဆိပ်သင့်စေတယ်၊ သစ်တောတွေ တုံးသွားနိုင်တယ်၊ နောက်မိုးရေထဲမှာ ပါလာလို့ ချောင်းတွေ၊ မြစ်တွေ ကန်တွေထဲ ကို ရောက်သွားပြီး ရေသတ္တဝါများ အထူးသဖြင့် ငါးများကို အဆိပ်သင့်စေတယ်၊ ဒီနောက်မှ တိရိစ္ဆာန်များနဲ့ ကလေးငယ်များကို အဆိပ်သင့်သေလိမ့်မယ်' ဟု ကျွမ်းကျင်သူများက ဆိုသည်။
သူတို့က အက်ဆစ်မိုးကို ရပ်တန့်သွားစေရန်အတွက် ပတ်ဝန်းကျင် လေထုသန့်ရှင်းရေး လုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ ထိန်း ချုပ်ရေးတို့သည် အရေးကြီးသည်ဟု ဆိုနေကြသည်။
နောက် တစ်ရာသီမှာ နျူကလီးယားဆောင်း ဖြစ်သည်။
ကမ္ဘာ့နိုင်ငံများသည် နျူကလီယား လက်နက်များကို ထုတ်လုပ်နေကြသည်။ မကြာမီ ကမ္ဘာတွင် နျူကလီးယား လက်နက်ပိုင်ဆိုင် သည့် နိုင်ငံများသည် ဆယ်ပေါင်းများစွာ ရှိလာတော့သည်။ ယခုပင်လျှင် နျူကလီးယားလက်နက်များကို အပြိုင်အဆိုင် တပ်ဆင်နေ ကြသည်မှာ အနှစ်လေးဆယ်ခန့် ကြာလေပြီ။ နျူကလီးယား လက်နက်တိုက် တစ်ခုမှ ပေါက်ကွဲထွက်လာသည့် မီးခိုးများသည် မြောက်ဘက်ကမ္ဘာတစ်ခြမ်းကို ဖုံးလွှမ်းသွားနိုင်သည်။ ထိုပေါက်ကွဲမှုကြောင့် ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် နေရာင်ခြည် ပျောက် ကွယ်သွားနိုင်သည်ဟု ဆိုကြသည်။
၁၉၈၃ ခုနှစ်က အမေရိကန် နက္ခတ္တ ဗေဒပညာရှင်နှင့် သိပ္ပံဝတ္ထုရေးဆရာ ကားလ်ဆေဂန်းက အောက်ပါအတိုင်း ပြောခဲ့သည်။
'တကယ်လို့သာ မဟာအင်အားကြီးနိုင်ငံများရဲ့ နျူကလီးယား လက်နက်အားလုံးရဲ့ တစ်ရာခိုင်နှုန်းလောက်ကိုပဲ ဖောက်ခွဲလိုက် တယ်ထား၊ အဲဒီလောက် ဖောက်ခွဲပစ်လိုက်ရင် တစ်ကမ္ဘာလုံးလောက်မှာ နေကို ဖုံးကွယ်သွားနိုင်တဲ့ မည်းမှောင်တဲ့ တိမ်တိုက်ကြီး တစ်ခု ဖုံးအုပ်နေတော့မယ်၊ အပူရှိန်ဟာလည်း ဇောက်ထိုးဆင်းသွားပြီး နွေခေါင်ခေါင်ကြီးမှာတောင် ရေခဲတဲ့အမှတ်အောက်ကို လပေါင်းများစွာ ရောက်သွားကြပြီး စကြာဝဠာကြီးဟာ ရေခဲပြင်ကြီး ဖြစ်နေတော့မယ်။ လက်နက်တွေရဲ့ တစ်ရာနှုန်းလောက် ဖောက်ခွဲပစ်လိုက်ရုံနဲ့ ကမ္ဘာကြီးဟာ ဆယ်နှစ့်ရာသီပတ်လုံး ရေခဲတော့မယ်' ဟု သူက ပြောခဲ့သည်။
အမေရိကန် သိပ္ပံပညာရှင် တာကိုက ထိုအခြေအနေကို 'နျူကလီးယားဆောင်း' ဟု အမည်ပေးခဲ့လေသည်။
သိပ္ပံပညာရှင်များက နျူကလီးယားဆောင်းသာ ကျရောက်လျှင် လူ့သက်တမ်းတစ်လျှောက်တွင် တစ်ခါမျှ မကြံရဖူးသေးသော ကပ်ဆိုးကြီးနှင့် ကြုံရတော့မည်ဟု ဆိုကြသည်။ လွန်ခဲ့သော နှစ်သန်းပေါင်း ခြောက်ဆယ်က ကရိတေးစီးယတ်စ် ကပ်ကမ္ဘာကြီး အဆုံးမှာ ကြိမ်တိမ်တိုက်ကြီးတခု ပေါက်ကွဲသည့်အတွက် ကမ္ဘာပေါ်တွင် အမှုန့်တွေလွှမ်းပြီး ကမ္ဘာမြေကြီး တစ်ခုလုံးသည် ရေခဲ သွားခဲ့သည်ဟု ဆိုသည်။ ထို ရေခဲကပ်ကြီးအပြီးတွင် ဒိုင်နိုဆောသတ္တဝါကြီးများသည် မျိုးတုံးပျောက်ကွယ်သွားခဲ့ကြသည်။
'ဒီတစ်ခါ နျူကလီးယား ဆောင်းဥတုကြီး ပေါ်လာခဲ့ရင်တော့ ကျွန်တော်တို့ လူသားအနွယ်ကြီး တစ်ရပ်လုံး မျိုးပြုန်းရမယ့် အလှည့် ပဲဟု' ဟု ပြောခဲ့သည်။
ယင်းတို့မှာ ခရမ်းလွန်နွေဥိး၊ အက်ဆစ်မိုးနှင့် နျူကလီယားဆောင်းတို့၏ ပဏ္ဍိတ်တို့၏ အဆိုများ ဖြစ်သည်။
သူတို့က ခရမ်းလွန်နွေဦး၊ အက်ဆစ်မိုးနှင့် နျူကလီးယားဆောင်တို့ကို ဖန်တီးခဲ့သူမှာ 'လူ' ဖြစ်၍ ထိုအရာများကို တားဆီးနိုင်သူမှာ လည်း 'လူ' သာလျှင် ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသည်။
မြသန်းတင့်
သမိုင်းစကားပန်းစကားစာအုပ်မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment