“ပန်းတိုင်မပျောက်ပါစေနှင့်”


ကျွန်တော် စာမရေးဖြစ်တာ ကြာပါပြီ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ထဲက ကျွန်တော်တို့ရဲ့ (ဗ. က. သ) ရဲဘော်တွေ ပြန်လည် လွတ်မြောက်လာချိန်ကစလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ. က. သ) ပြန်လည် ဖွဲ့စည်းရေး အလုပ်တွေ၊ နိုင်ငံအနှံ့ ခရိုင်တွေမှာ ကျောင်းသားသမဂ္ဂ ပေါ်ပေါက်ရေး ကြိုးပမ်းရတဲ့ တာဝန်တွေနဲ့ မအားလပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုမအားလပ်တဲ့ကြားကပဲ မရေးမဖြစ်တဲ့ အဖြစ်တွေ ပေါ်ပေါက်လာသည့်အတွက် အများပြည်သူသိအောင် ချမရေးပြချင်တဲ့ အကြောင်းအရာတွေကို ရေးပြရတော့မှာပါ။

ဒီစာအတွက် အလုံးစုံ ကျွန်တော်တာဝန်ယူသလို ဒီစာပါ အကြောင်းအရာများဟာလဲ ကျွန်တော် ဘာကိုမှမျှော်ကိုးလို့ ရေးပြတာမဟုတ်ပါဘူးဆိုတာ ကြိုတင် ပြောထားပါရစေ။ ကျွန်တော်ရဲ့ အဓိက ရည်ရွက်ချက်ကတော့ ပြည်တွင်းကရော ပြည်ပမှာပါရှိနေတဲ့ ကျောင်းသား မျိုးဆက်များစွာက ကျွန်တော်တို့ရဲ့ ကျောင်းသားရဲဘော်တွေဟာ ဗကသ ဆိုတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုးနဲ့ လက်ဆင့်ကမ်းပေးခဲ့တဲ့ မျိုးဆက် တာဝန်ကို ဘယ်လို အခက်အခဲတွေကြားထဲက တာဝန်ကြေပွန်အောင် ဘယ်လိုထမ်းဆောင်နေရတယ်ဆိုတာ သိရှိ နားလည်ပြီး ဗကသများအဖွဲ့ချုပ်အပေါ်ကို ပိုမို တန်ဖိုးထားတတ်လာအောင်ရယ်၊ ပြည်တွင်းက ကျောင်းသားရဲဘော်တွေအပေါ် စာနာနားလည်လာနိုင်ဖို့ ရယ်ပါပဲ။ ထပ်ပြောပါရစေ။ ကျွန်တော် ဘယ်လူပုဂ္ဂိုလ်တစ်ဦးတယောက်၊ အဖွဲ့အစည်းတစ်ခုကိုမှ စောင်းမြောင်းထိခိုက်စေလိုတဲ့ အကြောင်း အရာ သို့မဟုတ် ရည်ရွယ်ချက်လုံးဝမပါဘူး ဆိုတာသစ္စာပြုရဲပါတယ်။


လွန်ခဲ့တဲ့ ဆယ်ရက်ကျော်ကျော်လောက်ကပဲ အွန်လိုင်းပေါ်က ဝက်ဆိုက်ဒ်တစ်ခုမှာ ကျောင်းသား ခေါင်းဆောင်ဟောင်းတစ်ဦး ရေးထားတဲ့ “တစ်ခုတည်းသောကျောင်းသားသမဂ္ဂ၊ တစ်ခုတည်းသော ဗဟို” ဆိုတဲ့ဆောင်းပါးကို ဖတ်မိပြီး ကြိုက်လွန်းတဲ့အတွက် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဝက်ဆိုက်ဒ်ဖြစ်တဲ့ “ရန်ကုန်ကျောင်းသား (ရကသ)”  www.yakatha.blogspot.com မှာ တင်ထားခဲ့ပါတယ်။

အဲဒီ ရက်ပိုင်းအတွင်းမှာပဲ အင်တာနက်ဝက်ဆိုက်ဒ်တွေထဲမှာ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်တဲ့ ဝေဖန် ချက်တွေ၊ ပြောဆိုချက်တွေ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ လေးရက်ကတော့ ၇ ဇူလိုင် နှစ်ငါးဆယ်ပြည့်နဲ့ ပတ်သက်ပြီး အရင်က ဗကသမှာ တာဝန်ယူပြီး ယခုအထိလည်း နိုင်ငံရေး လောကမှာ အခန်းကဏ္ဍကိုယ်စီနဲ့ ဆက်လက် တာဝန်ထမ်းဆောင်နေကြတဲ့ ကျောင်းသားသမဂ္ဂခေါင်း
ဆောင်ဟောင်းကြီးများဖြစ်တဲ့ ဦးလှရွှေ၊ ဆရာအောင်ဝံသ၊ ဆရာဝင်းထွဋ်ဇော်၊ ဦးတင်အေးတို့နဲ့ စကားဝိုင်းဖွဲ့ပြီး ဟိုးအရင် (၇. ၇. ၆၂) တုန်းက သူတို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ ၇ ဇူလိုင် အရေးအခင်း အတွေ့အကြုံတွေကို ဗ.က.သ မျိုးဆက်သစ်များကို လက်ဆင့်ကမ်းပြောပြတဲ့ စကားဝိုင်းလေး လုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဆိုင်ရာ အမှန်တရားတွေကို သိရှိခဲ့ပါတယ်။ ဒီအတွက် စကားဝိုင်းဖြစ်မြောက်အောင် ၀ိုင်းဝန်းကူညီလုပ်ဆောင်ပေးခဲ့တဲ့ သူတွေရော၊ သမိုင်းစကား လက်ဆင့်ကမ်းပေးခဲ့တဲ့ ဗ. က. သ ရဲဘော်ဟောင်းကြီးတွေကိုရော အလွန်ပဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

အဲဒီစကားဝိုင်းမှာ ဆရာမောင်ဝံသက စကားတစ်ခွန်း ပြောပါတယ်။ သူတို့လက်ထက်၊ သူတို့ ခေတ်တုန်းကလဲ ကျောင်းသားတွေကြားမှာ ကိုယ့်အယူအဆ၊ ကိုယ့်ဝါဒနဲ့ကိုယ် အမျိုးမျိုး ကွဲနေတာပါပဲတဲ့။ ဒါပေမယ့် ဘယ်လိုပဲ ကွဲပြားနေသည်ဖြစ်စေ ကျောင်းသားသမဂ္ဂအမှုဆောင်ရွေးပွဲမှာ အနိုင်ရရှိသူကို ရှုံးနိမ့်သူက လက်ဆွဲနှုတ်ဆက်ပြီး ထွက်ပေါ် လာတဲ့ ရလဒ်ကို ဒီမိုကရေစီ နည်းလမ်းကျကျ ကျေနပ်စွာ လက်ခံပေးခဲ့တာ ချည်းပါပဲတဲ့။ ဘယ်လောက်ပဲပြိုင်ဆိုင်မှု ပြင်းထန် နေပါစေ၊ အယူဝါဒခြင်း ဆန့်ကျင်ဘက်ဖြစ်နေပါစေ ကိုယ်ခေါင်း ဆောင် မလုပ်ရလို့ ကျောင်းသား သမဂ္ဂကို နောက်တခု ထပ်ထူထောင်သူ မရှိခဲ့ပါဘူးတဲ့။ ဘာကြောင့်လဲ ဆိုတော့ “လူ” ကိုမလေးစားရင်တောင် “မူ” ကိုလေးစားတယ်၊ ဗ. က. သ ရဲ့ သမိုင်းဂုဏ်ရောင်ကို တန်ဖိုးထားတဲ့ အတွက် သမိုင်းတလျှောက်မှာ ကျောင်းသားသမဂ္ဂနှစ်ခု စင်ပြိုင်ထောင်တဲ့ ဖြစ်စဉ်မျိုး ဘယ်တုန်းကမှ မရှိခဲ့ကြောင်း တကယ်ကိုလေးလေးနက်နက် ပြောသွားခဲ့ပါတယ်။ ဒီစကားဟာ အလွန်ပဲတန်ဖိုးရှိတဲ့ စကားဖြစ်ပြီး၊ ကျွန်တော်တို့ မျိုးဆက်ကျောင်းသား သမဂ္ဂရဲဘော်တွေ စဉ်းစားဆင်ခြင်သင့်ကြတဲ့ စကားပါ။

ဒီ ဗ.က.သ ဆိုတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုးကို လေးစား
တန်ဖိုးထားလို့ ပြည်တွင်းက ကျွန်တော်တို့ရဲ့ ကျောင်းသားရဲဘော်တွေ ဘယ်လို အခက်အခဲကြားက ဆက်လက် သယ်ဆောင်ချီတက်နေကြရတယ်ဆိုတာကို ကျွန်တော်နဲ့ နီးစပ်တဲ့ ရန်ကုန် တောင်ပိုင်း ခရိုင် ကျောင်းသားများသမဂ္ဂ (ရ. တ. က. သ) က ကျောင်းသားရဲဘော်တွေရဲ့  အဖြစ်အပျက်အချို့ကို ကျွန်တော် ထုတ်နှုတ်တင်ပြပါ့မယ်။

ဗ. က. သ နဲ့ ပတ်သက်ပြီး ၀ိဝါဒ ကွဲပြားနေသူများ၊ အယူအဆမတူသူများ ဒီစာကိုဖတ်ပြီး တွေးတော ဆင်ခြင်နိုင်ကြဖို့ပါ။ ကျွန်တော်က ရန်ကုန်မြို့ရဲ့ တဖက်ကမ်းက ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် တည်ရှိတဲ့ သန်လျင်မြို့လေးမှာ နေထိုင်ပါတယ်။ တက္ကသိုလ်ဝင်တန်းကို (၂၀၀၀) ခုနှစ်မှာ အောင်မြင်ပြီး (၂၀၀၂) ခုနှစ်မှာ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ရုက္ခဗေဒအထူးပြုနဲ့ ပထမနှစ် စတက်ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက (၂၀၀၃) ဗ. က. သ မျိုးဆက်တွေဖြစ်တဲ့ ကိုလွင်ကိုလတ်တို့ ကိုနန္ဒာစစ်အောင်တို့နဲ့ စတင်ရင်းနှီးပြီး လက်တွဲဖြစ်ခဲ့ပါတယ်။ စစ်အစိုးရရဲ့  လမ်းပြ
မြေပုံ (၇) ချက်ကို ဆန့်ကျင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုလွင်ကိုလတ်တို့ ကိုနန္ဒာစစ်အောင်တို့ ကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့တဲ့အတွက် အရှေ့ပိုင်းတက္ကသိုလ်က ကျွန်တော်တို့ အဖွဲ့လေးလဲ ၀ါးအစည်း ပြေသလို တကွဲတပြား ဖြစ်ခဲ့ကြပါတယ်။

ဒီတုန်းက ကျွန်တော့်အသက် (၁၈) နှစ်မပြည့်သေးပါဘူး။ ရပ်ကွက်ရုံးက မိဘတွေကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းတာ၊ ဌာနက ပါမောက္ခဆီမှာ ၀န်ခံလက်မှတ်ထိုးခဲ့ရတာ၊ စစ်ထောက်လှမ်းရေးတွေရဲ့ ခြိမ်းခြောက်သလိုလို၊ စေတနာနဲ့ သတိပေး သလိုလို ပြောဆိုခံခဲ့ရတာတွေကို အရွယ်နဲ့ မမျှအောင် ခံခဲ့ရတာပါ။ ဒါပေမယ့် ကျွန်တော်နဲ့ တမြို့ထဲသားခြင်းလဲဖြစ်၊ ကျွန်တော့်လက်ဦးဆရာလိုလဲဖြစ်တဲ့ ကိုလွင်ကိုလတ်တို့ ကိုယ်ပိုင် ဘ၀နဲ့ ရင်းပြသွားခဲ့တဲ့ ယုံကြည်မှုတန်ဖိုးဟာ ကျွန်တော့်ရင်ထဲမှာ စွဲသွားပြီဖြစ်တဲ့အတွက် ကျွန်တော့်လမ်းကြောင်းဟာ မသွေဖယ်ခဲ့ပါဘူး။ (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေးမှာလဲ ခေါင်းဆောင်ဟောင်းတချို့ရဲ့ အမျှော်အမြင်ကြီးမှုကြောင့် ဗ. က. သ ရဲ့ (Second Line) အဖြစ် ကန့်လန့်ကာ နောက်ကွယ်ကသာ လှုပ်ရှားခဲ့တဲ့အတွက် တခြားရဲဘော်များထက်စာရင် ကျွန်တော် ကံကောင်းခဲ့ပါတယ်။

(၂၀၀၈) ခုနှစ် နာဂစ်အပြီးမှာလဲ ကျွန်တော့်ရဲ့ ကံတရားကြောင့် ကျွန်တော်ထပ်မံ ကံကောင်းခဲ့ပါ သေးတယ်။ ဒီလိုကံကောင်းမှုတွေကြောင့် အပြင်လောကမှာ နေထိုင်ခွင့် ရခဲ့ပေမယ့် ကျွန်တော် အလကား မနေခဲ့ပါဘူး။ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တွေ အကျဉ်းထောင် အသီးသီးကပြန်လည် လွတ်မြောက်လာချိန်မှာ ဗ. က. သ ကို အဆင်သင့် ဦးဆောင် လှုပ်ရှားလို့ရအောင် အင်အားစုတခုကို စုစည်း နေခဲ့ပါတယ်။ ယခု တိုင်းနိုင်ငံအနှံ့မှာ ခရိုင် ကျောင်းသားသမဂ္ဂ အသီးသီး ပေါ်ပေါက်လာခဲ့ ချိန်မှာတော့ ကျွန်တော် အချိန်ယူ တည်ဆောက်ခဲ့ရတဲ့ အင်အားစုလေးဟာ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများသမဂ္ဂ (ရ. တ. က. သ) အဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။ ဒါတွေကတော့ (ရ. တ. က. သ) နဲ့ ကျွန်တော်ရဲ့ကြားက နောက်ခံ သမိုင်းကြောင်းပဲဖြစ်ပါတယ်။

ကျွန်တော်ဟာ ဗ. က. သ ရဲ့ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရင်း တပြိုင်နက်ထဲမှာပဲ တောင်ပိုင်းခရိုင် ဗ.က.သ ရဲဘော်များနဲ့ အတူ (ရ. တ. က. သ) ကျောင်းသား ရဲဘော်များ အရည်အသွေး မြင့်မားတိုးတက်လာအောင်ရယ်၊ ကျွန်တော့်မွေးရပ်မြို့လေးက ပြည်သူလူထုကို တတ်နိုင်တဲ့ဘက်က အလုပ်အကျွေး ပြုချင်တာရယ်ကြောင့် သန်လျင်မြို့မှာ (ရ. တ. က. သ) ရဲ့ ရုံးခန်းတဖြစ်လဲ “အိုးဝေ” စာဖတ်ခန်းလေး တခုနဲ့ တက္ကသိုလ်ဝင်တန်း ပညာဒါန စာသင်ဝိုင်းတခုကို တည်ထောင်ဖြစ်ခဲ့ပါတယ်။ သန်လျင်မြို့မ ဈေးနားမှာ တစ်လငွေခြောက်သောင်းနဲ့ ဆိုင်ခန်းတစ်ခန်း ငှားခဲ့ပါတယ်။ (ရ. တ. က. သ) ရဲဘော်များနဲ့ အခြားအလှူရှင်များထံက စာအုပ်စာတမ်းများ လိုက်လံ အလှူခံပြီး အဲဒီဆိုင်ခန်းမှာပဲ “အိုးဝေ” စာကြည့်တိုက်နဲ့ တက္ကသိုလ်ဝင်တန်း ပညာဒါနတန်းခွဲတခုကို စတင်ခဲ့ပါတယ်။ ဆိုင်ခန်းခ ခြောက်သောင်းနဲ့ ပညာဒါနကျောင်းရဲ့ ကုန်ကျစရိတ်များကိုတော့ တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂမှ ကျောင်းသားများက တစ်ဦးလျှင် တစ်လနှစ်ထောင် (၂၀၀၀) နှုန်းဖြင့် လစဉ်ကြေး ထည့်ဝင်ကြပါတယ်။

အဲဒီ တောင်ပိုင်းခရိုင်ရဲ့ “အိုးဝေ” စာကြည့်တိုက်မှာ ကျွန်တော်ရယ်၊ ကျွန်တော်တို့ ပညာဒါန ကျောင်းက ကျောင်းသားလေးတယောက်ရယ်၊ ၀ါးခယ်မ မြို့နယ်က သန်လျင်သမ၀ါယမ ကောလိပ်မှာ ကျောင်းလာတက်နေတဲ့ ကိုကိုမောင် ဆိုတဲ့ ကျောင်းသားရယ်၊ နောက်ဆုံးတခေါက် လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ လွတ်လာတဲ့ မုံရွာက ဗိုလ်ပီ (အောင်လှိုင်မင်း) ဆိုတဲ့ ကျောင်းသားရယ် နေကြပါတယ်။ နေ့စဉ် ပညာဒါနကျောင်းနဲ့ စာကြည့်တိုက် လုပ်ငန်းများလုပ်ရန်အတွက် အဲဒီမှာပဲနေပြီး၊ အဲဒီမှာပဲ ချက်ပြုတ် စားကြပါတယ်။ ဆန်ကိုတပြည်ခြင်းစီ ကျွတ်ကျွတ်အိတ်နဲ့ ၀ယ်စားပြီး ကျွန်တော်တို့ရဲ့ နေ့စဉ် ဟင်းလျာကတော့ ကြက်သွန်နီနဲ့ ငရုတ်သီးသုတ်ထားတဲ့ ဟင်းပါ။

တရက် ကျွန်တော်နဲ့ ဗိုလ်ပီ အပြင်ကပြန်လာရင်း ကျွန်တော်တို့ အခန်းရဲ့ မျက်စောင်းထိုး အိမ်ရှေ့က မြက်ခင်းထဲမှာ မြင်းခွာရွက်တွေ အလေ့ကျပေါက်နေတာကို သွားတွေ့ပါတယ်။ အဲဒီအခါမှာ ဗိုလ်ပီက “ကိုမင်းသွေးရေ… ဒီနေ့ ညနေစာမှာ ဟင်းချိုတမျိုးတော့ တိုးပြီဗျ” လို့ ပြောပါတယ်။ အဲဒီနေ့ ကစလို့ ဗိုလ်ပီဟာ ညနေဘက်တွေမှာ အဲဒီမြက်ခင်းက မြင်းခွာရွက်တွေကို သွားခူးလေ့ရှိပါတယ်။
တစ်ညနေမှာတော့ ဗိုလ်ပီ မြင်းခွာရွက် နှုတ်နေတုန်း အဲဒီအိမ်က အဘွားကြီးတစ်ယောက် ထွက်လာပြီး “သားရယ် အဲဒီ မြက်ခင်းပေါ်ကဟာတွေတော့ မစားပါနဲ့ အဘွားအိမ်ထဲမှာ စိုက်ထားတာ ရှိတယ် လိုချင်တဲ့ အချိန်လာယူပါ” လို့ လာပြောပါတော့တယ်။ အဲဒီလိုပြောပြီး နောက်တနေ့မှာ သူ့အိမ်ရှေ့က မြက်ခင်းကိုရှင်းထားတာ တွေ့ရပါတယ်။ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ကို လမ်းဘေးမြက်ခင်းပေါ်က မြင်းခွာရွက်တွေ မစားစေချင်တဲ့ စေတနာပါ။ ဗိုလ်ပီကတော့ ခပ်ပြုံးပြုံးနဲ့ “ကျွန်တော်တို့ အခင်းလေး ပျက်သွားပြီဗျ” လို့ ပြောပါတယ်။

ကျွန်တော်တို့ အခန်းရဲ့နောက်မှာ ပိန်းပင်တွေနဲ့ မြက်ပင်တွေ ရောနှောပေါက်နေတဲ့ ပိန်းတောကြီး ရှိပါတယ်။ အဲဒီအထဲမှာ ကန်စွန်းရွက်တွေ ဟိုနားတစ်စု ဒီနားတစ်စု ပေါက်နေပါတယ်။ အိမ်ရှေ့ အခင်းလေး အဖျက်ခံ လိုက်ရတဲ့ ဗိုလ်ပီနဲ့၊ ကျွန်တော်နဲ့ အတူနေတဲ့ ပညာဒါနက ကျောင်းသားလေးက အဲဒီ ကန်စွန်းရွက်တွေကို မျက်စိကျလာပါတော့တယ်။ နေ့တိုင်းဆင်း၊ ဆင်းခူးနေတာတွေ့နေရတဲ့ ဘေးအခန်းက လူတွေက တရက်ဗိုလ်ပီတို့ ဆင်းခူးနေတုန်း နင်တို့ အဲဒါဘာလုပ်ဖို့ ခူးနေ
တာလဲလို့ လှမ်းမေးပါတယ်။ ဗိုလ်ပီ ပြန်ဖြေတာရှင်းပါတယ်။ “အဆိပ်ဖြေတယ်ဆိုလို့ စားဖို့ပါ´ တဲ့။

တစ်ညနေကျွန်တော်တို့အဖွဲ့ နိုင်ငံရေးပွဲတစ်ခုရှိလို့ ရန်ကုန်မြို့ထဲကို သွားပါတယ်။ အဲဒီပွဲက အပြန်မှာ နောက်ကျလို့ ညဆယ်နာရီကျမှ ထမင်းစချက်ကြရတယ်။ ဆီကုန်နေတာတွေ့လို့ ဟင်းအတွက် အရှေ့က ဈေးဆိုင်မှာ ကြက်ဥသွားဝယ်တဲ့ ကိုကိုမောင့်ကို ကျွန်တော်ကသူ့ မှာပိုက်ဆံရှိသေးရင် ဆီပါဝယ်ခဲ့ဖို့ အခန်းရှေ့ကနေ လှမ်းအော်လိုက်ပါတယ်။ သူက ငွေမရှိတော့ကြောင်း ပြောပါတယ်။ ကျွန်တော်တို့ အပြန်အလှန် ပြောနေသံကို ကြားတဲ့ဆိုင်ရှင်က ကြက်ဥတစ်ခါ ကြော်စာဆီကို သူ့ဆိုင်ကနေပဲ ပေးလိုက်ပါတယ်။ နောက်အဖြစ်အပျက်တစ်ခုကတော့ ကျွန်တော်တို့ တပြည်ချင်း
ဝယ်စားနေကျ ဆန်ကုန်သွားလို့ ဗိုလ်ပီနဲ့ ရာပြည့်ဆိုတဲ့ ကျောင်းသားတယောက်နဲ့ ဆန်သွား ၀ယ်ပါတယ်။ ဆန်ဆိုင်ရောက်တဲ့အခါမှာ တပြည် ခြောက်ရာတန်ဆန်ရှိလားလို့ မေးတော့ ဆိုင်ရှင်က ရှစ်ရာတန်ဆန်ရှိတယ် ယူမလားလို့ ပြန်မေးပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်နှစ်ယောက်က ခြောက်ရာတန်ပဲ ယူမယ့်အကြောင်း ပြောလိုက်ပါတယ်။ အဲဒီမှာ ဆိုင်ရှင်ပြန်ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော်တို့ ရဲဘော်နှစ်ယောက် အောင့်သက်သက်နဲ့ ပြန်လာခဲ့ရပါတယ်။ ဆိုင်ရှင် ပြန်ပြောတာက `သြော်… ငှက်ကျွေးဖို့လားတဲ့´…။ အဲဒီ အကြောင်း (ရ. တ. က. သ) က တခြား ကျောင်းသားတွေကို ဟာသအဖြစ် ပြန်ပြောပြတော့သူတို့ ရယ်ကြပါတယ်။ ဒါပေမယ့် နောက်နေ့ တွေမှာ `အိုးဝေ´စာကြည့်တိုက်ကို လာတဲ့အခါ သူတို့ လက်ထဲမှာ ကိုယ်စီကိုယ်စီပါလာတဲ့ ဆန်ထုပ်လေးတွေ ယူလာပေးကြပါတယ်။

ဒီအဖြစ်အပျက်တွေဟာ ကျွန်တော် ပြည်သူ့မေတ္တာ ခံယူရရှိအောင် တမင်တကာ ဇာတ်နာအောင် ရေးပြနေတာ မဟုတ်ပါဘူး။ ဘုရားပေးပေး၊ ကျမ်းပေးပေး ကျွန်တော်သစ္စာဆိုရဲပါတယ်။ ကျွန်တော်နဲ့ အတူနေနေတဲ့ ကျောင်းသားရဲဘော်တွေ သက်သေရှိပါတယ်။ ရန်ကုန်တောင်ပိုင်းခရိုင်က (ဗ. က. သ) တွေ သက်သေရှိပါတယ်။ ကျွန်တော်တို့ တယောက်ခြင်းစီဟာ ကိုယ့်အိမ်မှာ ကိုယ့်မိဘတွေနဲ့ အတူတူနေမယ်ဆိုရင် ကောင်းကောင်းနေ၊ ကောင်းကောင်း စားပြီး ကောင်းကောင်း ၀တ်နိုင်ပါတယ်။ မုန့်ဖိုးဆိုလည်း ကိုယ်တစ်ယောက်စာ အတွက်ကတော့ ဘယ်မှမသွား၊ ဘာအလုပ်မှ မလုပ်ရင် လောက်ငရုံမက ပိုလျှံပါတယ်။

ဒါပေမယ့် ဘာကြောင့် အခုလို ဒုက္ခခံပြီး ဒီအလုပ်တွေကို လုပ်နေရပါသလဲ…။ အဖြေကတော့ ရှင်းရှင်းလေးပါ။ ကျွန်တော်တို့ နိုင်ငံအတွက် ကျွန်တော်တို့ ပြည်သူတွေအတွက် တာဝန်ကျေချင်လို့ပါ။ (ဗ. က. သ) ဆိုတဲ့ သမိုင်းကြီးခဲ့တဲ့ ကျောင်းသားအဖွဲ့အစည်းကြီး အခုထက်ပိုပြီး စည်ပင် ကြီးထွားစေချင်လို့ပါ။ (ဗ. က. သ) ကို ချစ်လို့ပါ။ ယုံကြည်လို့ပါ။ ဆရာဗန်းမော်တင်အောင်ရဲ့ ပြောစကားအရ ပြောရရင် ခေတ်က ကျွန်တော်တို့ ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းပေး တာဝန်ကို ကြေပွန်ချင်လို့ပါ။ ကျွန်တော်တို့လိုပဲ တခြားခရိုင်တွေက (ဗ. က. သ) ရဲ့ ကျောင်းသား ရဲဘော်တွေလည်း ခေတ်နောက် ပြန်ချင်နေတဲ့ အာဏာပိုင်တစ်ချို့ရဲ့ ဖိအားပေးခြိမ်းခြောက် ခေါ်ယူ မေးမြန်းမှုတွေကို ရင်ဆိုင်ပြီး အခုလို ဒုက္ခတွေ တဖက်နဲ့ (ဗ.က.သ) အဖွဲ့ချုပ်ကြီး ရေရှည် တည်တံ့အောင်၊ နိုင်ငံအနှံ့ ပေါ်ထွန်းလာအောင် ကြိုးစားနေကြတာပါ။ ဆက်လက်ပြီးလည်း ကြိုးစား ရပ်တည်နေကြဦးမှာပါ။ ကျွန်တော်တို့ရဲ့ သမိုင်းကို အရိုင်းမခံပါဘူး။ ကျွန်တော်တို့ရဲ့ မိဘပြည်သူတွေ ကိုလည်း ဘယ်သူမှ နှိပ်စက်တာ မခံစေရပါဘူး။ ဒါကျွန်တော်တို့ရဲ့ စိတ်ဓာတ်နဲ့ စေတနာပါ။ ကျွန်တော်တို့ (ဗ.က.သ) တွေရဲ့ သစ္စာပါ။ ဒီလောက် ရေးပြရရင် ကျွန်တော်ဘာကို ဆိုလိုတယ် ဆိုတာကို စာဖတ်သူတိုင်း သဘောပေါက်မှာပါ။ ကျွန်တော်ရဲ့စာဟာ ကျွန်တော်တို့ ကျောင်းသားထု ပြန်လည် ညီညွတ်ရေးအတွက်ရော (ဗ.က.သ) များအဖွဲ့ချုပ် ရေရှည်တည်တံ့ရေးအတွက်ပါ အုတ်တချပ်၊ သဲတပွင့် ဖြစ်ခဲ့ရင် ကျွန်တော်ဒီစာကို ရေးရကျိုး နပ်ပါပြီ။ ကျွန်တော်တို့ အကွဲကို ချောင်းနေတဲ့ကျားတွေ ရှိတယ်ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။ ကျွန်တော့်ရဲ့ စာကို ဗုဒ္ဓ္ဓဟောကြားခဲ့တဲ့ အဆုံးအမလေးတစ်ခုနဲ့ အဆုံးသတ်ပါ့မယ်။ “သူတပါး၏ များစွာသောအကျိုးစီးပွား အတွက်ကြောင့် မိမိ၏ အကျိုးစီးပွားကို အနည်းငယ်မျှ မဆုတ်ယုတ်စေရာ၊ မိမိအကျိုးစီးပွားကိုသိ၍၊ မိမိအကျိုးစီးပွားကို တိုးပွားအောင် လေ့ကျက် အားထုတ်ရာ၏” အတ္တဒတ္ထတ္ထေရ၀တ္ထု။ ကျောင်းသားရဲဘော်များ အားလုံး (ဗ.က.သ) ရဲ့ အကျိုးစီးပွားကို တိုးပွားအောင် အားထုတ် နိုင်ကြပါစေ။

မင်းသွေးသစ်
တွဲဖက်အတွင်းရေးမှူး
ဗဟိုလုပ်ငန်းကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

No comments: