အီတလီနိုင်ငံ အလယ်ပိုင်း မြို့ငယ်လေး တစ်ခုသည် အီတလီ အစိုးရထံမှ ခွဲထွက်ကာ လွတ်လပ်ရေး ကြေညာလိုက် ပြီး ကိုယ်ပိုင် ငွေစက္ကူများပင် ထုတ်ဝေပြီးဖြစ်ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဖီလက်တီနိုဟု အမည်ရသော အဆိုပါမြို့ငယ်လေးသည် ရောမမြို့မှ မိုင် ၇၀ အကွာတွင်ရှိပြီး အဆိုပါမြို့၏ အာဏာပိုင်များသည် အီတလီ အစိုးရ၏ အသုံးစရိတ် ခြိုးခြံချွေတာရေး အစီအစဉ်များကို ကန့်ကွက် ဆန္ဒပြသည့် အနေနှင့် ယင်းသို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့၏ အဆိုအရ သိရသည်။
အဆိုပါမြို့တွင် လူဦးရေ ၅၅၀ ဦးသာ ရှိပြီး ဒေသအသုံး စရိတ်ကိုလျှော့ချခြင်းခံထားရသည်။ ဥရောပ စီးပွားရေး အကျပ်အတည်း ကာလတွင် မြို့တော်ဝန် အလုပ်မှ နားရဖွယ်ရှိနေသည့် ယင်းမြို့၏ အကြီးအကဲ လူကာ ဆယ် လာရီက လွတ်လပ်ရေး ကြေညာမည့် အကြံကို ရခဲ့ခြင်း ဖြစ်သည်။ ငွေကြေး တစ်ရပ်ကိုလည်း ဖော်ဆောင်ထားပြီး ဖီအိုရီတိုငွေကြေးဟု အမည်ပေးထားကာ ယင်းမြို့တော်ဝန်၏ ပုံကို ထည့်သွင်းထားသည်။ အီတလီဝန်ကြီးချုပ် ဘာ လူစကိုနီအစိုးရ၏ အသုံးစရိတ်လျှော့ချရေး စီမံချက်အရ မြို့ငယ်လေးများ၏ ဒေသ အာဏာ ပိုင်ရုံးများကို ဖျက် သိမ်းကာ နီးစပ်ရာမြို့ကြီးများနှင့် သွားရောက်ပူးပေါင်းစေလျက်ရှိရာ မြို့ငယ်များက မကျေနပ်ချက်များ ရှိလာသည်။ လွတ်လပ်ရေး ကြေညာချက်နှင့် ပတ်သက်၍ စိတ်အားထက်သန်မှုများ ရှိကြောင်း လူ ၅၅၀ သာ ရှိသော ယင်းနိုင်ငံလေး၏ အကြီးအကဲက ပြောကြားသည်။
အဆိုပါနိုင်ငံသစ်၏ စစ်တပ်တံဆိပ်နှင့် အစိုးရသတင်း ဝက်ဘ်ဆိုက် ကိုလည်း ထုတ်ပြန်လိုက်ရာ နိုင်ငံတကာ သတင်း မီဒီယာများတွင် အထူးအဆန်း အဖြစ် ဝိုင်းဝန်းဖော်ပြကြသည်။ ဖီလက် တီနိုနိုင်ငံလေး၏ သတင်းကို ရုရှား ရုပ်သံကပင် ထုတ်လွှင့် ပြသခဲ့သည်။ ဆန်မာရီနို သမ္မတနိုင်ငံ လေးတောင် အခုလိုရပ်တည်နိုင်တာ ဖီလက်တီနိုက ဘာကြောင့်မဖြစ်နိုင်ရမှာလဲဟု မြို့တော်ဝန် လူကာဆယ်လာရီက ဆိုသည်။ ဆန်မာရီနို သမ္မတနိုင်ငံသည် ခရစ် သက္ကရာဇ် ၃၀၁ ခုနှစ်ကတည်းက တည်ထောင် ခဲ့သော ဥရောပ ကောင်စီဝင် နိုင်ငံငယ်တစ်ခုဖြစ်ကာ ဧရိယာ စတုရန်းမိုင် ၂၄ မိုင်သာရှိပြီး သက္ကရာဇ် ၁၆၀၀ တွင် အခြေခံ ဥပဒေ စတင် ရေးဆွဲခဲ့သဖြင့် ကမ္ဘာ့ရှေးအကျဆုံး အခြေခံဥပဒေရှိရာ နိုင်ငံတစ်ခုဖြစ်သည်။
The Voice Weekly
No comments:
Post a Comment