ဒုတိယသံရုံး တာဝန်ခံတဦး နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက်တယ် ခေါင်းစဉ်နဲ့ ဧရာဝတီသတင်း စာမျက်နှာမှာ ဖတ်လိုက်ရပါတယ်။အားလုံးဖတ်ပြီးတော့ စိတ်ထဲမှာ အတော်လေး ဘ၀င်မကျစရာတွေ ဖြစ်လာရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကာယကံရှင်ရဲ့ အတွေးအရေးနဲ့ လက်တွေ့ လုပ်နေတာတွေဟာ ဆန့်ကျင်ဘက်တွေ ဆိုတာ မြင်ရလို့ ပါ။ ဒါကြောင့် ဒီစာရေးစရာ ဖြစ်လာပါတယ်။
အမှန်တကယ်တော့ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်တာကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုပြီး ရှေ့တန်းတင် ပြောဆိုလာလို့ မနေသာတာကြောင့် ရေးတင်လိုက်တာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးထံ ပေးပို့သည်ဟု ယုံကြည်ရသော စာတွင် “၎င်းအနေဖြင့် မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကြား ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ရန် အကြံပြုစာများ မြန်မာအစိုးရထံ ပေးပို့ခဲ့သော်လည်း အမြဲပယ်ချခံရကြောင်း၊ ထိုဆောင်ရွက် မှုများကြောင့် ၎င်းတွင် အန္တရာယ်တစုံတရာ ကြုံလာနိုင် ကြောင်း ” ဖေါ်ပြထားပါတယ်။
ဒါဟာ လုံးဝယုတ္တိ မတန်သည့် အကြောင်းပြချက်တခုသာ ဖြစ်ပါတယ်။ မဆလလက်ထက်မှစ၍ ယနေ့ န၀တ/နအဖ စစ်အာဏာရှင်များ လက်ထက်တွင် ၀န်ထမ်းများ မဆိုထားဘိ၊ စစ်ဗိုလ် သံအမတ်ကြီးများပင် အထက်ဝန်ကြီး၊ ဒုဝန်ကြီးများထံ သည်လိုစာမျိုး မည်သူမျှ မရေးရဲကြပါ။ အထက်ပုဂ္ဂိုလ်ကြီများ၊ ၀န်ကြီး ဒုဝန်ကြီးမှ တိုက်ရိုက်တာဝန်ပေး၍ ရေးဆိုမှရေးတင်ကြခြင်းသာ ရှိပါသည်။ ထိုသို့ ရေးသါး တင်ပြရာတွင်လည်း အရေးအသား အယူအဆ တိမ်းပါး၍ ထမင်းအိုး ကွဲသွားသော စစ်ဗိုလ်သံအမတ်ကြီးများလည်း မနည်းတော့ပါ။
စစ်အစိုးရ အလိုတော်ရိ နယူးယောက်ရှိ ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်ရုံး တာဝန်ခံ (သံအမတ်ကြီး) ဦးကျော်တင့်ဆွေ ပင်လျှင် အမေရိကန်အစိုးရနှင့် ဆက်ဆံရေးတိုးမြှင့်ရန် အရိပ်ယောင်ပြ အကြံပြုခဲ့၍ ပြုတ်သွားကြောင်း သတင်းထွက်ခဲ့ပါသည်။ နခဌ ၀န်ထမ်း အားလုံးသိပြီးဖြစ်၍ သာမန်ဝန် ထမ်းမည်သူမျှ စိတ်ရူးပေါက်၍ လုပ်မည့် အလုပ်မဟုတ်ပါ။
ဦးကျော်ဝင်းသည် နခဌ ၀န်ထမ်းအဖြစ် ၁၉၈၀ ခန့်က ၀န်ထမ်းဖြစ်လာသည်ဟု ဖတ်ရပါသည်။ ၎င်းတို့ ၀င်ရောက်စဉ်က ဗိုလ်ချုပ်ကြီးကျော်ထင် သားနှင့် မဆလ၀န်ကြီးများ၏ သားသမီးများက အဓိက အများစု ဖြစ်ကြပါသည်။ ကိုယ်တိုင်က သားသမီးမဟုတ်သော်လည်း တူသားများ၊ အမျိုးအဆွေများ၊ မကင်းရာမကင်းကြောင်းများက ကျန်သူများ ဖြစ်ကြပါသည်။ အားလုံး တတိယအတွင်းဝန်ရာထူးကို မိုးပေါ်မှဆင်း၍ ရယူလာကြသူများပါ။ နခဌ၀န်ထမ်းများထဲမှ စာမေးပွဲအောင်၍ ပါရှိခဲ့သူ အနည်းအကျဉ်း ရှိခဲ့သော်လည်း ထိုသူတို့လည်း ဆိုင်ရာ ပိုင်ရာ စွမ်းအားများ ရယူနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ဆိုင်ရာပိုင်ရာစွမ်းအားမရှိခဲ့ကြသော /စွမ်းအားနည်းခဲ့ကြသော စာအောင် ၀န်ထမ်းများမှာ ၎င်းတို့နောက်မှ တအိအိ လိုက်ပါနေကြရပါသည်။ ဗိုလ်ချုပ်ကျော်ထင်သားဆိုလျှင် သံအမတ် ဖြစ်နေကြောင်းအင်တာ နက်သတင်းတွင် ဖတ်မိပါသည်။ ၀န်ကြီးများ၏ သမီးများဆိုလျှင် ညွှန်ကြားရေးမှူးချုပ်များ/ သံမှူးကြီးများ ဖြစ်နေကြပါသည်။ အမျိုးသမီးများက သံအမတ်ဖြစ်ဖို့တော့ မလွယ်လှပါ။ သို့သော် ဗိုလ်သန်းရွှေသမီး အလှည့်တော့ မပြောနိုင်ပါ။ ၎င်းတို့ အစုထဲမှ ဦးကျော်ဝင်းကဲ့သို့ ဘေးသားများမှာ သံမှူးသာရှိနေပါသေးသည်။
“ကျနော့်နိုင်ငံသားတွေအတွက် တာဝန်ထမ်းဆောင်နေသလို မခံစားရတော့ဘူး၊ နိုင်ငံသားတွေအကျိုးကို ဆန့်ကျင်လုပ်ဆောင်နေတဲ့ အစိုးရကို အလုပ်ကျွေး ပြုခြင်းကနေ ကျနော်စွန့်လွှတ်လိုက်ပါပြီ” ဟု ရေးထားတာ တွေ့ရပါသည်။ အထက်ပါပြောစကားအတိုင်း အမှန်တကယ် လုပ်ဆောင်လိုပါက မည်သည့်အတွက်ကြောင့် စောစောကပင် မလုပ်ပါသလဲဟု မေးစရာရှိလာပါသည်။
နခဌ၀န်ထမ်းဖြစ်လာစဉ်ကပင် စစ်အစိုးရ လက်အောက်ဝန်ထမ်းဖြစ်၍ စစ်အစိုးရ မကောင်းကြောင်း သိကြပါသည်။ သို့သော်မိမိနှင့် မိသားစု နေထိုင်စားသောက်မှု ဘ၀အတွက် မချစ်သော်လည်း အောင့်ကာနမ်းပြီး ဘ၀ရပ်တည် နေထိုင်မှု လုပ်ကြရပါသည်။ မဆလ လက်အောက်တွင် နခဌ၀န်ထမ်းများ အခြေအနေ မဆိုးရွားလှသေးပါ။ လူတော်လူကောင်းများစွာ ရှိနေပါသည်။ စစ်ဗိုလ်ဝန်ကြီး၊ ဒုဝန်ကြီးများဖြစ်၍ ညွှန်ချုပ် စစ်ဗိုလ်များလည်း အတော်အသင့်ရှိနေပါသည်။ ဗိုလ်ချုပ်နေ၀င်းလက်ထက် ၎င်းအား ကြောက်ကြသည်က တကြောင်း၊ ဟော့ဟော့ရမ်းရမ်း မဟုတ်သော လူကောင်းစစ်ဗိုလ်များဖြစ်၍လည်း တကြောင်း အရပ်သား ၀န်ထမ်းများကိုလည်း ၀န်ထမ်းစည်းကမ်းများနှင့်အညီ နေရာပေး မြှောက်စားမှု ရှိပါသည်။ ယခု န၀တ/နအဖခေတ်တွင် နခဌသည် စစ်တပ်လူတန်းစားများအတွက် သီးသန့် ဖြစ်သွားပြီ ဖြစ်ပါသည်။ ယနေ့ သာမန် အရပ်သား လူတော်လူကောင်းလူငယ်များ နခဌ၀န်ထမ်း ဖြစ်လာရန် မလွယ်ကူတော့ပါ။
( ၂ )
ဦးကျော်ဝင်းသည် နခဌ၀န်ထမ်းဘ၀တွင် assignment များအဖြစ် Geneva (Switzerland), Madrid (Spain), Brasilia (Brazil), New Delhi (India) နှင့် ယခု Washington (USA) တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုဝါရှင်တန်သံရုံးသို့  ၂၀၀၈ ခုနှစ်၊ မတ်လမှ ရောက်ရှိတာဝန်ထမ်းနေကြောင်း မဇ္ဈိမသတင်း တွင်ဖတ်ရှုရပါသည်။ ၀ါရှင်တန်သံရုံး ရောက်နေသည်မှာလည်း (၃) နှစ်ပင်ကျော် လွန်လာပြီဖြစ်၍ မကြာမီ တိုင်းပြည်ပင် ပြန်ရတော့မည်ဖြစ်ပါသည်။ နခဌ၀န်ထမ်းတဦးသည် နိုင်ငံခြား တိုင်းပြည်သံရုံးတရုံးတွင် ပျမ်းမျှ (၃) နှစ်သာ အမှုထမ်းရပြီး ရုံးချုပ် မြန်မာနိုင်ငံသို့ ပြန်ရပါသည်။ လက်ရှိ န၀တ/နအဖ လူကြီးသားသမီးများကတော့ ချွင်းချက်ရှိပါလိမ္မည်။
အမေရိကား၊ အနောက်ဥရောပနှင့် စကင်ဒီနေဗီးယန်း နိုင်ငံများသည် ခိုလှုံခွင့် ရယူရန် အကောင်းဆုံး နိုင်ငံများဖြစ်ပါသည်။ အချို့နိုင်ငံများဆိုလျှင် ခိုလှုံခွင့်နှင့် ပတ်သက်၍ ၎င်းတို့ နိုင်ငံဖွဲ့စည်းပုံ ဥပဒေတွင်ပင် အတိအလင်း ထည့်သွင်း ဖေါ်ပြထားပါသည်။ ဦးကျော်ဝင်း ၀ါရှင်တန်ရောက်နေသည်မှာ အတော်ကြာပြီဖြစ်၍ ပြန်ချိန်ပင် ရောက်နေပါပြီ။ အမှန်တကယ် ၎င်းဆိုခဲ့သလို နိုင်ငံသားတွေအကျိုးကို ဆန့်ကျင်လုပ်ဆောင်နေရတဲ့ အလုပ်ဟုခံယူပါက ယခုထက် စောစွာဆောင်ရွက်ရမည်ဖြစ်ပါသည်။ ၀ါရှင်တန်ရောက်၍ တနှစ်ကျော် (၂) နှစ်ခန့်အတွင်း တိုင်းပြည် အခြေအနေ/ နယ်မြေအနေအထား၊ လိုအပ်သောသတင်းများ ရှာဖွေစုဆောင်းခြင်းနှင့် လိုအပ်မည့်ငွေကြေး စုဆောင်းခြင်းစသည်တို့ကို ကောင်းစွာလုပ်နိုင်ပါသည်။
မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဖြစ်လာရသလဲဆိုတာ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် ပြောစကားက အဖြေပင်ဖြစ်ပါသည်။
“သူက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဆီကို သူ့သား ၀ါရှင်တန်မှာနေထိုင်ခွင့် ပြုဖို့ တောင်းတယ်ကြားတယ်၊ သူ့ကို ဒီကိစ္စ ဒေါသဖြစ်သွားတယ်ကြားတယ် ” ။
နခဌ၀န်ထမ်းများ နိုင်ငံတနိုင်ငံတွင် တာဝန်ထမ်းဆောင်ပါက မိသားစုအလိုက် နေထိုင်ခွင့်ရှိပါသည်။ အိမ်စေခေါ်ခွင့် ရရှိသည့် အရာရှိများဆိုလျှင် ညီမ/ ခယ်မ/ တူမများကို အိမ်စေအမည်ခံ ခေါ်ယူကြပါသည်။ သို့သော်နခဌ ၀န်ထမ်းဥပဒေအရ အသက် (၁၈) နှစ် ပြည့်ပြီးသော သားသမီးများသည် အစိုးရစရိတ်ဖြင့် လိုက်ပါနိုင်ခွင့် မရှိတော့ပါဘဲ မိမိစရိတ်ဖြင့်သာ လိုက်ပါရပါသည်။ သို့သော် သံတမန် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ခွင့် ရသဖြင့် သံတမန်အခွင့်အရေး အပြည့်အ၀ ရပါသည်။ ဘခင်/ မိခင် တာဝန်ပြီးဆုံးလျှင်တော့ မိသားစု အားလုံးအတူတူ ပြန်ရမည်ဖြစ်ပါသည်။ အကောင်ကြီးကြီး အမြီးရှည်ရှည်တို့၏ သားသမီးများကတော့ တကဏ္ဍ ချွင်းချက်ပါ။ “ဥပဒေ အထက်တွင် မည်သူမျှ မရှိရ၊ ငါနှင့် ငါ့အပေါင်းအသင်းများမှ လွဲလျှင်” ဆိုတဲ့ တိုင်းပြည်ဆိုတော့။ ထိုသူများ လုပ်သလိုတော့ ဘေးသား၊ အနားသားများနှင့် လူသာမန်များ မလုပ်နိုင်ပါ။ လုပ်မည် ဆိုလျှင်တော့ ထိုသူလောက် မိုက်တွင်းနက်နက် တူးသူ မရှိတော့။ မဆလ ခေတ်တွင် ဘောင်ကျာ် စည်းကျော် လုပ်သူများ ရှိသော်လည်း နည်းပါသည်။ ယခု န၀တ/ နအဖခေတ်တွင်မူ ခေါင်က အပေါက်ကြီးလွန်းသည့်အတွက် ကြမ်းပေါက် ဆွေးနေပြီဖြစ်ပါတယ်။
ဦးကျော်ဝင်းသည် အသက်လည်း (၅၉) နှစ် ရှိပြီဖြစ်၍ ယခု assignment ပြီး၍ မြန်မာနိုင်ငံပြန်လျှင် ပင်စင်ယူရတော့မည်ဖြစ်သည်။
ပြန်ရန်လည်း အချိန်ရောက်နေပြီဖြစ်ပါတယ်။ ဖြစ်နိုင်ချေမရှိသော အလုပ်ကို များမကြာမီက မျက်နှာဖုံးသစ်တပ် အစိုးရသစ်၏ နခဌ၀န်ကြီးအသစ် ဦးဝဏ္ဏမောင်လွင် အားသွေးတိုးစမ်း လုပ်လိုက်ခြင်း ဖြစ်ပုံရပါသည်။ သို့သော် အကောင်ကြီးကြီးအမြီး ရှည်ရှည်မျိုး နွယ်ဝင်မဟုတ်၊ မဆလခေတ် ဆင်ဖြူမှီ၍ ကြံကိုက်လာသူမှန်း သိ၍ ထင်ပါသည်။ ၀န်ကြီးသစ် ဒေါဖောင်းသွားပုံရပါသည်။ နခဌတွင် လက်ရှိ ရှိနေကြသော မဆလခေတ် အကောင်ဗလောင် သားသမီးများနှင့် အစွယ်အပွါးများသည် ယခုန၀တ/ နအဖစစ်ဗိုလ်များ အောက်တွင် မလှန်ဝံ့ အောင်ငြိမ်ပိနေကြသည်ဟု ကြားသိရပါသည်။
မိမိသားဖြစ်သူ အမေရိကတွင် ကျန်ရစ် နေထိုင်ခွင့်ရရန် တောင်းဆိုခြင်းသည် မိမိတို့ မိသားစု အရေးကိစ္စသာ ဖြစ်ပါတယ်။ အခြားအရေး အရာမရှိဟု ထင်ပါသည်။ ၀န်ထမ်း ဥပဒေနှင့်လည်း ညီညွတ်ခြင်း မရှိသောအရာကို တောင်းဆိုခြင်းက ၀န်ကြီး၏ ဒေါသသာ တုန့်ပြန်လာသဖြင့် မပြန်ရဲသော အနေအထားသို့ ရောက်ရှိသွားပုံရပါသည်။ သည့်အတွက် ခိုလှုံခွင့် တောင်းခံရခြင်းဖြစ်၍ အကြောင်းရင်းကတော့ မိမိတို့ ကိုယ်ရေးအတွင်းရေး ကိစ္စသာဖြစ်ပါတယ်။ ခိုလှုံခွင့်ပေးသော နိုင်ငံသို့ ရောက်ရှိနေသူများအတွက် ခိုလှုံခွင့် တောင်းခံခြင်းသည် ၎င်းတို့၏ အခွင့်အရေးဖြစ်ပါသည်။ တနည်း ၎င်း၏ လူ့အခွင့်အရေး ဖြစ်ပါသည်။ ဤအခွင့်အရေးကို မည်သူမျှ ပိတ်ပင်တားဆီးခွင့် မရှိပါ။ မိမိရောက်ရှိနေသော နိုင်ငံမှ ပေးသော အခွင့်အရေးကို အပြည့်အ၀ ရယူနိုင်ပါသည်။ သို့သော် ဤအခွင့်အရေးကို ရယူရာတွင် ရိုးသားသော ဖြူစင်သော စိတ်မွေးဖို့တော့ အထူးလိုအပ်မည် ထင်ပါသည်။ မသမာသော၊ မရိုးသားသောစိတ်ဖြင့် အခွင့်အရေး ရယူသူများလည်း ရှိကြပါသည်။ မိမိကိုယ်ကို မိမိအသိဆုံးဖြစ်ပါသည်။ “သူများကိုလိမ်၍ရသည်၊ မိမိကိုယ်ကိုမိမိလိမ်၍မရဟု” လူကြီးများ ပြောဘူးပါသည်။ လူတိုင်း မိသားစုတိုင်း၌ ကိုယ်စီ ပြဿနာများရှိကြပါသည်။ ထုတ်ဖေါ် ပြောပြနိုင်သည် ရှိသိလို၊ မပြောပြနိုင်သည်လည်း ရှိကြပါသည်။ ပြောပြနိုင်သည်ကို ရိုးသားစွာပြောပါ။ စတန့်ထွင်လိုခြင်း၊ ပုံကြီးချဲ့လိုခြင်း စသည်တို့ကို ရှောင်ရှားခြင်းသည် မိမိအနာဂတ်အတွက်လည်း ကောင်းပါသည်။ ခိုလှုံခွင့် ရရှိပြီးပါကလည်း ပြည်သူ့အကျိုး အများအကျိုးအတွက် မိမိစိတ်ဆန္ဒရှိပါက ပါဝင်ပတ်သက်နိုင်သလို၊ ဆန္ဒမရှိပါကလည်း နေသာသလိုနေလို့ ရပါသည်။ မည်သူ တဦး တယောက်ကမှ အတင်းအဓမ္မ သိမ်းသွင်း ပြောဆိုနိုင်ခွင့် မရှိပါ။
လွန်ခဲ့သော ၂ နှစ် ၃ နှစ်ခန့်ကလည်း နယူးယောက် အမြဲတမ်းကိုယ်စားလှယ် ရုံးက ထင်ပါသည် (ကောင်းစွာမမှတ်မိတော့ပါ)၊ အကြီးတန်း သံအမှုထမ်းတဦး ခိုလှုံခွင့် တောင်းသွားပါသေးသည်။ မဆလခေတ် ဗိုလ်မှူးတဦး၏ သားဖြစ်ပြီး ခိုလှုံခွင့် တောင်းခံစဉ်ကလည်း သာမန်သတင်း အဖြစ်သာ ပါရှိခဲ့ပါသည်။ ၎င်းအရင်ကလည်း ၀ါရှင်တန်သံရုံးမှ အမျိုးသမီးဝန်ထမ်းတဦး ခိုလှုံခွင့် တောင်းခဲ့ပါသေးသည်။ သာမန် ခိုလှုံခွင့်တောင်းခံသည့် သတင်းသာ ပါရှိခဲ့ပါသည်။ ၎င်းတို့အားလုံး အင်တာဗျူးသံလည်း မကြားလိုက်ရပါ။ တိတ်တဆိတ်ဖြင့်ပြီး သွားခဲ့ပါသည်။ အဓိကကတော့ စစ်အစိုးရလက်အောက် နိုင်ငံတွင် ဆက်လက်နေထိုင်လိုစိတ် မရှိတော့၍သာ ဖြစ်ပါသည်။ ယခုနောက်ပိုင်း ဘာအသံမျှမကြားတော့ပါ။
သို့သော် မည်သို့ပင်ဆိုစေ အစိုးရအမှုထမ်းတဦး ခိုလှုံခွင့် တောင်းခံသွားသည့် သတင်းထွက်ပေါ်လာခြင်းသည် စစ်အစိုးရအား အထိနာစေသည့် သတင်းပင်ဖြစ်ပါသည်။ ခိုလှုံခွင့်ရရှိ၍ နောက်ပိုင်း ဒီမိုကရေစီလှုပ်ရှားသူများဘက် ပါဝင်လှုပ်ရှားလာပါက ဒီမိုကရေစီလှုပ်ရှားသူများအတွက် အပေါင်းလက္ခဏာဟု မှတ်ယူရပါမည်။ သို့ပါ၍ မြန်မာနိုင်ငံသားများ တတ်အားသရွေ့ ဒီမိုကရေစီရေး လှုပ်ရှားမှုများတွင် ပါဝင်ကြပြီး ဖြောင့်ဖြောင့်သွား၍ ရဲရဲလျှောက်လှမ်းကြပါလို့ တိုက်တွန်း လိုက်ရပါတယ်။
Tun zan wai
Grup Mail မှ ရရှိပါသည်။
No comments:
Post a Comment