သတင်းက ရင်ကို နင့်စေပါတယ်။ ရင်းနှီးခဲ့ကြတဲ့ တော်လှန်ရေး မောင်နှမထဲက မောင်ငယ်လေးကို စစ်ဗိုလ် အုပ်စုက ဓါးနဲ့ထိုးလို့တဲ့၊ အဆုတ်ထိတဲ့ အတွက် စိုးရိမ်ရတယ်၊ ရန်ကုန်ဆေးရုံကြီး အရေး ပေါ်ခန်း ခုပဲတင် လိုက်ရတယ်တဲ့။ ဘုရားတပြီး ကျမ မျက်ရည်တွေ စီးကျခဲ့ပါတယ်။
တစ်ပြိုင်နက် ကျမ ခေါင်းထဲကို ၀င်လာတာတခုက သက်နိုင်ဦး ကိစ္စ။ လွန်ခဲ့တဲ့ ဆယ်စုဝက်က ဖြစ်ပျက် ခဲ့တဲ့ ရဲဘော်သက်နိုင်ဦးကိစ္စ။ မေ့မရခဲ့ပါဘူး စစ်တပ်၊ စစ်သား၊ စစ်ဗိုလ်များနဲ့ ဒီမိုကရေစီ လိုလားတဲ့ အတွေး အခေါ် မြင့်မားတဲ့ တိုင်းပြည်ကို ချစ်တဲ့ လူငယ်လေးများက ရန်သူများလားရယ်လို့ ရင့်နင့်စွာ ခံစားရပါတယ်။
စစ်တပ်နဲ့ NLD ဟာ ဘက်နှစ်ဖက် လုံးဝမဟုတ်ပါဘူး။ ဒါကို တပ်မတော်သားတွေ အထူး သတိထားကြဖို့ လိုပါတယ်။ မြှောက်စားတိုင်းလည်း မရမ်းကားမိဖို့ တပ်မတော်သားတွေကို သတိပေးချင်ပါတယ်။ NLD လူငယ်အများစုဟာ ပွင့်လင်းရိုးသားပြီး မိမိယုံကြည်ချက်ပေါ်မှာ သစ္စာရှိရှိနဲ့ အပွန်းအပဲ့ အထိအရှများစွာနဲ့ အန္တရာယ်ကြားက ဒီခရီးကို လျောက်နေကြရတာပါ။
ဓါးထိုးခံရတဲ့ NLD လူငယ် စိုးမြတ်သူ ဆိုရင် တကယ့် ပျော်တတ်တဲ့ လူငယ်၊ ပွင့်လင်းမှုရှိတယ်။ မိခင်ကြီးကို လုပ်ကျွေးနေတယ်။ သူတက်တဲ့ ပညာရပ်လေးက စလောင်းတွေ လိုက်တပ်ဆင်တယ်ရတဲ့ ငွေလေးနဲ့ မိခင်သူနာပြုဆရာမကို စောင့်ရှောက်နေတာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နှစ်ထောင်ခုနှစ် နောက်ပိုင်းမှာ တာမွေမြို့နယ် လူငယ်အဖြစ် ၀င်ရောက်လုပ်ကိုင်ပြီး သူနိုင်တဲ့ဝန်နဲ့ ဒီမိုကရေစီ တော်လှန်ရေးထဲ ပါဝင်နေတဲ့ကလေးပါ။ လက်ရှိ ဗဟိုလူငယ်အထောက်အကူပြု လုပ်ငန်းတွေလုပ်နေပြီး အဖွဲ့ချုပ်မှာ အားကိုး အားထားရတဲ့ လူငယ်တစ်ယောက်လည်း ဖြစ်ပါတယ်။
ခေတ်လူငယ်တွေ သူတို့ခေတ်ပဲဆိုပြီး အနောက်တိုင်း ပုံစံလေးတွေနဲ့ လေလွင့်နေတဲ့ မြန်မာ လူငယ် အများစုကြားက ခေတ်ကိုလည်းမြင် မြန်မာပြည်ရဲ့ စစ်အုပ်ချုပ်ရေး စနစ်ကိုလည်းချဉ်ပြီး ကိုယ်ယုံ ကြည်တဲ့ ဒီမိုလမ်းကို ရဲရဲရင့်ရင့် လျောက်နေတဲ့ လူငယ်တွေထဲက စိုးမြတ်သူ (ခ) ကိုမြတ်ဟာလည်း တိုင်းပြည် အနာဂတ်ကောင်းဖို့အတွက် ဘ၀ရဲ့ အချိန်တွေ ပေးဆပ်နေရတဲ့ လူငယ်တစ်ယောက်ပါ။
စစ်အုပ်စုရဲ့ အာဏာစက်အောက်က ဥပဒေ ဆိုတာကို ကျမ မယုံကြည်ပါဘူး။ လူငယ်တွေ ရန်ဖြစ်တယ် စကားများတယ်။ နောက်ဆုံး သောက်စား တယ်ပဲ ထားပါဦး၊ တဖက်က စစ်ဗိုလ်နှစ်ယောက်နဲ့ ကြေးစားလူမိုက် ရာဇ၀တ်ကောင် တဖက်က NLD မှာ တာဝန်ရှိတဲ့ လူငယ်ပါတဲ့ လူငယ်သုံးယောက်- ဒီရန်ပွဲဟာ တိုက်ဆိုင်မှုလို့ ကျမ လုံးဝ လက်မခံပါဘူး။
တဖက်သတ် အစီစဉ်တကျ ရန်စပြီး လူတစ်ယောက်ကို သေလောက်အောင် လုပ်ကြံတာ အသေ အချာပါပဲ။ စစ်တပ်ကြီးစိုးနေတဲ့ မြန်မာပြည်မှာ စစ်ဗိုလ် စစ်သား အနိုင်ကျင့်သမျှ NLD လူငယ်ကတော့ ဘယ်နည်းနဲ့မှ ခေါင်းငုံ့ခံမှာ မဟုတ်ပါဘူး ဒီလို ငုံ့မခံတဲ့အတွက်လည်း ရက်ရက် စက်စက် အသေထိုး သတ်လိုက်တာပဲလို့ ကျမနားလည်ပါတယ်။
ကံကောင်းလို့ စိုးမြတ်သူ အခြေအနေ မသေဆုံးနိုင်ဘူးလို့ ကြားနေရပေမဲ့ ဒီကိစ္စကို ကျမတို့ ဒီမိုကရေစီအင်အားစုတွေက လက်ပိုက်ကြည့်လို့ မရပါဘူး။ လက်ရှိ တာဝန် ထမ်းဆောင်ဆဲဖြစ်တဲ့ စစ်ဗိုလ်ကော ကျန်နှစ်ဦးကိုပါ ထိရောက်တဲ့ အရေးယူမှုလုပ်ဖို့ တောင်းဆိုကြရပါမယ် မြန်မာပြည်ရဲ့ ဥပဒေက အစိုးရအောက်မှာ ရှိနေတဲ့အတွက် နိုင်ငံတကာဥပဒေခုံရုံးတွေအထိ ဒီကိစ္စကို လိုအပ်ရင် တင်သွင်းကြရပါမယ်။
ကျမအနေနဲ့ ဒီလိုတိုက်တွန်းတာ နောင်ဒီလို လုပ်ကြံမှုမျိုး ထပ်မပြုမူနိုင်အောင် ပညာပေးဖို့ရယ်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာခင် ထွက်မဲ့ ခရီးစဉ် အတွက်လည်း ကာကွယ်ပြီးသား ဖြစ်အောင်လို့ပါ။
ကျမ အထူးပဲ စိုးရိမ်ပူပန်မိပါတယ်။ စိုးမြတ်သူလို လူငယ်တစ်ယောက် သူမှာ နဂိုဗီဇ စိတ်ကိုက ရန်လိုတဲ့ အကျင့်မရှိ သူများကို အတော်သီးခံတက်တဲ့ လူငယ်တစ်ယောက်ရဲ့ အသက်ကိုတောင် နုတ်ယူဖို့ ကြိုးစားခဲ့တဲ့ စစ်အုပ်စု အသိုင်းအ၀န်းရဲ့ ရမ်းကားမှုဟာ နောက် လူငယ်တွေအတွက် သက်နိုင်ဦးလို အလုပ်ကြံခံရနိုင်မှုများ ရှိလာဦးမလား ဒါသတိထားရတော့မဲ့ အချက်ပါ။ NLD များ အထူးသတိရှိကြပါ။
ဒါ့အပြင် စစ်အုပ်စု အထူးသဖြင့် သန်းရွှေ သိန်းစိန်တို့ လူတစ်စု အင်မတန် ကြောက်ရွံ့နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း လုံခြုံရေး ပိုလို့ စိုးရိမ်မိပါတယ်။ ဒီဖြစ်ရပ်တွေကို ကျမတို့ လေ့လာပြီး အစစအရာရာ လျော့မတွက်ကြဖို့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကိုလည်း အကြံပြုချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးစဉ် ထွက်မယ်ဆိုတာ တရားဝင်ကြေညာထားတဲ့ အခြေအနေမှာ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တစ်ယောက်ကို ခုလိုရန်ရှာပြီး လူသတ်မှု ကျူးလွန်တာဟာ ရိုးသားတဲ့ ပြဿနာ မတော်တဆဖြစ်တဲ့ အခြေအနေတစ်ရပ် မဟုတ်ဘူးဆိုတာ တင်ပြလိုက်ပါတယ်။
ရဲဘော်အချင်းချင်း ရိုင်းပင်း စောင့်ရှောက်နိုင်ကြပါစေ။
မင်းထက်မြတ် (မျိုးချစ်တပ်ဦး လူငယ်-၈၈)
No comments:
Post a Comment