(၁) အရှင်ဘုရား အရှင်ဘုရားတို့ ကူညီထားတဲ့ သီလရှင်ကို စက်ချုပ်သင်တန်းက လက်မခံတော့ ဘူးတဲ့ ဘုရား။
အထက်ပါ စကားကို အမော တကော လျှောက်ထားသူကတော့ သံဃာတော်တွေနဲ့ သီလရှင် တွေကိုထောင်ဝင်စာတွေ့နေသူ ၂၀၁၁ ခုနှစ်၊ ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှုပါ။ ဘယ်လိုများဖြစ် လို့ပါလိမ့်လို့ ဆက်မေးကြည့်တော့ …။
''မှန်ပါ… စက်ချုပ်သင်တန်းကို တပည့်တော်ကိုယ်တိုင် လိုက်အပ်ပေးတာလေ… အဲဒါ ဒီနေ့ တပည့်တော် ပုံကို ဂြိုဟ်တုစလောင်းကနေ တွေ့လို့တဲ့။ တပည့်တော်အပ်တာဆို လက်မခံရဲတော့ဘူး ဆိုပြီး ပိုင်ရှင်က နှင်ထုတ် လိုက်တာပါဘုရား''
ဟု ပြန်လျောက်၏။
''အော် ဖြစ်မှဖြစ်ရပလေ''
(၂)
အပြည့်အစုံ နားလည်အောင် ပြန်ပြောရရင်တော့ အဖြစ်ကဒီလိုပါ။ ၂၀၀၇ စက်တင်ဘာ အရေးအခင်းဖြစ်တော့ အနယ်နယ်အရပ်ရပ်က ဘုန်းကြီးကျောင်း တွေကို စစ်တပ်က၀ိုင်းဖမ်းလို့ ရဟန်း သံဃာတော်တွေ သီလရှင်တွေ အမြောက်အများအဖမ်းခံခဲ့ရပါတယ်။
အဲဒီ အဖမ်းခံရတဲ့ အထဲက မြောက်ဥက္က လာပမြို့နယ် သစ္စာသရဖူကျောင်းလည်း တကျောင်း အပါအ၀င်ပါ။ ကျောင်းထိုင်ဆရာတော် အပါအ၀င် သံဃာ (၇) ပါးနဲ့ သီလရှင်(၇) ပါး ပါ အဖမ်းခံခဲ့ရ တယ်။ အချို့ဆရာတော်ကြီးတွေနဲ့ သီလရှင်ကြီးတွေက သက်တော် (၇၀) ကျော် (၈၀) နီးပါးအရွယ် တွေပါ။ ဆရာတော်ကြီးတပါးနဲ့ သီလရှင်ကြီး နှစ်ပါးက လေဖြတ်ခံထားရသူတွေ။ အဲဒီတုန်းက အဖမ်းခံခဲ့ရပုံကို ဆရာလေး မ၀ိစိတ္တက ဒီလိုပြန်ပြောပြခဲ့ပါတယ်။
''ညအချိန်မတော်ကြီးဘုရား စစ်တပ်က၀ိုင်းပြီး ဖမ်းတာဘုရား … တပည့်တော်တို့ကျောင်းက ဆရာတော်ကြီး အပါအ၀င် သံဃာ (၇) ပါးနဲ့ သီလရှင် (၇) ပါး အဖမ်းခံခဲ့ရပါတယ်ဘုရား။ တပည့်တော် တို့ကို အကြိမ်ကြိမ်ရုံးထုတ်စစ်ဆေးပြီး ပုဒ်မ (၂၉၅) (က) ပုဒ်မ (၂၉၂) တို့နဲ့ ထောင်ဒဏ် (၄) နှစ်နဲ့ (၃) လ အသီးသီးချမှတ် ခံခဲ့ရပါတယ်ဘုရား''
ဟု ၀မ်းနည်းကြေ ကွဲစွာ တုန်တုန်ရီရီဖြင့် လျှောက်ထားပါတယ်။
''ထောင်တွင်းအတွေ့အကြုံနဲ့ ပတ်သက်ပြီးတော့လဲ အစားအသောက်ကိစ္စတွေ ကျန်းမာရေး ကိစ္စတွေကတော့ အများ သိပြီးဖြစ်လို့ ထပ်မလျောက်ချင် တော့ပါဘုရား။ တပည့်တော်စိတ်မကောင်း အဖြစ်ရဆုံးကတော့ တပည့်တော် အမေအိုကြီး ထောင်တွင်းမှာအရိုက် ခံရတာကို မျက်စေ့ထဲက မထွက်ဘူးဘုရား'' ဟုပြောရင်း ငိုချင်းချပါလေတော့တယ်။
တမိနစ်ခန့်ကြာမှ အသံကိုထိမ်းပြီး ''တပည့်တော် အမေအို သီလရှင်ကြီးက အသက် (၆၀) ကျော် (၇၀) နီးပါး ဖြစ်နေပြီ။ နဂိုကတည်းက စိတ်က သိပ်မ မှန်တော့ဘူးဘုရား။ အသက်ကလဲကြီး အနေအထိုင် အစားအသောက်ကလဲ ဆင်းရဲတော့ စကားများတာပေါ့ဘုရား…။ အဲဒါကို ထောင် ၀န်ထမ်းတွေက ဆူတယ် ညံတယ် အေးအေးမနေဘူးဆိုပြီး အမေအိုကြီးကို လက်သီးနဲ့ထိုးတာ သွားနှစ်ချောင်းကျိုးသွား တယ်ဘုရား…။ နောက်ဘယ်နေရာတွေ ဘာဖြစ်ကုန်လဲမသိဘူးဘုရား… တော်တော်နဲ့ သတိမရဘူး။ အတော်လေး ခံလိုက်ရတယ်။ ကိုယ့်အမေအိုကြီးကို ကိုယ့်ရှေ့ မှာထောင်ဝန်ထမ်းက လက်သီးနဲ့ထိုး ခြေထောက်နဲ့ ကန်လုပ်နေတာကို တပည့်တော် ဘာမှမပြောနိုင် မကယ်နိုင်နဲ့ ဘယ်လောက်ခံစားရ မယ်ဆိုတာ အရှင်ဘုရား စဉ်းစားကြည့်ပါ ဘုရား'' ဟု ၀မ်းနည်းကြေကွဲစွာပြန်ပြောပြရှာပါတယ်။
''အတော်လေး ကိုယ်ချင်းစာတရား ခေါင်းပါးတဲ့ ထောင်ဝန်ထမ်းပါတကား''
ဟု သက်ပြင်းအခါခါချမိပါတော့တယ်။
''အဖမ်းခံခဲ့ရတာနဲ့ ပတ်သက်ပြီးတော့လည်း တပည့်တော် တကယ်ခံစားရတယ်ဘုရား ဖြစ်ပျက် သွားတာတွေကို အစကနေ အဆုံးအထိ မမေ့ဘူး ဘုရား…။ တပည့်တော်ရဲ့ဘ၀မှာ ဒါမျိုး ဖြစ်လိမ့်မယ်လို့လဲ တခါမှထင်မထား ဘူးဘုရား။ တပည့်တော်တို့ကို အပြစ်မရှိဘဲ အပြစ်ရှာပြီးဖမ်းလို့ (၄) နှစ် ကျော်ထောင်ထဲမှာ နေခဲ့ရတယ်။ နာနာကျင်ကျင်ကြီး ကိုခံစားရပါတယ်ဘုရား…။ အတတ်နိုင် ဆုံးတရားနဲ့ ဖြေပါတယ်ဘုရား…။ ကလဲ့စားချေလိုစိတ်လဲ မရှိပါဘူးဘုရား''
ဟု နာကျည်းသံ တ၀က် တရားသံလေး တ၀က် စွက်ပြီးဖြေကြားပါတယ်။
(၃)
''တပည့်တော်တို့ (….) နေ့က သီရှင်လေးပါးလုံး ထောင်ကလွတ်မြောက်လာခဲ့ပါတယ်။ ထောင်ကထွက်လာတော့ အရင်နေခဲ့တဲ့ကျောင်း ကိုပြန်ပါတယ် တပည့်တော်တို့ သီလရှင်တွေ မရောက်ခင် အာဏာပိုင်တွေက အရင်ကြိုရောက်နေပြီး ဒီကျောင်းမှာ ပြန်နေလို့မရတဲ့ အကြောင်း သီလရှင်ဝတ်ခွင့်မပြုနိုင် ကြောင်းပြောပြီး သီလရှင်တွေကို မောင်းထုတ်ခဲ့တာပါ။ ထောင်ကထွက်ခါစ ကျန်းမာရေးကလည်း မကောင်း နေစရာစားစရာမရှိ ဘယ်သွားရမှန်းမသိနဲ့ တပည့်တော်တို့ သီလရှင်တွေ လမ်းပေါ်မှာ ယောင်ချာချာဖြစ်နေခဲ့ တာပါ။ နောက်ဆုံးတပည့်တော်တို့ သတိရ လိုက်တာကတော့ အမှုရင်ဆိုင် တုန်းက တရားရုံးကိုလာပြီး ဆွမ်းကပ်သူ အ၀တ်အစား ဆေးဝါးပေးသူ ထောင်တွင်းကို ထောင်ဝင်စာပို့ ပေးနေသူေ ဒ်ါရှုကိုပါ။ ဒေါ်ရှုက သီလရှင်တွေရဲ့အခက် အခဲကိုဖြေရှင်းပေးလိုက်လို့ အထိုက်အလျောက်အဆင်ပြေသွားပါတယ်။ လွတ်လာတဲ့ သီလရှင်လေးပါး ထဲမှာ သီလရှင်အိုကြီး နှစ်ပါးကတော့ သူတို့ရဲ့ အမျိုးတွေက တာဝန်ယူသွားလို့ အဆင်ပြေ သွားပါတယ်။ တပည့်တော်တို့သားအမိကတော့ ဦးလေးဖြစ်သူအိမ်မှာ ကပ်ရပ်ပြီးနေထိုင် ခဲ့ကြပါတယ်။ ဦးလေးဖြစ်သူက အကြော်ရောင်းကျွေပြီး စောင့်ရှောက်ခဲ့တာပါ။ အတောာ်လေးဆင်းရဲ တယ်ပါတယ် ဘုရား''
ဟု ကြောင့်ကြောင့်ကြကြ ပူပူပင်ပင် ဆိုရှာပါတယ်။
သီလရှင်လဲ ပြန်ဝတ်လို့လဲမရတော့ ဆရာလေးမ၀ိစိက္တကို အသက်မွေးဝမ်းကြောင်းမှုအတွက် ဒေါ်ရှုက စက်ချုပ်သင်တန်း အပ်ပေးခဲ့ပေမယ့် စက်ချုပ်ရုံ သင်တန်းပိုင်ရှင်က အထက်ကပြောခဲ့သလို အကြောက်လွန်ပြီး ခုလိုလက်မခံရဲတော့ဘူးဆိုတဲ့ အခြေအနေတွေဖြစ်လာတာပါ။
စာရေးသူလဲ မည်ကဲ့သို့ ပြုလုပ်ပေးရမည်မသိ ဖြစ်သွားရပါတယ်။ တခုခုတော့ အဆင်ပြေ အောင် စီစဉ်ပေးရအုံးမယ်ထင်ပါရဲ့။
(၄)
ထောင်ထွက်တွေရဲ့ ဘ၀တွေက အင်မတန် ၀မ်းနည်း ကြေကွဲစရာတွေပါ။ ဆွေမျိုးသားချင်း တွေက အစ အာဏာပိုင်တွေက ဒုက္ခပေးမှာကြောက်လို့ သူတို့ အိမ်ကို ထောင်ထွက်တွေ လာမှာကို စိုးရိမ်ကြတယ်။ ခုတော့ သူတို့ဘာဆက်လုပ်ရ မှန်းမသိနဲ့ စိတ်ဆင်းရဲစွာ ဘ၀ကို ရင်ဆိုင် နေကြရပါတယ်။ သူတို့လိုပဲ ထောင်ကထွက်လာတဲ့ သံဃာတော်တွေလဲ ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ကြရတာပါ။
ယခု နယ်စပ်တနေရာကို ရောက်နေတဲ့ မိမိအသိ ဆရာတော်နှစ်ပါး ဆိုရင် ထောင်ထဲမှာ (၁၆) နှစ် နေခဲ့ကြရပြီး ထောင်ကထွက်လာတဲ့အခါ လက်ရှိ ကျောင်းထိုင်ဆရာတော်ကိုယ်တိုင်က သိပ်ပြီး လက်မခံချင်တဲ့အတွက် အာဏာပိုင်တွေကို သူတို့ကိုယ်တိုင် ကျောင်းကို ဘယ်နိုင်ငံရေးသမားတွေ လာတယ်… ဘယ်သွားတယ်… ဘယ်လာတယ်… စသည်ဖြင့် သတင်းတွေ ပေးနေလို့ ဆက်မနေရဲ တော့ဘဲ ဇာတိရွာတွေကို ပြန်သွားခဲ့ရပါတယ်။
ရောက်တဲ့နေရာမှာ အာဏာပိုင်တွေက ထောင်ထွက်ဘုန်းကြီးတွေကို လက်ခံထားတဲ့ ဘုန်းကြီး ကျောင်းနဲ့ ကူညီနေသူတွေကို မကူညီရဲအောင် နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပါတယ်။ ထောင်ထွက် ဘုန်းကြီးတွေကိုလဲ နေလို့မရအောင် အနှောင့်အယှက်ပေးတဲ့အတွက် ပြည်တွင်းမှာ ဆက်မနေရဲ တော့ဘဲ ထိုင်းနိုင်ငံ လွတ်မြောက်နယ်မြေ တနေရာကို ထွက်ခွာလာခဲ့ရပါတော့တယ်။
အဲဒီထက် ပိုပြီးဆိုးတဲ့ အဖြစ်အပျက်တခုလဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ ခြောက်လလောက်က ထောင်ကထွက်လာတဲ့ ဘုန်းကြီးအိုကြီး တပါးရဲ့အဖြစ်မှန်ပါ။ ထောင်ကထွက်လာတော့ အရင်နေခဲ့တဲ့ ကျောင်းကလဲ လက်မခံ၊ အခြားကျောင်းတွေကလဲ အာဏာပိုင်ကိုကြောက်လို့ လက်မခံရဲကြဘူး။ နေစရာကျောင်းမရှိလို့ ရထားဘူတာမှာ သွားအိပ်နေရရှာပါတယ်။ ရဲပတ္တရောင်နဲ့တိုးပါတယ်…။ ဘုန်းကြီး ဖြစ်ကြောင်း ဒီနေ့မှ ထောင်ကထွက်လာကြောင်းနဲ့ ထောင်ထွက်လက်မှတ်ကို ပြပြီး ရှင်းပြပေမယ့် လက်မခံဘဲထောင်က ထွက်တဲ့နေ့မှာဘဲ ပြန်လည် အဖမ်းခံလိုက်ရပါတယ်။ တကယ့်ကို ၀မ်းနည်းစရာ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်နေပါပြီ။
န၀တ- နအဖ လက်ထက်မှသည် ဦးသိန်းစိန် အစိုးရတက်လာတဲ့ ယနေ့အချိန်ထိ ဘာသာရေး ၀န်ထမ်းတွေဖြစ်တဲ့ ရဟန်းသံဃာတော်တွေနဲ့ သီလရှင်တွေဟာ အဖိနှိပ်ခံနေရဆဲ၊ ဘာသာရေး အခွင့်အရေးတွေ ချိုးဖောက်ခံနေရဆဲ ဆုံးရှုံးနေရဆဲပါ။ မတရားတာတွေ မလုပ်ကြဘို့ မှန်မှန်ကန်ကန် လုပ်ကြဘို့ တရားဟောတဲ့ ဆရာတော်တွရဲ့ တရားပွဲတွေလဲ အပိတ်ခံထားရပါတယ်။ နာဂစ်မုန်တိုင်း ကြောင့် ဘေးဒုက္ခရောက်နေသူတွေကို ကူညီပေးနေတဲ့ ဘုန်းတော်ကြီး အတော်များများလဲ စစ်အာဏာ ရှင်တွေရဲ့ အနှောင့်အယှက်ပေးမှုက မလွတ်ပါဘူး။
ယနေ့ မိမိတို့ ဗုဒ္ဓဘာသာသာသနာ အခြေအနေကို ပြန်ကြည့်ရင် အဖက်ဖက်က ချွတ်ခြုံ ကျနေတာကိုတွေ့ရမှာပါ။ သာသနာတော် သန့်ရှင်း တည်တံ့ပြန့် ပွားရေး ဆောင်ရွက်နေပါတယ်ဆိုတဲ့ သံဃာ့မဟာနာယက ဆရာတော်များကလဲ သံဃာတွေ မတရားအဖိနှိပ်ခံနေရတာတွေကို သိပါလျှက်နဲ့ မသိချင်ယောင် မမြင်ချင်ယောင်ဆောင်ပြီး နှာစေးတော်မူနေကြဆဲပါ။
၂၀၀၇ ရွှေဝါရောင် အရေးအခင်းကာလတုန်းကလဲ စစ်အာဏာရှင်တွေက ဘုန်းကြီးအတု တွေလို့ ပြောပြီး ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ၀င်စီးတုန်းကလဲ တားမြစ်တော်မမူရှာဘူး။ ခပ်မဆိတ် နေတော်မူရှာပါတယ်။ စစ်အုပ်စုက သံဃာငယ်တွေကို နှိပ်ကွပ်ဘို့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြီး ပြောခိုင်းတဲ့ အခါမှာတော့ သံဃာ့မဟာနာယကဆိုသူတွေဟာ ရဟန်းဆိုတာ ဘာဓူရ ညာဓူရ လုပ်ရမယ်နဲ့ စစ်အာဏာရှင်တွေ အလိုကျ ပြောတော်မူပါတယ်။ အဲဒီလို အဂတိတရားတွေ လက်ကိုင် ထားနေတဲ့ သံဃာ့မဟာနာယကပါ။ အဲဒီလို ပျက်စီးနေတဲ့ အခြေအနေတွေကို သာသနာ စိတ်ရှိကြတဲ့ ဆရာတော်၊ သံဃာတော်တွေက အချိန်မီ မပြုပြင်နိုင်ကြရင် မကာကွယ်နိုင်ကြရင်ဖြင့် ဗုဒ္ဓဘုရား သာသနာ ကွယ်ပျောက်ပြီး စစ်တပ်အလိုကျ တည်ထောင်ထားတဲ့ စစ်တပ်သာသနာတော်ကြီး ဖြစ်သွား တော့မှာဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်…..။
အရှင်ပညာနန္ဒ
ဇွန် ၃၊ ၂၀၁၁
No comments:
Post a Comment