မပြောင်းမလဲ စောင်းနေတဲ့ ကမ္ဘာမှာ....

အမိုးမရှိ အိမ်လို မလုံခြုံ
ကြိုးမညှိ ဂစ်တာလို သံစဉ် မညီညာ
ပိုးထိ လူနာလို ငြီးငြူနေတဲ့ ကမ္ဘာ.....။

လက်ရဲ ဇက်ရဲ အနုမြူဗုံးတွေ ကြဲပြီးမှ
သတ်ရဲ ဖြတ်ရဲ ဆူစိုက်ဗုံးများ ကွဲပြီးမှ
မချင့်မရဲ ငြိမ်းချမ်းရေးစကား ကမ်းလှမ်းချင်တဲ့ ကမ္ဘာ...။


အိမ်ယာမဲ့တိမ်တွေလို လေယူရာမလွင့်ချင်ဘူး

ဘ၀နဲ့ရင်းပြီးမှ လိုက်ရှာနေရတဲ့ ငြိမ်းချမ်းခွင့်
ငြိမ်းချမ်းရေးလိုလားသူများကို
ဆူစိုက်ဗုံးသမားတွေဖြစ်တဲ့ အထိ ကမ္ဘာကြီးက စောင့်ကြည့်နေတယ်..။

အက်နေတဲ့အိုးလို ရေရှည်ခံဖို့ရာ အကြောင်းမမြင်
အပျက်အဆိုးတွေ ကောက်ထည့်ထားစဲ အိတ်ကို လွယ်ထားတဲ့ကမ္ဘာ..။

အစကတည်းက လေယာဉ်ပြေးလမ်းမှာ ဘီးမချော်ပဲ
လမ်းတ၀က်ရောက်မှ အကြမ်းဖက်သမားတွေ စီးနင်းမှာ ကြိုသိလို့
မိုင်ပေါင်းထောင်ချီတဲ့ခရီး လေယာဉ်မစီးပဲ
နေကိုခြေကျင် ပတ်ပြေးနေတဲ့ ကမ္ဘာ...။

လူတကာတွေ မရီပြုံးနိုင်တဲ့

ဆူနာမီကို မုန်းသလိုမျိုး
စစ်နဲ့ အာဏာရှင်ကို မုန်းတယ်...။


နွေလယ်ခေါင်မှာ မိုးကြိုးပစ်သလိုမျိုး
ရေလည်ခေါင်မှာ မျောနေတဲ့ ကားနဲ့တိုက်မိခဲ့ အဖြစ်ဆိုးဆဲ ကမ္ဘာ....။


နာမည်တုနဲ့ လူလို အော်မကြား၊ ခေါ်မကြား
ရောဂါအသစ်အဆန်းများနဲ့ တနေ့တခြား နာမည်ကြီးနေတဲ့ ကမ္ဘာ..။

ဘာသာတရားနဲ့ အသားအရောင်များကွဲပြားလို့ ငါးတွေဟာ စစ်မဖြစ်ဘူး၊
ပြည်တွင်းစစ်နဲ့ ဒုက္ခသည်များ ငှက်တွေလောကမှာမရှိဘူး၊
အာဏာနဲ့ အသပြာအတွက် သစ်ပင်အချင်းချင်း စစ်မခင်းဘူး၊
ပျက်စီးကာနီး အကျည်းတန်ကမ္ဘာကြီးက စစ်အဆိုးအမှားတွေနဲ့ နပမ်းလုံးပြီး လုံးနေတာလား၊
ဒါမှမဟုတ် မလှပတဲ့ သဘာဝဘေး အန္တာရယ်တွေကြောင့် အသက်ကြီးလို့ ခါးကုန်းလာတာလား...။

အဝေးရောက် အစိုးရက ဟိုးအဝေးမှာ နေရာရထား...၊
အနီးကပ်ရန်သူများ လွှတ်တော်ထဲ နေရာယူထား...၊
စိုက်ပျိုးရေးမကျွမ်းကျင်သူတွေ လယ်မြေကို သိမ်းယူထားသလိုမျိုး
ယုံယုံကြည်ကြည် စိတ်ပျက်နေသူကို လက်တို့ပြီး အကောင်းမပြောချင်ဘူးလို့ ထင်မယ်...၊
ဒီပုံဆိုရင်တော့ ရှေ့ဆက်ပြီး ပျက်ဖို့ရာ အကြောင်းပဲ မြင်တယ်.....။

မပြောင်းမလဲ စောင်းနေတဲ့ ကမ္ဘာမှာ

ရီရီရွှင်ရွှင် ပြုံးပြချင်ပေမဲ့ ငြိမ်းချမ်းရေး သွားမရှိတော့ ပျက်ရယ်....၊
ပီပီပြင်ပြင် ကုန်းထချင်ပေမဲ့ စိမ်းလန်းခြင်း အားမရှိတော့ ခက်တယ်...၊
တသွင်သွင် ဆုံးမနေပေမဲ့ မတရားမှုတွေ ဖက်တွယ်ထားတယ်....။

အောင်ခိုင်မြင့်

No comments: