မစိမ်းတဲ့ ကမ္ဘာ

၂၀၀၅ ဇူလိုင် ၉ ရက်နေ့

အစ်မကြီးမျက်နှာလေးကို မြင်ရတာ တကယ့်ကို စိတ်ချမ်းသာစရာ။ သူ့ မျက်ဝန်းမှာ အားတက်ရွှင်လန်းမှုနဲ့ ကြည်နူး ဆွတ်ပျံ့တဲ့ အရိပ်ယောင်လေးတွေ အတိုင်းသားပေါ်လွင်နေတယ်။ နာတာရှည်စွဲကပ်လာတဲ့ နှလုံးရောဂါ ဖိစီးမှု ဒဏ်ကို အံတုရင်ဆိုင်ကျော်လွှားရင်း အသက်အရွယ်နဲ့မလိုက်အောင် အိုမင်းရင့်ရော် ညှိုးရောင်သန်းနေတဲ့ မျက်နှာထားပေါ်မှာ ကြည်လဲ့လဲ့မျက်ဝန်းအစုံနဲ့အတူ ရွှန်းလက်တဲ့ အပြုံးတပွင့်။ ဒီနေ့… အချိန်အကြာကြီး ဝေးကွာနေခဲ့တဲ့ သူ့ရဲ့ကိုယ်ပွားပုံရိပ်တခု သူ့အနားကို ပြန်ရောက်လာ တော့မှာလေ၊ ဖြစ်နိုင်ရင် ခုလိုအချိန်မှာ သူကိုယ်တိုင် ဟိုးအဝေးတနေရာ မိုင်ထောင်ချီခရီးကိုသွားပြီး သားလေးရဲ့မျက်နှာကို အရင်ဆုံး ပြေးကြို လိုက်ချင် တာပေါ့။ သို့သော်လည်း စိတ်ဆန္ဒဇော ဘယ်လို ပြင်းထန်ပေမယ့်.. ဆယ်နှစ်တာလုံးလုံး သားရှိမယ့် နေရာကို စိတ်နဲ့သာမှန်းပြီး အလွမ်းဖြေနေခဲ့ရ။ ပြန်တွေ့ရခါနီးမှာတောင် ရောဂါက သဲသဲသန်သန် ဒုက္ခပေးလာလို့ ဆေးခန်းနဲ့အိမ် မပြတ်တမ်းသတင်းပို့ နေရတာမို့ သားဖြစ်သူ အိမ်ပြန်ခရီးကို ရန်ကုန်ဘူတာကြီးမှာပင် သွားပြီး မကြိုနိုင်တဲ့ အဖြစ်။

အစ်မကြီးဟာ မိသားစုအပေါ်မှာ တာဝန်ကျေပွန်သူ။ ခင်ပွန်းသည်ရှိစဉ်ကတည်းက အိမ်ရှင်မကောင်းပီပီ အသုံးနဲ့ အဖြုန်းကိုသေချာတွက်စစ်ပြီး အဆုံးရှုံးအလေအလွင့်မရှိအောင် ရတဲ့ဝင်ငွေလေးနဲ့လောက်ငှအောင် သုံးတတ်သူ။ ခင် ပွန်းသည် ငြိုငြင်ကင်းအောင်နေတတ်သူ။ ခင်ပွန်းသည်ကလည်း နာမည်နဲ့လိုက်အောင် အေးဆေးတည်ငြိမ်သူ။ အသောက်အစား အဖောက်အပြားတွေရှိဖို့မဆိုထားနဲ့ စကားကိုတောင် သိပ်များများ မပြောတတ်သူ။ နှစ်ကိုယ်တူ ကြည်ဖြူအေးချမ်းတဲ့ မေတ္တာဘ၀လမ်းမှာ သားသမီးနှစ်ယောက်ကို အဖော်ပြု ကာ အကြင်နာတရားတွေ ယိုဖိတ်လို့မဆုံး နိုင်သေးခင်မှာပဲ ကံကြမ္မာမုန်တိုင်းရဲ့ ရိုင်းစိုင်းမှုအောက်မှာ အပျော်တွေ ပျောက်ခဲ့ရတယ်။ တနေ့မှာတော့ ယန္တရား တပ်မှာ အမှုထမ်းတဲ့ ခင်ပွန်းသည်တပ်ကြပ်ကြီးဟာ ကားပြင်နေရင်း ယာဉ်မတော်တဆမှုနဲ့ ဆုံးပါးသွားခဲ့ရတယ်။

အဲနောက်ပိုင်းမှာတော့ မိသားစုရဲ့ စားမှုနေမှုကိစ္စအ၀၀နဲ့ လူမမည်သားသမီးနှစ်ဦးရဲ့ ဘ၀ရှေ့ရေး ပြုစု ပျိုးထောင်ပေး ဖို့တာဝန်ဟာ သူ့ပုခုံးပေါ် လုံးလုံးကျရောက်လာတော့တယ်။ ပင်ကိုယ်ဗီဇအရ နူးညံ့သိမ်မွေ့ ပြီး အားနွဲ့သူလို့ အများက ထင်မှတ်ထားတဲ့အစ်မကြီးဟာ ကြုံလာသမျှလောကဓံတရားတွေကို ကြံ့ကြံ့ခံ အံတုရုန်းကန်ခဲ့သူ တဦးပါ။ တပင်လဲမူ တပင်ထူသဘောနဲ့ လွယ်လွယ်ကူကူ အားကိုးရှာတာမျိုးလည်း မလုပ်ခဲ့ပါဘူး။ မုဆိုးမဘ၀ကို ကျေကျေနပ်နပ်ကြီး ခံယူပျော်ပိုက်ပြီး တတ်စွမ်းသမျှ စက်ချုပ်၊ ဇာထိုးပန်းထိုး အလုပ်လေးတွေနဲ့ မိသားစုဝင်ငွေရှာပြီး ကလေးနှစ်ယောက်ကို မငြိုမငြင်ပညာတွေ သင်ပေးခဲ့တာပါ။ သားသမီးတွေကလည်း မိကောင်းဖခင်သားသမီးပီပီ ဗိုင်းကောင်းကျောက်ဖိ စာကြိုးစားတော့ နှစ်ယောက် လုံး ပညာရေး ထူးချွန်ကြပါတယ်။

ဒီလိုနဲ့ ၁၉၉၆ မှာ သားကြီးဖြစ်သူ မဟာသိပ္ပံဂုဏ်ထူးတန်းတက်နေစဉ် နောက်ထပ်ကြမ္မာရိုင်းတခုနဲ့ ထပ်ပြီးကြုံလိုက်ရ ပြန်ပါတယ်။ လိမ္မာတဲ့သား အချိန်တန်အိမ်ပြန်မရောက်လို့ သောကတွေဗျာပါဝေနေချိန် သားရဲ့ကိုယ်စား စုံထောက်အချို့ အိမ်ကိုရောက်လာပြီး နေရာအနှံ့လှန်လှောမွှေနှောက် ရှာဖွေသွားပါတယ်။ သားပျောက်ခါစရက်တွေမှာ အစ်မကြီးခမျာ ဘုမသိဘမသိရှက်လွန်းလို့ အိမ်ထဲကအိမ်ပြင်ကို မထွက်တော့ ဘူး။ နောက်ပိုင်းမတော့ မိသားစုက ၀ိုင်းဝန်း နှစ်သိမ့်၊ တရပ်တကျေးမှာနေတဲ့ ဘ၀တူညီအစ်မတဦး တကူးတက ရောက်လာပြီး အားပေးစကားတွေ ပြောတာကြောင့် တဖြည်းဖြည်းပုံမှန် ပြန်ဖြစ်သွားရတယ်။ သားဖြစ်သူဟာ လတွေနဲ့ချီပြီး ဘယ်ကိုရောက်နေမှန်းမသိအောင် ပျောက်ဆုံးနေခဲ့ရာက နောက်ဆုံးတော့ အင်းစိန်တောရ တနေရာကို ခရီးရက်ရှည်အလည်ရောက်နေကြောင်း သိလိုက်ရတယ်။ ဒီတော့လည်း သူစိမ်းအရပ်မှာ အားမငယ်ရအောင် နှစ်ပတ်တခါ စားစရာလေးတွေပို့ပေးနေရင်း ခြောက်လ လောက်ကြာ တော့  မိုင်ပေါင်း ထောင်ချီကွာဝေးတဲ့ မြောက်အရပ်ဆီ ပြောင်းရွှေ့သွားတာကိုကြားရပြန်တယ်။
ဒီတခါတော့ အစ်မကြီးအတွက် သွားတွေ့ဖို့ ဘယ်လိုမှအခွင့်မသာခဲ့။ ချူချာလှတဲ့ ကျန်းမာရေး အခြေအနေ က ဒီခရီးကို လေယာဉ်စီးဖို့လည်းမလွယ်၊ ခရီးရက်ရှည်ရထားစီးဖို့လည်းမလွယ်။ နေ့ရှိသရွေ့ အိမ်ရှေ့ ပုဏ္ဏားကွယ် လေးနောက်မှာ ထိုင်လိုက်၊ ၀ရန်တာကျဉ်းကျဉ်းလေးကို ခေါက်တုန့်ခေါက်ပြန်လျှောက်လိုက်နဲ့ သားပြန်လာမယ့်ရက်ကို မျှော်လိုက်ရတာ မဆုံးနိုင်သော မနက်ဖြန်တွေ အလီလီထပ်လို့ နှစ်ကာလတွေ တောင် ဆယ်စုချီသွားတော့တယ်။ သမီးငယ်လေးကတော့ ရောဂါသည် မိခင်ကြီးအတွက် သူ့ရဲ့ လွတ်လပ် ပျော်ရွှင်စရာကောင်းတဲ့  အချိန်လေးတွေကို လုပ်ငန်းခွင်မှာ ပေးဆပ်လိုက်ရတယ်။ အိမ်အတွက် စရိတ် စကနဲ့ အမေ့အတွက်ဆေးဖိုး ငွေရှာဖို့တာဝန်ကို တပြန်တလှည့် သူယူလိုက် ရပြီလေ။

အစ်မကြီးတို့ရဲ့ ဖူးစာကံမျိုးက ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာမှာ ရှိတတ်ပေမယ့်ရှားပါတယ်။ ညီအစ်ကိုနှစ်ယောက်၊ ညီအစ်မနှစ်ယောက် အကြီးအကြီးချင်း၊ အငယ်အငယ်ချင်း မေတ္တာသက်ဝင်ပေါင်းဖက်ကြသူတွေ။ ညီအစ် ကို နှစ်ယောက်လုံးက စစ်သားတွေ။ အကိုကြီးမရှိတဲ့နောက် အစ်မကြီးက လက်ရှိနေတဲ့ အိမ်နဲ့ခြံဝိုင်းလေး ကိုရောင်း ညီမ မိသားစုနေထိုင်ရာဆီ ပြောင်းလာပြီး တခြံတည်း နှစ်အိမ်ယှဉ်ဆောက်နေကြတယ်။ နောင်တချိန် သားကြီးပါ အိမ်မှာမရှိတော့ရင် ဆိုတဲ့ အတွေးကို သူကြိုပြီးသိထားလေရော့သလား မသိ။

ဘာပဲဖြစ်ဖြစ်လေ၊ မိန်းမသားနှစ်ဦးသာ ကျန်ခဲ့တဲ့အခြေအနေမှာ ခုလိုမိသားစုနဲ့ နီးနီးကပ်ကပ်ရှိနေတော့ အထီးကျန်မှု နည်းနည်းသက်သာသလို လုံခြုံမှုလည်းရတာပေါ့။ ဒီနေရာမှာ အာဏာရှင်ကြီးတွေ ၀ါဒဖြန့် မှိုင်းတိုက်မှုက နွေးထွေးခိုင်မာတဲ့ မိသားစုသံယောဇဉ်ကို ယိုင်နဲ့အောင်တိုက်စားမသွားနိုင်။ ဒါပေမယ့် ကြုံခဲ့ဖူးတဲ့ လောကဓံမုန်တိုင်းက အစ်မကြီး ရဲ့စိတ်ကို တအားခြောက်လှန့်ပစ်လိုက်တယ်။ သူစိမ်းတဦးဦး အိမ်ရှေ့မှာလာရပ်တာတွေ့တိုင်း သူ့ရင်မှာ ကတုန်က ယင်ဖြစ်လာပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့။ အိမ်ရှေ့ခြံဝတံခါးကိုလည်း အချိန်ပြည့်ပိတ်ထားတတ်တယ်။

ICRC ကားကြီးရောက်လာချိန်မှာ သူ့ခမျာ ရင်တွေပန်းတွေတုန်လို့ ခြေမကိုင်မိလက်မကိုင်မိ။ ကျနော်သူ့ကို သွားတွေ့တဲ့ အခါတိုင်း တဖက်မှာရှိတဲ့ အစ်မငယ်တို့ အိမ်ခြံတံခါးပေါက်က၀င် အစ်မငယ်တို့မိသားစုနဲ့ ခဏတဖြုတ် စကားပြောပြီး အိမ်နောက်ဖေးကနေ အစ်မကြီးတို့အိမ်ဖက်ကို ကူးရတယ်။ သူနဲ့ပြောစရာ ရှိတာပြော ပေးစရာရှိတာပေးပြီးရင် အစ်မငယ်တို့ အိမ်ပေါက်ကနေ ပြန်ထွက် ဟိုဖက်ကို မရောက်ခဲ့ သလိုလို။
ကျနော်နဲ့တွေ့တဲ့အခါ သားကြီးဆီကရောက်လာတဲ့ စာတွေ ကဗျာတွေကို ပေးဖတ်တတ်တယ်။ ပြီးတော့ ထောက်လှမ်း ရေးတွေ တွေ့မသွားတဲ့ သားကြီးတို့အဖွဲ့နဲ့ အန်တီစု တွဲပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးကို ထုတ်ပြတယ်။ (အဲဒီဓာတ်ပုံ လေးက သားကြီးအဖမ်းခံရပြီးနောက်ပိုင်းမှာမှ စာအုပ်ပုံကြားက တွေ့ရတာ)။ သူအရဲစွန့်ပြီး အန်တီစုနဲ့ သွားတွေ့ခဲ့ပုံ လေးကိုလည်း တိုးတိုးလေးပြောပြလိုက်သေးတယ်။ အဲဒီအချိန်မှာ သားကြီးရဲ့ သူငယ်ချင်းတဦးက မြစ်ကြီးနားထောင်မှာ တာဝန်ကျတာမို့ ဒီသူငယ်လေးခွင့်ပြန်လာချိန်မှာ သားကြီးဆီက စာတွေပါလာ၊ ခွင့်စေ့လို့ပြန်တော့ အိမ်ကစာနဲ့ စား စရာတွေထည့်ပေးလိုက်၊ တခါတလေ စာတိုက်ကရောက်လာတတ်တဲ့ စာအဆက်အသွယ်လေးရှိနေလို့သာ တော် သေးတာ။
ဒီကနေ့တော့ ကာလတာရှည်စွာ ခြောက်သွေ့ညှိုးနွမ်းနေခဲ့တဲ့ မိသားစုဘ၀လေး အရင်တုန်းကလိုပြန်ပြီး စိုစိုပြေပြေ သိုက်သိုက်ဝန်းဝန်းရှိလာတော့မှာပါ။ သမီးလေးနဲ့ညီမတို့မိသားစုက သားကိုကြိုဖို့ ဘူတာကြီး ကိုထွက်ခွာသွားကြပြီ။ အိမ်မှာ အစ်မကြီးနဲ့အတူနေပေးဖို့ ရပ်ဆွေရပ်မျိုးအချို့ရောက်လာကြတယ်။ အစ်မ ကြီးကတော့ အိမ်အောက်ထပ် တမံသလင်းပေါ်က ခပ်နွမ်းနွမ်းဒရင်းပတ်ကလေးပေါ် အားပြုမှီထားရင်း အိမ်ရှေ့ဆီကို မျှော်ငေးကြည့်နေတယ်။ လမ်းထဲကိုဝင်လာတဲ့ ကားစက်သံကြားလိုက်တိုင်း သူ့မျက်လုံးတွေ ၀င်းပလာပြီး ခေါင်းလေးထောင်နားစွင့်လိုက်၊ ကားစက် သံဝေးဝေးသွားပြန်တော့ ဟင်း.. ကနဲသက်ပြင်း တစ်ချက် ပင့်ရှိုက်လိုက်ရင်း ဒရင်းပတ်ပေါ် ပြန်မှီချလိုက်၊ အိမ်ဦးခန်းမှာ ချိတ်ထားတဲ့ ခင်ပွန်းသည်ရဲ့ ဓာတ်ပုံကို မော့ကြည့်နေလိုက်။ ဖအေတူသားကြီး ပြန်လာတော့မှာလေ။
သူ့အတွေးထဲမှာတော့ .. မတွေ့ရတဲ့ အချိန်တွေအတွင်း သားကြီးဘယ်လောက်ပြောင်းလဲသွားပြီလဲ။ ရုပ်ကြီးက မမှတ် မိနိုင်လောက်အောင် ရင့်ရော်နေပြီလား။ သားကြီးရဲ့မျက်နှာကို စတွေ့လိုက်ရချိန်မှာ ဘယ်လိုမျက်နှာ ထားမျိုး၊ ဘယ် လိုစကားမျိုးနဲ့ ဆီးကြိုနှုတ်ဆက်လိုက်ရင် ကောင်းမလဲ။ အိမ်ရှေ့ခြံအ၀င် သရက်ပင်ထက်မှာတော့ ရွှေကျေးလေးက သာနေပြီ။
၁၉၈၉ ခုနှစ် ဇူလိုင်လ လူဖမ်းပွဲကြီးမှာ ထိန်းသိမ်းခံရသူတွေထဲ ကျနော့် အစ်ကိုရင်းတယောက်လို သံယောဉ်ဇဉ်တွယ် ရတဲ့ ယောက်ဖဖြစ်သူလည်း ပါဝင်ပါတယ်။ မမျှော်လင့်ပဲရုတ်တရက် အစ်ကို အဖမ်းခံလိုက်ရချိန်မှာ မိသားစုတခုလုံး ဘာလုပ်ရမှန်းမသိ ယောက်ယက်ခတ်သွားရပါတယ်။ တခါမှမကြုံဘူးတဲ့ အတွေ့အကြုံသစ်လည်း ဖြစ်နေလို့ပါ။
အစ်ကို့ကို လက်ထိပ်နောက်ပြန်ခတ်ပြီး အစောင့်အကြပ်တွေနဲ့ ခေါ်ဆောင်သွားတဲ့နောက်ပိုင်း သုံးလ လောက် အပူတပြင်းစုံစမ်းပေမယ့် ဘာသတင်းမှ မရတော့ပါဘူး။ ကြားသိဖူးတဲ့ အတွေ့အကြုံတွေအရ ကျနော့်အစ်မကတော့မျှော် လင့်ချက်အတော်ကုန်ခမ်းနေပုံ ရပါတယ်။ ဒီနောက်ပိုင်းမှာ ကျနော်တို့ဆီကို အကြောင်းကြားစာလေးတစောင် ရောက်လာတယ်။ ဘ၀တူအမျိုးသမီးတဦး ထံကပို့လိုက်တာပါ။ သူပေးထားတဲ့ လိပ်စာအတိုင်း မမနဲ့ ကျနော် ရန်ကုန်ကို လိုက်သွားတော့ မြောက်ဥက္ကလာပ၊ (၁) ရပ်ကွက်၊ သုမိတ္တာလမ်းက သူတို့အိမ်ကိုရောက်သွားပါတယ်။ သူ့ ခင်ပွန်းအပါအ၀င် အစ်ကိုတို့အုပ်စု အင်းစိန်ထောင်ကြီးချုပ်ကို ရောက်နေပြီ၊ လူချင်းတွေ့လို့တော့ မရသေးဘူး၊ စားစရာပို့လို့ရတယ် ပြောတာမို့ ကျနော်တို့ယူလာတဲ့ စားစရာလေးတွေ သူနဲ့ထည့်ပေးလိုက်တယ်။ နည်းနည်းစိတ်သက်သာရာလည်း ရ သွားသလို ပါပဲ။
ကျနော်တို့ ရွာကိုပြန်ရောက်ပြီး သိပ်မကြာလှပါဘူး ထူးဆန်းတဲ့ သတင်းစာရှင်းလင်းပွဲတခု အကြောင်း ရေဒီယိုမှာ ကြား လိုက်ရတော့တယ်။ မျက်နှာဖုံးအနီရောင်နဲ့ စာအုပ်တအုပ်လည်း ထွက်ပေါ်လာတယ်။ စာအုပ်ထဲမှာ ပါဝင်သူတွေ ရဲ့ မျက်နှာတွေကို ကျနော့စိတ်ထဲမှာ ဒီနေ့ထိ ဓာတ်ပုံရိုက်ထားသလိုစွဲလမ်း နေမိတယ်။ သူတို့ထဲမှာ ဆရာဝန်တွေ၊အင်ဂျင်နီယာတွေ၊ တက္ကသိုလ်ဆရာတွေ၊ ဌာနဆိုင်ရာ အရာရှိတွေ၊ စစ်ဗိုလ်တွေ၊ ရဲအရာရှိတွေ.. စုံလို့ပါပဲ။ အရင်က အစ်ကိုနဲ့ ပါပါလာတတ်လို့ အချို့သူတွေရဲ့ မျက်နှာတွေကို ကျနော်ရင်းနှီးနေတယ်။
ဒီလိုနဲ့ နိုဝင်ဘာလဆန်းပိုင်းရောက်လာတော့ ပထမဆုံးအကြိမ် အစ်ကို့ကို သွားတွေ့ခွင့်ရခဲ့တယ်။ တသက်လုံး တခါမှမ တွေ့ဘူးသူတွေများစွာ တူညီတဲ့ခံစားမှုကိုယ်စီနဲ့ ထောင်ဗူးဝရှေ့မှာ လာဆုံမိကြတယ်။ ကိုသန်းနိုင်(ပုဂံ) ရဲ့ ဇနီး မဖြူ (ဘေဘီ)၊ ကိုတင့်ဆွေ (သီဟ) ရဲ့ ဇနီး မအေးအေးမြင့်၊ သခင်ဇင်ရဲ့ သမီး မဟား၊ ကိုခင်ဇော် (ရေတပ်စစ်သည် ဟောင်း) ရဲ့ ညီမ မသန်းသန်းဆင့်၊ ကိုကျော်လွင်ရဲ့ ဦးလေး ဦးကုလားကြီး စသည် စသည် ရင်းနှီးသူတွေတိုးလာ တယ်။ သူလိုကိုယ်လို ဘ၀တူမိသားစုတွေဆိုတော့လည်း ဆုံတွေ့ပြီး တခဏအတွင်းမှာပဲ ရင်းရင်းနှီးနှီး စကားတွေ ပြောဖြစ်ကြတာ။ ဘ၀တွေက အဖုံဖုံ။ တချို့က ဒီလိုအတွေ့အကြုံမျိုး အခါခါရှိထားပြီးသား၊ တချို့ကျတော့ ကျနော်တို့ လို မျက်စိသူငယ်နားသူငယ်။ အဲဒီအချိန်က ဒေါက်တာမော်ဇင် (စစ်ဗိုလ်ဆရာဝန်ဟောင်း) ရဲ့ သားလေးနဲ့ ကိုမိုးဝင်း (ဗိုလ်ဇေယျ၏ တူ) ရဲ့ သမီးလေးတို့က သုံးလေးနှစ်အရွယ် မတိမ်းမယိမ်းလေးတွေ။
အားလုံးဟာ မလာချင်မရောက်ချင်တဲ့နေရာကို အပျော်ခရီးထွက်သလို စားစရာအထုပ်အပိုးတွေနဲ့ ရောက်လာကြတာ။ ရန်ကုန်မှာနေသူတွေက နှစ်ပတ်တခါ မှန်မှန်ရောက်ကြပေမယ့် ကျနော်တို့လို ရပ်ဝေးနယ်က လာရသူတွေအဖို့တော့
နှစ်လတခေါက်ပင်အနိုင်နိုင်။ သွားဖြစ်တဲ့အခါတိုင်းမှာ ဒေသထွက် လွယ်လွယ်ရနိုင်တဲ့ ငါး၊ ဖား၊ ငါးရှဥ့်၊ မြွေ စတာတွေ ကိုပဲ ချက်ပြုတ်ကြော်လှော် ယူသွားရတာ ဖြစ်ပေမယ့် သူတို့အတွက် ထူးဆန်းတဲ့ ဟင်းလျာတွေဖြစ်နေတာမို့ မက်မက် မောမော ၀ိုင်းပြီးစားကြတယ်လို့ ကြားမိတာပဲ။
ထောင်ဝင်စာတွေ့ဖော် အသိအကျွမ်းတွေထဲမှာ ကျနော်အထူးတလည် ရင်းနှီးမိသူက ကိုသန်းနိုင်ရဲ့ ဇနီး မဖြူ။ အဲဒီ တုန်းက ကျနော့်ရွာမှာ စာကြည့်တိုက်လေးတခု ထူထောင်ထားချိန်။ ရန်ကုန်ရောက်တုန်း စာအုပ်အဟောင်းတန်းမှာ ဈေးချိုချိုနဲ့ ရနိုင်သမျှ စာအုပ်လေးတွေ ရှာဖွေဝယ်ရတယ်။ အစ်မ မဖြူက စာအုပ်တွေ ရောင်းဖူးသူဆိုတော့ သူ့ဆီမှာ စုံစမ်းစနည်းနာရတယ်လေ။ သူကလည်းတတ်နိုင်သမျှ ကူညီရှာပါတယ်။ စာအုပ်ကောင်း ရနိုင်တဲ့နေရာတွေကို လမ်း ညွှန်ပေးတဲ့အပြင် သူ့မှာရှိတဲ့ စာအုပ်အချို့လည်း လှူလိုက် သေးတယ်။ သူ့ခမျာ ကိုသန်းနိုင်ကို တော်တော်ချစ်ရှာတာ။
ကျန်းမာရေးမကောင်းတဲ့ကြားက ၀တ်မပျက် ထောင်ဝင်စာတွေ့ပေးတယ်။ အချိန်တန်လို့ရောက်မလာရင် အထဲကလူ စိတ်ပူအားငယ်နေမှာစိုးလို့တဲ့။ နောက်ပိုင်း အခေါက်တွေမှာ သူ့ကျန်းမာရေးအခြေအနေ တော်တော်ဆိုးလာပုံရတယ်။
အစာကြမ်း မစားနိုင်တော့။ ထောင်ဝင်စာတွေ့ရမယ့်အချိန်ကိုစောင့်ရင်း ကျနော်တို့ ထမင်းစားတဲ့အခါ သူက ပေါင်မုန့် နုနုလေးကို ကော်ဖီနဲ့မျှောချပြီး တင်းတိမ်နေရတယ်။ သူ့ရောဂါက ကင်ဆာဆိုလားပဲ။ နောက်တခေါက် ကျနော် ထောင် ၀င်စာတွေ့တဲ့အခါ သူ့ကိုမတွေ့ရတော့ဘူး။ ဒါနဲ့ မြို့ထဲကိုရောက်တုန်း ၃၈ လမ်းက သူနေတဲ့အိမ်ကို သွားကြည့် မိတော့မှ အိပ်ယာပေါ်ဘုန်းဘုန်းလဲနေပြီဖြစ်တဲ့ မဖြူကိုတွေ့ရတယ်။ ခန္ဓာကိုယ်တခုလုံး ပိန်ချုံးနေပြီး ဖြူဖတ်ဖြူရော် ဖြစ်နေပါတယ်။ မပွင့်တပွင့်လေသံလေးနဲ့ ကျနော့်ကို နှုတ်ဆက်ရှာတယ်။ “မင်းအကိုဆီကို သွားမတွေ့နိုင်တာ နှစ် ခေါက်ရှိပြီ” တဲ့။ ကျနော်တွေ့ခဲ့ပြီး ရက်များမကြာမီမှာပဲ သူဆုံးသွားရှာတာပါ။
ကျနော်ရေတပ်ထဲကို ရောက်လာပြီးနောက်ပိုင်းမှာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအတွင်းက ပြည်သူလူထုနဲ့ ပူးပေါင်း ခဲ့တဲ့ ရေတပ်သားတွေအကြောင်း ပိုသိလာရပါတယ်။ သူတို့အများစုဟာ တပ်ထဲမှာရှိစဉ်က စည်းကမ်းသေ၀ပ်သူတွေ လို့ အသိအမှတ်ပြုခံသူတွေဖြစ်ပြီး လူချစ်လူခင် ပေါများသူတွေပါ။ သူတို့တပ်ထဲက ထွက်သွားကြသော်လည်း တပ်ထဲ မှာကျန်ခဲ့တဲ့သူငယ်ချင်းတွေနဲ့ အခင်မင်ပျက်မသွားကြတာကို တွေ့ရပါတယ်။ တချို့တပ်တွေမှာ အကြောက်ကြီးတဲ့ တပ်မှူးတွေက သူတို့ကိုတပ်ဝင်းထဲ ၀င်ခွင့်တောင်မပြုပေမယ့် သူငယ်ချင်းရဲဘော်တွေက နီးစပ်ရာလက်ဖက်ရည်ဆိုင် မှာ ထွက်ပြီးတွေ့ကြရှာတယ်။ ကိုခင်ဇော်ဆိုရင် တပ်ကနှုတ်ထွက်ပြီးနောက် ရေတပ်ပင်မစက်မှုလက်မှု တပ်မှူးက အ ရပ်သားဝန်ထမ်းအနေနဲ့ ပြန်လည်ခန့်ထားချိန်မှာ အဖမ်းခံလိုက်ရတာပါ။
၂၀၀၀ ပြည့်နှစ် ၀န်းကျင်လောက်မှာ တပ်မတော်မှတ်တမ်းရုံး (ရေတပ်မှတ်တမ်းဌာန) ကို ကိစ္စတခုနဲ့ ကျနော်ရောက် သွားတယ်။ အဲဒီမှာ ကျနော်နဲ့ဝါသနာတူ သူငယ်ချင်းတဦးက ဒုအရာခံဗိုလ် မျိုးသန်းနဲ့ မိတ်ဆက်ပေးလို့ ဆရာကြီး မျိုးသန်း ဆိုတာ ကိုသန်းနိုင် (ပုဂံ) ရဲ့ အစ်ကိုရင်း ဖြစ်နေတာကိုသိလိုက်ရတယ်။ (ကိုသန်းနိုင်ဟာ ၁၉၇၅ အလုပ်သ မားအရေးအခင်းမှာ ပါဝင်လှုပ်ရှားမှုနဲ့ ထောင်ကျခဲ့ဖူးပြီး ၁၉၈၈ လှုပ်ရှားမှုကာလမှာလည်း ရေတပ်နဲ့ လေတပ်က စစ်ရုံး၊ ဗိုလ်ချုပ်ရွာတို့ကို ပစ်ခတ်ဗုံးကျဲတိုက်ခိုက်မယ်လို့ ၀ါဒဖြန့် စာရေးသူအဖြစ် စွပ်စွဲခံရတဲ့ နာမည်ကြီး ခေါင်းဆောင်တဦး ပါ။) ထမင်းစားချိန်နားတော့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရာက သူတို့ မိသားစုအ ကြောင်း တစိတ်တပိုင်းသိခွင့်ရတာ။ သူတို့အဖေကလည်း Royal Navy ခေတ် ရေတပ်အရာခံဗိုလ်တဦး (ကိုသန်းနိုင် ရဲ့ ကိုယ်ရေးအချက် အလက်မှာပါပြီး) ဖြစ်တယ်။ ဆရာကြီး မျိုးသန်းက ကိုသန်းနိုင်ရဲ့လုပ်ရပ်ကို လေးစားဂုဏ်ယူ တယ်။ ညီကိုလည်း အရမ်းချစ်တယ်။ ဒါပေမယ့် ထောင်ဝင်စာသွားမတွေ့ရဲဘူး။ ညီရဲ့အခြေအနေကို ထောင်ဝင်စာ သွားတွေ့တဲ့ ညီမထံကတဆင့် သတင်းထောက်တယ်။
ဒါကလည်း သိပ်တော့မဆန်းပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူ့သဘာဝတခုလို့မြင်ပါတယ်။ ကျနော်တို့မိသားစုထဲမှာလည်း ကျနော့်အကိုကြီးက ယောက်ဖဖြစ်သူကို ထောင်ဝင်စာသွားမတွေ့ခဲ့ပါဘူး။ အစ်မနဲ့တွေ့တဲ့အခါတိုင်း ယောက်ဖကို သ တိရကြောင်းပြောပေးဖို့နဲ့ လာမတွေ့ရဲတဲ့သူ့ကို နားလည်ပေးဖို့ အတန်တန်တောင်းပန်တတ်တယ်။ ကျနော်ကသာ ငယ် ရွယ်သူလည်းဖြစ်၊ ယောက်ဖနဲ့ ပတ်သက်မှုရှိထားသူလည်းဖြစ်တာကြောင့် သွားတွေ့ဖြစ်နေခဲ့တာ။ နောက်ပိုင်းတော့ ဆရာကြီးမျိုးသန်း ဆေးပင်စင်နဲ့ တပ်ကထွက်သွားတယ်။ ပြီးတော့ မော်လမြိုင်ထောင်မှာရောက်နေတဲ့ ကိုသန်းနိုင် ကိုထောင်ဝင်စာ သွားတွေ့ခဲ့တယ်။ ၂၀၀၅ ဇူလိုင် ၆ ရက်နေ့ ကိုသန်းနိုင် ထောင်ကလွတ်တဲ့အချိန်မှာ ဆရာကြီး မျိုး သန်း အိပ်ယာထဲမှာလဲနေပြီ။ ညီပြန်အလာကို စောင့်နေသလိုပဲ။ ကိုသန်းနိုင် အိမ်ပြန်ရောက်ပြီး တပတ်လောက်အ ကြာမှာ ဆရာကြီးမျိုးသန်း ဆုံးသွားရှာတယ်။
ကျနော်ကြုံတွေ့ဆက်ဆံမိသလောက် နိုင်ငံရေးသမားနဲ့ စစ်သားဆိုတာ သီးခြားအလွှာတခုစီတည် ရှိနေတာတော့ မ ဟုတ်ပါဘူး။ မိသားစုတခုတည်းမှာ၊ ဆွေမျိုးအသိုင်းအ၀ိုင်းထဲမှာ၊ မိတ်ဆွေသူငယ်ချင်း နယ်ပယ်ထဲမှာ တနည်းမဟုတ် တနည်း ယှက်နွယ်ပတ်သက်နေကြတာပါပဲ။ နိုင်ငံရေးသမား မိသားစုထဲက စစ်သားဖြစ်လာသူတွေ၊ တပ်မိသားစုထဲ ကနိုင်ငံရေးသမားတွေ မြန်မာပြည်မှာ လက်ညှိုးထိုးမလွဲအောင် ရှိနေကြတာပါ။ တဦးနဲ့တဦး စိတ်နေသဘောထား ဘယ်လိုရှိတယ်ဆိုတာကိုလည်း အထူးတလည် လေ့လာနေစရာ မလိုလောက်အောင် သိထားကြသူတွေ ဖြစ်ပါတယ်။ ဒီလူတွေအချင်းချင်း နားလည်ညီညွှတ်မှုရဖို့ တကယ့်ကို အရေးကြီးပါတယ်။ ကျယ်ပြန့်တဲ့အောက်ခြေက လူထုကြီး သာ ညီညွှတ်နေမယ်ဆိုရင် ခေါင်းဆောင်ချင်း မညီညွှတ်ချင်လို့တောင် မဖြစ်နိုင်တဲ့ အခြေအနေပါ။ သို့ပါလျက် မြန်မာ ပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေတဲ့ အမျိုးသားသင့်မြတ်ရေး (တပ်နဲ့ ပြည်သူ ကြည်ဖြူလက်တွဲနိုင်ရေး အပါအ၀င်) ဖြစ်စဉ်ကြီး အကောင်အထည်ပေါ်လာဖို့ ဘယ်လို အဟန့်အတားတွေရှိနေသလဲ၊ ဘယ်အချက်တွေ ဖြည့် ဆည်းပေးဖို့ လိုအပ်နေသေးလဲ စတာတွေကို အလေးထားစဉ်းစားဆင်ခြင်ကြဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိနေပြီ လို့ ထင်မြင်သုံးသပ်မိပါတယ်ခင်ဗျာ..။
နေမင်းသူ
၁၈ မေ ၂၀၁၁

No comments: