ကြပ်ပြေးနေပြည်တော်မှ တိတ်တိတ်ပုံးမင်္ဂလာဆောင်သတင်း

Hlaing Bwa
“စိန်စီသောည” ကဲ့သို့သော အရှက်ကွဲစေမည့် ဗွီစီဒီတချပ် ထပ်မံ ပေါ်ပေါက်ခြင်း မရှိစေရန် ကြပ်ပြေး နေပြည်တော်မှ အာဏာရှင်ကြီးများက တိုင်းပြည်ကမသိအောင် မင်္ဂလာ ဧည့်ခံပွဲကြီး တခုကို သိုသိုသိပ်သိပ် ပြုလုပ်ခဲ့ ကြသည်။ ဧည့်ခံပွဲသည် ဝန်ကြီးချုပ် သိန်းစိန် (ယ္ခုသမတသိန်းစိန်)၊ ခင်ခင်ဝင်းတို့၏ သမီး ယဉ်သူဇာသိန်း နှင့် ဘိုကြီး ဟန်ဝင်းအောင် တို့၏ လက်ထပ် မင်္ဂလာပွဲဖြစ်ပြီး စနေနေ့ (ဇန်န၀ါရီလ ၃၁ရက်နေ့) ကပျဉ်းမနားကြပ်ပြေး နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကြပ်ပြေးနေပြည်တော်ရှိ စစ်အစိုးရ ဧည့်ဂေဟာ တခုတွင် ပြုလုပ်ခဲ့သော အဆိုပါ ဧည့်ခံပွဲကို သန်းရွှေနှင့် မိသားစု အပါအ၀င် စစ်ခေါင်းဆောင်များ၊ ခေတ်ပျက်သူဌေး စီးပွားရေး လုပ်ငန်းရှင်ကြီးများ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။ လက်ဝတ်ရတနာ ပစ္စည်း၊ ဇိမ်ခံကား၊ အိမ်ခြံမြေ စသည့် လက်ဆောင်ပစ္စည်း အများအပြား ရရှိခဲ့သည်ဟု သိရသည်။ ဝန်ကြီးချုပ်သိန်း၏ သမီးဖြစ်သူ မင်္ဂလာဆောင်ပွဲကို ကြီးကျယ် ခမ်းနားစွာ ကျင်းပခြင်း မပြုရန် တားမြစ်ခံခဲ့ရဖွယ်ရှိသည်ဟု ၎င်းမင်္ဂလာပွဲ တက်ရောက်သူတဦးက သုံးသပ်သည်။ “မင်္ဂလာဆောင်က သိပ် အကျယ်မချဲ့ဘူး၊ မီဒီယာကို သတင်းပေါက်သွားမှာ စိုးရိမ်ကြပုံရတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

ထိုသို့ သိုသိုသိပ်သိပ် ပြုလုပ်ခဲ့ခြင်းမှာ ၂၀၀၆ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သည့်  သန်းရွှေ ၏ သမီးဖြစ်သူ သန္တာရွှေ မင်္ဂလာဆောင်ကဲ့သို့ နောက်ဆက်တွဲ အရှက်ကွဲမှုများ ထွက်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်မည်ဟုကြပ်ပြေး နေပြည်တော်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များက ဆိုသည်။ သန်းရွှေသမီးသန္တာရွှေ၏ ခမ်းနား ထည်ဝါလှသော မင်္ဂလာဧည့်ခံပွဲ မှတ်တမ်းမှာ You Tube ရုပ်မြင်သံကြား အင်တာနက် စာမျက်နှာမှ စတင် ပျံ့နှံ့ခဲ့သည်။“စိန်စီသောည” ဟု အမည်ပေးထားသည့် အဆိုပါ မှတ်တမ်း ရုပ်ရှင်ထဲတွင် သတို့သမီး သန္တာရွှေက စိန်ရတနာ ပစ္စည်းများ ကိုယ်လုံးညွတ်မျှ ၀တ်ဆင်ထားသည်။

အဆိုပါ မင်္ဂလာဧည့်ခံပွဲကို အင်တာနက်မှတဆင့် ကြည့်ရှုခဲ့ရသည့် စင်ကာပူ ၀န်ကြီးချုပ် ဟောင်းလီကွမ်ယုက “(ဗိုလ်ချုပ်မှူးကြီး)သမီးကလည်းဗျာ ခရစ်စမတ်သစ်ပင် ကျနေတာပဲ”ဟု အင်တာဗျူးတခုတွင် မှတ်ချက်ချခဲ့သည်။ “စိန်စီသောည” တွင် ခမ်းနားလှသော ဧည့်ခံပွဲ၊ အဖိုးတန် ဝတ်စားဆင်ယင်မှုများ၊ ရှန်ပိန်အရက်များ အလျှံအပယ်တို့ဖြင့် ညစာစားပွဲ တည်ခင်းပုံကို ပြည်သူများ ဆင်းရဲ ကြပ်တည်းပြီး စားစရာ မရှိ ဖြစ်နေသည့် အခြေအနေများနှင့် ဖြတ်ညှပ်ကပ်ပြီး နှိုင်းယှဉ် ဖော်ပြထားသည်။ အဆိုပါ မှတ်တမ်းအား မည်သူက စတင် ဖြန့်ချိခဲ့သည်ကို မသိရပါ။

ထို မှတ်တမ်းစီဒီကြောင့်  အာဏာရှင်စစ်အစိုးရ ခေါင်းဆောင်ပိုင်း မိသားစုတစု၏ နေထိုင်မှု ဘဝတစိတ် တပိုင်းကို မြန်မာနှင့် ကမ္ဘာက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့သည်။ယင်း “စိန်စီသောည”  မင်္ဂလာဧည့်ခံပွဲ မှတ်တမ်းစီဒီမှာ လူအများ အကြား ရေပန်းစား ပျံ့နှံခဲ့သဖြင့် ၎င်းအခွေ လက်ဝယ် တွေ့ရှိသူများကို ဖမ်းဆီး ထောင်ချခဲ့သည်။

မင်္ဂလာဧည့်ခံပွဲ ကြော်ငြာကို အာဏာရှင်စစ်အစိုးရပိုင် မြန်မာ့အလင်း နှင့် ကြေးမုံသတင်းစာ တို့တွင် ထည့်သွင်းခြင်း မပြုခဲ့ပေ။ ယခင်က စစ်ခေါင်းဆောင်နှင့် ပတ်သက်သည့် မင်္ဂလာဧည့်ခံပွဲများကို သတင်းစာများတွင် ခမ်းခမ်းနားနား ကြော်ငြာလေ့ရှိခဲ့သည်။ စီးပွားရေး လုပ်ငန်းရှင်တို့က အခွင့်အရေးများ၊ လုပ်ငန်း လုပ်ပိုင်ခွင့်များ ရရှိရန်  စစ်ခေါင်းဆောင်တို့၏ ဧည့်ခံပွဲ အခမ်းအနားများတွင် တန်ဖိုးကြီးတန်စိုးလက်ဆောင်များ၊ ငွေကြေးများ ပေးအပ်ခြင်းဖြင့် အခွင့်အလမ်းများရရန် ချည်းကပ်လေ့ရှိသည်ဟု သိရသည်။ သန်းရွှေ၏ သမီးဖြစ်သူ မင်္ဂလာဆောင်တွင် ဇိမ်ခံကား၊ လက်ဝတ်ရတနာ စသဖြင့် စုစုပေါင်း ဒေါ်လာသန်း ၅၀ ခန့် တန်ဖိုးရှိသော လက်ဖွဲ့ပစ္စည်းများ ရရှိခဲ့သည်ဟု ဆိုသည်။

၁၉၉၀ ပြည့်လွန် အစောပိုင်း နှစ်များအတွင်းက ဗိုလ်ချုပ်တင်ဦး၏သားနှင့် မြို့တော်ဝန်ဟောင်း ဦးကိုလေး၏ သမီးဖြစ်သူတို့ ပြုလုပ်ခဲ့သည့် မင်္ဂလာ ဧည့်ခံပွဲတွင်လည်း စီးပွားရေး လုပ်ပိုင်ခွင့်များ ရရှိရေးအတွက် လုပ်ငန်းရှင်တို့က အကြီးအကျယ် လက်ဖွဲ့ခဲ့ကြသည်ဟု သိရသည်။ န.၀.တ နှင့် န.အ.ဖ တိုင်းပြည်ကို ဓါးမိုးအုပ်စိုးခဲ့သော အနှစ် (၂၀) အတွင်း အဆိုပါကဲ့သို့ သောအခမ်းအနားများသည် န.၀.တ၊ န.အ.ဖ စစ်အာဏာရှင်ကြီးများနှင့် ခေတ်ပျက်သူဌေးများ အကြား မင်္ဂလာပွဲကိုအကြောင်းပြုပြီး  ပြောင်ပြောင်တင်းတင်း လာဘ်ပေးလာဘ်ယူ လုပ်ကြသည့် (တိုင်းပြည်နှင့်လူမျိုးအတွက်မူကား) အမင်္ဂလာပွဲများဖြစ်ကြောင်းသိရသည်

No comments: