မြေနိမ့်ရာ လှံစိုက်ကြတော့မှာလား

"အိန္ဒိယ- မြန်မာနယ်စပ် တမူးမြို့မှာရှိတဲ့ သစ်စက် တော်တော်များများက သစ်စက် ပိုင်ရှင်တွေနဲ့ သစ်စက် အလုပ်သမား ၅၀ ကျော်ကို သစ်တောဆိုင်ရာ ဥပဒေနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ကျခံစေဖို့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် တရားရုံးက မေလ ၄ ရက် မနေ့က စီရင်ချက် ချမှတ်ခဲ့ပါတယ်။'' ဆိုတဲ့ RFA သတင်းဌာက လာတဲ့ သတင်းကို ဖတ်လိုက်ရတော့၊ တစ်ချိန်က အလားတူ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ဆိုးတွေကို ပြန်ပြီး သတိရမိပါတယ်။

ကူကီးဘာသာနဲ့ Kangmang- Phai လို့ အမည်ရှိတဲ့ ကဘော်ဒေသဟာ ကျွန်းသစ်အပါအဝင် အဖိုးတန် သစ်မျိုးစုံ ဖုံးလွမ်းပေါက်ရောက်တဲ့ ဒေသဖြစ်ပါတယ်။ အိန္ဒိယ- မြန်မာနယ်စပ်မှာ ၁၉၉၀ ပြည့်လွင်ကာလက ကျွန်းသစ် (၁) ကုဗပေဆိုရင် ရူပီး (၃၀၀) ဝန်းကျင်ခန့် ပေါက်ဈေးရှိပါတယ်။ ကျွန်းပင် တပင်လောက် ဆိုရင်တောင် ရူပီးငွေ ထောင်ချီပြီး တန်ဖိုး ရှိနေပါတယ်။ အဖိုးတန် ကျွန်းသစ်တွေကို အိန္ဒိယနိုင်ငံဘက် ခိုးထုတ်ရောင်းချကြဖို့ မြန်မာအာဏာပိုင်တွေက အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ ကူကီးပြည်သူတေကို ခိုင်းစေ ခဲ့ကြပါ တယ်။ အာဏာပိုင်တွေနဲ့ သစ်လုပ်သားတွေဟာ အမြတ်အစွန်းကို တဝက်စီ ခွဲဝေယူကြတာမို့၊ မြန်မာအာဏာပိုင်တွေဟာ တညအတွင်း ရူပီးငွေ သောင်းသိန်းချီတဲ့ ငွေထုပ်ကြီးကို ပိုက်ပြီး ချမ်းသာသွားကြပါတယ်။

အိန္ဒိယနိုင်ငံဘက် ကျွန်းသစ် ခိုးထုတ်ရောင်းချကြတာတွေကို အထက်အာဏာပိုင်တွေက ရိပ်မိလာတဲ့ အချိန်မှာ၊ ကျွန်းသစ်ခိုးထုတ်တဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ သူတို့ အရေးယူမခံရအောင်၊ သူတို့ရဲ့ စေခိုင်းချက်အရ ကျွန်းသစ် ခိုးထုတ်နေရတဲ့ ဒေသခံ သစ်လုပ်သားတွေ အပေါ် အပြစ်တွေပုံချပြီး အကောက်ကြံပါတော့တယ်။ ဗဟို အထက်အာဏာပိုင်တွေ ယုံကြည်အောင် ကျွန်းသစ်ခိုးထုတ်နေတဲ့ သစ်လုပ်သားတွေကို လမ်းမှာ စောင့်ပြီး လူ၊ ကျွဲနွား၊ လှည်း၊ ကျွန်းသစ်တုံးတွေပါ မကျန် အစုလိုက်အပြုံလိုက် ဖမ်းပြလိုက်ကြ ပါတော့တယ်။ ထောင်မကျရအောင် ရှိသမျှ အိမ်ရောင်း၊ ခြံရောင်း၊ လယ်တွေရောင်းကြပြီး လာဘ်ထိုးကြပေမဲ့ ငွေကုန်ထောင်ကျ အကြွေးတင်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေကို ထပ်ဆင့်အပို ဆုချပေးလိုက်သလို ဖြစ်ရပြန်တယ်။

ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ လှည့်စားအကောက်ကြံတာကို ခံလိုက်ရတဲ့ သစ်လုပ်သားကူကီး ဒေသခံတွေဟာ အနည်းဆုံး တရွာ (၅) ယောက်၊ တချို့ရွာတွေဆိုရင် ရွာလုံးကျွတ် အဖမ်းခံကြရပြီး နှစ်ရှည် ထောင်နန်းစံကြရပါတယ်။ ထောင်ထဲမှာ ပင်ပန်းဆင်းရဲမှု မျိုးစုံကြုံတွေ့ခဲ့ရပြီး သေဆုံးသွားသူတွေ အများအပြားရှိနေချိန်မှာ အာဏာပိုင်တွေမှာတော့ စားမကုန်တဲ့ ရွှေထုပ်၊ ငွေထုပ်တွေ ပိုင်ဆိုင်ကြပြီး စည်းစိမ်ခံ နေနိုင်ကြတာတော့ ဝမ်းနည်းစရာ ပါဘဲ။

ကူကီးဒေသမှာ ကျွန်းသစ်အပါအဝင် တခြားသစ်တွေနဲ့ ပတ်သက်ပြီး နှိပ်စက်ညှင်းဆဲမှုတွေ အများအပြားရှိခဲ့တယ်၊ ရှိနေဆဲလည်းဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ြပီး ဝမ်းနည်းစရာ အဖြစ်အပျက်လေးတခု ပြောပြချင်ပါတယ်။ (Kangmang- Phai) ကဘော်ဒေသမှာ တည်ရှိတဲ့ (PhaiJang) ဖိုင်ရန်ရွာသူ၊ ရွာသားတွေ ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးပါ။

အိန္ဒိယနိုင်ငံဘက် ခိုးထုတ်ရောင်းချကြဖို့ မြန်မာအာဏာပိုင်တွေက (PhaiJang) ဖိုင်ရန်ရွာ အနီးအနားမှာရှိတဲ့ အဖိုးတန်ကျွန်းပင်တွေကို (၁၉၉၆) ခုနှစ် ဒီဇင်္ဘာလ (၁၂) ရက်နေ့ကနေ (၁၉၉၇) ဇန်နဝါရီလ (၃) ရက်နေ့အထိ နေ့ရောညပါ ခုတ်လှဲစေခြဲ့ပီး အိန္ဒိယနိုင်ငံဘက်ကို သယ်ယူ ရောင်းချစေပါတယ်။ ရွာသူ၊ ရွာသားတွေဟာ လုပ်အားခ တပြားတချပ် ကလေးတောင် မရရှိကြပေမဲ့ အတင်းအဓမ္မအမိန့်ပေး ခိုင်းစေခဲ့တဲ့ ခလရ ၂၂၈ က ဗိုလ်ကြီးတင်ရွှေကတော့ တလလောက် အချိန်တိုအတွင်းမှာ သိန်းရာချီ ရရှိသွားပါတယ်။

နယ်စပ်ဒေသကို ကွင်းဆင်းလာတဲ့ ခလရ ၂၂၈ က ဗိုလ်မှူးဇော်ဇေယျဟာ အဲဒီ အဖြစ်အပျက်တွေကို သိတော့ (၁၉၉၇) ဇန်နဝါရီလ (၇) ရက်နေ့မှာ (PhaiJang) ဖိုင်ရန်ရွာသူ၊ ရွာသားအားလုံးကို ဖမ်းဆီးဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ရွာသားတချို့ဟာ ကိုယ်လွတ်ရုန်းပြီး အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံ ခဲ့ကြပါတယ်။ အာဏာပိုင်တွေဟာ ထွက်ပြေးသူတွေကို အကြောင်းပြပြီး ရွာသူမိန်းမပျိုတွေကို နှမချင်းမစာနာဘဲ မုဒိန်းကျင့်ခဲ့ကြတယ်။ ရွာမှာ ကျန်ရှိနေသေးတဲ့ တွေ့သမျှ သက်ကြီးရွယ်အို၊ မိန်းမ၊ ကလေးတွေကို ဖမ်းဆီး ကြတဲ့အပြင် ရွာမှာရှိတဲ့ အိမ်မွေးတရိစ္ဆာန် ကြက်၊ ဝက်၊ ဘဲ၊ ကျွဲနွားတွေကိုလည်း ပစ်သတ်စား သောက်ကြပြီး ရိက္ခာအဖြစ်လည်း တပ်စခန်းကို သယ်သွားကြသေးတယ်။ (PhaiJang) ဖိုင်ရန် ရွာသူ၊ ရွာသားတွေကို အတင်းအဓမ္မအမိန့်ပေးပြီး ခိုင်းခဲ့တဲ့ ခလရ ၂၂၈ က ဗိုလ်ကြီး တင်ရွှေကိုတော့ ဘယ်လိုမှ အပြစ်ပေး အရေးယူတာမျိုး မရှိခဲ့ပါဘူး။

၂၀၁၁ ဧပြီလ ၁၉ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ တရားမဝင် သစ်များတင်သွင်းမှုနဲ့ အဖမ်းခံရသူတွေရဲ့ အဖြစ်တွေဟာလည်း ၁၉၉၀ ပြည့်လွင်ကာလက အဖြစ်အပျက်တွေနဲ့ သွားပြီးဆင်တူနေပါတယ်။ စွဲဆိုထားတဲ့ ဆိုင်ရာ ဥပဒေပုဒ်မမှာ သစ်မှောင်ခိုမှု ဖြစ်နေပေမဲ့ တိုင်း၊ မြို့နယ်၊ ခရိုင်၊ ရဲနဲ့ သက်ဆိုင်ရာ စစ်တပ် အာဏာပိုင်တွေ ဆီက ခွင့်ပြုချက်တွေနဲ့ လစဉ်ကြေးပေးပြီး လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ အရေးယူ အပြစ်ပေးခံရတဲ့ အချိန်မျိုးမှာတော့ မြေနိမ့်ရာ လှံစိုက် လိုက်ကြတော့တာပါဘဲ။ ဒီစစ်တပ်၊ ဒီအာဏာရှင်တွေ ရှိနေသရွေ့တော့ ဒီလို အဖြစ်အပျက်တွေနဲ့ဘဲ သံသရာလည်မြဲ လည်နေအုံးမှာ ဖြစ်ပါ
တယ်။

ကူကီးမြေမှ တော်လှန်ရေးရဲဘော် GaalNgam.

---------------------------------------------------------------------------------------------------------------

RFA သတင်းအန္ဒိယသို့ သစ်တင်မှုဖြင့် သစ်စက်ရှင်နှင့် လုပ်သားများ ထောင်ဒဏ်စီရင်ခံရ

အိန္ဒိယ- မြန်မာနယ်စပ် တမူးမြို့မှာရှိတဲ့ သစ်စက် တော်တော်များများက သစ်စက်ပိုင်ရှင်တွေနဲ့ သစ်စက် အလုပ်သမား ၅၀ ကျော်ကို သစ်တောဆိုင်ရာ ဥပဒေနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ကျခံစေဖို့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် တရားရုံးက မေလ ၄ ရက် မနေ့က စီရင်ချက် ချမှတ်ခဲ့ပါတယ်။ အိန္ဒိယကို တရားမဝင် သစ်များတင်သွင်းမှုနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က နေပြည်တော် အထူးညွှန်ကြားချက်ဖြင့် ဖမ်းဆီးခံခ့ရဲတဲ့ သစ်စက်တချို့က စက်ပိုင်တွေနဲ့ အလုပ်သမား ၇၀ ခန့် ဖြစ်ပါတယ်။ အဖမ်းဆီးခံရတဲ့ ၇၀ ခန့်ထဲက အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၁ ယောက်ကို ရက်သတ္တပတ်အကြာ ထိန်းသိမ်းထားပြီး တမူးမြို့အချုပ်ထဲက ပြန်လွှတ်ပေးခဲ့ပါတယ်။ ကျန်တဲ့အယောက် ၅၀ ကျော်ကိုတော့ မနေ့က တမူးမြို့နယ် တရားရုံးမှာ ပုဒ်မ- ၄/ခ ဂ သစ်တော ဆိုင်ရာ ဥပဒေဖြစ်တဲ့ တရားမဝင် နိုင်ငံခြားကို သစ်ခိုး ထုတ်မှုနဲ့ တဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပြီး တရားရုံးထဲကို ဘယ်သူမှ ဝင်ခွင့်မရကြောင်း အဖမ်းခံရတဲ့ထဲက သစ်စက်ပိုင်ရှင်တဦးရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

စွဲဆိုထားတဲ့ ဆိုင်ရာ ဥပဒေပုဒ်မမှာ သစ်မှောင်ခိုမှု ဖြစ်နေပေမဲ့ တိုင်း၊ မြို့နယ်၊ ခရိုင်၊ ရဲနဲ့ သက်ဆိုင်ရာ စစ်တပ် အာဏာပိုင်တွေဆီက ခွင့်ပြုချက်တွေနဲ့ လစဉ်ကြေးပေးပြီး လုပ်ကိုင်နေရတာ ဖြစ်တယ်လို့ စက်ပိုင်တဦးရဲ့ မိသားစုဝင်က ပြောပါတယ်။ “ဒီတမူးနယ်က ပေါ့နော် လုပ်ခွင့်ပေးတာပေါ့နော်၊ လုပ်ခွင့်ပေးတယ်ဆိုတာက ညှိနှိုင်းပြီးတော့ တလမှာ
ဆိုရင် သူတို့က မယရကို နှစ်သိန်းခွဲပေါ့နော်၊ စစ်တပ်ကို နှစ်သိန်း၊ ရဲမင်းကြီးကို နှစ်သိန်း၊
တမူးခရိုင်ဆိုရင်လည်း နှစ်သိန်းပေါ့နော်၊ ပြီးတော့ဒေသအလိုက်၊ ဒီနယ်အလိုက် စစ်တပ်ကို ပေါ့နော် နှစ်သိန်း၊ အဲဒီလိုမျိုးပေးတယ်၊ ငွေကြေး အခွန်ဆောင်တာပေါ့ ဆောင်ပြီးမှ အဲလိုမျိုး လုပ်ခွင့်ပေးတယ်။ လုပ်ခွင့်ပေးပြီးမှ တခါတည်း သူတို့က ဖမ်းတာပေါ့နော်။ တလတလကို ငွေတွေ ဆယ့်ငါးသိန်း၊ သိန်းနှစ်ဆယ် ဝန်းကျင် ငွေတွေ လာဘ်စားပြီးမှ ယူတယ်” ထောင်ဒဏ် ၂ နှစ်စီ ချခံရတဲ့အထကဲ တချို့မှာ ကျောင်းအားရက် သစ်စက် အလုပ်သမားအဖြစ်
လုပ်ကိုင်ရင်း ကျောင်းစရိတ်ရှာနေတဲ့ ကျောင်းသားတွေ ပါဝင်ပြီး ကျန်လူတွေမှာ အဓိက
အိမ်ထောင်ဦးစီးတွေ ဖြစ်တဲ့အတွက် မိသားစုတွေအတွက် တော်တော်လေး ဒုက္ခရောက်ကုန် ကြတယ်လို့ သူက ဆက်ပြောပါတယ်။

“ထောင်ကျတဲ့လူတွေလည်း ငါးဆယ့်ငါးယောက်ထဲမှာ ၁၇၊ ၁၈လောက်က ဝေးသင်တက္ကသိုလ် ကျောင်းသားတွေ၊ ကျမ်းစာ ကျောင်းသားကလေးတွေပေါ့နော် သူတို့ ကျောင်းပိတ်တဲ့အချိန် ကျောင်းစရိတ်အတွက် ငွေရှာနေကြတာပေါ့နော်၊ ကျောင်းဆက်တက်ဖို့ ကလေးတွေလည်း ပါတယ်။ ကျန်ခဲ့တဲ့ မအေတေကွ ပိုပြီးတော့ ရင်နာရတာပေါ့၊ အခု ဖမ်းခံရတဲ့ လူတွေ ကြည့်ရတာလည်း မိသားစုထဲမှာ ငွေရှာတဲ့ လူတွေချည်းပဲ။ အဖမ်းခံရတာ ဆိုတော့ ကျန်ခဲ့တဲ့ မိသားစုတွေက မအေတို့၊ အမျိုးသမီးတွေ၊ အဖွားကြီးတွေ၊ ကလေးတွေပဲ ဆိုတော့လေ မိသားစုအတွက် ပိုပြီး အရမ်းခက်ခဲတာပေါ့” ပြစ်ဒဏ်ပေးခံရတဲ့ အယောက် ၅၀ ကျော်စလုံးဟာ ကူကီးအမျိုးသားတွေပဲ ဖြစ်ပါတယ်။ အခုအကြိမ်ဟာ မြန်မာပြည်က အိန္ဒိယကို တရားမဝင် သစ်ခိုးထုတ်မှုအပေါ် ဖမ်းဆီးစစ်ဆေးတာ ပထမဆုံး အကြိမ်ဖြစ်ပြီး နေပြည်တော် က တိုက်ရိုက် အမိန့်ပေး ဖမ်းခိုင်းတာ ဖြစ်တယ်လို့ သိရပါတယ်။

FW mail မှ ရရှိသည်။

No comments: